Saturday, February 7, 2009

အားဖူးစီ (သို့) အွန်လိုင်းမေတ္တာ

အားဖူးစီ (သို့) အွန်လိုင်းမေတ္တာ

အားဖူးစီဆိုတာ မယ်လိုဒီရဲ့ အဘိဓာန်ထဲက ဝေါဟာရသစ်တစ်ခုဖြစ်ချင်လဲဖြစ်မယ် ဒါမှမဟုတ်မွေးစား စကားလုံးလို့ ပြောချင်လဲပြောလို့ရပါတယ်။ ဘယ်လိုမွေးစားလဲဆိုတော့ ခုခေတ်ကြီးက အီးခေတ်မဟုတ်လား။ အရာရာတိုင်းမှာ e-mail တို့ e-banking တို့ e-learning တို့ကနေစလို့ မွေးနေ့ကဒ်တွေအဆုံး e-card နဲ့ e-cake တွေထိ နေရာယူလာတော့လဲ ဒီအီးက သူမပါရင်မပြီး မဟုတ်လား။ အဲတော့ နဖူးစာရွာလည်လို့ ဖူးစာဆုံတဲ့အကြောင်းမှာလဲ အီးဖူးစာနဲ့ပါတ်သက်တဲ့ အက်ဆေးလေးတစ်ပုဒ်လောက်တော့ ရေးဖို့ တွေးမိတယ်လေ။ မယ်လိုဒီရဲ့ အားဖူးစီတော့ ဟုတ်ပါဘူး။ ဒီလိုပဲ ခုခေတ်ကလေးတွေရော လူကြီးတွေပါ တစ်မြို့၊တစ်ရွာ၊တစ်နိုင်ငံခြား နေရက်နဲ့ တစ်ပြည်သူနဲ့ တစ်ပြည်သားတို့ နဖူးစာရွာလည်တယ်ပဲပြောပြော နှစ်ဦးစုံမက်လို့ ပေါင်းဆုံဖက်ဖို့ အကြောင်းကြုံကြတာတွေကို စပ်စပ်စုစု စိတ်ဝင်စားလို့ မေးမြန်းမိတာတွေကနေ အတွေးတွေဆက်လာတယ်။

ဖေတို့မေတို့ခေတ်တုန်းကတော့ နဖူးစာဆိုတာ နဖူးမှာရေးတဲ့စာ မဟုတ်ဘူး။(နှစ်ဖူးစာ) အကြင်သူဒီနှစ်ဦး ဖူးတယ် တွေ့တယ် ဆိုတဲ့ အဓိပ္ပါယ်လို့ ယူဆသတ်မှတ်ခဲ့တယ်လို့ ကြားဖူးပါရဲ့။ ပြီးတော့ တစ်ဦးနဲ့တစ်ဦးအကြောင်းကို သုံးနှစ်သုံးမိုး အကဲခတ်ပြီးမှ မေတ္တာချင်းဖလှယ် ချစ်ကြိုးသွယ်လို့ ပုဆိုးတန်းတင် အကြင်လင်မယားပေါင်းသင်းခဲ့ကြသတဲ့။(ပုံပြင် ဟုတ်ဘူးနော်။)

မယ်လိုဒီမောင်တို့ခေတ်ကတော့ နင့်ကို ငါချစ်တယ်၊ ငါ့ကိုနင်ချစ်မလား ခေတ်ဖြစ်သွားပီ။ (ကြုံလို့ပြောတာပါ။ အဖြေကတော့ သုံးမိနစ်စောင့် အဲလေ..ယောင်လို့)
ကိုယ့်နောက်က ကလေးတွေကတော့ ကောင်မလေးတွေက ကောင်လေးတွေကို ပိုးတဲ့ခေတ်လဲ ဖြစ်ကောင်းဖြစ်နိုင်ရဲ့ (ကိုရီးယားဇာတ်လမ်းတွဲတွေကလဲ တယ်ခေတ်စားသကိုးလေ)

