Wednesday, June 3, 2009

အူလည်အူလည်..ဘလော့ဂ်ရေးတယ်

မယ်လိုဒီဘလော့ဂ်ရေးလာတာ ၂နှစ်ကျော်သွားပီ။
စစချင်းရေးကတည်းက ဘလော့ဂ်မှာ ရေးဖို့ကို အားသန်တာပဲ သိတယ်။
ဒီဇိုင်းအမြင်နဲ့ ပတ်သက်ပြီး အားနည်းလွန်းသူမို့ တန်းပလိတ်ကိုလဲ ပန်းရောင်လေးပဲ ရွေးပြီး လှတပတဖြစ်မလားတွေးလို့ စာလုံးအရောင်တွေ လျှောက်သုံးထားလို့ အရူးဒီဇိုင်းမို့ မျက်စိစူးပြီး မူးလှချည်ရဲ့လို့ သြဘာပေးခံရဖူးတယ်။
အားနာတာနဲ့ စာလုံးအရောင်တွေလိုက်ညှိတယ်။ နောက်တော့ နာမည်က ပန်းရောင်မပါပဲ ပန်းရောင်တန်းပလိတ် ဘာလို့သုံးသလဲတဲ့ မေးမေးနေကြတော့ pink for love လေလို့ ဆင်ခြေကန်တော့လဲ ဘာမှမဆိုင်ပဲနဲ့လို့ ထောပနာပြုကြ၏။
သိုးဆောင်း ဘလော့ဂ်မှာလဲ ထိုနည်းလည်းကောင်းပါပဲလေ။ ဒီမြန်မာလိုရေးတဲ့ ဘလော့ဂ်လေးမှာ ဘန်နာလေးကိုတော့ ကိုဖြိုးကောင်းမှုနဲ့ သံစဉ်လေးတွေ ထည့်ပြီး ရှိုးပြဖူးသေးတယ်။ ကျေးဇူးကမ္ဘာ...

နောက်တော့ တစ်နှစ်ကျော်ပြီပဲ template လေး လဲချင်လိုက်တာလို့ ဆန္ဒရှိတာနဲ့ သူငယ်ချင်းကြီး ပီကေ အကူအညီနဲ့(ရာနှုံးပြည့် သူလုပ်ပေးသွားတာ) တန်းပလိတ်ဒီဇိုင်းတွေ လိုက်ရွေးလိုက်တာ နောက်ဆုံးတော့လဲ English for success ဘလော့ဂ်နဲ့တစ်ထပ်တည်းတူတဲ့ ဒီတန်းပလိတ်လေးပဲ ရွေးဖြစ်ပြန်တယ်။ (အလကားရတာထဲက ဒါပဲရှိသကိုး)
သင်္ကြန်ရောက်တော့မှ ကဲလေ သင်္ကြန်အငွေ့အသက်လေးရအောင် (ကိုချမ်းရဲ့ ဘန်နာဒီဇိုင်းလေးကိုလဲ အားကျသကိုး) နောက်ခံပုံကို ပိတောက်ပုံလေး ထည့်ဖြစ်တယ် လှမလှတော့သိဘူးလေ။ တစ်လက်စတည်း အင်္ဂလိပ်လိုရေးတဲ့ ဘလော့ဂ်ကလဲ ခေတ်မမီလိုက်တာနော်လို့ ပြောရင်း ဒီဇီုင်းလေးပြောင်းလိုက်ဖို့ အတင်းတိုက်တွန်းတဲ့ ကိုကိုစတိဗ်ကြောင့်တော့ မနေသာမထိုင်သာ အမြန်ပြောင်းဖြစ်သွားလို့ ခုတော့ အများသူငါလို အနက်ရောင်တန်းပလိတ်နဲ့ နိပ်သလိုလို။
ဒီလိုနဲ့ သင်္ကြန်ပီးတာ ကြာပေါ့။ မပြင်ဖြစ်သေးလို့ စာဖတ်သူတွေထဲ့ နောက်ခံပုံလေး ပြောင်းပါတော့ သင်္ကြန်လဲ ကျော်လှပီ မျက်စိလဲမူးလှပြီတဲ့။ အဲဒါနဲ့ မနေ့ကတော့ နောက်ခံကို အရင်ကမူလနောက်ခံအတိုင်း ပြန်ထားလိုက်တယ်။

ခုတော့ ကိုယ်ရေးထားတာတွေပါ ပြန်ဆန်းစစ်ကြည့်ရင်း အော်...ကိုယ်က ဘာတွေ အဓိကထားရေးတာ အားသန်ပါလိမ့်လို့ သေချာကြီး ပြန်စဉ်းစားပြီးမှ အပေါ်ဘန်နာနားမှာ tab လေးတွေထပ်ထည့်ဖြစ်တယ်။ MBS forum မလုပ်ခင်ကရယ်၊ ဆီမီနာနောက်ပိုင်း ရယ်မှာ ဘလော့နဲ့ပတ်သက်တာတွေ ရေးဖြစ်တိုင်း ဘလော့ဂ်ရေးရာ လို့ပဲ မြန်မာလို အညွှန်းတပ်မိထားတာတွေကို အခုတော့ MBS လို့ပါ ထပ်ပြီး ထည့်ထားလိုက်တယ်။ 2007 & 2008 အဟောင်းတွေ ပြန်ရှာဖတ်ချင်သူတွေရယ်၊ ကျမရဲ့ မတောက်တခေါက်ရေးထားတဲ့ နည်းပညာ အကြောင်းလေးတွေရယ်၊ ဟိုတစ်စဒီတစ်စမှတ်ထားမိတဲ့ မှတ်စုမှတ်ရာ တွေရယ်၊ ကာရန်မမီ ကဗျာမပီ ကျမရဲ့ ကာရံမဲ့ကဗျာလေးတွေကို ဖတ်တတ်သူတွေရယ်၊ မယ်လိုဒီ့အကြောင်း အနီးစပ်ဆုံး အမှန်ကန်ဆုံး သိချင်သူတွေအတွက် ဒိုင်ယာရီ ရယ်တွေကို tab လေးတွေခွဲပြီး သပ်သပ်ရပ်ရပ် စုထားပေးလိုက်တယ်နော်။

အညွှန်းတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင်တော့ အားမှ အချိန်ထပ်ပေးဖို့ ကြိုးစားလိုက်ဦးမယ်။

လာဖတ်တဲ့ သူငယ်ချင်းများနဲ့ စာဖတ်ပရိတ်သတ်အားလုံး ပျော်ရွှင်ချမ်းမြေ့လို့ အစစအရာရာ အဆင်ပြေပါစေလို့...

No comments: