Wednesday, October 29, 2008

Happy B!rthday CMS

မွေးနေ့မှာ ပျော်ရွှင်ပါစေ တူလေးချမ်းချမ်းရေ
(စလုံးမှာ 29th October ရောက်ပီမို့ စောတင်သလိုဖြစ်သွားပီထင်ပ ဘာပဲဖြစ်ဖြစ် မြန်မာစံတော်ချိန်နဲ့ဆို ကေတယ်မို့လား)

အသက်တစ်နှစ်ကြီးလာသလို တစ်နှစ်စာအတွေ့အကြုံတွေနဲ့အတူ ပိုရင့်ကျက်လို့ အခက်အခဲတွေကို လွယ်လွယ်ကူကူဖြတ်ကျော်နိုင်ပါစေ
လာမဲ့နှစ်အတွက် စာမေးပွဲလဲ အခက်အခဲမရှိ ဖြေနိုင်လို့ အလုပ်အကိုင်ကောင်းတွေ လွယ်လွယ်ကူကူ အမြန်ရပါစေ
အချိန်အားတွေရလို့ ဝေမျှသင်ခန်းစာတွေ သီချင်းသစ်တွေနဲ့လဲ ဘလော့ဂင်းနိုင်ပါစေ
သဘောကောင်းရုပ်ချော ကောင်မလေးတွေလဲ ၀ိုင်းဝိုင်းလည်ပါစေ
ပျော်လဲပျော် ၀မ်းလဲနည်းတယ် ဆိုတဲ့ရက်တွေလဲ ကုန်ပါစေ :P (မသိရင် ပြောပြမယ် ကော်ဖီတိုက်)
ဘ၀ပင်လယ်မှာ လှိုင်းတွေထန်တိုင်း အမေ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လိုက်နာပြီး ကြံ့ကြံ့ခံ ရင်ဆိုင်သွားနိုင်တဲ့ အမေဖြစ်ချင်တဲ့ ဆန္ဒတွေ၊ အမေရဲ့ ရည်မှန်းချက်တွေကို ဆက်လက်ဖြည့်ဆည်းနေရင်း နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်မှု အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် smile








P.S
ကဲ တတ်သမျှ မှတ်သမျှ နင်နဲ့ပတ်သက်သမျှ ဆုတွေတော့ တစ်သီတစ်တန်းကြီးတောင်းပေးပီးသွားပီ ကိုချမ်းရ။ ဖြစ်နိုင်ရင် အွန်လိုင်းကနေ နင့်မွေးနေ့ဆုတောင်းတာမျိုးမဟုတ်ပဲ ငါတို့တွေ အတူဆုံပြီး ပျော်ရွှင်တဲ့မွေးနေ့ပွဲလေး ကျင်းပချင်ပါရဲ့။ ခုတော့ ဘလော့ကနေပဲဆုတောင်းပေးပြီး အွန်လိုင်းကနေပဲ 3-pr3s3ent အနေနဲ့ အင်္ကျီနှစ်ထည်ပို့လိုက်တယ်။ နင်နဲ့တော်မယ်ထင်ပ :P
ငါ့ကိုတော့ အီးကိတ် တို့ ချာဘာဂီးတို့ ပြန်ကျွေးနဲ့ ကြိုက်ဘူး ကိုယ်ဘာသာပဲစား မွေးနေ့အရှင်ကြီးရေ...

Tuesday, October 28, 2008

Whats the meaning of Melody Maung?

ဒီမှာ ရှိနေကြတဲ့ လူတိုင်းက ကိုယ်ပိုင်ဘလော့ဂ် တစ်ခုစီတော့ကိုယ်စီ ကိုယ်ငှ ရှိနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ အဲဒီနေရာမှာ ကိုယ့်ဘလော့ဂ်လေးကို နာမည်တွေ ပေးကြတယ် ..။ တစ်ချို့ကလဲ ကိုယ့်နာမည် အရင်းနဲ့ လုပ်ကြသလို ..တစ်ချို့ကလဲ Nick Name တွေ ပေးပြီး လုပ်ကြတယ် ... ။ တစ်ချို့ကြတော့လဲ ကိုယ့်ချစ်သူနာမည်လေးတွေနဲ့ ..လုပ်ကြတယ် ...။ သေချာတာ တစ်ခုကတော့ အမှတ်တရ တစ်ခုခုကိုယ်စီလေးတွေနဲ့ လုပ်ထားကြတယ်လို့ ထင်ပါတယ် ...။ ဒါကြောင့် ဒီနေရာလေးမှာ ကျွန်တော်ကတော့ ဘာကြောင့် ဒီနာမည်လေး ပေးထားတာပါ ...ကျွန်မကတော့ ဘယ်လိုကြောင့် ဒီနာမည်လေး ပေးထားတာပါ ...စသဖြင့် ကိုယ့်ရဲ့ ဘလော့ဂ်လေးကို အမွန်းတင်ကြရအောင်ဆိုပြီး

