Friday, April 23, 2010

မြန်မာ နဲ့ စလုံး မှာ အလုပ်လုပ်ရတဲ့ကွာခြားချက်(၁)

မြန်မာ နဲ့ စလုံးမှာ အလုပ်လုပ်ရတဲ့ကွာခြားချက်လေးကို ကိုယ်တွေ့ အတွေ့အကြုံတွေရော .... ကြားဖူးနားဝတွေရော ... ဘါတွေရော ညာတွေရော အကြောင်း ပြောပြစေချင်ပါတယ်လို့ ထိုင်ဝမ်မှာ အလုပ်လုပ်နေတဲ့ ညီမငယ်တစ်ယောက်က သိချင်လို့ မေးထားပေမဲ့ မဖြေဖြစ်ခဲ့ဘူး။

ဒီလထဲမှာ အားနေတော့မှပဲ ကိုယ်ဘာသာကိုယ်လဲ ပြန်သုံးသပ်မိတာလေးတွေကို ချရေးထားမိတယ်။

၁) အလုပ်ချိန်

မြန်မာမှာတုန်းက တစ်ရက်ကို အလုပ်ချိန် ရှစ်နာရီ တစ်ပတ်ကို ခြောက်ရက်နဲ့ ဂဇက်တက်ရုံးပိတ်ရက်ကို အလှည့်နဲ့တစ်လှည့်စီ နားတဲ့ ကုမ္ပဏီမျိုးလဲ လုပ်ဖူးတယ်။ တစ်ရက်ကို အလုပ်ချိန် ရှစ်နာရီ တစ်ပတ်ကို ငါးရက်နဲ့ ဂဇက်တက်ရုံးပိတ်ရက်တိုင်း အပြည့်အ၀ နားခွင့်ရတဲ့ ကျောင်းမျိုးမှာလဲ လုပ်ဖူးပါတယ်။ တစ်နှစ်ကို ကျန်းမာရေးခွင့် (နာမကျန်းခွင့်) ဆယ်ရက်တော့ ရပါတယ်။ နှစ်စဉ် ခရီးသွားဖို့ သို့မဟုတ် အိမ်ပြန်ဖို့ သော်လည်းကောင်း စာမေးပွဲတွေ သင်တန်းတွေတက်ဖို့သော်လည်းကောင်းအတွက်ကတော့ လစာမဲ့ ခွင့်ယူခဲ့ရတာပဲ များပါတယ်။

စင်ကာပူမှာကတော့ တစ်ရက်ကို အလုပ်ချိန် ၉နာရီ (ထမင်းစားချိန် တစ်နာရီထည့်တွက်ထားတာပါ) နဲ့ တစ်ပတ်ကို ငါးရက်၊ public holiday တိုင်းနားရပြီး တစ်နှစ်ကို ကျန်းမာရေးခွင့် MC 10days နဲ့ annual leave 12days ရပါတယ်။

ကျွန်မအမြင်ကတော့ ကုမ္ပဏီတွေအနေနဲ့ကတော့ ဘာမှ ထူးခြားလှစွာ မကွာခြားပါဘူး။ လူကိုယ်တိုင် အလုပ်တာဝန်အပေါ် commitment ယူတတ်တာနဲ့ ကိုယ့်ရဲ့ သက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရဲ့ လုပ်ငန်းသဘောအပေါ်မှာပဲ မူတည်သွားတာပါ။ ခုလက်ရှိ အလုပ်မှာဆို အလုပ်ချိန်လဲ flexible ဖြစ်ပြီး annual leave ကလဲ fair ဖြစ်ပါတယ်။ အိုဗာတိုင်နဲ့ လစာ+bonus ကိစ္စတွေကတော့ အလုပ်မခန့်ခင်ကတည်းက contract အနေနဲ့ဖြစ်ဖြစ် permanant staff အနေနဲ့ပဲ ဖြစ်ဖြစ် ရှင်းလင်းစွာ ညှိနှိုင်းခဲ့ပြီးတဲ့ အတိုင်း carry on ဖြစ်သွားတာပါပဲ။ OT ကိစ္စတွေ လစာကိစ္စတွေနဲ့ ပတ်သက်ပြီး MOM ကို တိုင်ကြားစရာ အကြောင်းလဲ မရှိသလို ဖြေရှင်းပေးမှာလဲ မဟုတ်ပါဘူး။

