Thursday, February 26, 2009

ကြယ်တွေစုံတဲ့ည နှင့် ဘလော့ဂ်ထဲမှာ musicbox ထည့်ခြင်း


ဘလော့ဂ်ထဲမှာ musicbox ထည့်ချင်လို့ဆိုပြီး မေးမေးနေကြသူတွေရှိသေးတယ်။ ဘလော့စပေါ့က ပုံထည့်ဖို့ video ထည့်ဖို့ built in ပါပေသိ music ထည့်ဖို့ကျ မပါဘူးလေ။ တချို့ကတော့ image နဲ့ mp3 ရောပြီး video file ကို static image video သဘောမျိုးလေးလုပ်ပြီး ဘလော့မှာ တင်ဖို့ကြိုးစားတာလဲတွေ့မိပါတယ်။ အဲဒါကတော့ ကျမတို့ သာမန်သူ ၊ သို့မဟုတ် အချိန်သိပ်မပေးချင်တဲ့သူတွေအတွက် သိပ်အဆင်မပြေသလိုပါပဲ။
ကျမကတော့ ချစ်စရာ emotion အိုက်ကွန်းလေးနဲ့ mp3 widgets လေးကို ကိုယ့်ရဲ့ ဘလော့မှာ website မှာ ကိုယ်ကြိုက်လွန်းတဲ့သီချင်းတွေ ရှဲကြဖို့သုံးသလို အဲဒီအတွက် ပို့စ်လဲ တင်ဖူးပါတယ်။ ဒီမှာ လင့်ခ်
ရွှေမန်းသားcms ကတော့  ဒီ player လေးသုံးသတဲ့ http://cmsmdy.blogspot.com/2008/07/how-to-put-webminster-player-in-your.html
တချို့သူတွေကတော့ တခြားသုံးတာတွေ အမျိုးမျိုးရှိသေးတယ်ပေါ့နော်။
လောလောဆယ် muzicon နဲ့တင်တာလဲသိပ်အဆင်မပြေတာနဲ့ပဲ imeem မှာတင်ပြီး embed code တွေယူလာပြီး ဘလော့မှာ တင်ဖြစ်နေတယ်။(သူများတင်ထားတာတွေပါ ဆွဲချလာတာ အဟီး)

အခုသုံးမျိုးထဲက အဆင်ပြေတာလေးအရင် သုံးကြည့်ပြီးမှ နောက်ကျ ကြိုက်တာပြောင်းသုံးပေါ့နော်

အားလုံး သီချင်းများနှင့် ပျော်ရွှင်ချမ်းမြေ့ပါစေ...

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) တရားပွဲ

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) တရားပွဲ


အားလုံးသော ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်မျာ။ လာမည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့၊ တပေါင်းလဆန်း ၆ ရက်၊ စင်ကာပူစံတော်ချိန် ညနေ ၇နာရီ ၃၀ မိနစ်အချိန်တွင် မဟာမုနိ ကလက်မန်းတီး ဘုန်းတော်ကြီးကျောင်း (Mahamuni Biddhist Society - Clementi Temple)တွင် လည်းကောင်း၊
မတ်လ ၁ ရက်နေ့၊ တနင်္ဂနွေနေ့၊ တပေါင်းလဆန်း ၇ ရက်၊ စင်ကာပူစံတော်ချိန် ညနေ ၄နာရီမှ ၆နာရီ အချိန်တွင် ကျနော်များ စင်ကာပူနိုင်ငံ၊ ယူးနို့ (Eunos) မြို့နယ်၊ အစိမ်းလမ်း ယူးနို့ဘူတာရုံ Eunos MRT(EW7) အနီးရှိ ဂျလန်ယူနို့လမ်းမကြီး(Jln Eunos) နှင့် ဆင်းမ်အဗဲတ်နယူး လမ်းမကြီး(Sims Avenue) လမ်းဆုံတွင် တည်ရှိသော မင်္ဂလဝိဟာရ ဘုန်းတော်ကြီးကျောင်း (Mangala Vihara Buddhist Temple) တွင် လည်းကောင်း၊ ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) မှ တရားရေ အမြိုက်ဆေး တိုက်ကျွေးမည် ဖြစ်ပါသဖြင့် ဓမ္မသဘင် တက်ရောက်၍ ဓမ္မကုသိုလ် ယူနိုင်ကြစေရန် အသိပေးနှိုးဆော် လိုက်ပါသည် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့။

Tuesday, February 24, 2009

လူ့ဘဝကြီးမှာ နေလာတာ ရက်ပေါင်း ၁၂၀၀၀ကျော်ကြာ

ဒီနေ့ဆို လူ့ဘဝကြီးမှာ နေလာတာ ရက်ပေါင်း ၁၂၀၅၀ တိတိ ပြည့်လို့ နောက်သုံးရက်ဆို မွေးနေ့မွေးရက် ကြုံပြန်ဦးမယ်။
အသက်က ၃၀+ လို့ပြောပေသိ ရက်အနေနဲ့တွက်လို့ ၁၂၀၅၀ဆိုတဲ့ရက်က တကယ့်ရေပွက်ပမာ အချိန်လေးပါပဲ။
ကိုယ်ဖြစ်ချင်တာတွေနဲ့ ဖြစ်နိုင်တာတွေကို ညီမျှစေရင်း ဖြစ်သင့်တာတွေအတွက်လဲ ရက်တွေလတွေနှစ်တွေကို စတေးခဲ့တာပါပဲ။
လူတစ်ခု ပူမှုဆယ်ကုဋေဆိုသလို အသက်တစ်ရာမနေရ အမှုတစ်ရာလဲပွေကောင်းပွေခဲ့ရပြန်တယ်လေ။
အကောင်းအဆိုး ဒွန်တွဲနေတဲ့ ဒီကမ္ဘာလောကကြီးထဲ ၀မ်းသာစရာကြုံတိုင်းလဲ အရမ်းဝမ်းသာမာန်တက်မနေပဲ ဝမ်းနည်းစရာကြုံတဲ့အခါတိုင်းလဲ အောက်ဆုံးကျတဲ့စိတ်ဓာတ်တွေနဲ့စိတ်ညစ်အရှုံးပေးမနေဖြစ်အောင် ခံစားချက်တိုင်းကို အသိ၊ သတိလေးနဲ့ တတ်နိုင်သမျှထိန်းရင်းနဲ့ လောကဓံလှေကားထစ်တွေကို ကျော်ဖြတ်နင်းရင်း ဒီနေ့ ဒီအခြေအနေကို ရောက်လာခဲ့စေတယ်ပေါ့။

