Saturday, May 1, 2010

မြန်မာ နဲ့ စလုံးမှာ အလုပ်လုပ်ရတဲ့ကွာခြားချက်(၂)

မြန်မာ နဲ့ စလုံးမှာ အလုပ်လုပ်ရတဲ့ကွာခြားချက်(၁) မှာ တုန်းက အလုပ်ချိန် အကြောင်းရေးဖြစ်ခဲ့တယ်။
ဆက်ရေးချင်မိတာက -

၂) အလုပ်ခွင်

အလုပ်ခွင်မှာ အလုပ်သဘောတရားပေါ်မူတည်ပြီး အသုံးပြုရတဲ့ ပစ္စည်းနဲ့ နေရာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အပြင် အထက်အောက် ရာထူးပေါ်မှာ ဆက်ဆံရေးတွေ ပါမယ်လို့ သုံးသပ်မိပါတယ်။

မြန်မာမှာတုန်းက Tourism အနေနဲ့ computer, internet နဲ့ hand phone နဲ့က ကျွန်မအတွက် မရှိမဖြစ်လိုအပ်ခဲ့ပြီး computer ကိုတော့ ရုံးတွင်းသုံးပစ္စည်းအနေနဲ့ အသုံးပြုခွင့် ရသလို hand phone ကိုတော့ emergency call တွေ ၂၄နာရီ လက်ခံပြောဆိုနိုင်ဖို့ အတွက်ပါ အိမ်ယူဆောင် အသုံးပြုခွင့် ရပြီး ဖုန်းခွန်ကိုတော့ မြန်မာငွေ ၂သောင်းကျပ်ထိ သတ်မှတ်ပေးထားခဲ့ပါတယ်။ IT အနေနဲ့ကတော့ ရုံးမှာကလွဲလို့ computer နဲ့ internet အပြင် လိုအပ်တဲ့ စာအုပ်တွေ အိမ်ယူဆောင် ဖတ်ရှုတာကလွဲလို့ ထွေထွေထူးထူးမရှိပါဘူး။ နေရာကတော့ မြန်မာမှာ စားပွဲတစ်နေရာစာက ကျယ်ကျယ်ဝန်းဝန်းအသုံးပြုလို့ ရခဲ့တာပါပဲ။

စင်ကာပူမှာ အလုပ်လုပ်တော့ web developer တစ်ယောက်အနေနဲ့ ကုမ္ပဏီက laptop တစ်လုံးပေးသုံးပြီး စားပွဲတစ်နေရာပေးထားပါတယ်။(အိမ်ယူသွားလဲရသလို ရုံးမှာ အံဆွဲထဲ သော့ခတ်သိမ်းထားလဲရပါတယ်) ဘာမှ မကွာဘူး ထင်ရပေသိ မိခင်ကုမ္ပဏီမှာသာ နေရာကောင်းကောင်းနေရပေမဲ့ တစ်ခါတစ်လေ client side မှာ သွားအလုပ်လုပ်ရချိန်မှာတော့ မျက်နှာငယ်ပါတယ်။ အံဆွဲတောင် မပါတဲ့ စားပွဲကျဉ်းကျဉ်းမျိုးမှာပဲ အလုပ်လုပ်ခွင့်ရခဲ့တာမျိုးပါ။

မြန်မာက လုပ်ဖော်ကိုင်ဖက်တွေကတော့ မိသားစုဝင်တွေလိုပါပဲ။ တစ်ပတ်မှာ ကိုယ့်မိသားစု တွေ့ရချိန်ထက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ အတူသွား အတူလုပ် အတူစားချိန်က များခဲ့တာနဲ့အမျှ ရင်းရင်းနှီးနှီး သူ့အကြောင်း ကိုယ်သိ ကိုယ့်အကြောင်းသူသိ အတွင်းသိ အစင်းသိ ဘ၀မှာ ဘယ်တော့မှ မမေ့မဲ့သူများသာ ဖြစ်ခဲ့တာပါ။ တစ်ယောက်နဲ့တစ်ယောက်တာဝန်ကို ဖလှယ်ပြီး ကူညီခဲ့တဲ့အပြင် အပြစ်ကိုတောင် ခွဲဝေယူခဲ့ကြတာမျိုးပါ။ (ရှောင်ထွက်တတ်သူ မလုပ်မရှုပ်မပြုတ်ဆိုသူ တစ်ဦးတစ်လေကလွဲလို့ ၉၀ရာနှုံးလို့ ပြောလို့ရပါတယ်)