ဘာကြောင့် Blog ကို ဒီနာမည်ပေးတယ် ....

ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ဒီလိုဖြေခဲ့ဖူးတာလေး ပြန်တင်လိုက်ပါတယ်နော်။
English name ကမယ်လိုဒီ ၊ ပတ်သက်သမျှသူတွေ၊ ဘလော့ဖတ်သမျှသူတွေ၊ မပတ်သက်ဖူးသေးတဲ့သူတွေ အားလုံးကိုပဲ ငြိမ်းချမ်းစေချင်တယ်။ မယ်လိုဒီဆိုတော့ ငြိမ်းချမ်းသံစဉ်။ ဘာလို့မောင်ပါလဲဆိုတော့ နာမည်အရင်းက မောင်ပါတယ်။ family name ဆိုလဲဟုတ်၏။ အဖေနာမည် ဦးမောင်မောင်။ (အဟီးဟီး ပြောရင်းနဲ့ပေါ်ကုန်ပီ။) မယ်လိုဒီမောင်။ အွန်လိုင်းမှာ ဘာလုပ်လုပ်၊ ကဗျာတွေစာတွေဘာရေးရေး၊ ကလောင်နာမည် ဒါပေးတယ်။ ကဲ..ကုန်ပြီ
(လူမုန်းက ဆီဗုံးမှာ မယ်လိုဒီမောင်ဆိုတာက မယ်လိုဒီရဲ့ မောင်ကိုပြောတာလား ...အင်မတန်ထူးဆန်းတဲ့နာမည်ဘဲ လို့ရေးသွားလို့ ဖြေပေးတာနော်။ နာမည်ရင်းသိရင်လဲ ထူးဆန်းတယ်ပြောဦးမလားလေ)

Monday, October 27, 2008

နိုင်ငံရပ်ခြားအတွေ့အကြုံများ

သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ(၂)၊ အမှတ်(၃)၊ ၂၀၀၈ ခုနှစ်အောက်တိုဘာလထုတ်မှာ ဆောင်းပါးအနေနဲ့ရေးဖြစ်တဲ့ဒီစာလေးကို  ဘလော့ဂ်မှာ ပို့စ်အနေနဲ့ အမှတ်တရ ပြန်တင်ထားချင်လို့ပါ။  (ဖတ်ပြီးသားဖြစ်သူတွေအတွက်တော့ အားနာပါတယ်နော်)

လူတိုင်း လူတိုင်း၏ ဘ၀သက်တမ်းတလျှောက်တွင် အသက်အရွယ်အရ လုပ်ငန်းသဘောအရ ပုံစံမျိုးစုံဖြင့် နေရာအနှံ့သို့ ခရီးသွားလာဖူးကြသည်။ ပထမဆုံးခရီး အတွေ့အကြုံများကို တသက်တာ ထာဝရ အမှတ်တရရှိတတ်ကြသည်မှာ ဓမ္မတာဖြစ်သည်။ မိမိမွေးဖွားရာ မွေးရပ်ဇာတိ အနီးဝန်းကျင် မြို့ရွာများသို့ လည်းကောင်း၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် ထင်ရှား ကျော်ကြားသော တန်ခိုးကြီးဘုရား ကျောင်းကန်များရှိရာ မြို့ရွာများသို့ လည်းကောင်း အခါအားလျော်စွာ၊ ၀င်ငွေအားလျော်စွာ မြန်မာပြည် တနံတလျား ခရီးသွားလာကြဖူးသည်။ သို့ဖြစ်ရာ ပြည်တွင်းခရီးစဉ်များအတွက် အတော်အသင့် အဆင်မပြေမှုများ ကြုံရကောင်း ကြုံရသည်မှလွဲ၍ စိတ်လှုပ်ရှားမှုပိုကာ ပြင်ဆင်ရသည်မှာ နိုင်ငံရပ်ခြား ခရီးသွားရန်အတွက် ပြင်ဆင်မှုမျိုးနှင့် ယှဉ်လိုက်လျှင် မပြောပလောက်တော့ဟု ထင်ပါသည်။ ထို့ထက် နိုင်ငံရပ်ခြားရောက်သွားလျှင် မိမိတို့ ကြုံရဆုံရသည့် အတွေ့အကြုံများသည်ကား တစ်နှစ်ခွဲခန့် ကလေး၏ ပထမခြေလှမ်းအတွက် အစမ်း လမ်းလျှောက် သင်ခြင်းမျိုးနှင့်ပင်တူပေသေးသည်ဟု သုံးသပ်မိပါသည်။

ယခု ရေးသားလိုသည်မှာ စာရေးသူသည် ပြည်တွင်းခရီးစဉ်များစွာကို အတွေ့အကြုံများစွာ ဖြတ်သန်းပြီးနောက် မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ နိုင်ငံခြားခရီးစဉ်များကို အလည်အပတ်သွားရောက်ရင်း တွေ့ကြုံခံစားရသည့် အတွေ့အကြုံဖြစ်ရပ်များကို စုစည်းတင်ပြခြင်းမျိုးဖြစ်သည်။ တူရာ ကဏ္ဍများကို စုကာ အပိုင်း (၅) ပိုင်းခွဲခြားလိုပါသည်။

အပိုင်း(၁)

လေယာဉ်မစီးမီ လေဆိပ်တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာရန် D-Form(departure form) ဟုခေါ်သည့် ပုံစံ(၁၉)ကို ကြိုတင်လျှောက်ထားကာ မမေ့မလျော့ ယူလာရသည်။ မြန်မာငွေ ၅၀၀ ကျပ်ကိုလည်း ပေးဆောင်ရသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တခါမှ မရောက်ဖူးသူဆိုက ဘယ်နေရာမှာ ဘာသွားယူရမှန်း ဘယ်သွား ထပ်ရမှန်းမသိအောင် ယောင်လည်လည်နိုင်သည်က စပါတော့သည်။ ထို့နောက် သက်ဆိုင်ရာ လေယာဉ်၏ boarding pass ကိုယူရသည်။ ခရီးဆောင်အိတ်ကို ကီလို အလေးချိန်ချိန်ကာ သတ်မှတ်ထားသော ကီလိုထက်မပိုလျှင် အဆင်ပြေကာ ကီလိုပိုနေလျှင် တန်ပိုခပေးရပါသည်။ ပြန်နှုတ်ဖို့က အဆင်မပြေ မြန်မာငွေပိုက်ဆံအပိုလဲ မဆောင်ထားမိလျှင် စတင် အခက်အခဲ ကြုံတတ်ပါတော့သည်။ arrival card/departure card ကိုလည်း ဘယ်လိုဖြည့်ရမှန်း သေချာစွာ မသိနိုင်သေးပါ။ လေယာဉ်ပေါ်မတက်ရခင် စောင့်ရသည့် အချိန်ကလည်း ကြာလွန်းလှသည်။ လေဆိပ်အတွင်းရှိ အလကား ခေါ်ဆိုရသော ဖုန်းဖြင့် ဆက်ရန်စောင့်လျှင်လည်း အချိန်ပုပ်သွားတာသာ အဖတ်တင်သည်။ (ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်းပါလျှင်တော့ အဆင်ပြေသေးသည်)။ လေယာဉ်ပေါ်ရောက်လျှင်တော့ hand carry ကို ပစ္စည်းများထားသည့် စင်၏ သင့်တော်သည့် နေရာတွင် အဆင်ပြေအောင် ထည့်ပြီးနောက် များသောအားဖြင့် မိမိကိုးကွယ်ရာ ဘာသာတရားပေါ်မူတည်၍ အာရုံပြုကြ ရွတ်ဖတ် သရဇ္ဖာယ်ခြင်းများ ပြုပါသည်။ ထို့နောက် လေယာဉ်ဘီး စမလှိမ့်ခင်ကတည်းက သူများ ခါးပတ်ပတ်လျှင် လိုက်ပတ်၊ လေယာဉ်စီးကာ နိုင်ငံရပ်ခြားသွားရတော့မှာပါလား ဆိုသော အသိဖြင့် ပြတင်းပေါက်မှ ငုံ့ကြည့်ပြီး ၀မ်းနည်းသလိုလို