Friday, January 30, 2009

အလွမ်းဆိုတဲ့ ဝေဒနာဆိုး

တစ်ခါတစ်ခါမှာ တစ်ဆစ်ဆစ်နဲ့
တစ်နေရာတည်းမှာ နာနေတယ်
တစ်ခါတစ်ခါကျ ပါးပြင်မှာတစ်သွင်သွင်စီးတဲ့
ဒီနှလုံးသွေး အဖြူရောင်က မြစ်တစ်စင်းအနေနဲ့ဖြစ်နိုင်တယ်

တစ်နေ့မှာ ၂၄နာရီစာ
ဖြန့်ခင်းထားတဲ့အလွမ်းတွေက
တံတားတစ်စင်းအနေနဲ့ အသွင်ပြောင်းဖန်တီးနိုင်ရင်
ငါလေ မင်းဆီ အရောက်တောင်လှမ်းလာနိုင်တယ်

တစ်ပတ်လုံးမတွေ့ရတဲ့ ရက်တွေဆက်လာတော့
ငါ့ခန္ဓာတစ်ခုလုံး စမ်းသပ်လို့မရတဲ့
ဝေဒနာဆိုးတွေ ထိုးနှက်
ငါလေ အသက်မထွက်ရုံတမယ် မင်းကို လွမ်းပါတယ်

ပို့ခဲ့မိတဲ့ ဖုန်းမတ်ဆေ့ခ်ျတွေနဲ့ မေးလ်တွေသာ
ကျောက်စာတွေလို တည်ရှိမယ်ဆိုရင်
မင်းကိုချစ်တဲ့ ငါ့သမိုင်းက
(နောက်ဘုရားတစ်ဆူပွင့်တဲ့အချိန်မှာတောင်)
ကျမ်းစာတွေနဲ့အပြိုင် စာဖွဲ့နိုင်မယ်ထင်ပါတယ်

ငါ့ချစ်ခြင်း၊ ငါ့အလွမ်းတွေနဲ့အတူ ရေးဖွဲ့ခဲ့မိတဲ့ ကဗျာတွေလဲ
မင်းရင်ကို လောင်ကျွမ်းမကျွမ်းမသေချာပေမဲ့
ပွက်ပွက်ဆူတဲ့ ငါ့နှလုံးသွေးရဲ့ ကာရံတွေကြောင့်
ရေးစပ်ရင်းနဲ့ ငါ့အမြင်အာရုံတွေတောင် အပူငွေ့တွေဖုံးလို့
အရာအားလုံးမှုံဝါး မင်းမျက်နှာမှတပါး
ငါ့အနာဂတ်ကိုတောင် မြင်နိုင်စွမ်းမရှိတော့တာ
အလွမ်းဆိုတဲ့ ဒီဝေဒနာဆိုးကြောင့်လေလား...

ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရရင်
ဒီဝေဒနာဆိုးက အမြန်လွတ်မြောက်
နေ့တိုင်းတွေ့ခွင့်ရတဲ့ အခြေအနေကို
အမြန်ဆုံးရောက်ပါရစေလေ..

Wednesday, January 28, 2009

မန်းသား ချစ်ကိုကိုရဲ့ ရီမစ် (Remix)

မန်းသား သူငယ်ချင်း ချစ်ကိုကိုရဲ့ remix trackလေးပါ သားစိုးနဲ့ဘုံးဘုံရဲ့ ဖအေတူမအေတူ အယ်လ်ဘမ်ထဲက ဖအေတူမအေတူ track ကို...ရီမစ်လုပ်ထားတာလေးပို့လာတာနဲ့ နားထောင်ဖြစ်ရင်း တင်ပေးလိုက်တယ်။ ဒီ track က ဖေဖေါ်ဝါရီမှာ ထွက်မဲ့ သားစိုးရဲ့ နတ်ကနားပါတီအယ်လ်ဘမ်ထဲကပါ။ နမူနာအနေနဲ့ နားထောင်ရင်း ဝေဖန်ပေးကြပါဦး။



full version ကိုတော့ မျှော်ပေါ့နော် :)
ကြော်ငြာဝင်တာ ဟုတ်ဘူး အမြည်းအမြည်း (အရည်တော့ပါဘူး အဟီး)

ချစ်ကိုကိုရဲ့ ဆိုဒ်လေးကိုလဲ သွားလည်နိုင်ပါတယ် www.myspace.com/chiczcoco !!!

