Tuesday, April 21, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၂) နှင့် ကျမ အကြိုက်


၃ လတစ်ကြိမ် ထုတ်ဝေလျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို ဧပြီလ ၂၁ ရက်နေ့၊ အင်္ဂါနေ့ နံနက်တွင် www.thanlwin.com မှတဆင့် ဖြန့်ချီလိုက်ပြီဖြစ်သည်။


ကျမ ခုထိ ဖတ်ပြီးတဲ့အထဲက ကျမအကြိုက်တချို့ကတော့ ...

ညနေဥာဏ်ရဲ့ ပိတောက်တစ္ဆေလေးက ရင်ထဲထိတယ်။ အဲဒီအဖြစ်မျိုးတွေ ပျဉ်းမနားနေပြည်တော်ကိစ္စမတိုင်ခင်ကတည်းက ပြောမယ်ဆိုရင် နှစ်ပေါင်းများစွာ အတော်ကြာကတည်းက တည်ဆောက်ပြုပြင်မြန်ပြည်တခွင်ဆိုတဲ့ စာတမ်းထိုးတွေ စတင်မြင်ရကြားရကတည်းက “အများပဲလေ……။ အများပဲ……။ တစ်ယောက်ထဲ မဟုတ်ဘူးလေ……။ ဝဋ်ပေါ့……” ဆိုတဲ့ ပဲ့တင်သံတွေ ရင်ထဲနင့်အောင် ကြားခဲ့နားထောင်ခဲ့ရပေါင်းကလဲ အက်ကြောင်းထပ်နေပေမဲ့ ဒီဝတ္ထုတိုလေးဖတ်မိတဲ့အခါ ပြန်ပြောင်းခံစားရပြန်တယ်...အင်း..ဒီလို ဒုက္ခသည်တွေအတွက် ကောက်ရိုးတမျှင်လောက်သော နည်းလမ်းလေးများရှိပါရဲ့လား..

မောင်ပွတ်ရဲ့ သိထားသင့်တဲ့စင်ကာပူဆောင်းပါးလေးက စင်ကာပူရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း စုစည်းတင်ပြထားတာလေး တော်တော်စုံလင် အသုံးဝင်ပါတယ်။ သိထားပြီးတဲ့သူတွေအတွက်လဲ ကိုယ်နဲ့ပတ်သက်ပြီးအလုပ်အကိုင်လာရောက်ရှာဖွေမဲ့ဆွေမျိုးသူငယ်ချင်းတွေအတွက် လမ်းညွှန်ဖတ်ရှုခိုင်းသင့်တဲ့ ဆောင်းပါးကောင်းလေးတစ်ပုဒ်ပါပဲ။ သူရဲ့အကြံဥာဏ်လေးအတိုင်း သူဖော်ပြခဲ့တဲ့ Pass အမျိုးအစားတွေနဲ့ လိုအပ်တဲ့ အရည်အချင်း၊ လစာတွေကို ကိုးကားချိန်ထိုးကြည့်ပြီး လာစေချင်တာကတော့ ဆန္ဒမွန်ပါပဲလေ..

ကိုယ့်နိုင်ငံမှာကိုယ် ကျွန်လိုဆက်ဆံခံနေရတဲ့အဖြစ်၊ အစော်ကားခံရတဲ့ အဖြစ်နဲ့ ကိုယ့်လူမျိုး အနှိမ်ခံရတာတွေကို မကြိုက်တာရယ်၊ တတ်နိုင်သလောက် ပြုပြင်ပြောင်းလဲဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ချင်တာရယ်ကလွဲလို့ ဆိုပြီး မျိုးချစ်မေရဲ့ လုပ်ရပ်၊စိတ်ကူး၊စေတနာ ဆိုတဲ့ အက်ဆေးလေးရဲ့ သရုပ်ဖေါ်အရေးအသားကလဲ ပြောင်မြောက်လွန်းလို့ သူ့ကို အားကျမိပါရဲ့။ ကိုယ်နဲ့ အတွေ့အကြုံ၊ ခံစားချက်တွေ တူတာများပေမဲ့ သူ့လိုရေးနိုင်ဖို့တော့ အတော်ကြိုးစားရဦးမယ်လို့လဲ ကိုယ့်ကိုယ်ကို သုံးသပ်မိပါသေးတယ်။

မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ ဆိုတဲ့ ဆောင်းပါးလေးနဲ့ အဲဒီအခွင့်အလမ်းတွေကို အကောင်အထည် ဖော်နိုင်မလား ဆိုတာကတော့ မြန်မာဘလောဂါ့တွေ ပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါတယ်လို့ ဆိုပြီး တပ်လှန့်လိုက်တဲ့ ဆောင်းပါးရေးသူ S.S ကိုလဲ ကျေးဇူးလဲတင်ပါရဲ့။ သို့သော် မှေးမှိန်နေသော်လည်း မြန်မာဘလောဂ့်တွေကို လူမှုဆက်ဆံရေး ချိတ်ဆက်ခြင်း (social networking) အဆင့်လောက်သာမကပဲ ရည်ရွယ်ချက်ရှိရှိ အသုံးချထားတဲ့ တချို့ဘလော့ဂ်လင့်ခ်တွေနဲ့အတူ သိသူဖေါ်စားမသိသူကျော်သွားနေတဲ့ ဘလောဂ့်လုပ်နည်း တခုဖြစ်တဲ့ Micro-blogging နဲ့ Twitter ရဲ့ မီဒီယာပါဝါကို အသုံးချထားတဲ့ MBS feeding အပါအဝင် ဘလော့ဂ်လို ပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရတဲ့ ပြည်တွင်းနေမြန်မာတို့ စိတ်ဝင်စားကြမဲ့ အတွေ့အကြုံတွေကို သော်လည်းကောင်း ၊ သူတို့အတွက် တန်ဖိုးရှိလိမ့်မဲ့ သင်ကြားခွင့်ရတဲ့ နည်းပညာတွေဟာ သူတို့သာမက နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေအတွက်ပါ တောက်ပလာတဲ့ အခွင့်အလမ်းတွေဆီကို ရှေးရှုထားတာမျိုးနဲ့ပါတ်သက်ပြီး ဆောင်းပါးလိုမျိုး တသီးတသန့်ရေးတင်ဖို့ ပြင်ဆင်နေကြောင်း လက်တို့လိုက်ပါတယ်..

အားလုံးကို မဖတ်ပြီးသေးပေမဲ့ အမြဲမက်တဲ့ သံလွင်အိမ်မက် ဒီတစ်ပတ်ထွက် အိမ်မက်ကောင်းတွေနဲ့အတူ လာမည့် သြဂုတ်လတွင်ကျရောက်မည့် ငါးနှစ်မြောက်မှသည် နှစ်ငါးဆယ် နှစ်ငါးရာတိုင် တောက်ပစွာဆက်မက်နိုင်စေကြောင်းနဲ့ သံလွင်အိမ်မက်အယ်ဒီတာတစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်လဲ လွတ်မြောက်နိုင်မဲ့အခွင့်အလမ်း အမြန်ဆုံးပေါ်ပေါက်နိုင်စေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်...


2 comments:

Mr.Pooh @ မောင်ပွတ် said...

မမီရေ - ကူညီပေးတာတွေ၊ ကြော်ငြာပေးတာတွေ၊ မှတ်ချက်တွေ အားလုံးအတွက် ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ...

Steve Evergreen said...

you are not writing anything, are you?