Sunday, May 10, 2009

နို့နှစ်လုံးဖိုးလုံးကျေပါတယ်

နို့နှစ်လုံးဖိုးလုံးကျေပါတယ်

အရှင်ဘုရား...
မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ်ဆိုတာ မှန်ပါသလား ဘုရား။
မောင်မိုးကျော်သူ၊ ရန်ကုန်မြို့။

ဆရာတော် အရှင်ဆန္ဒာဓိက >>
ဒကာ မိုးကျော်သူရေ...
ဦးဇင်းတို့ လူဝတ်ကြောင်ဘဝ ငယ်ငယ်တုန်းက တက္ကသိုလ်အေးမောင်ရဲ့ ဘယ်ပန်းချီရေးလို့မမီ သီချင်းကို အရူးအမူး စွဲလမ်းခဲ့ဖူးပါတယ်။ အဲဒီသီချင်းများ ရေဒီယိုက မလာလိုက်နဲ့၊ အသက်ရှူဖို့မေ့သွားမတတ် ရှိရှိသမျှ သမာဓိတွေကို သီချင်းဆီ စုပြုံပို့ပြီး နှစ်နှစ်ခြိုက်ခြိုက် နားထောင်တော့တာပါပဲ။ ငယ်ဘဝရဲ့ တသသ သီချင်းတွေထဲမှာ အဲဒီ သီချင်းလည်း ထိပ်ဆုံးက ပါတာပေါ့။ မိဘမေတ္တာနဲ့ ပတ်သက်တဲ့ သီချင်းဆိုရင် ကလေးတိုင်း ကြိုက်ကြတာပဲ မဟုတ်လား။
မီဘမေတ္တာကို ဖွဲ့ဆိုတဲ့ သီချင်းတွေ ဇတ်လမ်းတွေဟာ သားသမီးတွေကို မိဘမေတ္တာနားလည်စိတ်၊ မိဘကျေးဇူးဆပ်လိုစိတ် ထက်သန်လာအောင် လှုံ့ဆော်တဲ့ နေရာမှာ စာပေထက်တောင် ပိုပြီး ထိရောက်ပါတယ်။ အနုပညာ ရသပါတဲ့အတွက် သားသမီးတွေရဲ့ ရင်ထဲကို စွဲစွဲနစ်နစ် ဝင်ရောက်သွားလို့ပါ။ အဲဒီအတွက် သက်ဆိုင်ရာ အနုပညာရှင်များကို အထူး ကျေးဇူးတင်မိပါတယ်။
ဒါပေမဲ့ ကိုယ်ဖန်တီးလိုက်တဲ့ မိဘမေတ္တာဖွဲ့ အနုပညာပစ္စည်းထဲမှာ မှားယွင်းတဲ့ အချက်အလက်တွေ၊ လွဲချော်တဲ့ အတွေးအခေါ်တွေ ပါနေရင်တော့ အဲဒီအချက်အလက်၊ အတွေးအခေါ်ကို အမှန်လို့ သတ်မှတ်သွားသူတွေရဲ့ အသိမှား အမှတ်မှားဟာ ကိုယ်ပေးလိုက်တဲ့ အကုသိုလ် အစိုင်အခဲကြီး ဖြစ်နေတာမို့ ကိုယ်လည်း အကုသိုလ်ရှယ်ယာ ဝေစုခွဲပြီးသား ဖြစ်သွားပါတယ်။
မိဘမေတ္တာအကြောင်း ရေးကြ၊ ဖွဲ့ကြပြီဆိုရင် ဗုဒ်ဓစာပေ(ပိဋကတ်တော်)ထဲက အဆုံးအမတွေ၊ အချက်အလက်တွေကို အများဆုံး ကိုးကားကြတာ တွေ့ရပါတယ်။ ဗုဒ်ဓစာပေနဲ့ မိဘမေတ္တာ၊ မိဘမေတ္တာနဲ့ ဗုဒ်ဓစာပေ ခွဲခြားလို့တောင် မရပါဘူး။ မိဘကျေးဇူးသိရမယ်၊ ဆပ်ရမယ် လို့ ပြောလိုက်ရင်ကိုပဲ ဒါ ဘာသာရေးအဆုံးအမ၊ ဒါ ဗုဒ်ဓလမ်းညွှန်ချက်လို့တောင် သတ်မှတ်နားလည်လိုက်ကြတဲ့ အထိပါပဲ။
ဗုဒ်ဓစာပေကို မှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ် ဆိုတဲ့ အချက်ကို တွေ့ရတော့ သိပ်ကို အံ့သြမိပါတယ်။ ပိဋကတ်တော်မှာ မပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ နို့တစ်လုံးဖိုးပဲ ကျေတယ်ဆိုတဲ့ အချက်ကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ဟောကြားတော်မမူခဲ့သလို အဌကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော် မမူခဲ့ကြပါဘူး။
