Friday, January 30, 2009

အလွမ်းဆိုတဲ့ ဝေဒနာဆိုး

တစ်ခါတစ်ခါမှာ တစ်ဆစ်ဆစ်နဲ့
တစ်နေရာတည်းမှာ နာနေတယ်
တစ်ခါတစ်ခါကျ ပါးပြင်မှာတစ်သွင်သွင်စီးတဲ့
ဒီနှလုံးသွေး အဖြူရောင်က မြစ်တစ်စင်းအနေနဲ့ဖြစ်နိုင်တယ်

တစ်နေ့မှာ ၂၄နာရီစာ
ဖြန့်ခင်းထားတဲ့အလွမ်းတွေက
တံတားတစ်စင်းအနေနဲ့ အသွင်ပြောင်းဖန်တီးနိုင်ရင်
ငါလေ မင်းဆီ အရောက်တောင်လှမ်းလာနိုင်တယ်

တစ်ပတ်လုံးမတွေ့ရတဲ့ ရက်တွေဆက်လာတော့
ငါ့ခန္ဓာတစ်ခုလုံး စမ်းသပ်လို့မရတဲ့
ဝေဒနာဆိုးတွေ ထိုးနှက်
ငါလေ အသက်မထွက်ရုံတမယ် မင်းကို လွမ်းပါတယ်

ပို့ခဲ့မိတဲ့ ဖုန်းမတ်ဆေ့ခ်ျတွေနဲ့ မေးလ်တွေသာ
ကျောက်စာတွေလို တည်ရှိမယ်ဆိုရင်
မင်းကိုချစ်တဲ့ ငါ့သမိုင်းက
(နောက်ဘုရားတစ်ဆူပွင့်တဲ့အချိန်မှာတောင်)
ကျမ်းစာတွေနဲ့အပြိုင် စာဖွဲ့နိုင်မယ်ထင်ပါတယ်

ငါ့ချစ်ခြင်း၊ ငါ့အလွမ်းတွေနဲ့အတူ ရေးဖွဲ့ခဲ့မိတဲ့ ကဗျာတွေလဲ
မင်းရင်ကို လောင်ကျွမ်းမကျွမ်းမသေချာပေမဲ့
ပွက်ပွက်ဆူတဲ့ ငါ့နှလုံးသွေးရဲ့ ကာရံတွေကြောင့်
ရေးစပ်ရင်းနဲ့ ငါ့အမြင်အာရုံတွေတောင် အပူငွေ့တွေဖုံးလို့
အရာအားလုံးမှုံဝါး မင်းမျက်နှာမှတပါး
ငါ့အနာဂတ်ကိုတောင် မြင်နိုင်စွမ်းမရှိတော့တာ
အလွမ်းဆိုတဲ့ ဒီဝေဒနာဆိုးကြောင့်လေလား...

ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရရင်
ဒီဝေဒနာဆိုးက အမြန်လွတ်မြောက်
နေ့တိုင်းတွေ့ခွင့်ရတဲ့ အခြေအနေကို
အမြန်ဆုံးရောက်ပါရစေလေ..

2 comments:

မိုးမောင်(happycloud) said...

ကဗျာလေးက ဆွေးဆွေးမြေ့မြေ့လေးပါလား.. မာမီမောင်... ခံစားချက်အပြည့်နဲ့ ရေးထားတော့ စာသားတိုင်းဟာ ထိချက်ပြင်းနေတယ်... အလွမ်းရဲ့ညွှတ်ကွင်းက လွတ်မြောက်စေဖို့ ဆုတောင်းခဲ့ပါတယ်ဗျာ...

Mmonhtet said...

ကေါင်းလိုက်တဲ့ကဗျာလေး
အဲ့လေါက်တေါင်လွမ်းသလါးဖွါးဖွါးရ
အမြန်ဆုံးရောက်ချင်တဲ့နေ့တွေမြန်မြန်ရောက်ပါစေလို့
နောက်
များများလည်းရေးနော်
:)