မှတ်မှတ်ရရ အင်တာနက်တွေ အင်မတန်ခေတ်စားလို့ တွင်တွင်ကျယ်ကျယ်သုံးလာကြတဲ့ (pfingo ဆိုတဲ့ ဖူးစာရေးနတ်မင်းကလဲ တန်ခိုးထွားတဲ့ခေတ်) ဒီဘက်ခေတ် ၂၀၀၅၊ ၂၀၀၆ ပါတ်ဝန်းကျင်လောက်ကစလို့ အီးမေးလ်တွေ ဂျီတော့ခ်တွေကနေ ကြိုးစားပမ်းစားပဲဖြစ်ဖြစ် ဆက်သွယ်ရေး လွယ်ကူလာတဲ့အခါမတော့ ဟိုမှာတစ်တွဲ ဒီမှာတစ်တွဲနဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲမှာတော့ ဟိုဝိုင်းဒီဝိုင်းကနေ တွတ်ထိုးပြောကြတာက “သူတို့အတွဲက အပြင်မှာ မတွေ့ဖူးခင် အင်တာနက်ကနေ ချစ်ကြိုက်ပြီး အပြင်မှာ တွေ့တော့ အရင်သိထားတဲ့ အတိုင်း ဆက်ချစ်နိုင်ကြလို့ ယူဖြစ်ကြတယ်ဆိုပဲ” ဆိုတဲ့ တီးတိုးစကားလိုလို ယုံတမ်းစကားလိုလို အီးဖူးစာရဲ့ pro ခေတ်ကိုရောက်လာလေရဲ့။ (တိုက်ဆိုင်မှုရှိတဲ့အတွဲတွေ ခွင့်လွှတ်ဗျို)

နောက်ပိုင်းမတော့ အဲဒီရေစီးကြောင်းက တယ်ပြင်းထန်လာသလိုပဲ။ လက်ရှိပြင်ပဘ၀ကလဲ ကျောင်းနဲ့အလုပ်နဲ့ နိုင်ငံရပ်ခြားမှာ ရုန်းကန်နေရသူတွေရဲ့ အချိန်ပါးရှားမှုကနေ ယောက်ျားလေးအတွက်ကလဲ ကိုယ့်ပါတ်ဝန်းကျင်အနီးအနားကသူကို အချိန်ပေးပြီး ချစ်ရေးဆိုချဉ်းကပ်ဖို့ပဲဖြစ်ဖြစ် မိန်းကလေးဘက်ကလဲ အဖြေပေးပြီး ချွဲနွဲ့ပူဆာဖို့ အတူတူလည်ပတ်ဖို့ ခက်ခဲတာကတစ်ကြောင်း၊ နဖူးစာရွာလည် သူနဲ့ကိုယ်နဲ့ တွေ့ဆုံကြဖို့ အီးမေးလ်တွေရဲ့ forward mail မှာပါလာတဲ့ မေးလ်အကောင့်လိပ်စာတွေကို မြင်ရတာကနေတဆင့် အဆက်အသွယ်လွယ်တာကတစ်ကြောင်း၊ လူချင်းတွေ့ရင် ရှက်ကြောက် (ပဲများ) သလို ဟန်တွေပိုစရာ လျော့နည်းတာက တစ်ကြောင်း အကြောင်းကြောင်းတို့ကြောင့်နဲ့ online love က ပိုပြီးပွင့်လင်းရင်းနှီးလို့ သူ့တစ်နေ့တာ ကိုယ့်တစ်နေ့တာရဲ့ အချိန်ပိုလေးတွေတိုင်းမှာ ချစ်စကားတွေဖလှယ် အကြင်နာတွေကြွယ်လို့ ဘ၀ရဲ့အဓိပ္ပါယ်က တောက်ပလာတယ်လို့ ခံစားကြရတယ်တဲ့။ တစ်ခါတစ်လေမှာတော့ အလိုမကျ စိတ်တွေကောက်ကြ၊ချော့မော့ကြ၊ကြည်နူးကြ၊ အပြန်အလှန်အားပေးကြ။ တစ်ခါတစ်ရံမှာတော့ လွမ်းကြ(မတွေ့ရတဲ့ရက်တွေအတွက် တစ်ချို့ကတော့ လွမ်းဖျားလွမ်းနာတောင်ကျသတဲ့)၊ ဒီလိုနဲ့ အချိန်တွေခရီးဆက်လို့ ဟန်ဆောင်လိမ်ညာထားတာတွေသာမရှိထားရင် အပြင်မှာတွေ့ဆုံကြဖို့ ကြိုးစားရင်း အကဲဖြတ်လို့ အရင်က အွန်လိုင်းကအချစ်နဲ့ တစ်ထပ်တည်းခံစား ဆက်လက်မေတ္တာထားနိုင်တဲ့အခါ အမောင်သတို့သားနဲ့ အမယ်သတို့သမီးတို့သည် ဇာတ်သိမ်းခန်းတွင် ညားလေသတည်းဆိုတဲ့ အီးဖူးစာ(သို့မဟုတ်)အွန်လိုင်းမေတ္တာ ဇာတ်ထုတ်တစ်ခုကို ဘ၀ဇာတ်ခုံမှာ ပျော်ရွှင်စွာ ကပြမှတ်တမ်းတင်နိုင်သည်ပေါ့နော်။