သားသမီးတွေ အပေါ်မှာ မိခင်ကျေးဇူး ကြီးမားတာမှန်ပါတယ်။ ဒါပေမဲ့ မိခင်ကို အမွှန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို ပုတ်ခတ်စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝမသင့်တော်ပါဘူး။ ဘုရားတောင်မှ မိခင်ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေတယ်လို့ ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်ပါတယ်။ သာသနာဖျက်တဲ့သူ လို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ် ကြီးပါတယ်။
မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝမကျန်တော့ပါဘူး ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော်(ထေရဝါဒ စစ်စစ် ဗုဒ်ဓစာပေ) မှာ အခိုင်အမာ အထင်အရှား ရှိပါတယ်။ ပါဠိတော်မူရင်း ကတော့ ဗန်ဓနာရက္ခနေ မယှံ၊ အနဏော တွံ မဟာမုနေ ပါ။(စာမျက်နှာ အညွှန်းနဲ့ ပါဠိအနက်ကို ဆောင်းပါးအဆုံးမှာ ဖေါ်ပြပေးထားပါတယ်)
.......................................................
.......................................................
(ဒီ အစက်တွေမှာ ဝှက်ပြီး ရေးထားတာတွေ အပြည့်အစုံဖတ်ဖို့ ဆက်ဖတ်ရန် ဆိုတာလေးကို နှိပ်နော် )
မိထွေးတော် ဂေါတမီ ထေရီမကြီး ပရနိဗ်ဗာန်စံဝင်ခါနီး (သေလွန်ခါနီး)မှာ မြတ်စွာဘုရားရှင်ကို စကားအတော်များများ လျှောက်ထားသွားခဲ့ပါတယ်။ အဲဒီ လျှောက်ထားချက်များစွာထဲက တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့ နို့ဖိုးကြွေးနဲ့ ပတ်သက်နေပါတယ်။ လျှောက်ထားပုံက ဒီလိုပါ။
မြတ်စွာဘုရား...၊ အရှင်ဘုရားကို တပည့်တော်က လောကနို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရူပကာယ(ရုပ်ကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့ အတွက် တပည့်တော်ဟာ အရှင်ဘုရားရဲ့ မယ်တော်ကြီး(မိခင်) ဖြစ်ပါတယ်။ တပည့်တော်ကို အရှင်ဘုရားက ဓမ္မနို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ(တရားကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့တဲ့အတွက် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ခမည်းတော်ကြီး(ဖခင်) ဖြစ်ပါတယ်။ တပည့်တော် တိုက်ကျွေးခဲ့တဲ့ လောကနို့ရည်က ဆာလောင်မွတ်သိပ်ခြင်းကို တဒင်္ဂတစ်ခဏပဲ ငြိမ်းအေး ပြေပျောက်စေနိုင်ပါတယ်၊ အရှင်ဘုရား တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ်ခြင်းကို အမြဲထာဝရ ငြိမ်းအေး ပြေပျောက်စေနိုင်ပါတယ်။ မြတ်စွာဘုရား...၊ အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် တပည့်တော်အပေါ်မှာ အရှင်ဘုရား နို့ဖိုးကြွေး လုံးဝမကျန်တော့ပါ။ မယ်တော့်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား..