Friday, January 23, 2009

မွေးနေ့ရှင်များအတွက် လှိုက်လှဲသောဆုတောင်း

ဒီလ ၁၆ရက်နေ့က ညီမငယ် စကားပန်းရဲ့မွေးနေ့
မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့ပို့စ်လေးလဲတင်မယ် ဖုန်းလဲဆက်ပြီး wish လုပ်ဖို့ ကြိုတင်စိတ်ကူးထားခဲ့ပေမဲ့လဲ တကယ့်တကယ်ကျ စိတ်ကူးနဲ့လက်တွေ့က တခြားစီဖြစ်ခဲ့ရလို့ စိတ်ထဲမှာတောင် မကောင်းဘူး
စိတ်ကူးထဲက ဆုတောင်းလေး
"ချစ်ညီမ စကားပန်း သူမချစ်သောကဗျာဆရာနဲ့အတူ ချစ်ခြင်းနဲ့အနုပညာတွေ ရာသက်ပန်ရိုးမြေကျ ပျော်ရွှင်စွာ ဝေမျှခံစားလို့ ကဗျာဆရာရဲ့ထာဝရချစ်ခင်မြတ်နိုးမှုခံရသော သူမလဲဖြစ်ပါစေ။ ချစ်ညီမ အတွေ့ချင်ဆုံးသော မေမေနဲ့လဲ အမြန်အလည်ပြန်လို့ တွေ့ဆုံပျော်ရွှင်စေကြောင်း ဆုမွန်ကောင်းလဲ တောင်း၏"

ဒီနေ့ကတော့ မောင်ငယ်လေး အိုအေခြောက် မောင်ပွတ်ရဲ့မွေးနေ့
ဖုန်းနဲ့ ပျော်ရွှင်သောမွေးနေ့ဖြစ်စေကြောင်းဆုတောင်းပေးလိုက်ပေမဲ့ နောက်ထပ် တောင်းပေးချင်သေးတဲ့ ဆုတောင်းတွေကျန်သေးလို့ ဒီပို့စ်မှာ ထပ်ရေးပြီး ဆုတောင်းလိုက်တယ်နော်
"စင်ကာပူတစ်မြို့လုံး ပန်းတွေဖုံးတယ်ထင်လောက်အောင် ပျော်ရွှင်ခဲ့တဲ့ နေ့ရက်မျိုးတွေ များစွာဆက်ရာကနေ ချစ်ရတဲ့ ခြူသစ်နဲ့ ထာဝရလက်တွဲပျော်ရွှင်နိုင်ပါစေ။ အလုပ်နဲ့ဘ၀ရဲ့ အမောတွေ ပြေပျောက်တဲ့နေ့တွေကနေ ဖြစ်ချင်တဲ့ဆန္ဒတွေ ဘ၀နဲ့တထပ်တည်းကျတဲ့ ရွှေရောင်နေ့ရက်တွေ အမြန်ဆုံးရောက်စေဖို့ ဆုမွန်ကောင်းလဲတောင်း၏"

ကဲ...ဆုတောင်းပြီးပီ နှစ်ယောက်လုံး ဘာကျွေးမလဲနော်...
ဒီနေ့ညတော့ ၀မ်းနှုတ်ထားလိုက်တော့မယ် သိလား..

Saturday, January 17, 2009

လတ်တလောအခြေအနေ

စကားများများ မပြောချင်ဘူး ...အမှားတွေပါနေလွန်းလို့
အွန်လိုင်းမတက်ဖြစ်ဘူး... အချိန်အားတွေပါးရှားလွန်းလို့
ဖုန်းမပြောဖြစ်ဘူး... အရင်ဖုန်းကို မကိုင်ဖြစ်တဲ့အခြေအနေတစ်ရပ်မို့
ဘလော့ပို့စ်လဲမရေးဖြစ်ဘူး... ခေါင်းထဲမှာတင် တွေးရင်းရေးရင်း မေ့ကုန်လို့
ဖိုရမ်တွေလဲမ၀င်ဖြစ်ဘူး... ပါလေရာငပွကြီး ဖြစ်မစိုးလို့
သိပ်နေမကောင်းဘူး... ချမ်းချမ်းနေလို့
အပြင်ထွက်လည်ဖို့လဲ သိပ်မသွားဘူး... စိတ်မပျော်လို့
အစားကောင်းကောင်းမစားဖြစ်ဘူး...အရသာမတွေ့လို့
ရှော့ပင်းလဲမထွက်ဘူး... ပိုက်ဆံပြတ်သွားလို့
ရည်းစားလဲမထားဘူး...စိတ်ရှုပ်ရလွန်းလို့
နေရတာမပျော်ဘူး...စင်ကာပူနဲ့မတည့်လို့ဖြစ်မယ် ထင်ပါရဲ့

