Monday, March 16, 2009

Bloggers R Human 2!

ဘလော့ဂါလည်းလူသားပါပဲ..


တခါတလေကျတော့လည်း သာမန်အချိန်မှာ သာမန်လူတစ်ယောက်က စတာနောက်တာ အပြောင်အပြက်ပြောတာခံရတော့ ပျော်ကြသတဲ့

ဘလော့ဂါတစ်ယောက်က အဲလို လုပ်တော့ကျမှပဲ …ဘလိုင်းကြီးလာခွတ်သွားတယ်..ဒါကြောင့် ဘလော့ဂါတွေစောက်ချိုးမပြေဘူးလို့ပြောတာ ဆိုသလိုမျိုးလဲ အပြောခံရလားခံရပါရဲ့..

အော်…အသင်လောက ဘလော့ဂါလည်း လူသားပါပဲဗျလို့ ပြောပါရစေဦး

တချို့မီဒီယာသမားတွေ ဂျာနယ်လစ်တွေကလဲ ဘလော့ဂါတွေနဲ့ တွေ့ရမေးရမြန်းရမှာ ကြောက်သေးသတဲ့။ ဘာဖြစ်လို့ဆို မတော်ရင်မတော်သလို မထင်ရင်မထင်သလို ပြန်ဆော်တာ ဆဲတာ ခံရမစိုးသတဲ့…အမည်မသိတဲ့ကြောက်ရွံ့မှုတစ်မျိုးလို့တောင် တင်စားလိုက်သေးရဲ့

တချို့တချို့ ဘလော့ဂါမျက်မုန်းကျိုးသမားတွေကတော့ ပြောပြန်တယ်။ ဘလော့ဂါတွေဆိုတာက ကိုယ့်ကိုယ်ကိုပဲ ကိုယ်ရည်သွေးတာတွေများ၊ စကားများရန်ဖြစ်၊ ဟိုအကြောင်းဖွ ဒီအကြောင်းဖွ ဖွကာလို့တောင် ပြောင်းခေါ်ရမတဲ့…

အွန်လိုင်းမှာ အညာခံထိထားဖူးတဲ့သူတွေကလဲ ဘလော့မှာရေးထားတာတွေတော့ ဖတ်လို့ကောင်းပါရဲ့ အပြင်မှာတော့ မတွေ့ရဲပေါင် သရဲရှောင်သလိုဝေးဝေးရှောင်ချင်ပါသတဲ့..

ကဲ..ကဲ..အဲဒီတော့ ဘလော့ဂါတွေဘာတွေလဲ….

ဟုတ်ကဲ့…လူသားတွေပါပဲဗျာ

ဘလော့ဂါရပ်ဝန်းဆိုတာလဲ လူ့လောကရပ်ဝန်းနဲ့ သဘာဝ တစ်ထပ်တည်းကျပါတယ်လို့ပဲပြောပါရစေ။

လက်ရှိလူသားဘဝ၊ လူ့ဘောင်လောကမှာလဲ လူမှုရေးလောကနီတိတွေ ကျင့်ဝတ်တွေရှိသလို၊ စိတ်နေသဘောထား အကျင့်စရိုက်အမျိုးမျိုးရှိသလို၊ ဝါသနာအမျိုးမျိုးရှိသလို ဘလော့ဂါရပ်ဝန်းကလူတွေလဲ ထိုနည်းလည်းကောင်းပါလို့ ပြောပါရစေ။