မွေးနေ့တိုင်းမှာ သူ့အရွယ်နဲ့သူ ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ မွေးနေ့ကို celebrate လုပ်ပုံတွေ မတူခဲ့တာမှ တကယ့်ကို လုံးဝခြားနားပါတယ်။
၃နှစ်သမီးကတည်းက မွေးနေ့ပွဲလုပ်ပေးတဲ့၊ အမှတ်တရတစ်ခုခုလုပ်ဖြစ်တဲ့ အစဉ်အလာလေးက ဒီနှစ် သုံးဆယ်ကျော်တဲ့အထိ မပျက်မကွက်ပါပဲ။
မှတ်မှတ်ရရ မွေးနေ့တချို့ရဲ့ ထူးခြားတဲ့ ခံစားမှုလေးတွေကို သတ္တိရှိစွာပဲပြောပြော၊ အရှက်ကင်းစွာပဲပြောပြော မကွယ်မဝှက် ၀န်ခံလိုက်ချင်သေးတယ်။
၎နှစ်သမီးတုန်းကတော့ မူကြိုမှာ လုပ်ဖြစ်တယ်။ မှတ်မိတာကတော့ ကိုယ့်ချောကလက်တွေကို သူများကျွေးဖို့ နှမြောခဲ့တာလေ။
၁၃နှစ်သမီးကတော့ သူငယ်ချင်းတွေကြားထဲမှာ ပဲပေးပြီးမွေးနေ့ရှင်လုပ်ရတာကို ဂုဏ်ယူခဲ့ဖူးတယ်။
၁၈နှစ်သမီးကတော့ ဘုရားကြီးသွားဖို့ ကားယူသွားမယ်ပြောတော့ အဖေက မွေးနေ့မို့ကားပေးမမောင်းလို့ မချုပ်ချယ်ပါနဲ့။ သမီးက အရွယ်ရောက်ပြီလို့ပြောမိလို့ ကိုယ့်ထမင်းကိုယ်ရှာစား၊ အိမ်မှာမနေရင် မချုပ်ချယ်ဘူး၊ ကိုယ့်သဘောနဲ့ကိုယ်နေနိုင်တယ်လို့ အဆူခံထိပြီး ပုလဲမြေခတဲ့နေ့လေ။ (အချော့တော် ကောင်ကလေးနဲ့တော့ ရည်းစားမဖြစ်ခဲ့ပေမဲ့ အမှတ်တော့ရသား )
၂၀နှစ်ကတော့ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ပျော်ပါးတာထက် ကိုယ့်ကို မွေးခဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ချစ်မေမေကို အရင်ဆုံး ရှိခိုးဦးချပြီး ကျေးဇူးကိုဆပ်သမီးမြတ်ဖြစ်အောင် နေရမယ်ဆိုတဲ့ အသိတရားလေးကို မွေးနေ့ဆွမ်းကပ်ရင်းနာရတဲ့ တရားလေးတစ်ပုဒ် ရင်ထဲထိ ယနေ့တိုင်စွဲမြဲ လိုက်နာမိစေတဲ့နေ့ထူးနေ့မြတ်လေးလို့ ပြောမယ်ဆိုပြောလို့ရပါတယ်။
၂၅နှစ်မွေးနေ့ကတော့ ဘဝမှာအပျော်ဆုံး။ တမျိုးမတွေးနဲ့ဦး။ ကိုယ်စာသင်ပေးရတဲ့ တပည့်တွေ အများကြီး(ဟိုင်းလပ်ကားတစ်စီးစာ)နဲ့ မိုးကုတ်ရွှေလိပ်ပြာမိုတယ်မှာ လုပ်ဖြစ်ခဲ့တဲ့မွေးနေ့မှာ အားလုံးလေးစားအားကျ ပျော်ရွှင်ရတဲ့နေ့လေးလေ။
၃၀နှစ်တင်းတင်းပြည့်တဲ့မွေးနေ့တုန်းကတော့ အော်..ထိပ်စီးပြောင်းသွား(အဲ..ယောင်လို့)။ ကိုယ်ငယ်ငယ်က ဒီအရွယ်မှာ အောင်မြင်တဲ့စွမ်းဆောင်ရှင် စီးပွားရေးလုပ်ငန်းရှင်သော်လည်းကောင်း ပညာရှင်ကြီးသော်လည်းကောင်း ဖြစ်နေပီလို့ ရည်မှန်းခဲ့ပေမဲ့ တကယ့်တကယ်ကတော့ ကိုယ်ကြိုးစားဖို့ အများကြီးလိုသေးတဲ့အချိန်မှာ ကိုယ့်ဘဝက ဘာမှ အခြေမကျ၊ အတည်တကျ ရေရေရာရာ မရှိသေးပါလားလို့ ခံစားရင်း နဲနဲတော့ shock တောင်ဖြစ်ခဲ့တဲ့နှစ်ပါပဲ။
အခုမွေးနေ့ကတော့ ၃၀+ (အဲဒါ ဘယ်နှစ်နှစ်လဲ လာလာမေးတယ်)၊ ဖြေဘူး။ သိတဲ့သူလဲ မဖေါ်နဲ့နော်။ အဟိဟိ..
ဒီနှစ်ကတော့ ဘာထူးခြားမလဲ။ သေချာတာကတော့ ကျမစင်ကာပူကိုလာပြီး ဒီလထိအလုပ်လုပ်လို့ ပိုတဲ့ပိုက်ပိုက်တွေ အကုန်လုံး ချစ်သောမေမေတို့ သုံးချင်ရာသုံးဖို့ ပို့လိုက်မယ်(များမှာတော့ ဟုတ်ပါဘူး အဟိ) တခြား ထူးခြားတာ တစ်ခုခု ရှိနိုင်မလားလို့ မျှော်လင့်ပေမဲ့...နောက်လာမဲ့နှစ်တွေမှာတော့ မွေးနေ့အမှတ်တယ ဘာမှမလုပ်တော့ဘူး ဆုံးဖြတ်ထားပါတယ်။