စင်ကာပူက လုပ်ဖော်ကိုင်ဖက်တွေကိုတော့ ကျွန်မက နှစ်မျိုးနှစ်စားခွဲချင်ပါတယ်။ တစ်မျိုးက သူလိုကိုယ်လို တခြားနိုင်ငံတစ်ခုကပဲ လာရောက် အလုပ်လုပ်တဲ့ other people(foreign worker) တွေနဲ့ နောက်တစ်မျိုးက စင်ကာပူနိုင်ငံသား local တွေပါ။ ပထမတစ်မျိုးကတော့ တစ်ချို့တစ်လေကလွဲရင် မြန်မာက လုပ်ဖော်ကိုင်ဖက်တွေနီးပါး ခင်မင်ရင်းနှီးကြပြီး ကူညီလေ့ရှိပါတယ်။ သူ့ project ကိုယ့် project မတူလို့ မအားလို့ ကိုယ်ထိလက်ရောက် အချိန်ပြည့် မကူညီနိုင်တာတော့ ခွင့်လွှတ်နားလည် ကြပြီးသားပါ။ ခက်တာက ဒုတိယတစ်မျိုးပါ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ၀န်ထမ်းသစ်အနေနဲ့ မိတ်ဆက်ပေးရင်တောင် မတူသလို မတန်သလို။ ဘယ်ကကျောင်းပြီးလဲ ဘယ်လောက် အရည်အချင်းရှိသလဲ တတ်လို့လဲ ဆိုတာမျိုးအမြင်နဲ့ အထက်စီးက စတင်ဆက်ဆံတတ်ကြတာများပြီး သူများ အပြစ်ကိုပဲ သိမ်းငှက်မျက်လုံးနဲ့ ရှာဖွေ ကြည့်ရှုနေကြသလို ပြဿနာတစ်ခုတက်လာသည်ဖြစ်စေ၊ တာဝန်ကြီးတစ်ခု ယူရမည်ဖြစ်စေ စင်ကာပူအခေါ် ထိုက်ချိကစားကြတော့သည်။ အဓိပ္ပါယ်မှာ ကိုယ့်ဘက်မှ သူများဘက်သို့ တွန်းပို့ခြင်းကို ဆိုလိုသည်။ ကျွန်မအတွက်တော့ တော်တော်စိတ်ပျက်စရာပင်။ တစ်နှစ်လောက်လုပ်ပြီး အပါးနပ်လာမှ အဆင်ပြေပေတော့သည်။ သူတို့လို လိုက်လုပ်ခြင်းကို မဆိုလို။ ခံစစ်ကို ကျွမ်းကျင်စွာ ကစားတတ်လာခြင်းဖြစ်သည်။ ထိုးစစ်ကတော့ တတ်သည်မတတ်သည်အပထား ကျွန်မရရှိခဲ့သမျှ ဘွဲ့၊ ဒီပလိုမာ၊ certificate များနှင့် ကိုင်ပေါက်ပြောဆိုခြင်းသာဖြစ်သည်။ မယုံမရှိနှင့် မြန်မာပြည်တွင် ဖြေဆို အောင်မြင်လို့ရသမျှ စာမေးပွဲများအား ဖြေဆိုလာကြနိုင်ပါစေ။ ထိရောက်စွာ အသုံးဝင်လတ္တံ့။

မြန်မာပြည်ရှိ အထက်အောက် ရာထူးများကတော့ စိတ်ပျက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိမည်မျှ တော်တော်တတ်တတ် ဆွေမျိုးမဟုတ်လျှင်၊ နောက်မှ ရောက်သူဖြစ်လျှင် အောက်ခြေ၀န်ထမ်းသာ ဖြစ်မည်။ အင်မတန် ထက်လျှင်လည်း အလုပ်ပြုတ်ဦးမည်။ ရာထူးတစ်နေရာအတွက် ခုံဆွေးအောင် ထိုင်စောင့်ရတတ်သည်။ ရှေ့လူတစ်ယောက်၊ အထက်လူတစ်ယောက်ထွက်မှ ရာထူးတက်မည်။ မိမိတစ်ယောက် ရာထူးတက်ဖို့ သူများတစ်ယောက် အလုပ်ထွက်ရမည်။ မိမိတက်လျှင်လည်း ဂဏန်းတွေလို ဆွဲချမည့်သူများ ရှိနိုင်သည်။ အောက်လူထက် မတတ်သော်လည်း ငါက ဘာပဲဆိုကာ ဗီတိုအာဏာသုံးကောင်းသုံးမည်။ ကုမ္ပဏီတိုင်းကိုတော့ မဆိုလိုပါ။ ဖြစ်တတ်သော သဘောများသာ။ ကိုယ်က တခြားတစ်နေရာ ခုန်ကူးလျှင်လည်း အောက်ခြေကသာ ပြန်စရတတ်သည်။ ကိုယ်ထွက်သော နေရာအတွက် စောင့်နေသူများ တန်းစီနေသော်လည်း ကိုယ်ရောက်ချင်သော နေရာများက လူများမှာကား ဤဘ၀ ဤနေရာ၌ အရိုးထုတ်မည့်သူက များနေတတ်သည်။ စိတ်ပျက်ဖွယ်။