အကြောင်းအကျိုးနဲ့ အကောင်းအဆိုးဆိုတာ အမြဲတမ်းဒွန်တွဲနေတတ်တာ ဓမ္မတာတော့မဟုတ်ဘူးလားနော်။ အဲဒီတော့ ဒီအီးဖူးစာမှာလို့ ယုံမှတ်လို့ပုံအပ်ရင်း ဘ၀ပျက်တဲ့သူတွေ ရှိကောင်းရှိနိုင်တာပေါ့။ ဘ၀ပျက်တယ်ဆိုတာ မိန်းကလေးဆိုလဲ ကိုယ့်ရဲ့ဘ၀ကို ပုံပေးလိုက်ရလို့ ပျက်မှ ပျက်တာမဟုတ်သလို၊ ယောက်ျားလေးဆိုလဲ ဘ၀ပျက်စရာမရှိဘူးလို့ ပြောလို့မရပါဘူး။ ကျမပြောချင်တဲ့ ဘ၀ပျက်တဲ့ဆိုတာ ကိုယ့်ဘ၀တက်လမ်းကို ပိတ်ဆို့စေတယ် အညွန့်ကျိုးစေတယ်ဆိုရင်လဲ ဘ၀ပျက်တာနဲ့မခြားဘူးလို့ထင်မိပါရဲ့။ ဒီလိုပါလေ။ တစ်ချို့မိန်းကလေးတွေသိပ်ချစ်တတ်ကြပုံများကတော့ သေဆိုသေ၊ရှင်ဆိုရှင်တောင် ပြောလို့ရမလားပဲ။ အွန်လိုင်းမှာပဲတွေ့ဖူးပါတယ်။ ဒါပေသိချစ်လိုက်တာလဲတုန်လို့၊ ဟိုမသွားနဲ့ဒီမသွားနဲ့၊ ဟိုလိုမ၀တ်နဲ့၊ ဒီလိုမ၀တ်နဲ့။ ဟိုလူနဲ့မပေါင်းရဘူး၊ ဒီလိုနဲ့မပေါင်းရဘူး။ အင်း.. ယောက်ျားလေးဘက်ကလဲချစ်လို့သ၀န်တိုလို့ ဒီလိုကန့်သတ်တယ်ဆိုပါစို့။ မိန်းကလေးဘက်ကလဲ ချစ်လို့ ဒီလိုပြောဆိုချုပ်ချယ်ကန့်သတ်တာကိုပဲ ကျေကျေနပ်နပ်လက်ခံလိုက်နာတယ်ဆိုပါစို့။ ဒါလောက်ဆို အဆင်ပြေပါသေးရဲ့။(ကျမအထင်ပြောတာပါ။)
အဲဒီထက်ပိုကဲလာတော့ ဒီအလုပ်ကထွက်ဆိုထွက်၊ ဒီသင်တန်းလေးတက်ဆိုတက်၊ ဒီနိုင်ငံသွားအလုပ်မလုပ်နဲ့၊ မြန်မာမှာပဲစောင့်နေ ဆိုတာမျိုးလောက်ထိ guide line ချတာမျိုးဆို လက်ခံလိုက်နာသင့်သေးလို့လား။ ကျမအထင်တော့ အဓိကဆုံးဖြတ်ရမှာ လျှောက်လှမ်းရမှာက ကိုယ့်ဘ၀ကိုယ့်ခြေလှမ်းကိုယ်သာပိုင်တယ်မဟုတ်ဘူးလားလေ။ ကိုယ့်ဘ၀ကိုယ့်အောင်မြင်မှုကို သူများတစ်ယောက်ရဲ့ပါးစပ်ဖျားမှာ လမ်းဆုံးစေရင် ဘ၀ပျက်မသွားနိုင်ဘူးလားနော်။ ကိုယ်နှစ်ဦးတွေ့ဆုံပြီး မင်္ဂလာပွဲနွှဲပျော် ပေါင်းဖက်ဖြစ်ရင်တော်သေးရဲ့။ မတော်တစ်ဆ အဲဒီဖူးစာရှင်လို့ယူဆထားတဲ့ယောက်ကျားလေးနဲ့ အကြောင်းမစုံလို့ မပေါင်းဖက်ဖြစ်ခဲ့ရင် ဒီမိန်းကလေး ဘာဆက်လုပ်မလဲလို့ တွေးပူစဉ်းစားမိပါသေးရဲ့။ ယောက်ကျားလေးတွေဖက်ကလဲ အဲဒီလို အပြန်အလှန်ဖြစ်နိုင်ပါတယ်နော်။(ယောက်ကျားလေးဘက် မိန်းကလေးဘက်ခွဲခြားမပြောလိုပါဘူး။)ဘာပဲဖြစ်ဖြစ်တော့ တစ်ဦးနဲ့တစ်ဦးမပေါင်းသင်းဖြစ်ရင်တောင် အမုန်းနဲ့လမ်းခွဲမသွားရတဲ့ ဖူးစာတွေပဲဖြစ်စေချင်ပါတယ်။