လာမဲ့စနေနေ့ ကျမရဲ့မွေးနေ့မှာ မွေးနေ့တိုက်ဆိုင်တဲ့ ဘလော့ဂါသူငယ်ချင်းများ၊ အွန်လိုင်းမောင်နှမများအားလုံးလဲ မွေးနေ့နဲ့အတူ ပျော်ရွှင်စေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

စာကြွင်း။။ မနှစ်တွေတုန်းက ကျမရဲ့ မွေးနေ့ကို ၀ှက်ထားခဲ့လို့ wish မလုပ်လိုက်ရတဲ့သူတွေ သုံးနှစ်စာ ဆုတောင်းပေးလဲ စိတ်မဆိုးဘူးနော်..(အွန်လိုင်းမှာ ၃နှစ်လောက်တွေ့လာ ခုထိလဲ အခင်အမင်မပျက် ဖြူစင်စွာခင်မင်လျက်ရှိသူတွေကို ရည်ရွယ်ပါတယ်နော်)

Monday, February 23, 2009

Difference between .Net 2.0, 3.0 and 3.5

dot net framework 2.0 နဲ့ 3.0, 3.5 က ဘာကွာသလဲ?
ပြီးတော့ အဲဒီ dot net တွေက ဘာလုပ်လို့ရပါသလဲ? ဆိုပြီး မေးတဲ့သူရှိလာလို့ အဖြေလဲပေးရင်း ဒီပို့စ်လေးတင်ပြီး ရှဲလိုက်ပါတယ်။
သူငယ်ချင်းတစ်ယောက်က ကူဖြေပေးတယ်။ ဒေါ့နတ်တွေက ဘာလုပ်လို့ရလဲ ဆိုတော့ ဒိုးနတ်လို စားလို့ရတယ်လို့...
နာလဲ ဒိုးနတ်လုပ်စားလို့ရရင် ကောင်းမယ်တွေးပါ၏(အတွေးချင်းတူရင် အရင်လူက ဝယ်ကျွေးကြေး အဟီး)။
အပျော်ပြောတာပါနော်။

ဒေါ့နက် 2.0 က 3.0 , 3.5 တို့နဲ့ ကွာပါတယ်။ ဒါပေသိ 3.0 နဲ့ 3.5 ကတော့ new version of dot net မဟုတ်ပါဘူးတဲ့။
ASP.NET 2.0 framework library အသစ်ပါ။ 3.0 သူ့ကိုတော့ Windows Presentation Foundation, Windows Communication Foundation, Windows Workflow Foundation; and Windows CardSpace တို့ support လုပ်ထားတာပါ။ 3.5 ကတော့ dot net 2.0 + AJAX+ LINQ + REST ဆိုပြီးသိရပါတယ်။ အဲဒီ AJAX နဲ့ XML ဆိုတာတွေက Sugar-coated technology တွေလို့ နားလည်လို့ရပါတယ်။ dot net frame work 2.0 နဲ့တင် program ရေးလို့ရပြီးတာကိုမှ partial updating သို့မဟုတ် rich user experience အနေနဲ့ progress bar တို့ drag & drop လိုမျိုးတွေ ထည့်ချင်တဲ့အခါမျိုးတွေမှာ ဖြည့်စွက်သုံးတာမျိုးပါ။ ကျမဆရာတစ်ယောက်ပြောတာကို မှတ်မိပါသေးတယ် ကော်ဖီမှုန့်နဲ့ ရေနွေးနဲ့ ရှိရင် ကော်ဖီဖျော်သောက်လို့ ဖြစ်နေတာကိုမှ နောက်ထပ် သကြားတို့ နို့ဆီတို့ creamer တို့ထပ်ဖြည့်စွက်သောက်သလိုမျိုး မို့ sugar-coated technology လို့ဆိုလိုချင်ပါသတဲ့။ ဒီ dot net 2.0, 3.0 & 3.5 တို့ရဲ့ ကွာခြားမှုကို ဒီပုံလေး ကြည့်ရင် ရှင်းလင်းစွာ နားလည်နိုင်မှာပါ။

ကျမ ဖတ်မိတဲ့ ရှင်းလင်းချက် detail လေးကတော့ ဒီလိုဆိုထားပါတယ်။
.NET Framework 2.0

• A new hosting API for native applications wishing to host an instance of the .NET runtime
• Full 64-bit support for both the x64 and the IA64 hardware platforms.
• Language support for Generics built directly into the .NET CLR.
• Many additional and improved ASP.NET web controls.
• New data controls with declarative data binding.
• New personalization features for ASP.NET, such as support for themes, skins and webparts.



.NET Framework 3.0

• Windows Presentation Foundation (WPF), formerly code-named Avalon; a new user interface subsystem and API based on XML and vector graphics, which will make use of 3D computer graphics hardware and Direct3D technologies.
• Windows Communication Foundation (WCF), formerly code-named Indigo; a service-oriented messaging system which allows programs to interoperate locally or remotely similar to web services.
• Windows Workflow Foundation (WWF) allows for building of task automation and integrated transactions using workflows.
• Windows CardSpace (WCS), formerly code-named InfoCard; a software component which securely stores a person's digital identities and provides a unified interface for choosing the identity for a particular transaction, such as logging in to a website.