စင်ကာပူမှာကတော့ သူဌေးကြီးဖြစ်ပစေ။ ရာထူးတစ်နေရာ ယူထားသော လခစားဖြစ်က နင်လည်း ၀န်ထမ်း ငါလည်း ၀န်ထမ်း။ နင့်အလုပ် နင်လုပ်။ ငါ့အလုပ် ငါလုပ်။ သတိတော့ အမြဲရှိရမည်ပေါ့။ ပြီးတော့ ရာထူးပေးကြမ်းသည်ထင်သည်။ လခ ၁၅၀၀ Spass နှင့်လုပ်နေသော သူငယ်ချင်းများတွင် Software Engineer, System Analyst ရာထူးများဖြင့် အလုပ်လုပ်နေသလို လခ ၂၅၀၀ ဖြင့် web developer လုပ်နေသူများလည်း ရှိပါသည်။ ကျွန်မ profile ဆိုလျှင် ခဏနေ web developer ဖြစ်လိုက်၊ ခဏနေ application lead/ technical consultant ဖြစ်လိုက်၊ System analyst ဖြစ်လိုက်နှင့် မတည်မြဲပါ။ ဆိုလိုသည်မှာ ရာထူးကား အရေးမကြီး၊ လစာနှင့် လုပ်ရမည့် duties and responsibilities များသာ သင့်တော် မျှတဖို့ လိုပါသည်။ မသင့်တော်ကလည်း အချိန်မရွေး ခုန်လို့ရသည်။ မိမိသာသာ ပြည့်ပြည့်၀၀ တကယ်တတ်လျှင် အလုပ်ရှာရလွယ်ပါသည်။ PR ကဲ့သို့ နေထိုင်ခွင့်ရှိလျှင် freelance အလုပ်များလည်း လုပ်ကိုင်နိုင်ပါသေးသည်။ ဆိုးကျိုးကား challenging တစ်ကယ်ဖြစ်ပါသည်။ မိမိ ရသောအလုပ်တွင် တာဝန်ကို တကယ်ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်လျှင်ကား probation ကာလဖြစ်စေ ခန့်အပ်ထားပြီး ကာလဖြစ်စေ အချိန်မရွေး အလုပ်ဖြုတ်ခံရပြီး ပြည်တော်ပြန်ရကိန်းသာ ရှိပါသည်။ ထို့ကြောင့် မည်သည့် အလုပ်အကိုင်၊ ရာထူးတွင် မည်သည့်လစာ ပမာဏဖြင့် ဖြစ်ပါစေ၊ စင်ကာပူတွင် နည်းမှန်လမ်းမှန် နေထိုင် လုပ်ကိုင်နေသော မြန်မာလူမျိုးဖြစ်စေ၊ တခြားနိုင်ငံမှ foreign worker များကိုဖြစ်စေ ကျွန်မ အထင်မကြီးလျှင်တောင်မှ အထင်မသေးဝံ့ပါချေ။

အပိုင်း (၃) ဆက်ရေးပါဦးမည်။

1 comment:

နောင်တော် said...

စလုံး အလုပ်အကိုင်အကြောင်း ဖတ်သွားပါတယ်။ မသိသေးတာလေးတွေ သိရလို့ ကျေးဇူးဗျ။
သူများတွေရေးတာတွေ ဖတ်ဖူးပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြုံရတာ မတူကြလို့ ဆောင်ရန်ရှောင်၇န်လေးတွေ ဆက်ရေးပါအုံး........