ဒကာ မိုးကျော်သူရေ...
မိထွေးတော် ဂေါတမီ ထေရီမကြီးရဲ့ နို့ဖိုးကြွေးရှင်းတမ်း လျှောက်ထားချက်ကို မြတ်စွာဘုရားရှင်က ငြင်းဆင်ခြင်း လုံးဝမပြုပဲ လက်ခံတော်မူခဲ့တဲ့အတွက် အဲဒီလျှောက်ထားချက်သည်ပင်လျှင် မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားတော်မူချက်ပါပဲ။ တကယ်လို့သာ နို့ဖိုးကြွေး မကျေဘူးဆိုရင် ဟဲ့... ဂေါတမီ၊ သင်လျှောက်ထားတာ မှားနေတယ်၊ မိခင်ကျေးဇူးကို ငါဘုရား နို့နှစ်လုံးဖိုးလုံး ကျေအောင် မဆပ်နိုင်ဘူးကွဲ့၊ နို့တစ်လုံးဖိုးပဲကျေအောင် ဆပ်နိုင်တယ် လို့ မြတ်စွာဘုရားရှင်က စကားပြင်ပြောမှာပေါ့။ အခုတော့ အဲဒီလို စကားပြင်ပြောခဲ့တာမှ မဟုတ်ပဲ၊ ဆိတ်ဆိတ်နေပြီး လက်ခံတော် မူခဲ့တာပါ။
ဆာလောင်မွတ်သိပ်ခြင်းဆိုတာ တဏှာပါ။ လောကနို့ရည်က နို့ဆာတဲ့ တဏှာကိုပဲ ပယ်ဖျောက်ပေးနိုင်ပါတယ်။(ဒါတောင်မှ တဒင်္ဂပါ၊ အချိန်တန်တော့ ပြန်ဆာလာတာပါပဲ) တခြားဆာတဲ့ တဏှာတွေကိုတော့ ပယ်ဖျောက်မပေးနိုင်ပါဘူး။ နို့စို့အရွယ်မှာတောင် ဟိုလူ့မြင်ချင်၊ ဒီလူ့မြင်ချင်၊ ဟိုဟာစားချင်၊ ဒီဟာသောက်ချင်နဲ့ ဆာလောင်မွတ်သိပ်မှုမျိုးစုံ (လိုချင် နှစ်သက် တပ်မက် သာယာမှုမျိုးစုံ) တိုးပွားနေပါတယ်။
နို့ပြတ်သွားပြီ ဆိုတာနဲ့ တစ်ရက်ထက် တစ်ရက်၊ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ဆာလောင်မှု တဏှာတွေ တိုးတိုးလာပါတယ်။ အဲဒီလို တိုးလာအောင်လည်း မိခင်ကိုယ်တိုင်ကပဲ သင်ကြားပေးတာပါ။ သားသား ဒီမုန့်လေးက ကောင်းတယ်နော်၊ မီးမီး ဒီအရုပ်လေးက လှတယ်နော် ဆိုတာမျိုးတွေက အစပြုလို့ပေါ့။ အသက်ကြီးလေ၊ အဆာတိုးလေနဲ့ တဏှာကြီးကြီးလာလိုက်တာ၊ နွားကြီးလေ၊ ချိုရှည်လေ ဖြစ်တော့တာပါပဲ။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ဆာလောင်မွတ်သိပ်တဲ့တဏှာကို လောကနို့ရည်လို့ ခေါ်တဲ့ မိခင်နို့ရည်က ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက်မပေးနိုင်ပါဘူး။( မိခင်ကျေးဇူး ရှုထောင့်နှင့် ရောထွေးမပစ်ပါနှင့်)