ကြုံဖူးတဲ့ ပြဿနာတွေကတော့ Abuse လုပ်တာမျိုးဆန်တဲ့ အိမ်ရှင်၊ အိမ်ဖော်ကိစ္စနဲ့ အလုပ်ချိန်ပိုပြီး မတရားခိုင်းစေတာမျိုးခံရတဲ့ အလုပ်သမားကိစ္စတွေလောက်ပါပဲ။

ဒါတွေကတော့ ယေဘုယျ ကျွန်မရဲ့ သဘောထားအမြင်တွေပါ။
အသေးစိတ်ထပ်ပြီး သုံးသပ်ဦးမယ်ဆိုရင်တော့.....

မြန်မာမှာတုန်းက သူများတွေနားရက်မှာ gazetted holiday ဖြစ်ရက်နဲ့ ကိုယ်က အိုဗာတိုင်ကြေး မရပဲ အလုပ်တက်နေရတာမျိုးနဲ့၊ စာမေးပွဲဖြေဖို့ စာကျက်ဖို့တောင် ခွင့်ရက် လုံလုံလောက်လောက်မရတာမျိုးမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ရက်ကို အလုပ်ချိန် ၈နာရီကျော်အောင် ကျားကုတ်ကျားခဲ အလုပ်လုပ်နေသူဖြစ်ပေသိ ညနေအစား ည၈နာရီကျော်၊ ၉နာရီကျော်ပြန်သော်ငြား မနက် ရုံးချိန် ၉နာရီထက်နောက်ကျရက်များလို့ လုပ်အားခရဲ့ အဆနဲ့ လစာ ဖြတ်တောက်ခံရလို့ တစ်လကို နှစ်သောင်းခွဲမှ လေးသောင်းခန့်ထိ အဖြတ်ခံရတဲ့အခါမျိုးမှာ အလုပ်သမားကောင်စီလဲ အားကိုးမရ ဒီလိုပဲ ခေါင်းငုံ့ မျက်ရည်ကျ မန်နေဂျာဘ၀မျိုးလဲ အမှတ်ရမိသေးတယ်။

စင်ကာပူမှာတော့ MOM က ဘာမှ လုပ်ပေးတာ မလုပ်ပေးတာ အပြစ်ပြောစရာ ကိစ္စကလဲ မပေါ်ပေသိ မြန်မာသံရုံးကတော့ သူတို့ဆီကို ပြဿနာ တစ်စုံတစ်ရာ တိုင်ကြားမယ်ဆိုရင် English လို ပြောဆို တိုင်ကြားရပြီး နောက်ဆုံးရတဲ့ suggestion ကတော့ မိမိကိုယ်သာ ကိုးကွယ်ရာ ဖြစ်ပါတယ်။

ဝန်ခံချက်။ ။ မြန်မာတွင် အလုပ်လုပ်စဉ် ရုံးတက်နောက်ကျခဲ့၍ လစာဖြတ်ခံရသော်လည်း အမှတ်မရှိသော ကျွန်မ self discipline မရှိသောကျွန်မ၊ စင်ကာပူ ကုမ္ပဏီတွင်လည်း မနက် ၁၀နာရီမှသာ ရုံးရောက်လေ့ ရှိသော so called web developer သာဖြစ်ကြောင်း... သို့သော် ဤရုံးတွင် မရှိမဖြစ် တောက်တိုမယ်ရ အလုပ်မြဲနေသော ရွှေမြန်မာ ကျွန်မဖြစ်ကြောင်း...


ဆက်ရေးပါဦးမည်။

No comments: