Monday, May 18, 2009

ဘာတွေဖြစ်ဦးမလဲ...

ဘာတွေဖြစ်ဦးမလဲ...

ကျမ်းကျိန်တယ်ဆိုတာ မှန်ရာထွက်ဆိုရတယ်တဲ့ မမှန်မကန်ထွက်ဆိုရင် ကျမ်းစာမှာပါတဲ့အတိုင်း ကျမ်းစူးပါစေလို့ ကျိန်ရတယ်လေ..အဲဒီကျိန်စာကို ယုံလား...
တရားရုံးမှာ ကိုင်ရတဲ့ ကျမ်းထုပ်အနီရောင်ထဲမှာပါတဲ့ ကျမ်းကျိန်စာအပြည့်အစုံကို သိသလား ဖတ်ဖူးသလား...
မလိမ်နဲ့ မမှန်မကန်မထွက်ဆိုနဲ့ မထိမ်ချန်နဲ့။ ထိမ်ချန်ရင် မမှန်တာကို ထွက်ဆိုရင် ဘေးဒုက္ခအပေါင်းနဲ့ ကြုံမှာ။

ကျမ ကျိန်စာတွေကို တကယ်တော့ မယုံပါဘူး။ ကျိန်စာသင့်တယ်ဆိုတာ ရှေးရှေးတုန်းက ပြောခဲ့ကြတဲ့ ဒန်နာရီပုံပြင်တွေပါ။ လူတစ်ယောက်ဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ လုပ်သမျှ ဆောင်ရွက်သမျှရဲ့ အကျိုးအပြစ်ကို သူခံစားရမယ်။ သက်ရောက်မှုတိုင်းအတွက် သူနဲ့ညီမျှတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်။ ဒါကို ကျမယုံတယ်။ ဒါပေမဲ့ စာရွက်တစ်ရွက်ကိုင်ပြီး လိမ်ညာပြောရုံနဲ့ အန္တရာယ်ဆိုးတွေ ကြုံရမယ်ဆိုတာက ဖြစ်နိုင်ပါ့မလား။

သက်သေတွေကို ကျမ်းကျိန်ခိုင်းတဲ့အခါ ကျမ်းရဲ့ အနှစ်ချုပ်အဓိပ္ပါယ်ကိုပဲ ကျိန်ခိုင်းတာက အချိန်မကုန်အောင်လို့ပါ။ တကယ့်ကျမ်းရင်းက အရှည်ကြီးပဲ။ နတ်ဒေဝတာတွေနဲ့တိုင်တည်ပြီး ကျမ်းကျိန်ရတာ။

နမောတဿ ဘဂဝတော အရဟတော သမ္မသမ်ဗုဒ်ဓဿ လို့စဆိုရတယ်။ ပြီးတော့ ဂင်္ဂါသဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော ပညာဓိကဘုရား၊ ဝိဇ်ဇာဓိကဘုရား၊ သဒ်ဓါဓိကဘုရားအပေါင်းတို့ကို စောင့်ရှောက်ကုန်သော နတ်မင်းကြီးအပေါင်းက စောင့်ရှောက်ပါစေ။ ဟုတ်မှန်ရာကို ဆိုရမည်။ မဟုတ်မမှန်ဆိုခဲ့ပါက ဘုရားရှင်ကိုယ်တော်မြတ်ကို စောင့်သောနတ်တွေက သေအောင်သတ်ပါစေတဲ့။ အဲဒီအပြင် ဘုရားရဲ့ ဓာတ်တော်မွေတော်တွေကို စောင့်တဲ့နတ်တွေကလည်း သတ်ပါစေတဲ့။ လက်ယာရံ ရှင်သာရိပုတ္တရာ၊ လက်ဝဲရံ ရှင်မောဂ်ဂလန် စသော ရဟန္တာမြတ်တို့ရဲ့ ဓာတ်တော်မွေတော်တွေကို စောင့်တဲ့နတ်ကလည်း သတ်ပါစေ၊ အိုအစုံပဲ။ ဗေဒင်ကျမ်းစောင့်တဲ့နတ်၊ သာသနာတော် စောင့်တဲ့နတ်၊ ကျွန်းတွေစောင့်တဲ့နတ်။ မြစ်ချောင်း တွေကို စောင့်တဲ့နတ်တွေ မသေသေအောင် သတ်ပါစေတဲ့။