ဥပမာ… ကော်ပီသံစဉ်တွေ ၊ ကော်ပီရိုက်ကိစ္စပြဿနာတွေ ဒါတွေလဲရှိတာကြုံတာပါပဲ

အကြွားပိုတာ၊ အပီအပြင်ညာတာ၊ ဖွန်ကြောင်တာ၊ လိမ်စားတာ၊ စိတ်ပုတ်တာ စိတ်ယုတ်တာ၊ သဘောကောင်းတာ၊ စိတ်ရှည်သည်းခံတာ၊ ကူညီတတ်တာ၊ သီချင်းဆိုတာ၊ သီချင်းတွေလက်ဆင့်ကမ်းတာ၊ အစစအရာရာ ကိုယ့်မှာရှိတာလေးတွေ ဝေမျှချင်တာ၊ ကိုယ်သိတာတတ်ထားတာတွေ သင်ကြားပြသပေးတတ်တဲ့ ဝါသနာကြီးတာ၊ အတွေ့အကြုံတွေ လက်ဆင့်ကမ်းတာ၊ အလှူခံတာ..အလှူပေးတာ၊ ခင်တတ်မင်တတ်တာ၊ အို…ပြောမယ်ဆိုရင် အများကြီးပါပဲလေ..

ကိုယ်ဘာသာစဉ်းစားတွေးခေါ် ချိန်ဆကြည့်ပြီး ကိုယ်နဲ့ကိုက်တာ သင့်တော်မယ်ထင်တာ၊ လမ်းကြောင်းမှန်ကို လက်တွေ့အပြင်လောကမှာလိုပဲ ဘလော့တွေရေးတဲ့ ဘလော့ဂါတွေပေါ်မှာ အကောင်းမြင်တွေးပေးဆက်ဆံပေးရင် အားလုံးငြိမ်းချမ်းပျော်ရွှင်စရာ လောကသစ်ကြီးတစ်ခု ထပ်ရတာပေါ့နော်။

တကယ်တမ်းကတော့ ဘလော့ဂါတွေရေးနေတဲ့ အကြောင်းအရာတွေကနေတဆင့် အများပြည်သူခံစားကြုံတွေ့နေရတဲ့ သဘောထားအမြင်တွေကို ကွက်ကွက်ကွင်းကွင်းမြင်ရတဲ့ ပြတင်းတံခါးတစ်ခုအနေနဲ့ တန်ဖိုးထားဖတ်ရှုနိုင်ရင် အမှန်မြင်နိုင်စွမ်းရှိတဲ့ အမြင်မှန်တဲ့ ပြည်သူ(သတင်းအမှောင်ဖုံးခံထားရတဲ့သူတွေထဲမှာမပါသူ) တစ်ယောက်လို့တောင် ဂုဏ်ယူလို့ရမှာပါ။ (နိုင်ငံရေးသဘောနဲ့ ပြောတာမဟုတ်ပါဘူးလေ)

အဓိကဆိုလိုချင်တာ တောင်းဆိုမေတ္တာရပ်ခံချင်တာကတော့…

ဘလော့တစ်ခုချင်းစီရဲ့ ဘလော့ဂါတွေရဲ့ သူတို့ သန်ရာသန်ရာ ဖေါ်ပြရေးသားတဲ့အကြောင်းအရာတွေကနေတဆင့် (လိမ်ညာရေးသားနေသူတွေပါကောင်းပါရင် ဥာဏ်လေးနဲ့ဖယ်ထားပြီးမှ) နည်းပညာ၊ အနုပညာ(ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဓာတ်ပုံ)၊ ပညာရေး၊ ကျန်းမာရေး၊ ဘာအမျိုးအစား ဘယ်လိုဆိုတာ ကိုယ်ကြိုက်ရာသာခွဲပြီး ဖတ်လို့ရတဲ့ ဘလော့လေးတွေကို ဝါသနာပါရာ ရွေးဖတ်ပြီး cbox တို့ comment တို့နဲ့ ပျော်ပျော်ရွှင်ရွှင် ရိုးရိုးသားသား အပြန်အလှန် ချစ်ခင်ရင်းနှီးမှုရယူရင်း ဘလော့ဂါတွေလဲအပြင်လူသားတွေလိုပါပဲလို့ခံစားနားလည်ပေးပါ။

ဒီဘလော့ဂါတွေနဲ့ စကားပြောတဲ့အခါမှာလဲ အပြင်လူတွေလိုပဲ လူမှုရေးနီတိတွေနဲ့ သူအားသလား ကိုယ်အားသလား၊ ထမင်းစားနေသလား၊ အလုပ်ရှုပ်နေသလား၊ စိတ်ကြည်လားစိတ်ရှုပ်လား ကာလဒေသအခြေအနေအချိန်အခါလေးတွေလိုက်ပြီး နားလည်ပေးစေချင်ပါတယ်။ အပြင်လောကမှာ ည ၁၂နာရီဖုန်းခေါ်ပြီး ကိုယ်မေးချင်တာမေးလို့ ကိုယ့်မိတ်ဆွေစိတ်ဆိုးတာမျိုးကျ ကိုယ်မှားသွားတာ ခွင့်လွှတ်နားလည်မိသလိုမျိုး ဘလော့ဂါတွေလဲ ည၁၂နာရီကျ အိပ်ချင်တတ်တာ အပြင်လူထက် စိတ်ရှည်သည်းခံပေးနိုင်မှုမရှိတာမျိုးကျလဲ ဘလော့ဂါဖြစ်လို့သာ မာနကြီးတာ ပဲများတာ ဘဝင်ကိုင်တာမဟုတ်ရကြောင်း ထပ်တူခံစားပေးဖို့ ဆန္ဒပြုပါတယ်လေ။

Netizens and bloggers are real people, too.

ဟုတ်ပါတယ်..ကျမတို့မှာလဲ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ်ဂရုစိုက်ရမဲ့သူတွေ မိသားစုတွေနဲ့ မအားလပ်တာတွေလဲရှိတာပေါ့ စိတ်ကြည်တာ၊ မကြည်တာ ဒေါသပြန်ထွက်တတ်တာတွေလဲရှိပါတယ်။ ဘလော့ဂါတွေသည်လည်း အဖျော်ဖြေခံများမဟုတ်ကြသလို ကိလေသာကုန်ခမ်းနေတဲ့ ရသေ့ရဟန်းများမဟုတ်ကြလို့ ဘလော့ဂါ မျက်မုန်းကျိုးသမားများအား ဤပို့စ်ဖြင့် ဂါရဝ ပြုလိုက်ပါကြောင်း….


စာကြွင်း၊ ။တိုက်ဆိုင်သူများ ခွင့်မလွှတ်နိုင်လျှင် ခွေးသာလွှတ်ကြပါကုန်..

ရည်ရွယ်ရင်းကတော့ ဘလော့ဂါတွေကို အပြင်သာမန်လူသားတွေပါလားလို့ ထပ်ထူနားလည်ပြီး တန်းတူခံစားဆက်ဆံပေးရင်း ပျော်ရွှင်ရင်းနှီးတဲ့ ဆက်ဆံရေးလေးရသွားစေချင်တာပါ။ ဒါပေသိ အရေးမတတ်တော့ဆဲသလို ဖြစ်သွားမစိုးလို့ပါလေ။

4 comments:

MrDBA said...

အင်း ...လို့သံရှည်ဆွဲရင်း ထောက်ခံသွားတယ်။ စကားမစပ် အခွန်ဆောင်ပြီးပြီလား သက်တန်းတိုးပြီးပြီလား။ စာရွက်ပေးဖို့ သတိရသွားတယ်။ ရသွားပြီလား

မိုးမောင်(happycloud) said...

အင်းးးးးးးးးးးးးးးးးးးးး.... ပေါ့လေ... (ကိုဒီဘီ စတိုင်လ်)

ဒါတွေက ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်(ရုပ်ရှင်မဟုတ်ပါ)ခွေးတော့ မလွှတ်ပါစေနဲ့ဗျာ။ ကိုက်တဲ့အခါ ကိုယ်ပဲအာရုံနောက်ရမှာ.. :D

ရွှန်းမီ said...

ဟုတ်တယ်အစ်မ.. တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
ရေးပေးတာ ကျေးဇူးတင်ပါတယ်။

Steve Evergreen said...

you talking too much.I cant read all. if you want let me know ring me. dont waste your time for rubbish. just concentrate on your issue only. got it?