Tuesday, February 24, 2009

လူ့ဘဝကြီးမှာ နေလာတာ ရက်ပေါင်း ၁၂၀၀၀ကျော်ကြာ

ဒီနေ့ဆို လူ့ဘဝကြီးမှာ နေလာတာ ရက်ပေါင်း ၁၂၀၅၀ တိတိ ပြည့်လို့ နောက်သုံးရက်ဆို မွေးနေ့မွေးရက် ကြုံပြန်ဦးမယ်။
အသက်က ၃၀+ လို့ပြောပေသိ ရက်အနေနဲ့တွက်လို့ ၁၂၀၅၀ဆိုတဲ့ရက်က တကယ့်ရေပွက်ပမာ အချိန်လေးပါပဲ။
ကိုယ်ဖြစ်ချင်တာတွေနဲ့ ဖြစ်နိုင်တာတွေကို ညီမျှစေရင်း ဖြစ်သင့်တာတွေအတွက်လဲ ရက်တွေလတွေနှစ်တွေကို စတေးခဲ့တာပါပဲ။
လူတစ်ခု ပူမှုဆယ်ကုဋေဆိုသလို အသက်တစ်ရာမနေရ အမှုတစ်ရာလဲပွေကောင်းပွေခဲ့ရပြန်တယ်လေ။
အကောင်းအဆိုး ဒွန်တွဲနေတဲ့ ဒီကမ္ဘာလောကကြီးထဲ ၀မ်းသာစရာကြုံတိုင်းလဲ အရမ်းဝမ်းသာမာန်တက်မနေပဲ ဝမ်းနည်းစရာကြုံတဲ့အခါတိုင်းလဲ အောက်ဆုံးကျတဲ့စိတ်ဓာတ်တွေနဲ့စိတ်ညစ်အရှုံးပေးမနေဖြစ်အောင် ခံစားချက်တိုင်းကို အသိ၊ သတိလေးနဲ့ တတ်နိုင်သမျှထိန်းရင်းနဲ့ လောကဓံလှေကားထစ်တွေကို ကျော်ဖြတ်နင်းရင်း ဒီနေ့ ဒီအခြေအနေကို ရောက်လာခဲ့စေတယ်ပေါ့။

မွေးနေ့တိုင်းမှာ သူ့အရွယ်နဲ့သူ ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ မွေးနေ့ကို celebrate လုပ်ပုံတွေ မတူခဲ့တာမှ တကယ့်ကို လုံးဝခြားနားပါတယ်။
၃နှစ်သမီးကတည်းက မွေးနေ့ပွဲလုပ်ပေးတဲ့၊ အမှတ်တရတစ်ခုခုလုပ်ဖြစ်တဲ့ အစဉ်အလာလေးက ဒီနှစ် သုံးဆယ်ကျော်တဲ့အထိ မပျက်မကွက်ပါပဲ။
မှတ်မှတ်ရရ မွေးနေ့တချို့ရဲ့ ထူးခြားတဲ့ ခံစားမှုလေးတွေကို သတ္တိရှိစွာပဲပြောပြော၊ အရှက်ကင်းစွာပဲပြောပြော မကွယ်မဝှက် ၀န်ခံလိုက်ချင်သေးတယ်။
၎နှစ်သမီးတုန်းကတော့ မူကြိုမှာ လုပ်ဖြစ်တယ်။ မှတ်မိတာကတော့ ကိုယ့်ချောကလက်တွေကို သူများကျွေးဖို့ နှမြောခဲ့တာလေ။
၁၃နှစ်သမီးကတော့ သူငယ်ချင်းတွေကြားထဲမှာ ပဲပေးပြီးမွေးနေ့ရှင်လုပ်ရတာကို ဂုဏ်ယူခဲ့ဖူးတယ်။
၁၈နှစ်သမီးကတော့ ဘုရားကြီးသွားဖို့ ကားယူသွားမယ်ပြောတော့ အဖေက မွေးနေ့မို့ကားပေးမမောင်းလို့ မချုပ်ချယ်ပါနဲ့။ သမီးက အရွယ်ရောက်ပြီလို့ပြောမိလို့ ကိုယ့်ထမင်းကိုယ်ရှာစား၊ အိမ်မှာမနေရင် မချုပ်ချယ်ဘူး၊ ကိုယ့်သဘောနဲ့ကိုယ်နေနိုင်တယ်လို့ အဆူခံထိပြီး ပုလဲမြေခတဲ့နေ့လေ။ (အချော့တော် ကောင်ကလေးနဲ့တော့ ရည်းစားမဖြစ်ခဲ့ပေမဲ့ အမှတ်တော့ရသား )
၂၀နှစ်ကတော့ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ပျော်ပါးတာထက် ကိုယ့်ကို မွေးခဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ချစ်မေမေကို အရင်ဆုံး ရှိခိုးဦးချပြီး ကျေးဇူးကိုဆပ်သမီးမြတ်ဖြစ်အောင် နေရမယ်ဆိုတဲ့ အသိတရားလေးကို မွေးနေ့ဆွမ်းကပ်ရင်းနာရတဲ့ တရားလေးတစ်ပုဒ် ရင်ထဲထိ ယနေ့တိုင်စွဲမြဲ လိုက်နာမိစေတဲ့နေ့ထူးနေ့မြတ်လေးလို့ ပြောမယ်ဆိုပြောလို့ရပါတယ်။
၂၅နှစ်မွေးနေ့ကတော့ ဘဝမှာအပျော်ဆုံး။ တမျိုးမတွေးနဲ့ဦး။ ကိုယ်စာသင်ပေးရတဲ့ တပည့်တွေ အများကြီး(ဟိုင်းလပ်ကားတစ်စီးစာ)နဲ့ မိုးကုတ်ရွှေလိပ်ပြာမိုတယ်မှာ လုပ်ဖြစ်ခဲ့တဲ့မွေးနေ့မှာ အားလုံးလေးစားအားကျ ပျော်ရွှင်ရတဲ့နေ့လေးလေ။
၃၀နှစ်တင်းတင်းပြည့်တဲ့မွေးနေ့တုန်းကတော့ အော်..ထိပ်စီးပြောင်းသွား(အဲ..ယောင်လို့)။ ကိုယ်ငယ်ငယ်က ဒီအရွယ်မှာ အောင်မြင်တဲ့စွမ်းဆောင်ရှင် စီးပွားရေးလုပ်ငန်းရှင်သော်လည်းကောင်း ပညာရှင်ကြီးသော်လည်းကောင်း ဖြစ်နေပီလို့ ရည်မှန်းခဲ့ပေမဲ့ တကယ့်တကယ်ကတော့ ကိုယ်ကြိုးစားဖို့ အများကြီးလိုသေးတဲ့အချိန်မှာ ကိုယ့်ဘဝက ဘာမှ အခြေမကျ၊ အတည်တကျ ရေရေရာရာ မရှိသေးပါလားလို့ ခံစားရင်း နဲနဲတော့ shock တောင်ဖြစ်ခဲ့တဲ့နှစ်ပါပဲ။
အခုမွေးနေ့ကတော့ ၃၀+ (အဲဒါ ဘယ်နှစ်နှစ်လဲ လာလာမေးတယ်)၊ ဖြေဘူး။ သိတဲ့သူလဲ မဖေါ်နဲ့နော်။ အဟိဟိ..
ဒီနှစ်ကတော့ ဘာထူးခြားမလဲ။ သေချာတာကတော့ ကျမစင်ကာပူကိုလာပြီး ဒီလထိအလုပ်လုပ်လို့ ပိုတဲ့ပိုက်ပိုက်တွေ အကုန်လုံး ချစ်သောမေမေတို့ သုံးချင်ရာသုံးဖို့ ပို့လိုက်မယ်(များမှာတော့ ဟုတ်ပါဘူး အဟိ) တခြား ထူးခြားတာ တစ်ခုခု ရှိနိုင်မလားလို့ မျှော်လင့်ပေမဲ့...နောက်လာမဲ့နှစ်တွေမှာတော့ မွေးနေ့အမှတ်တယ ဘာမှမလုပ်တော့ဘူး ဆုံးဖြတ်ထားပါတယ်။