2.0 => framework that shipped with VS 2005 VB 8.0 / C# 2.0
3.0 => same framework as 2.0 + WCF + WPF + WF
3.5 => all the above + LINQ technologies and will ship with the next VS including VB 9.0 and C#
(ဘာသာပြန်ပေးတော့ဘူးဆို အိုကေလား)

ကိုးကား။ ။http://www.dotnetspider.com/forum/160776-Difference-between-Net.aspx

Sunday, February 22, 2009

ပါရမီဖြည့်ဖက်

"ပါရမီဖြည့်ဖက်"

"မောင်" စာရေးတဲ့အခါတိုင်း
ဖောင်တိန်လေးပဲ ဖြစ်ပါရစေ

"မောင်" အပြင်သွားတဲ့ အခါတိုင်း
အရိပ်လေးပဲ ဖြစ်ပါရစေ

"မောင်" အထီးကျန်တဲ့ အခါတိုင်း
ပျော်တော်ဆက်လေး ဖြစ်ပါရစေ

"မောင်" နေမကောင်းတဲ့ အခါတိုင်း
သူနာပြုလေး ဖြစ်ပါရစေ

"မောင်" ပင်ပန်းတဲ့ အခါတိုင်း
အိုအေစစ်လေး ဖြစ်ပါရစေ

ဒီဘ၀ ဒီတစ်သက် မောင့်အတွက်တော့
ပါရမီဖြည့်ဖက် ဖြစ်ပါရစေ......

စာကြွင်း။ ။အပယ်ခံ ဒီကဗျာလေးကို အမှတ်တမဲ့မေ့နေရာကနေ အမှတ်တယ ပြန်တင်လိုက်တာပါ။

Saturday, February 21, 2009

မြန်မာပြည်ကိုကွယ်..လွမ်းတယ်..ပြန်တော့မယ်

မြန်မာပြည်ကိုကွယ်..လွမ်းတယ်..ပြန်တော့မယ်

Track 4 - Unknown

နေရောင်ခြည်တန်းဟာ နွေးနွေးလေးပဲနေလဲ လွမ်းစေတယ်
မြန်မာပြည်နဲ့တော့ ခြားနားမှုရှိတယ်
အာရုံနေ့ဦးမယ် ကြည့်လိုက်တို့ရဲ့ပြည်ရနံ့တွေရယ်
တပြည်ငါရောက်တာ သတိရ ရလို့နေ

မြန်မာပြည် အဝေးကြီးပေါ့
နေနိုင်အောင် ကြိုးစားတယ်
မလွယ်ဘူးသိ တို့သိလာတယ် သိလာတယ်
အိုသိပါပြီ
ပြန်တော့မယ် အမိမြေကို
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..သွားမယ်..ပြန်တော့မယ်

ခြေတံရှည်လေးနဲ့ ကြမ်းခင်းထားတဲ့ မြန်မာ့အိမ်မယ်
ဘော်ငွေလရဲ့ ဆောင်းညနွေးလွန်းတယ်
ဒါတွေကို ငါမမေ့
ပြန်တွေးမိတော့ အို..ဆွေးစေတယ်
ဧရာဝတီမြစ်ကြီးနဲ့ မန်းလေးနန်းတော် မဟာမြတ်မုနိ
ကမ္ဘာ့အံ့ဘွယ်ဘုရားများကို ရှိခိုးဖူးမျှော်ချင်တယ် အဝေးရောက်ကျွန်တော်
မြန်မာ့စိတ် မြန်မာ့ရေမြေ
အဝေးမှ ချစ်..ချစ်လာတယ်
တို့မြေကို ပြန်တော့မယ်

မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..ပြန်တော့မယ်

...........................
ပြည်တော်ပြန်ခရီးဟာ တွေးတိုင်း သိပ်လှ
...........................

Friday, February 20, 2009

ခုနှစ်ရောင်ခြယ်နေ့စွဲများ

တစ်ပတ်မှာခုနှစ်ရက်
မင်းနဲ့ပတ်သက်တဲ့ အရောင်တွေခြယ်လျက်
အထီးကျန်ဒီဘ၀ကို ရှေ့ဆက်
မျှော်လင့်ချက်တို့နဲ့ လင်းလက်....

တနင်္လာက အပြာရောင်ပါ
ငြိမ်းချမ်းခြင်းကိုဆောင်တာ
မင်း sms နဲ့ alarm နှိုးစက်လေးနဲ့
အချိန်မှန်မှန် ကိုယ်ရုံးတက်မြဲပါ...

အဂါင်္နေ့ကို ခရမ်းရောင်ခြယ်
တမ်းတမိပါတယ်
ဖလှယ်ဖြစ်ခဲ့တဲ့ ချစ်စကားများ
ပြန်လည်ကြားယောင်သား...

ဗုဒ္ဓဟူးက အဖြူရောင်
neutral သဘောကိုဆောင်တယ်
ထူးထူးခြားခြားမခံစား
နောက်တစ်နေ့ကို ကူးသွား...

ကြာသပတေးမှာ အစိမ်းရောင်
လန်းဆန်းခြင်းကိုဆောင်
မနက်ဖန်ဆို တစ်ရက်ကျန်သကို
နားရတော့မယ်ဗျို...

သောကြာနေ့များ ရွှေရောင်နေ့အလား
လင်းလက်တောက်ပသွား
ပင်ပန်းသမျှ ဖြေလျှော့ချ
ချစ်သူနဲ့ ပြောမ၀....

စနေမှာတော့ အနီရောင်ဆောင်
ကြိုးစားတဲ့ အရောင်
တစ်နေကုန်မနား အလုပ်များ
တစ်နေ့တော့ နီးမယ်ဗျား....

တနင်္ဂနွေဆို အနက်ရောင်လို
ဘယ်ဆီမှန်းမသိသကို
အတွေးမမှား ၀န်ခံစေသား
လျှောက်လို့လည်နေလား....

စာကြွင်း။။ အဟဲ..ကဗျာသက်သက်လဲဟုတ်ဘူး စိတ်ကူးပေါက်ရာနဲ့ ရင်ထဲရှိတာပေါင်းပြီး ရွတ်မိတာကို လက်ကညော့ပြီး ချရေးလိုက်တယ်။ ခံစားလို့ရရင်တော့ ရင်ထဲမှာ ဘာရှိတာတောင် မြင်သွားမယ်နော်..

Monday, February 16, 2009

သိရင်ပြောပေးကြပါဗျို...