လွမ်းသလိုလို ရင်ခုန်သလိုလို အမျိုးအမည်မသိစွာ ခံစားပါတော့သည်။ လေယာဉ်ပေါ်တွင် speaker မှ ဘာပဲကြေငြာ ကြေငြာ ကိုယ်နှင့် မဆိုင်သလိုလို ဆိုင်သလိုလို နားလည်သည်လည်းရှိ နားမလည်သည်လည်းရှိ လေယာဉ် ကောင်းကင်ပေါ်ရောက်အောင် အရှိန်ယူသည်နှင့် ရင်ခုန်သေးတော့သည်။ light meal ဖြစ်ဖြစ် lunch ဖြစ်ဖြစ် ကျွေးသည့် အချိန်တွင်တော့ လေယာဉ်မယ်တွေ ပြောပြသည့် ရနိုင်သည့် ဟင်း၊ အစားအစာ အမယ်များထဲမှ ကိုယ်စားချင်တာ စားနိုင်မယ် ထင်တာလေးကို ခေါင်းညိတ်မှာစား။ ဘာရယ်မဟုတ် စစားတဲ့ တစ်နပ်မှာတင် အမေ့ လက်ရာ အိမ်ထမင်းကို အပြေးကလေး မြင်မိသေး၏။ စားပြီး သောက်ပြီးနောက် ကိုယ်သွားမည့် နိုင်ငံအတွက် arrival card/ departure card သို့မဟုတ် white card (စင်ကာပူဆိုလျှင်) ဖြည့်ရတော့သည်။ အဲဒီတော့မှ ကိုယ့် ပါတ်စ်ပို့ စာအုပ်က ပါတ်စပို့နံပါတ်၊ သက်တမ်းကုန် ရက်စွဲနှင့် ဗီဇာ နံပါတ်တွေ ပြန်ရှာဖြည့်။ လိုအပ်လျှင် တည်းမဲ့လိပ်စာကိုပါ မှတ်စုစာအုပ်မှာ ပြန်ရှာဖြည့်ရသည်။ လေယာဉ်စီးနေစဉ် လေယာဉ်တက်စ အချိန်နှင့် လေယာဉ် ဆင်းကာနီး တိမ်များကိုလည်းကောင်း မြေပြင်ကို ဝေဟင်မှကြည့် မြင်ရသည်လည်းကောင်း စိတ်လှုပ်ရှားကြည်နူးစရာခံစားမိပါသေးသည်။ လေယာဉ်ဆိုက်လျှင် arrival hall သို့ charter bus နှင့်သော်လည်းကောင်း pathway မှသော်လည်းကောင်း သူများ သွားသည့် နောက်လိုက်ကာ immigration counter ဆီအရောက် သွားကာ တန်းစီစောင့် ရပါသည်။ foreigner passport counter တွင် အများနောက် လူရှင်းသည့်ဘက်ရွေးကာ တန်းစီပြီး မျဉ်းနီရှိလျှင် မျဉ်းနီထက်ကျော် မရပ်ရဘဲ ကိုယ့်အလှည့်ရောက်လျှင် (cover ဖြုတ်ထားရသော) ပါတ်စ်ပို့စာအုပ်၊ ဖြည့်ထားသည့်ကဒ်၊ လေယာဉ်လက်မှတ်(အပြန်အတွက် ပြရန်လိုအပ်လျှင်) စသည်များကို ထုတ်ပေးကာ immigration officer မေးစရာရှိ၍ မေးခဲ့လျှင် ကောင်းမွန် ပိုင်နိုင်စွာ ဖြေဆိုပေးဖို့ လိုအပ်သည်။ Visa stay တံဆိပ်ထုပေးပြီးလျှင်တော့ သက်ဆိုင်ရာ belt တွင် မိမိ luggage ကို သွားရောက်စောင့်ဆိုင်း သယ်ယူလာရုံပင်။ တွန်းလှည်းလေးတွေလည်း အဆင်ပြေ လွယ်ကူစွာ ယူငင် သုံးစွဲနိုင်ပါသည်။