လာမဲ့စနေနေ့ ကျမရဲ့မွေးနေ့မှာ မွေးနေ့တိုက်ဆိုင်တဲ့ ဘလော့ဂါသူငယ်ချင်းများ၊ အွန်လိုင်းမောင်နှမများအားလုံးလဲ မွေးနေ့နဲ့အတူ ပျော်ရွှင်စေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

စာကြွင်း။။ မနှစ်တွေတုန်းက ကျမရဲ့ မွေးနေ့ကို ၀ှက်ထားခဲ့လို့ wish မလုပ်လိုက်ရတဲ့သူတွေ သုံးနှစ်စာ ဆုတောင်းပေးလဲ စိတ်မဆိုးဘူးနော်..(အွန်လိုင်းမှာ ၃နှစ်လောက်တွေ့လာ ခုထိလဲ အခင်အမင်မပျက် ဖြူစင်စွာခင်မင်လျက်ရှိသူတွေကို ရည်ရွယ်ပါတယ်နော်)

8 comments:

Pinkgold said...

Happy Birthday ပါလို့ ကြိုဆုတောင်းလိုက်ပါတယ် မမီရေ..

30+ မှာ ကိုယ်ဖြစ်ချင်တာတွေ အားလုံး ဖြစ်မနေသေးပေမယ့်.. တစ်ချိန်ချိန်တော့ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားတင်းကြိုးစားနိုင်တဲ့ ခွန်အားတွေ ရရှိလာနိုင်ပါစေရှင်။

Steve Evergreen said...
This comment has been removed by the author.
Anonymous said...

Saying your right and claiming just clean and transparent friends, maybe see-through friends,going holiday with someone else's bloke, that's what you believe, nobody bother if you celebrate this time as your style.

သူရိန် said...

နောင်နှစ်ပေါင်း များစွာတိုင် ပျော်ရွှင်ပါစေဗျာ။

MrDBA said...

အဆင်ပြေချောမွေ့ပါစေ။ အောင်မြင်ပါစေဗျို့...

Su said...

Many Happy Returns, Mel.

Mr.Pooh @ မောင်ပွတ် said...

Chili Crab! Chili Crab! Chili Crab! :)

Anonymous said...

12050 ကို 365 နဲ့ စားလိုက်ရသေးတ.် လူဇိုး...
ပျော်ရွှင်ပါစေ

SDL