မယ်လိုဒီ ပိုက်ပိုက်သက်သာအောင် ဖုန်းကို လိုင်းမလျှောက်ပဲ prepaid ကဒ်ပဲ top-up ဖြည့်သုံးတာ အဆင်ပြေသလိုလိုနဲ့ အခက်တွေ့နေတယ်။
Singtel hot 100 ထည့်ရင် local call 100 နဲ့ international 28 ဖိုး ပြောလို့ရတယ်။ ခက်တာက global sms ပို့ခ ၁၅ပြား per message နဲ့ international calling 28 က နှစ်ရက်တစ်ပိုင်းပဲ ခံတယ်။ အဲဒီတော့ top up ထပ်ဖြည့် ရင်းနဲ့ local call က ၂၀၀ကျော်နေပီး သုံးမကုန်ဘူးဗျို။ အဲဒါ international call ချည်းပဲ top-up ဖြည့်နည်းလေး ရှိရင် သိရင်ပြောပေးကြပါဗျို...
1818 နဲ့တော့ ခေါ်ခိုင်းနဲ့ အဆင်မပြေဘူး။ (မြန်မာကိုခေါ်တာကိုတော့ သုံးတယ်) sms လဲပို့လို့ရဘူးလေနော်။
ဘိုလုပ်ရမလဲ သိရင်ပြောပေးကြပါဗျို...

Saturday, February 7, 2009

အားဖူးစီ (သို့) အွန်လိုင်းမေတ္တာ

အားဖူးစီ (သို့) အွန်လိုင်းမေတ္တာ

အားဖူးစီဆိုတာ မယ်လိုဒီရဲ့ အဘိဓာန်ထဲက ဝေါဟာရသစ်တစ်ခုဖြစ်ချင်လဲဖြစ်မယ် ဒါမှမဟုတ်မွေးစား စကားလုံးလို့ ပြောချင်လဲပြောလို့ရပါတယ်။ ဘယ်လိုမွေးစားလဲဆိုတော့ ခုခေတ်ကြီးက အီးခေတ်မဟုတ်လား။ အရာရာတိုင်းမှာ e-mail တို့ e-banking တို့ e-learning တို့ကနေစလို့ မွေးနေ့ကဒ်တွေအဆုံး e-card နဲ့ e-cake တွေထိ နေရာယူလာတော့လဲ ဒီအီးက သူမပါရင်မပြီး မဟုတ်လား။ အဲတော့ နဖူးစာရွာလည်လို့ ဖူးစာဆုံတဲ့အကြောင်းမှာလဲ အီးဖူးစာနဲ့ပါတ်သက်တဲ့ အက်ဆေးလေးတစ်ပုဒ်လောက်တော့ ရေးဖို့ တွေးမိတယ်လေ။ မယ်လိုဒီရဲ့ အားဖူးစီတော့ ဟုတ်ပါဘူး။ ဒီလိုပဲ ခုခေတ်ကလေးတွေရော လူကြီးတွေပါ တစ်မြို့၊တစ်ရွာ၊တစ်နိုင်ငံခြား နေရက်နဲ့ တစ်ပြည်သူနဲ့ တစ်ပြည်သားတို့ နဖူးစာရွာလည်တယ်ပဲပြောပြော နှစ်ဦးစုံမက်လို့ ပေါင်းဆုံဖက်ဖို့ အကြောင်းကြုံကြတာတွေကို စပ်စပ်စုစု စိတ်ဝင်စားလို့ မေးမြန်းမိတာတွေကနေ အတွေးတွေဆက်လာတယ်။

ဖေတို့မေတို့ခေတ်တုန်းကတော့ နဖူးစာဆိုတာ နဖူးမှာရေးတဲ့စာ မဟုတ်ဘူး။(နှစ်ဖူးစာ) အကြင်သူဒီနှစ်ဦး ဖူးတယ် တွေ့တယ် ဆိုတဲ့ အဓိပ္ပါယ်လို့ ယူဆသတ်မှတ်ခဲ့တယ်လို့ ကြားဖူးပါရဲ့။ ပြီးတော့ တစ်ဦးနဲ့တစ်ဦးအကြောင်းကို သုံးနှစ်သုံးမိုး အကဲခတ်ပြီးမှ မေတ္တာချင်းဖလှယ် ချစ်ကြိုးသွယ်လို့ ပုဆိုးတန်းတင် အကြင်လင်မယားပေါင်းသင်းခဲ့ကြသတဲ့။(ပုံပြင် ဟုတ်ဘူးနော်။)

မယ်လိုဒီမောင်တို့ခေတ်ကတော့ နင့်ကို ငါချစ်တယ်၊ ငါ့ကိုနင်ချစ်မလား ခေတ်ဖြစ်သွားပီ။ (ကြုံလို့ပြောတာပါ။ အဖြေကတော့ သုံးမိနစ်စောင့် အဲလေ..ယောင်လို့)
ကိုယ့်နောက်က ကလေးတွေကတော့ ကောင်မလေးတွေက ကောင်လေးတွေကို ပိုးတဲ့ခေတ်လဲ ဖြစ်ကောင်းဖြစ်နိုင်ရဲ့ (ကိုရီးယားဇာတ်လမ်းတွဲတွေကလဲ တယ်ခေတ်စားသကိုးလေ)