အပိုင်း(၂)

နိုင်ငံရပ်ခြားတွင် ခြေချမိသည်နှင့် မိမိတည်းခိုမည့် နေရာသို့ ချောချောမောမောသွားနိုင်ရန် လာကြိုမည့်သူရှိလျှင်တော့ အတိုင်းထက်အလွန် အဆင်ပြေပါသည်။ အကယ်၍ မရှိခဲ့လျှင် တက္ကစီ(သို့မဟုတ်) Limousine ငှားကာ သွားရပေမည်။ မည်သည့် နေရာတွင် မည်သို့ သွားငှားရမည်မှန်း မသိလျှင်လည်း ခက်သေးတော့သည်။ ဘန်ကောက်လို သုဝဏ္ဏဘူုမိ လေဆိပ်မျိုးတွင် limousine service မယူလိုပဲ တက္ကစီရိုးရိုးငှားရန်အတွက်  မိမိရောက်သည့် အထပ်မှ အောက်တစ်ထပ် ဆင်းရသည်မျိုးဆိုလျှင် ဈေးသက်သာမည် မှန်သော်လည်း အဆင်မပြေပါ။ ပို၍ဆိုးသည်မှာ မိမိပြသသည့် လိပ်စာသည် English လိုသာပါ၍ taxi driver တို့ နားမလည်ပဲ နေရာမသိဟု ပြန်ပြောခံရသည့် အခါမျိုးတွင်မတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း အဖြစ်မျိုးဟုပင် ခံစားရပေဦးမည်။

အပိုင်း(၃)

နေစရာတော့ရြှိပီ။ နေရမည့် နေရာရောက်လျှင် စားစရာအတွက် တဖန် ပူပန်ရပြန်ပါသေးသည်။ ချက်ချင်း လက်ငင်း ရောက်ရောက်ချင်း ချက်စားဖို့ကလည်း မဖြစ်နိုင်သေး။ ဒါဆိုရင် ၀ယ်စားရမည်။ ဆိုင်တစ်ဆိုင် ဆိုင်မှာ သွားစားရမည်။ ပါလာသည့် ဒေါ်လာများကို ပထမဦးစွာ money exchange များတွင် သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးသို့ လွယ်ကူလျင်မြန်စွာ လဲလို့ရသည်ကတော့ အင်မတန် အဆင်ပြေပါသည်။ ထို့နောက် လမ်းလျှောက်ကာ အနီးအနား ဆိုင်တွင်သော်လည်းကောင်း ၊ taxi ဖြင့် မိမိသွားစားလိုသော ဆိုင်သို့လည်းကောင်း၊ သွားရောက် စားသောက်နိုင်ပါသည်။ တစ်ရက်၊ နှစ်ရက်တော့ ၀ယ်စား၊ သွားစား အဆင်ပြေပါသည်။ ဒေသစာများမှ ကြိုက်နှစ်သက်သည်များ ရွေးစားရတာ အစပိုင်း ပျော်ဖို့တောင် ကောင်းသေးသည်။ တချို့မှာ မြန်မာပြည်မှာကတည်းက စားဖူးထားသော၊ တချို့အစားအစာများကတော့ ထိုနိုင်ငံရောက်မှ ကြားဖူး၊ မြင်ဖူးလို့ စမ်းသပ် စားကြည့်ခြင်းမျိုးဖြစ်သည်။ သို့သော် တစ်ရက်မှ တစ်ပတ်၊ တစ်နပ်မှ ၁၀နပ် ကြာလာသော် မြန်မာပါးစပ် မြန်မာ ထမင်းဟင်းကို သတိရလာသည်။ မြန်မာထမင်းဟင်း နှင့် မြန်မာ့ရိုးရာ အစားအစာ (မုန့်ဟင်းခါး အပါအ၀င်) ဘယ်နေရာ ဘယ်ဆိုင်မှာ ရောင်းသလဲဆိုတာ စုံစမ်း မေးမြန်း၍ သွားရောက် စားသောက်မှ ခံတွင်းတွေ့တော့သည်။ များသောအားဖြင့် လက်ရာ တစ်ထပ်တည်း တူပြီး ခံတွင်း မတွေ့တောင်မှ အလွမ်းပြေ အာသာပြေ စားလိုက်ရလျှင်ဖြင့် လူဖြစ်ရကျိုးနပ် သွားသလိုတောင် ခံစားရသေးသည်။ သို့သော် များသောအားဖြင့်တော့ ဈေးကြီးတတ်၍ စရိတ်ထောင်းပေတော့သည်။ ရက်ကြာရှည်နေဖြစ်မည်ဆိုလျှင်တော့ နေသည့် အိမ်တွင် ချက်စားလို့ရပါက အနီးအနားဆိုင်များတွင် ပြေး၍ ဈေးဝယ်ကာ ချက်စားလို့ အဆင်ပြေလျှင်တော့ စားစရိတ်လည်း သက်သာပေသေးသည်။