သစ္စာလေးပါး မြတ်တရား ဆိုတဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ်မှု တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္တမဂ်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာ ဖြစ်သွားပြီဆိုရင် ဘယ်အရာကိုမှ ဆာလောင်မွတ်သိပ်မှု မရှိတော့ပါဘူး။ အာရုံအားလုံး၊ ဘဝအားလုံး ဘာကိုမှ သာယာနှစ်သက် တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တဏှာအဆာဓတ်အားလုံး အပြီးတိုင်ချုပ်ငြိမ်း ပြေပျောက်သွားပါပြီ။ ရဟန္တာအဆင့်ထိ မရောက်တောင်မှ သစ္စာတရားကို သူ့အဆင့်နဲ့သူ သိတဲ့သူဟာ သူ့အတိုင်းအတာနဲ့သူတော့ တဏှာအဆာဓာတ် လျော့ပါးသက်သာလာပါတယ်။ ပုထုဇဉ် အဆင့်ကိုကျော်လွန်ပြီး အောက်ထစ်ဆုံး သောတာပန် အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ပဲ သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာ ရဟန္တာ ဖြစ်ဖို့ သေချာသွားပြီ ဖြစ်တဲ့အတွက် မိခင်ကို သောတာပန်ဖြစ်အောင် ဓမ္မနို့ရည် တိုက်ကျွေးပေးတဲ့ သူတော်ကောင်းပုဂ်ဂိုလ်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်ပြီးသား ဖြစ်တော့တာပါပဲ။
မြတ်စွာဘုရားရှင်ဟာ မိခင်နို့ ခုနှစ်ရက် တိုက်ကျွေးခဲ့တဲ့ မယ်တော်ရင်း မဟာမာယာဒေဝီကနေ ဘဝပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား(သုတ္တန်ကြားညှပ်) ဟောကြားပေးခြင်းအားဖြင့် သောတာပန်ဖြစ်သွားအောင် ဓမ္မနို့ရည် တိုက်ကျွေးခဲ့ပါတယ်။ မယ်တော် နတ်ရွာစံပြီးတဲ့နောက် နို့မပြတ်မချင်း မိမိရဲ့ နို့ချိုကို တိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီမကြီးကိုတော့ ရဟန္တာဖြစ်တဲ့ အထိ ဓမ္မနို့ရည် တိုက်ကျွေးခဲ့ပါတယ်။
မယ်တော်ရင်းအနေနဲ့ သောတာပန်သာဖြစ်သွားတဲ့အတွက် တဏှာအဆာဓတ်တွေ လုံးဝမပြေပျောက်သေးပေမဲ့ သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာတော့ တဏှာအဆာဓာတ် လုံးဝပြေပျောက်တဲ့ ရဟန္တာဖြစ်ဖို့ သေချာသွားပါပြီ။ အဲဒီအတွက် မြတ်စွာဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ အကြွေးမကျန်တော့ပါဘူး။ နို့ဖိုးကြွေးအားလုံး ကျေသွားပါပြီ။ နို့နှစ်လုံးဖိုးလုံး ကျေးဇူးဆပ်ပြီးပါပြီ။ နှစ်နဲ့ချီပြီး နို့စို့ခဲ့ရတဲ့ မိထွေးတော် ဂေါတမီအပေါ်မှာတောင် နို့ဖိုးကြွေးမကျန်တော့ဘူး ဆိုမှတော့ ခုနှစ်ရက်ပဲ နို့စို့ခဲ့ရတဲ့ မယ်တော်မာယာအပေါ်မှာ နို့ဖိုးကြွေး တစ်စက်ဖိုးမှ မကျန်တော့ဘူးဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိပါဘူး။ နို့နှစ်လုံးဖိုးလုံး ကျေပါတယ်။