အဆိုးဘက်ကတွေးပြီး အကောင်းဘက်ကို ပြန်လှည့်ကြည့်ရင်တော့ ဒီလို အီးဖူးစာ ဇာတ်လမ်းလေးတွေက ကာယကံရှင်နှစ်ဦးကိုယ်တိုင်ရော ဘေးကသူတွေကိုပါ ဆန်းကျယ်စွာ ပျော်ရွှင်ရင်ခုန်စေပါတယ်။ romantic ဖြစ်တဲ့ အချစ်ဇာတ်လမ်းလေးတွေပါပဲလေ။

အွန်လိုင်းဆိုတာကလဲ လောကထဲက အစိတ်အပိုင်းတစ်ခုပေမို့ လက်ရှိပြင်ပလောကက တွေ့ဆုံကြုံကွဲဖြစ်မြဲဓမ္မတာတွေလိုပဲသာမို့ အကောင်းအဆိုးအကြောင်းအကျိုးကို မိမိဘာသာဆင်ခြင်သုံးသပ်ရင်း ကောင်းကျိုးလိုရာတွေးတောနိုင်စေဖို့ ရည်ရွယ်ရင်း ဒီပို့စ်လေးကိုရေးသားလိုက်မိပါတယ်။

စာကြွင်း။ ။(မယ်လိုဒီမောင်၏ ပုဂ္ဂလိက ခံစားချက်နဲ့တွေးခေါ်ထင်မြင်ယူဆချက်သာဖြစ်လို့ သုံးသပ်ချက်မှားရင် ခွင့်လွှတ်ပါနော်)

5 comments:

ksanchaung said...

မှတ်သားလောက်ပါပေ့ အားဘော်ဒီရယ်။ အတော်ထောင့်စေ့အောင် တွေးထားတာပဲ။ ကြည့်ရတာ အားဘော်ဒီလည်း အရဲကျေးနေပုံထောက်တော့ အားဖူးစီရနေပြီထင်တယ်။

MELODYMAUNG said...

အွန် ..နာ့ကို အားဘော်ဒီတဲ့..
အင်း ..မှန်သားဟ
အရဲကျေးတာကတော့ အဲဒါကြောင့်မဟုတ်တာ..နော်..နော်

လင်းလက်ကြယ်စင် said...

Online Love က ရင်ခုန်ဖို့တော့ ကောင်းပါရဲ့။ အဲဒီလောကမှာ နှစ်နဲ့ချီ ရင်ခုန်ခဲ့ဖူးလို့ အကြောင်းတော့ ကောင်းကောင်းသိပါတယ် အမရေ။ အခုတော့ ဘယ်လိုမှကို ခုန်လို့မရတော့တာ :P ။ ညီမအမြင်မှာတော့ အဲဒီအချစ်က ကောက်ရိုးမီးနဲ့တူတယ်။ အထူးသဖြင့် နေထိုင်ရာ နိုင်ငံမတူသူတွေအတွက် အစမှာ ပျော်ရွှင်သလိုထင်ရပေမယ့် အချိန်ကြာလာရင် ဘာမှလည်း မဟုတ်တော့ပါဘူး။ ၉၀% မဖြစ်နိုင်တဲ့အရာလို့ ထင်မိပါတယ်။ တကယ်တွေ့ဆုံချစ်ကြိုက် တည်မြဲပေါင်းသင်းသူတွေကတော့ ၁၀%လောက်ပဲ အများဆုံးရှိမယ်လို့ ထင်မိပါတယ်။

Pinkgold said...

မမီကော အွန်လိုင်းမှာ ရင်ခုန်နေပြီလား

MELODYMAUNG said...

>>လင်းလက် ညီမရေ သက်ငယ်စကား သက်ကြီးကြား မှတ်သားပါ့မယ်ဗျား :P
>> pinkgold yei, no, not, never, now with new version. heehe just kidding :P