အပိုင်း(၄)

သွားရေးလာရေးနှင့် ပတ်သက်၍မူ မြန်မာတွင် ဘတ်စ်ကား ကြပ်ကြပ် တိုးစီး လာရခြင်းများထက်တော့ အစစအရာရာ အဆင်ပြေသလို ထင်ရသည်။ မိမိသွားလိုသည့် လိပ်စာအတွက် ဘတ်စ်နံပါတ်၊ ဘတ်စ်လမ်းကြောင်း၊ ဘတ်စ်မှတ်တိုင်နာမည် သိလျှင်သော်လည်းကောင်း၊ MRT သို့မဟုတ် sky train/underground train များ စီးခြင်းသော်လည်းကောင်း လွယ်ကူ လျင်မြန် အဆင်ပြေပါသည်။ အလျင်စလို သွားလာလိုသည့် အခါများတွင်တော့ တက္ကစီ (သို့မဟုတ်) တုပ်တုပ် (ဘန်ကောက်တွင်ရှိသော)များကိုလည်း တား၍သော်လည်းကောင်း၊  ဖုန်းနံပါတ် နှိပ်၍သော်လည်းကောင်း၊ သင့်တော်သောနှုန်းထားဖြင့် ခေါ်ယူ စီးနှင်နိုင်သည်မှာ ဘ၀င်ကျစရာ ကောင်းလှပါသည်။ သို့သော် ဘန်ကောက် ခရီးစဉ်တွင်မတော့ ကိုယ်သွားလိုသည့် နေရာကို englishလို ပြောပြော ထိုင်းသံ မပီကလာနဲ့ ပြောပြော နားမလည်ပဲ taxi တစ်စီးပြီး တစ်စီး ခေါင်းရမ်း မသိဘူး ပြောပြီး တစ်နာရီကျော်ကြာအောင် ကြိုးစား၍ နားလည်သော taxi driver နှင့် ကျမှ အပိုကြေး ပေးငှားရမ်းကာ ပြန်လာရသည့် အဖြစ်မျိုးလည်း ကြုံဖူးတော့သည်။ (တချို့မှာ traffic jam ဖြစ်သောနေရာများ မောင်းပို့ရန် မလိုက်လို၍ ငြင်းခြင်းမျိုးလဲရှိပြီး မီတာနှင့် မလိုက်ဘဲ fixed price တောင်းပြီး လိုက်ပို့ ပေးခြင်းမျိုးလည်း ရှိသေးသည်)။ မြေပုံ အသုံးပြုတတ်လျှင်တော့ ပို၍ အသုံးဝင် အဆင်ပြေပါသည်။ မိမိသွားလိုသောနေရာသို့ အချိန် အသက်သာဆုံးနှင့် walking distance အနီးဆုံးသို့ ကြိုတင်ကာ ကြည့်ရှုလေ့လာ ပြင်ဆင်၍ လမ်းကြောင်းဆွဲ နိုင်သောကြောင့် ဖြစ်သည်။

အပိုင်း(၅)