အဲဒါ လတ်တလောအခြေအနေတွေပါ
စိတ်တွေကြည်အောင် ပြန်ပြီး concentrate လုပ်လိုက်ဦးမယ်
တရုတ်နှစ်ကူး ရက်ရှည်ရုံးပိတ်မှ ပို့စ်တွေတင်ဖို့ ကြိုးစားမယ်လေ
ဘလော့လာဖတ်သူ သူငယ်ချင်းမောင်နှမအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ...

Thursday, January 15, 2009

ငြီးချင်လို့ပါ...

မနေ့ကတည်းက ဖျားချင်နေတာ
ပင်ပန်းတဲ့ရက်တွေလဲကြာပေါ့
ဒီနေ့တော့ မတတ်နိုင်တော့ဘူး
MC MC MC ယူရတာလေ
အိမ်ပြန်ချင်တရ် အိမ်ပြန်ချင်တရ် အိမ်ပြန်ချင်တရ်

တရုတ်နှစ်ကူးကျလဲ ၁၀ရက်တောင် ပိတ်ဦးမယ် (24th Jan to 2nd Feb)
သုံးရက်က ခွင့်မယူမနေရလေ(annual leave မကျန်ရင် လစာဖြတ်ခံရဦးမယ်)
ဟူးးးးးးးး ဘာလုပ်ရင်ကောင်းပ
စာဖတ်လိုက် အိပ်လိုက်နေတာပဲကောင်းမယ်ထင်ရဲ့
အိမ်ပြန်ချင်တရ် အိမ်ပြန်ချင်တရ် အိမ်ပြန်ချင်တရ်

Monday, January 5, 2009

feedburner က feed (သို့) How to syndicate your updated post

မယ်လိုဒီရဲ့ မြန်မာဘလော့ကို ဒိုမိန်းနာမည်အသစ် ပြောင်းလိုက်မိတယ်။ လာလည်လို့မရတဲ့သူတွေက ချစ်သူကပိတ်ခိုင်းထားလားတဲ့။ အဟိဟိ ဟုတ်ဘူး။ အဲဂလိုပိတ်ခိုင်းရင် အဲဒီသူကို ချစ်သူတော်ဘူး။(ကြော်ငြာ)
blogspot က၀င်တဲ့သူတွေက redirect to http://melodymaung.com ဖြစ်သွားလို့ ဖတ်လို့ရပေသိ myanmarbloggers.org နဲ့ bookmark လုပ်ထားတဲ့သူတွေကျ ၀င်လို့မရသလိုဖြစ်သွားပြန်ရော။ တော်တော်တော်တဲ့ မယ်လိုဒီ၊ မယ်လိုဒီမောင်ကနေ မယ်လိုဒီတော် ဘွဲ့ထူးခံသင့်သလိုလိုတောင် ဖြစ်သွားတယ်။ ဒါတင် ဘယ်ကလိမ့်ဦးမတုန်း feed ယူပေးထားတဲ့သူတွေကလဲ မေတ္တာတော် ပို့သူကပို့၊ လက်တို့ပြောသူကပြော နင့်ဒိုမိန်းအသစ်က feed ယူထားတာအတွက် အလုပ်လုပ်ဘူးတဲ့။ တချို့ကတော့ မနေနိုင်တော့လို့ ကွန့်မန့်တောင်ရေးခဲ့လေရဲ့(အဟိဟိ ဘယ်သူလေ၊ တိုက်ဆိုင်မှု ဟုတ်ဘူး တမင်ကလာပြောတာဗျ သိုင်းခရုပါ၊ အဲလိုမှမပြောရင် အပျင်းကြီးနေသေးမိမှာမို့) subscribes လုပ်ထားပေးတဲ့သူ ၁၁ယောက်လောက် ရှိပါတယ်။ တောင်းပန်ပါတယ်။ ခုတော့ ကြိုးစားပြီး ပြင်လိုက်တယ်။ အပြင်ကောင်းလို့ ဆက်ဒုက္ခပေးပါရစေဦး။ မြန်မာဘလော့အတွက် feed နဲ့ သိုးဆောင်းဘလော့အတွက် ယူတဲ့ feed မှာ နာမည်လေးပြောင်းလိုက်ချင်လို့ ဒီလိုလေး ပြင်ပေးကြပါဦးလို့။ ကြိုက်တဲ့ဘလော့အတွက် ကြိုက်သလိုလေး feed နိုင်ပါသည်ပေါ့နော်။
သိုးဆောင်းဘလော့အတွက်က http://feeds.feedburner.com/melodymaung ပါ။
မြန်မာဘလော့အတွက်ကတော့ http://feeds.feedburner.com/melodymimimaung ဖြစ်နေလို့ ပြင်ပေးကြပါဦးနော်။