ဒါတင် ဘယ်ဟုတ်ဦးမလဲ။ သွေးခဲသွေးနက် ပွက်ပွက်ထွက်ပြီး ကိုယ်လက်ပြောင်းပြန် သွေးခဲအန်၍ သေစေသော ဆိုတာလည်းပါတယ်။ ဘေးရှစ်ပါး ဒဏ်ဆယ်ပါးလည်း သင့်ပြီး လတ်လတ်ချင်းချင်းသေပါစေ ဆိုတာပါတယ်။ ကိုယ်တွင်မကဘူး။ ကိုယ့်ရဲ့ သားသမီး မြေးတွေပါ ဥစ္စာပျက်စီးစေရမယ်။ ရေကိုသွားလည်း ရေသတ္တဝါတွေ မိကျောင်းလပိုင် ညွံထိကိုင်၍ မကာန်းလိပ်ငါး စား၍မနေ သေစေသော တဲ့

ကျမ်းကျိန်တဲ့စာလွှာက တစ်ပေခွဲအကွာလောက် ရှည်တယ်

ရေသွားရေသတ္တဝါ ကုန်းသွားရင် ကုန်းသတ္တဝါ ကျား၊ သစ် ဆင်၊ စိုင်၊ ဝက်အကောင်တွေ ကိုက်စားလို့ ထွားထွားညက်ညက် ကိုယ်လုံးပျက်ပြီး သေပါစေတဲ့။ မြွေပွေးမြွေဟောက် ငန်းပြောက်ငန်းကျား ပေါက်ထမနေ သေစေသောတဲ့။ လူဖြစ်ရင်လည်း လူချင်းမတူ နူနာရောဂါ ခရုသင်းစွဲပါစေ။ သေပြီးရင်လည်း ငရဲကြီး ရှစ်ထပ်၊ ငရဲငယ် တစ်ရာ့ဆယ့်နှစ်ထပ်နဲ့ အပါယ်လေးပါး လားစေသော တဲ့။

ကိုးကား။ ။ ဂျူး- သူမင်းကို ဘယ်တော့မှ (စာမျက်နှာ ၃၇၅-၃၇၆)

အမယ်လေး ဘုရားဘုရားလို့တောင် တမိပါတယ်။

ရုံးတင် အစစ်ခံရတဲ့သူတွေကတော့ ကျမ်းကျိန်ပါပြီ။ ကျမ်းစူးတာက တရားခံနဲ့ သက်သေတွေ မမှန်မကန်ထွက်ဆိုရင်ပဲလား။
တကယ်လို့ မမှန်မကန် ဆုံးဖြတ်ချက်ချတဲ့သူနဲ့ မမှန်မကန် တရားစွဲဆိုတဲ့သူတွေရော...

တကယ်တမ်း ပြောရရင် ဥပဒေဆိုတာ...
အဲဒီဥပဒေကို ထိန်းသိမ်း စောင့်ရှောက်သူတွေလောက်
ကြောက်စရာ မကောင်းပါဘူး။
(ချင်းတွင်းမဂ္ဂဇင်း အမှတ် ၃၅
စာမျက်နှာ ၆၃။ )


ဘာတွေဖြစ်ဦးမလဲ...ကိုယ်မေးမယ်...

3 comments:

Steve Evergreen said...

ဗမာပြည်မှာ ပေါင်ချိန်လို အစွမ်းရှိတဲ့ တရားသူကြီးရှိရင်သိတ်ကောင်းမှာ။

သူရိန် said...

ဒဏ္ဍာရီလို့ ရေးရမယ်ထင်တယ်။ ဒန်နာရီ မဟုတ်ဘူးထင်တယ် မမီ။

တစ်ဘ၀စံတွေကတော့ ကျိန်စာဝမှ လူပင်လှသတဲ့ တဲ့ဗျား။

MELODYMAUNG said...

ကျေးဇူး ကိုသူရိန်..ဒီစာကြွင်းလေးကို အမြဲ ထည့်ရမလိုဖြစ်နေပြီ
(စာကြွင်း။။ ပါဌ်ဆင့်စာလုံးအမှားအယွင်းများသည် ကျမ၏ လက်ကွက် အမှားများသားဖြစ်၍ သည်းခံ ဖတ်ရှုပါရန်)
လက်ကွက်က ကျမရိုက်တဲ့ နေရာက ဇော်ဂျီဖွန့်အမှန် မထွက်တာမလို့ မအားတဲ့ကြားထဲကလဲ အမြန်ပို့စ်တင်ဖြစ်နေတာနဲ့ပဲ နောက်မှ ပြင်မယ်ဆိုပြီး အခုလို မကြာခဏ အမှားတွေတက်တက်နေတယ်ဗျာ။ သည်းခံဖတ်ပေးတာရော ထောက်ပြတဲ့သူတွေရော ကျေးဇူးတင်ပါတယ်.. :)