ဆက်သွယ်ရေးအတွက် ကိုယ်ပိုင် မိုဘိုင်းလ် နံပါတ်တစ်ခုနှင့် ရှိပြီးသား ဟန်းဆက်(handset) ဖြစ်စေ၊ ဈေးသက်သက်သာသာ ၀ယ်ယူ ပိုင်ဆိုင်နိုင်ခွင့်သည် စိတ်ချမ်းသာစရာဖြစ်သည်။ အ၀င်၊အထွက် ခေါ်ဆိုခများ သက်သာရန် sms အကြိမ်ရေများများနှင့် free ပို့နိုင်ရန် အတွက်တော့ သူငယ်ချင်း မိတ်ဆွေများ recommend ပေးသော service line ကို ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ လစဉ်ကြေးပေးကာ သုံးရသည့် ဖုန်းလိုင်း မဟုတ်လျှင် top-up ကဒ်များကို အလွယ်တကူ ဖြည့်ကာ ဆက်လက် သုံးစွဲနိုင်ပါသည်။ service line သည်လည်း တခါတရံမှလွဲ၍ အစဉ်အမြဲ လိုင်းမိကာ ကြည်လင်စွာ ပြောဆိုဆက်သွယ်နိုင်ပါသည်။

အထက်ပါအတိုင်း အပိုင်း (၅)ပိုင်းခွဲကာ စာရေးသူတင်ပြသွားသည်များမှာ စင်ကာပူနှင့် ထိုင်း နှစ်နိုင်ငံ၏ ယေဘုယျ တူညီမှုများကို စုစည်းကာ ရေးသားသွားခြင်းဖြစ်ပါသည်။ အလည်အပတ် နေရာများသို့ သွားရောက် လည်ပတ်ခြင်းမျိုးကိုတော့ အလျဉ်းသင့်မှ ရေးသား တင်ပြသွားပါဦးမည်။

Thursday, October 23, 2008

with 01100110....

လူတွေနားလည်အောင် စကားကောင်းကောင်းမပြောတတ်ရင် နည်းပညာနဲ့ပတ်သက်တဲ့ဘာသာစကားတစ်ခုခုတော့ ကျွမ်းကျင်အောင်လေ့လာထားမှသင့်မယ်ဆိုပြီး စခဲ့မိရာကစ
ကဲ.. လာထား နပမ်းလုံးလိုက်ဦးမယ်

01100110B
10011001U
00110011S
11001100Y

ကြိုးစားပမ်းစား ကုဒ်ဒင်းများ
သန်းခေါင်ညနက်
အဖြေမထွက်
ပလုံဂွမ်ဆရာ အသက်ထွက်... :P

Sunday, October 19, 2008

သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အောက်တိုဘာ၊ ၂၀၀၈ ထွက်ပြီ

၃ လတစ်ကြိမ် ထုတ်ဝေလျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့၊ တနင်္ဂနွေနေ့တွင် www.thanlwin.com မှတဆင့် ဖြန့်ချီလိုက်ပြီဖြစ်သည်။

သုတ၊ ရသ၊ ခံစားချက်၊ ပြည်တွင်းပြည်ပရေးရာများကို ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ အင်တာဗျူး၊ ဓာတ်ပုံစသည့် စာပေအနုပညာပုံစံမျိုးစုံဖြင့် တင်ဆက်လေ့ရှိသော သံလွင်အိပ်မက် မဂ္ဂဇင်း၏ ၁၄ စောင်မြောက်အဖြစ် အတွဲ ၂ ၊ အမှတ် ၃ ကို ဖြန့်ချီလိုက်ခြင်းဖြစ်သည်။ ယခုလထုတ် မဂ္ဂဇင်းတွင် သံလွင်အိပ်မက် အယ်ဒီတာများ၊ ဆရာအော်ပီကျယ်၊ ပင်တိုင်ကလောင်ရှင်များ၊ ပြည်တွင်းပြည်ပမှ နာမည်ကျော် ဘလော့ဂါများ၊ မျက်နှာသစ်ကလောင်ရှင်များ အင်အားတောင့်တင်းစွာဖြင့် ပါဝင်တင်ဆက်ထားသည်ဟု သိရသည်။ ထူးခြားချက်အနေဖြင့် မတရားအထိန်းသိမ်းခံထားရသော အယ်ဒီတာတစ်ဦးဖြစ်သည့် နေဘုန်းလတ်၏ ဆောင်းပါးတစ်ပုဒ်သာမက ၄င်းအားရုံးထုတ်ချိန်တွင် သံလွင်အိပ်မက်အတွက် နှုတ်တိုက်ရွတ်ပေးသွားသော ကဗျာတစ်ပုဒ်လည်း ပါဝင်သည်ဟု သံလွင်အိပ်မက်၏ အမှာစာက သတင်းပေးဖော်ပြထားသည်။ ယခုလထုတ် သံလွင်အိပ်မက်ကို www.thanlwin.com ၏ ပထမစာမျက်နှာမှလည်းကောင်း ၊ ဤနေရာ ကို click နှိပ်၍ှလည်ကောင်း ဖတ်ရှုနိုင်သည်။