မှတ်မှတ်ရရ အင်တာနက်တွေ အင်မတန်ခေတ်စားလို့ တွင်တွင်ကျယ်ကျယ်သုံးလာကြတဲ့ (pfingo ဆိုတဲ့ ဖူးစာရေးနတ်မင်းကလဲ တန်ခိုးထွားတဲ့ခေတ်) ဒီဘက်ခေတ် ၂၀၀၅၊ ၂၀၀၆ ပါတ်ဝန်းကျင်လောက်ကစလို့ အီးမေးလ်တွေ ဂျီတော့ခ်တွေကနေ ကြိုးစားပမ်းစားပဲဖြစ်ဖြစ် ဆက်သွယ်ရေး လွယ်ကူလာတဲ့အခါမတော့ ဟိုမှာတစ်တွဲ ဒီမှာတစ်တွဲနဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲမှာတော့ ဟိုဝိုင်းဒီဝိုင်းကနေ တွတ်ထိုးပြောကြတာက “သူတို့အတွဲက အပြင်မှာ မတွေ့ဖူးခင် အင်တာနက်ကနေ ချစ်ကြိုက်ပြီး အပြင်မှာ တွေ့တော့ အရင်သိထားတဲ့ အတိုင်း ဆက်ချစ်နိုင်ကြလို့ ယူဖြစ်ကြတယ်ဆိုပဲ” ဆိုတဲ့ တီးတိုးစကားလိုလို ယုံတမ်းစကားလိုလို အီးဖူးစာရဲ့ pro ခေတ်ကိုရောက်လာလေရဲ့။ (တိုက်ဆိုင်မှုရှိတဲ့အတွဲတွေ ခွင့်လွှတ်ဗျို)

နောက်ပိုင်းမတော့ အဲဒီရေစီးကြောင်းက တယ်ပြင်းထန်လာသလိုပဲ။ လက်ရှိပြင်ပဘ၀ကလဲ ကျောင်းနဲ့အလုပ်နဲ့ နိုင်ငံရပ်ခြားမှာ ရုန်းကန်နေရသူတွေရဲ့ အချိန်ပါးရှားမှုကနေ ယောက်ျားလေးအတွက်ကလဲ ကိုယ့်ပါတ်ဝန်းကျင်အနီးအနားကသူကို အချိန်ပေးပြီး ချစ်ရေးဆိုချဉ်းကပ်ဖို့ပဲဖြစ်ဖြစ် မိန်းကလေးဘက်ကလဲ အဖြေပေးပြီး ချွဲနွဲ့ပူဆာဖို့ အတူတူလည်ပတ်ဖို့ ခက်ခဲတာကတစ်ကြောင်း၊ နဖူးစာရွာလည် သူနဲ့ကိုယ်နဲ့ တွေ့ဆုံကြဖို့ အီးမေးလ်တွေရဲ့ forward mail မှာပါလာတဲ့ မေးလ်အကောင့်လိပ်စာတွေကို မြင်ရတာကနေတဆင့် အဆက်အသွယ်လွယ်တာကတစ်ကြောင်း၊ လူချင်းတွေ့ရင် ရှက်ကြောက် (ပဲများ) သလို ဟန်တွေပိုစရာ လျော့နည်းတာက တစ်ကြောင်း အကြောင်းကြောင်းတို့ကြောင့်နဲ့ online love က ပိုပြီးပွင့်လင်းရင်းနှီးလို့ သူ့တစ်နေ့တာ ကိုယ့်တစ်နေ့တာရဲ့ အချိန်ပိုလေးတွေတိုင်းမှာ ချစ်စကားတွေဖလှယ် အကြင်နာတွေကြွယ်လို့ ဘ၀ရဲ့အဓိပ္ပါယ်က တောက်ပလာတယ်လို့ ခံစားကြရတယ်တဲ့။ တစ်ခါတစ်လေမှာတော့ အလိုမကျ စိတ်တွေကောက်ကြ၊ချော့မော့ကြ၊ကြည်နူးကြ၊ အပြန်အလှန်အားပေးကြ။ တစ်ခါတစ်ရံမှာတော့ လွမ်းကြ(မတွေ့ရတဲ့ရက်တွေအတွက် တစ်ချို့ကတော့ လွမ်းဖျားလွမ်းနာတောင်ကျသတဲ့)၊ ဒီလိုနဲ့ အချိန်တွေခရီးဆက်လို့ ဟန်ဆောင်လိမ်ညာထားတာတွေသာမရှိထားရင် အပြင်မှာတွေ့ဆုံကြဖို့ ကြိုးစားရင်း အကဲဖြတ်လို့ အရင်က အွန်လိုင်းကအချစ်နဲ့ တစ်ထပ်တည်းခံစား ဆက်လက်မေတ္တာထားနိုင်တဲ့အခါ အမောင်သတို့သားနဲ့ အမယ်သတို့သမီးတို့သည် ဇာတ်သိမ်းခန်းတွင် ညားလေသတည်းဆိုတဲ့ အီးဖူးစာ(သို့မဟုတ်)အွန်လိုင်းမေတ္တာ ဇာတ်ထုတ်တစ်ခုကို ဘ၀ဇာတ်ခုံမှာ ပျော်ရွှင်စွာ ကပြမှတ်တမ်းတင်နိုင်သည်ပေါ့နော်။