...............................................
...............................................
မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲကျေအောင် ဆပ်နိုင်ခဲ့ပါတယ် ဆိုတဲ့စကားဟာ တက်တက်စင်အောင် လွဲမှားတဲ့ လုပ်ကြံစကားသာ ဖြစ်ပါတယ်။ ဘယ်ပိဋကတ်တော်၊ ဘယ်ဗုဒ်ဓ စာပေမှာမှ မပါပါဘူး။ ပိဋကတ်ကျွမ်းကျင်တဲ့ ဘယ်ဆရာတော်ကိုမဆို မေးမြန်းကြည့်နိုင်ပါတယ်။ ဝိဇ္ဖာလိုလို၊ ဘိုးတော်လိုလို ဖိုသီဖတ်သီ ဘုန်းကြီးတွေကိုတော့ သွားမမေးနဲ့ပေါ့။ သူတို့ကတော့ တစ်ဆင့်ကြား အစဉ်အလာစကားကိုပဲ အမှန်လို့ သတ်မှတ်ပြီး ဟုတ်တယ်လို့ ခေါင်းညိတ်ကြမှာလေ။ ပိဋကတ်ဆိုတဲ့ နေရာမှာလည်း ထေရဝါဒစစ်စစ် ပိဋကတ်တွေကိုသာ ဆိုလိုပါတယ်။
နို့တစ်လုံးဖိုးပဲ ကျေတယ် ဆိုတာတို့ သားရွှေအိုးထမ်းလာတာ မြင်ချင်တယ် ဆိုတာတို့ အဲဒီလို စသည် ပိဋကတ်တော်ထဲမှာ မလာတဲ့ အချက်အလက် အလွဲအမှားတွေ လူထုကြားထဲ စိမ့်ဝင်ပျံ့နှံ့နေတာရဲ့ အဓိကတရားခံဟာ ဇာတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲလို့ ရှေးဆရာတော်ကြီးတွေက မိန့်ဆိုတော် မူခဲ့ကြပါတယ်။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ် စိတ်ဝင်စားအောင် သိုင်းဝိုင်းချဲ့ထွင် မွမ်းမံဖွဲ့နွဲ့ရင်းနဲ့ လက်လွန် နှုတ်လွန်ဖြစ်ပြီး ပိဋကတ်တော်လာ အမှန်တရားတွေကို တမင်မရည်ရွယ်ပေမဲ့ ဖျက်ဆီးလိုက်သလို ဖြစ်သွားပါတယ်။ ဇာတ်သမားသေရင် ပဟာသငရဲ ရောက်တယ်ဆိုတဲ့ ဗုဒ်ဓစကားတော်ရဲ့ အကြောင်းပြချက်တွေထဲမှာ ဇာတ်စာရေးသူတွေရဲ့ အချက်အလက်လွဲမှားအောင် ဖန်တီးမှုလည်း တစ်ခုအပါအဝင်ဖြစ်မှာ သေချာပါတယ်။(ဇာတ်စာ အားလုံးကို မဆိုလိုပါ)
ပိဋကတ်တော်ကို ဇာတ်ဆရာ ၊ ကွက်စိပ်ဆရာတွေ ဖျက်တယ် ဆိုတဲ့ စကားမှန်မမှန် သိချင်တာနဲ့ ဟိုတလောက ရေဒီယိုက လွှင့်တဲ့ ရွှေမန်းရဲ့ ဗုဒ်ဓဝင်လေးတော်တင်ခန်းကို တစ်ဝက်တစ်ပျက်ကနေ ခဏဖွင့်နားထောင်ကြည့်လိုက်တော့...လား..လား.... မယ်တော်မာယာကနေ ဘဝပြောင်းသွားတဲ့ နတ်ကို မင်းသမီးတစ်ဦးက မယ်မယ်ဘုရား၊ မယ်မယ်ဘုရား ချင်းမိုးမွှန်ပြီး နတ်သမီးတစ်ပါးအဖြစ်နဲ့ တင်ဆက်သွားတာကို ကြားလိုက်ရပါရောလား။
တကယ်ဆို ဗုဒ်ဓဘာသာဝင်တိုင်းသိတဲ့ မယ်တော်မိနတ်သား ဆိုတဲ့ စကားစုလေးကို ကြည့်လိုက်ရင်ကိုပဲ မယ်တော်မာယာဟာ နတ်သမီးဖြစ်သွားတာမဟုတ်ဘူး။ နတ်သားဖြစ်သွားတာဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဇာတ်သမားတွေရဲ့ လက်ချက်ကြောင့် ဖုန်းကညာ တစ်ပါး လုံးရာက ပြားသွားရပါပေါ့လား သန္တုဿိတ နတ်သားကြီးရေ...။

