Friday, April 2, 2010

ညီမလေးဖတ်ဖို့....

ညီမငယ်လေးရေ

ခွဲခွာသွားသူနဲ့ ကျန်ရစ်ခဲ့သူမှာတော့ ကျန်ရစ်ခဲ့တဲ့သူတိုင်းအတွက် ပိုပြီးဝမ်းနည်း မဖြေသိမ့်နိုင်စရာ ခံစားရတာ လောကတရားပဲကွယ့်

အတိတ်က ပျော်ရွှင်ခဲ့ရတဲ့နေ့ရက်တွေကို ပျော်ရွှင်စရာအမှတ်တယ အနေနဲ့ပဲ သိမ်းထားပြီး ပြန်တမ်းတ စိတ်မကောင်းမဖြစ်ကြေး စိတ်နာစရာတွေရှိခဲ့လဲ အချစ်စမ်းခဲ့ကြတာပဲမို့ မေ့ပစ်ကြေးလေ
ညီမငယ်လေး သူ့ကို ချစ်ပြီး ပျော်ရွှင်တဲ့ဘဝလေး အိမ်မက်လေးမက်ဖူးတာကို သတိရရင်း သူလဲ သူလုပ်ချင်တဲ့ ဟိုစပ်စပ် ဒီစပ်စပ်လေးတွေ လွတ်လပ်ပျော်ရွှင်စွာ လုပ်ကိုင် နေထိုင်ရင်း မိတ်ဆွေသူငယ်ချင်းတွေအနေနဲ့ပဲ ဝေမျှခံစားကြတာပေါ့

ပြောမဲ့သာပြောတာပါ အစ်မလဲ ညီမလေးအရွယ်တုန်းက အဲလိုအချိန်မှာ အဲဒီလိုကြုံလာရင် ဒေါသတွေ၊ နာကျည်းချက်တွေနဲ့ပဲ ခံစားပြီး အထက်ကပြောသလို ဖြေတွေးနေနိုင်မယ်လို့တော့ မထင်ပါဘူးကွယ်။

တစ်ရက်တုန်းက နာတဲ့တရားထဲမှာလေ...
လမ်းခွဲရတာ ဝမ်းနည်းစရာလားတဲ့...
ရှင်ခွဲနဲ့သေခွဲရှိတယ်လေ၊ ရှင်ခွဲမှာ ဝမ်းနည်းစရာကောင်းတာနဲ့ ဝမ်းနည်းစရာမကောင်းတဲ့ လမ်းခွဲမှုမျိုးရှိသတဲ့ (သေချာဆက်ဖတ်နော် ရောင်းမစားတဲ့ တရားတွေလေ..)
တဏှာနဲ့ တက်မက်ပြီး မခွဲနိုင်မခွာရက် လမ်းခွဲကြရင် အတိတ်ကို တမ်းတ၊ ပစ္စုပ္ပန်ကို အလိုမကျ ဝမ်းနည်းစရာကောင်းတဲ့ လမ်းခွဲမှုမျိုးတဲ့ (တွေ့မြင်ဖို့ ကိုယ့်အနားပြန်ရောက်ဖို့ တမ်းတ ကြိုးပမ်းအားထုတ်မှုမျိုး) အဲဒါမျိုး ပူဆွေးဝမ်းနည်းနေတာက အားနေလို့တဲ့ :P
နောက်တစ်မျိုးက မေတ္တာနဲ့လမ်းခွဲတာမျိုး... ဘဝမှာ လောကရဲ့ ဓမ္မအရ အရမ်းချစ်တဲ့သူနှစ်ဦးတောင် တစ်နေ့လုံး အိမ်သာထဲအတူ မခွဲမခွာ မရှင်သန်နိုင်ဘူး ခွဲကြရတဲ့ အချိန်တွေရှိသတဲ့
အဲဒီလိုမျိုး ဘဝမှာ သူ့အကြောင်းတရားနဲ့သူ သူလျှောက်ရမဲ့လမ်း သူရွေး ကိုယ်လျှောက်မဲ့လမ်းကိုယ်ဆက်လျှောက် ခွဲခွာသွားသူလဲ သူ့ဘဝနဲ့သူ အဆင်ပြေပါစေ ကိုယ်တတ်နိုင်သလောက် စောင့်ရှောက်ပေးခဲ့ပြီးသားဆိုတဲ့ မေတ္တာနဲ့ လမ်းခွဲမှုမျိုးကျ ဝမ်းနည်းစရာ မဟုတ်ဘူးတဲ့..

ကဲ... ညီမငယ်လေးရော

သံသရာ ကြီးက မြစ်ကြီးနဲ့ တူသတဲ့
ဘဝဆိုတာရထားတဲ့ လူတွေကတော့ ဒိုက်ပင်ဗေဒါတွေနဲ့ တူသတဲ့
ကံကြမ္မာဆိုတာက လေနဲ့တူသတဲ့
အဲဒီ ကံကြမ္မာလေက တိုက်လိုက် အဲဒီဒိုက်တွေ ဗေဒါတွေက မြစ်ကြီးထဲမှာ လေတိမ်းရာလိုက်ယိမ်းရင်း အရှေ့၊ အနောက်၊ တောင်နဲ့ မြောက်တွေကို ရွေ့နေကြရသတဲ့
အဲလို တိမ်းရင်းယိမ်းရင်း ဒီဘက်ဒိုက်ပင်အုပ်စုတွေနဲ့ ပူးသွားလိုက် ခွာသွားလိုက်တဲ့၊ တခါတလေကျတော့လဲ လေကြောင်းသင့်လို့ ခွဲခွာခဲ့တဲ့ ဒိုက်ပင်တွေနဲ့ ပြန်ပေါင်းလိုက်ကြနဲ့ပဲလေတဲ့။
(ကံမကုန်လို့ ပြန်ဆုံတယ်ပြောပြောပေါ့နော်)

ညီမငယ်လေးရေ နားလည်တယ်နော်...

စာလဲရှည်သွားပြီ မပြန်ရေးလဲ ရတယ်နော်
ရင်ထဲပေါ့သွားအောင် ပြောပြချင်တဲ့သဘောရယ် နာမိတဲ့ တရားလေးကို ပြန်ရေးပြောချင်တာရယ်လေ (ဘလော့က မရေးတော့ပေမဲ့ အကျင့်ပါနေလို့) :P

Wish you all the best!

ထာဝရ ညီမလေးရဲ့....

No comments: