Tuesday, April 28, 2009

ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ ချစ်သောဖေဖေ

ငယ်ငယ်ကတည်းက အတူတူ ဆော့ကစားပေးနေကျ ချစ်သောဖေဖေ
ခရီးအဝေးကြီးတွေ သွားတိုင်းလဲ အကြားအလပ်မရှိ ဖုန်းဆက်ပြီး လွမ်းနေကျ ချစ်သောဖေဖေ
ဘဝနဲ့အလုပ်ရဲ့ ပင်ပန်းခက်ခဲမှုတွေကို မညီးမညူ ဒိုင်ခံဖြေရှင်းသွားရင်း စိတ်ပူပန်မှုတွေ မပေးတတ်တဲ့ ချစ်သောဖေဖေ
အရွယ်ရောက်တဲ့ထိ မျက်စိအောက်က အပျောက်မခံ ချုပ်ချယ်တတ်ပေမဲ့ လောကကြီးရဲ့သဘာဝနဲ့ အလှအပတွေကို တစ်စဆီ တစ်ပိုင်းဆီ အချိန်အခါအလိုက် သင်ယူမိတ်ဆက်ပေးခဲ့တဲ့ ချစ်သောဖေဖေ
လောကဓံနဲ့ လက်တွဲလျှောက်တတ်အောင် ကြိုတင်ပြင်ဆင်ပေးခဲ့တဲ့ ချစ်သောဖေဖေ
ကျေးဇူးတွေ ကြီးမားများပြားမှန်း သိသာသိ အတုန့်အပြန်မရှိလဲ ခွင့်လွှတ်ကျေနပ်ပေးတတ်တဲ့ ချစ်သောဖေဖေ
ကိုယ့်ဘဝကို ရပ်တည်နိုင်နေပြီဖြစ်တဲ့ သမီးအတွက် အမြဲ ဝမ်းသာဂုဏ်ယူနေတတ်တဲ့ ချစ်သောဖေဖေ
သမီးရေးတဲ့ အချစ်ကဗျာတွေကို မကြိုက်ပေမဲ့ သည်းခံ ဖတ်ကြည့်ပြီး ဘဝနဲ့ပတ်သက်တဲ့ ကဗျာတိုကဗျာကောင်းတွေပြန်ရေးပေးတတ်တဲ့ ချစ်သောဖေဖေ
အရွယ်ရောက်လာတာနဲ့အမျှ ဖေဖေပြောသမျှဆိုသမျှဆုံးမသမျှတွေကို အသိဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ အပြိုင်အဆိုင်ငြင်းခုန်နေတတ်ဆဲပေမဲ့ အဝေးရောက် ချစ်သမီး ဖေဖေ့ သြဝါဒတွေနဲ့ပဲ ကြီးပြင်းရှင်သန် ရပ်တည်နေဆဲပါ ချစ်သောဖေဖေ

28ရက်နေ့မှာ ကျရောက်တဲ့ ဒီမွေးနေ့လေးမှာ ချစ်သမီးအနားမှာ ရှိပြီး ဆုတောင်းပေးတာ မဟုတ်သော်ငြားလည်း အနားနားရှိသလိုသဘောထားပြီး ဆုတောင်းခွင့်လေးတော့ပေးပါဖေဖေ
ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ ချစ်သောဖေဖေ
ဖေဖေ ပိုင်ဆိုင်ချင်တဲ့ ဘဝနဲ့ သက်ကြီးပိုင်းအနားယူချိန်ရဲ့ ဆန္ဒလေးလဲ တထပ်တည်းကျပါစေလို့နော်...

1 comment:

Moe Sandar wai said...
This comment has been removed by a blog administrator.