နို့ဖိုးကျေနိုင်ကြပါစေ။
(အင်တာဗျူးဂျာနယ်၊ စက်တင်ဘာ ၁၈၊ ၂၀၀၂)

အညွှန်း။ - ထေရီအပဒါန ပါဠိတော်၊ စာမျက်နှာ ၂၀၉။ ဂါထာ ၁၃၃။
ပါဠိအနက်။ - မဟာမုနေ - မြတ်စွာဘုရား၊ တွံ ရှင်တော်မြတ်ဘုရားသည်၊ မယှံ- ဘုရားတပည့်တော်အား၊ ဗန်ဓနာရက္ခနေ- ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ- ဘုရားတပည့်တော်၏ အပေါ်၌၊ အနဏော- နို့ဖိုးကြွေးကင်းသူသည်၊ ဝါ- နို့နှစ်လုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူးဆပ်ပြီး သူသည်၊ အသိ- ဖြစ်တော်မူပါပေ၏။

10th May, Popular Mother's day(the second Sunday in May is Mother's Day not only in the United States, but also in other countries including Denmark, Finland, Italy, Turkey, Australia and Belgium. By the end of Anna Jarvis' life, Mother's Day was celebrated in more than 40 countries. ) ကို ရည်ရွယ်၍ ဤဆောင်းပါးအား ရိုက်ကူးပူဇော်ပါသည်။
(စာကြွင်း။။ ပါဌ်ဆင့်စာလုံးအမှားအယွင်းများသည် ကျမ၏ လက်ကွက် အမှားများသားဖြစ်၍ သည်းခံ ဖတ်ရှုပါရန်)

-- Interview - Interview journal (weekly) - one of the top selling Myanmar (Burmese) journals. The site is not working most of the time because of the server.

2 comments:

နေဒေးသစ် said...

မြတ်စွာဘုရားရှင်က မိခင်နို့တစ်လုံးပဲ ကျေတယ်ဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံလို့ မရပါဘူး .. မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိခင်ဖြစ်သူ မယ်တော်မိနတ်သားကို တရားရေအေး တိုက်ကျွေးပြီး ဘဝသံသရာကနေ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း မဂ်ဖိုလ်နိဗ္ဗာန်ကို ပို့ဆောင်ခဲ့ပြီပဲ .. ကျွန်တော်တို့ သားသမီးတွေမှာ မိဘကို မဂ်ဖိုလ်နိဗ္ဗာန် ရောက်အောင်မပြောနဲ့ မိဘအတွက် စားဝတ်နေရေးကိုတောင် ပြည့်စုံအောင် ထောက်ပံ့နေနိုင်တဲ့သူ ဘယ်နယောက်ရှိလို့လဲ .. အလွန်နည်းပါးတဲ့ ပမာဏလောက်ပဲ ရှိမှာပါ .. အဲဒါကြောင့်မို့လို့ ဆရာတော်ဘုရားရှင်းလင်း ဟောကြားတော်မူခဲ့သလို ကျွန်တော်တို့ရဲ့ ကိုးကွယ်ရာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်နို့နှစ်လုံးဖိုး ကျေခဲ့တယ်ဆိုတာ ကျွန်တော်လက်ခံပါတယ် ... အရင်က ဒီလောက်ပြည့်ပြည့်စုံစုံ ဆရာတော်ဘုရားဟောကြားတာကို မဖတ်မိခဲ့ဖူးပါဘူး .. ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် အစ်မရေ ... အမေများနေ့မှာ အမေအပါအဝင် အမေ့ရဲ့ သားသမီးများအားလုံး ကျန်းမာရွှင်လန်းကြပါစေ။။။

JulyDream said...

အခုမှ ဒါမျိုး ဖတ်ဖူးတာပါ။ အစကတော့ နို့တစ်လုံးဖိုးပဲ ကျေတယ်ဆိုလို့ တစ်လုံးဖိုး အကြွေးကျန်တယ်ပဲ မှတ်ထားခဲ့ပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ပရိနိဗ္ဗာန် စံဝင်သွားပြီဆိုတော့ ကျန်တဲ့ နို့တစ်လုံးဖိုး အကြွေးကို ဘယ်လို ဆပ်မှာလဲဆို စိတ်ဝင်စားခဲ့ဖူးပါတယ်။ အခုတော့ အကြွေးမရှိပဲ အကြွေးကျေသွားတယ် ဆိုတာ သိလိုက်ရပါပြီ။