ကျမသုံးတဲ့ feedburner က feed နဲ့ပါတ်သက်ပြီး ကတော့လွယ်ပါတယ်။
ကိုယ့်ဘလော့ထဲ sign in ၀င်ပြီးရင် settings အောက်က site feed တဘ် လေးမှာ နှိပ်ပြီး အဲလိုလေးဖြည့်လို့ရအောင် Feedburner မှာ register အရင်လုပ်ခဲ့ပီး ထည့်ပေးလိုက်ရင် ရပါပီ။
အဲဒီ built-in feed ကိုမသုံးချင်ဘူးဆိုရင်လဲ တခြား feed တွေ ရှိသေးတယ်တဲ့။ (နောက်မှ ရှာပီးရေးတော့မယ်)

feed ယူပြီးဘယ်လိုဖတ်တာလဲဆိုပီး သိချင်တာလေးတွေရှိရင် ဒီမှာ နဲ့How to find happening stuff on Net ဆိုရင်တော့ဒီမှာ ဖတ်ပါနော်။

Saturday, January 3, 2009

အမည်ခံသာလွတ်လပ်သော အမိနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အမှတ်တယ

ငယ်ငယ်တုန်းကတော့ လွတ်လပ်တဲ့အတွေးအခေါ် အသိအမြင်လေး လက်တစ်ဆစ်စာနဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖြစ်ရင်း ဆုတွေတက်ယူခဲ့ဖူးတာကိုတော့ မှတ်မိပါသေးတယ်။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို့ တင်စားခေါ်ဝေါ် သမုတ်လို့ရတဲ့ ယနေ့မျက်မှောက်အချိန်အခါမတော့... စိတ်ပြတင်းပေါက်တွေဖွင့်လို့ အတွေးငှက်တွေကို လွတ်လပ်စွာ ပျံသန်းခွင့်ပြုရင်း ဟိုရွာ ဒီရွာတို့ရဲ့ တန်ဖိုးထားမှု ဦးဆောင်မှု တိုးတက်မှုတွေကို အမှတ်မထင် သိရှိလိုက်ချိန်မတော့...မပြောတော့ဘူး မောတယ်လေ
ကဲ..သူငယ်ချင်းတို့ရော !!!
သူများတကာ နိုင်ငံတွေရဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွေနဲ့ တို့ မြန်မာဆီက အထိမ်းအမှတ် အခမ်းအနား ဘာတွေ ကွာခြားနေလဲ သိလား? တန်ဖိုးထားမှု ဦးဆောင်မှု တိုးတက်မှုတွေကို သတိထားမိမယ်ဆိုရင်တော့လဲလေ.......


နိုင်ငံအတွက် မိမိတို့တတ်နိုင်သလောက်တတ်နိုင်တဲ့အပိုင်းကကူညီပေးကြမယ့်သူစာရင်း ၀င်လောက်တဲ့အထိ မဟုတ်ပေသိ အမည်ခံသာလွတ်လပ်သော အမိနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အမှတ်တယအနေနဲ့ ဒီပိုစတာလေးကိုတော့ ဘလော့မှာ တင်ထားလိုက်ပါရစေ။ လွတ်လွတ်လပ်လပ်တင်ချင်တိုင်း တင်ခွင့်မရှိမှန်းသိပေသိပေါ့နော်...




မမြင်ရရင် ဒီမှာ နှိပ်ဗျာ