အကြောင်းအကျိုးနဲ့ အကောင်းအဆိုးဆိုတာ အမြဲတမ်းဒွန်တွဲနေတတ်တာ ဓမ္မတာတော့မဟုတ်ဘူးလားနော်။ အဲဒီတော့ ဒီအီးဖူးစာမှာလို့ ယုံမှတ်လို့ပုံအပ်ရင်း ဘ၀ပျက်တဲ့သူတွေ ရှိကောင်းရှိနိုင်တာပေါ့။ ဘ၀ပျက်တယ်ဆိုတာ မိန်းကလေးဆိုလဲ ကိုယ့်ရဲ့ဘ၀ကို ပုံပေးလိုက်ရလို့ ပျက်မှ ပျက်တာမဟုတ်သလို၊ ယောက်ျားလေးဆိုလဲ ဘ၀ပျက်စရာမရှိဘူးလို့ ပြောလို့မရပါဘူး။ ကျမပြောချင်တဲ့ ဘ၀ပျက်တဲ့ဆိုတာ ကိုယ့်ဘ၀တက်လမ်းကို ပိတ်ဆို့စေတယ် အညွန့်ကျိုးစေတယ်ဆိုရင်လဲ ဘ၀ပျက်တာနဲ့မခြားဘူးလို့ထင်မိပါရဲ့။ ဒီလိုပါလေ။ တစ်ချို့မိန်းကလေးတွေသိပ်ချစ်တတ်ကြပုံများကတော့ သေဆိုသေ၊ရှင်ဆိုရှင်တောင် ပြောလို့ရမလားပဲ။ အွန်လိုင်းမှာပဲတွေ့ဖူးပါတယ်။ ဒါပေသိချစ်လိုက်တာလဲတုန်လို့၊ ဟိုမသွားနဲ့ဒီမသွားနဲ့၊ ဟိုလိုမ၀တ်နဲ့၊ ဒီလိုမ၀တ်နဲ့။ ဟိုလူနဲ့မပေါင်းရဘူး၊ ဒီလိုနဲ့မပေါင်းရဘူး။ အင်း.. ယောက်ျားလေးဘက်ကလဲချစ်လို့သ၀န်တိုလို့ ဒီလိုကန့်သတ်တယ်ဆိုပါစို့။ မိန်းကလေးဘက်ကလဲ ချစ်လို့ ဒီလိုပြောဆိုချုပ်ချယ်ကန့်သတ်တာကိုပဲ ကျေကျေနပ်နပ်လက်ခံလိုက်နာတယ်ဆိုပါစို့။ ဒါလောက်ဆို အဆင်ပြေပါသေးရဲ့။(ကျမအထင်ပြောတာပါ။)
အဲဒီထက်ပိုကဲလာတော့ ဒီအလုပ်ကထွက်ဆိုထွက်၊ ဒီသင်တန်းလေးတက်ဆိုတက်၊ ဒီနိုင်ငံသွားအလုပ်မလုပ်နဲ့၊ မြန်မာမှာပဲစောင့်နေ ဆိုတာမျိုးလောက်ထိ guide line ချတာမျိုးဆို လက်ခံလိုက်နာသင့်သေးလို့လား။ ကျမအထင်တော့ အဓိကဆုံးဖြတ်ရမှာ လျှောက်လှမ်းရမှာက ကိုယ့်ဘ၀ကိုယ့်ခြေလှမ်းကိုယ်သာပိုင်တယ်မဟုတ်ဘူးလားလေ။ ကိုယ့်ဘ၀ကိုယ့်အောင်မြင်မှုကို သူများတစ်ယောက်ရဲ့ပါးစပ်ဖျားမှာ လမ်းဆုံးစေရင် ဘ၀ပျက်မသွားနိုင်ဘူးလားနော်။ ကိုယ်နှစ်ဦးတွေ့ဆုံပြီး မင်္ဂလာပွဲနွှဲပျော် ပေါင်းဖက်ဖြစ်ရင်တော်သေးရဲ့။ မတော်တစ်ဆ အဲဒီဖူးစာရှင်လို့ယူဆထားတဲ့ယောက်ကျားလေးနဲ့ အကြောင်းမစုံလို့ မပေါင်းဖက်ဖြစ်ခဲ့ရင် ဒီမိန်းကလေး ဘာဆက်လုပ်မလဲလို့ တွေးပူစဉ်းစားမိပါသေးရဲ့။ ယောက်ကျားလေးတွေဖက်ကလဲ အဲဒီလို အပြန်အလှန်ဖြစ်နိုင်ပါတယ်နော်။(ယောက်ကျားလေးဘက် မိန်းကလေးဘက်ခွဲခြားမပြောလိုပါဘူး။)ဘာပဲဖြစ်ဖြစ်တော့ တစ်ဦးနဲ့တစ်ဦးမပေါင်းသင်းဖြစ်ရင်တောင် အမုန်းနဲ့လမ်းခွဲမသွားရတဲ့ ဖူးစာတွေပဲဖြစ်စေချင်ပါတယ်။

အဆိုးဘက်ကတွေးပြီး အကောင်းဘက်ကို ပြန်လှည့်ကြည့်ရင်တော့ ဒီလို အီးဖူးစာ ဇာတ်လမ်းလေးတွေက ကာယကံရှင်နှစ်ဦးကိုယ်တိုင်ရော ဘေးကသူတွေကိုပါ ဆန်းကျယ်စွာ ပျော်ရွှင်ရင်ခုန်စေပါတယ်။ romantic ဖြစ်တဲ့ အချစ်ဇာတ်လမ်းလေးတွေပါပဲလေ။

အွန်လိုင်းဆိုတာကလဲ လောကထဲက အစိတ်အပိုင်းတစ်ခုပေမို့ လက်ရှိပြင်ပလောကက တွေ့ဆုံကြုံကွဲဖြစ်မြဲဓမ္မတာတွေလိုပဲသာမို့ အကောင်းအဆိုးအကြောင်းအကျိုးကို မိမိဘာသာဆင်ခြင်သုံးသပ်ရင်း ကောင်းကျိုးလိုရာတွေးတောနိုင်စေဖို့ ရည်ရွယ်ရင်း ဒီပို့စ်လေးကိုရေးသားလိုက်မိပါတယ်။

စာကြွင်း။ ။(မယ်လိုဒီမောင်၏ ပုဂ္ဂလိက ခံစားချက်နဲ့တွေးခေါ်ထင်မြင်ယူဆချက်သာဖြစ်လို့ သုံးသပ်ချက်မှားရင် ခွင့်လွှတ်ပါနော်)

Wednesday, February 4, 2009

ASP.NET - Server Controls(1)

ရေးလက်စက ဘယ်ရောက်နေလဲပြန်ဖတ်ကြည့်ရင်း ဆက်စပ်လို့ရမယ်ထင်တဲ့ ASP.NET - Server Controls တွေအကြောင်းဆက်ရေးပါရစေနော်။

PHP, Ruby On Rails, classic ASP, Cold Fusion, JSP စတဲ့ web technologies တွေက UI(user interface) နဲ့ပါတ်သက်တဲ့ button လိုမျိုးတွေရေးရင်တောင် standard HTML ပဲသုံးရတယ်။ ဥပမာ-
<input value="ok" type="button">

ASP.Net ကတော့ အဲဒီ standard HTML ကိုလဲသုံးလို့ရတယ်။
<input value="ok" name="btn1" type="button">
ပြောမယ်ဆိုရင် standard HTML က client side control ကို progammatically manipulate လုပ်စရာမလိုတဲ့အခါမှာ သုံးတာပါ။
classic ASP တုန်းကတော့ HTML standard control အနေနဲ့ ကုဒ်တွေရောပြီး executable code တွေကို ထည့်ရေးရတယ် ရောပြွတ်ပြီးတော့ပေါ့။ spaghatti-code model လို့ခေါ်ခဲ့တယ်။
ASP.Net ရဲ့ server controls တွေကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ တကယ်တော့ server controls ဆိုတာ server ကနားလည်တဲ့ tags တွေပဲဖြစ်ပါတယ်။

Server Controls သုံးမျိုးရှိပါတယ်။
(၁)HTML Server Controls - Traditional HTML tags
(၂)Web Server Controls - New ASP.NET tags
(၃)Validation Server Controls - For input validation


နဲနဲအကျယ်ပြန်ပြောရမယ်ဆိုရင်-
(၁)HTML Server Controls - Traditional HTML tags
ရှိပြီးသား ASP pages တွေကို ASP.Net ဆီ migration လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ runat="server" ဆိုတာလေး ထည့်ပေးရုံပါပဲ
ဥပမာ-
<input value="ok" name="btn1" runat="server" type="button">
ဒီမှာ name ဆိုတာက id သဘောမျိုးပါပဲ

(၂)Web Server Controls - New ASP.NET tags
ASP.Net နဲ့ စရေးတယ်ဆိုရင်တော့ ဒီ controls ကိုပဲသုံးတာက ပိုကောင်းပါတယ်။
ဥပမာ- <asp:button id="btn1" text="Submit" runat="server" onclick="submit" />
ဒီမှာ button server control လေးကို ဖန်တီးပီးတော့ OnClick ဆိုတဲ့ event လေးထည့်ထားပါတယ်။ server controls က ၂၀၀ကျော်ရှိပြီးတော့ သူတို့ရဲ့ events ကတော့ အသုံးအများဆုံးအနေနဲ့ ၄ခုပဲရှိတာပါ။ ပြီးတော့ controls တွေမှာလဲ additional properties တွေနဲ့ define လုပ်နိုင်ပါသေးတယ်။ event နဲ့ event handler အကြောင်းကိုတော့ နောက်ပို့စ်မှာမှ ဆက်ပြောပါမယ်။

(၃)Validation Server Controls - For input validation
user က input data လုပ်တဲ့အခါလိုမျိုးမှာ (ဥပမာ - member registration form) သူဖြည့်ရမဲ့ နာမည်တို့ မွေးသက္ကရာဇ်တို့မှာ ကျန်မနေစေတာ၊ အသက်မှာ ၁၈နှစ်ပြည့်ပြီးသားဖြစ်ရမှာတို့၊ မေးလ်လိပ်စာမှာ @ လိုမျိုး symbol လေးပါမပါ စသဖြင့် စစ်ဖို့လိုတဲ့အခါမှာ ဒီလို validation and rich controls တွေကို သုံးတာပါ။ အဲလို စစ်ထားတဲ့ အခါ user ဖြည့်တဲ့ data က မကိုက်ညီဘူးဆိုရင် error message ပြန်ပေးပြီး ပြန်ဖြည့်စေတာမျိုးပါ။ ပြောမယ်ဆိုရင် သူဖြည့်တဲ့ data တွေကို server side ဆီမပို့ခင်မှာ အရင်စစ်ပြီး pass ဖြစ်မှ server side မှာ execute လုပ်မဲ့သဘောပါ။ ဥပမာ-

<asp:label id="Label1" runat="server" text="User Name:" />

<asp:textbox id="txtUserName" runat="server" />

<asp:requiredfieldvalidator id="vldUserName" runat="server" errormessage="You must enter a user name:" controltovalidate="txtUserName" />

ဥပမာရှင်းလင်းချက်။ ။User Name: ဆိုတဲ့ label လေးတစ်ခုနဲ့အတူ user က data ကို input ထည့်ဖို့ text box တစ်ခု အရင် create လုပ်ပြီးမှ RequiredFieldValidator ဆိုတဲ့ validation control လေးက txtUserName ဆိုတဲ့ text box လေးကို သွားစစ်ကြည့်တဲ့အခါ တကယ်လို့ နာမည်ကို မဖြည့်ဖူးဆိုရင် You must enter a user name: ဆိုတဲ့ errormessage လေးကို ရိုက်ထုတ်ခိုင်းထားတာလေးပါ။ ကိုယ်ဘာသာစမ်းကြည့်လိုက်နော်။

တကယ်လို့ အလွယ်တကူစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ နှိပ်ပြီးလဲ စမ်းနိုင်ပါတယ်(w3schools ရဲ့ demo လေးပါနော်)

ဒီပို့စ်တော့ ဒီလောက်ပဲ ဝေမျှပါရစေ။ နောက်ထပ်ပို့စ်တွေမှာမှ အခုအထက်မှာဖေါ်ပြသွားတဲ့ server controls သုံးခုလုံးကို ပြန်ပြီး အကျယ်ရှင်းပြမယ်နော်။

အားလုံးလေ့လာပျော်ရွှင်စွာ ပညာတွေ ဆက်လက်ဖလှယ်ကြပါဦးစို့

Tuesday, February 3, 2009

မကြာမီ..လာမည်..

ကိုယ့်အတွက်ကိုယ်လဲ စာပြန်ဖတ်ရင်း မတင်ဖြစ်တာကြာပီဖြစ်နေတဲ့ ASP.Net နဲ့ပတ်သက်တဲ့ပို့စ်တွေ များများမြန်မြန်တင်နိုင်ဖို့ကြိုးစားနေပါတယ်နော်
ခံစားမိတဲ့ ကဗျာကလွဲရင် ဘယ်လိုပို့စ်မျိုးမှ ရေးဖို့ ခေါင်းထဲကထွက်မလာဘူး
အဲဒါနဲ့ ဆားချက်တယ်ပဲပြောပြော ခွေးနက်ကြီးပဲရွေးလိုက်တယ်(တင်ဖို့ပို့စ်ကိုပြောပါတယ်နော်)
မကြာမီ..လာမည်..မျှော်.......