သံလွင်အိပ်မက်မဂ္ဂဇင်းကို ၂၀၀၄ ခုနှစ် သြဂုတ်လကတည်းက စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် အရှိန်မပျက် ဆက်လက်ထုတ်ဝေနေသော သက်တမ်းရင့် အင်တာနက်မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ ယခင် Issue များအား PDF စာမျက်နှာများအဖြစ် တင်ဆက်နေရာမှ ၂၀၀၈ ဧပြီလတွင် ဝက်ဘ်စာမျက်နှာများအဖြစ်လည်းကောင်း၊ ၂၀၀၈ ဇူလိုင်လတွင် ပိုမိုကောင်းမွန်သော Web Portal အဖြစ်လည်းကောင်း အသီးသီးပြင်ဆင်ထုတ်ဝေနိုင်ခဲ့သည်။ သံလွင်အိပ်မက်ကို တင်ဆက်ပေးနေသော www.thanlwin.com ကိုလည်း ၃ လအတွင်း လာရောက်ဖတ်ရှုသူ ၂ သောင်း ၂ ထောင်ကျော်ရှိခဲ့သည်ဟု သိရသည်။

Saturday, October 18, 2008

What Love is...

အချစ်ဆိုတာ..ဆိုပြီး ဖွဲ့ဆိုထားတဲ့ ကောင်းကင်ကိုရဲ့ ကဗျာလေးကို ကြိုက်လို့ ပြန်ရှဲလိုက်တယ်။
ဖွဲ့ဆိုထားတဲ့ စာတွေကများတယ်။ ထပ်ဖြည့်မယ်ဆိုတောင် ဖြည့်စရာမကျန်တော့လောက်ဘူးထင်ရဲ့ :P
click နှိပ်ပြီးဖတ်ပြီးခံစားကြည့်ကြည့်နော်။




Friday, October 17, 2008

ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ(Health Messenger-2)

ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ

နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီး ပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။ သီတဂူ ဆရာတော် ဘုရားက တိုသော တရား ကောင်းသည် ဟု ဟောထားတာ ကြားဘူး ပါသည်။ ကျွန်တော်လည်း အကောင်းဆုံး ရေးထား ပါသည်။အများအားဖြင့်ကျွန်တော်တို့တတွေ ရာသီဥတု အကူး အပြောင်းတွင် နှာခေါင်း ပိတ်လို့ ပိတ်၊ နှာရည် ကျလို့ကျနဲ့ အတော်အိနြေ္ဒ ပျက်ရ ပါတယ်။ မြန်မာလို ထိပ်ကပ်နာ ဟု ခေါ်ပါသည်။ ဆေးပညာ မှာတော့ SINUSITIS ဟု ဆိုပါသည်။ sinus မှာလှိုဏ် ဟု အဓိပ္ပါယ် ရပြီး itis မှာတော့ ရောင်ရမ်းခြင်း ဟု အဓိပ္ပါယ် ရပါသည်။ ထိပ်ကပ်နာ ဖြစ်စေသော sinus များမှာ နှာခေါင်း ပတ်ဝန်း ကျင်ရှိ မျက်နှာ အရိုး တွင် ရှိသော လှိုဏ် ကလေးများ ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်း လှိုဏ်လေး များမှာ ပါးရိုး၏ အောက်၊ မျက်ခုံး နောက်နှင့် မျက်လုံး နှစ်လုံးကြား အနောက်ဘက် တို့တွင် ရှိပါသည်။ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည်။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည်။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များနဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။SINUS လှိုဏ်လေးများတွင်ရောဂါဖွဲ့တည်နေပုံကိုအောက်ပါပုံတွင်
ပုံမှန် sinus နှင့် ပိုးဝင်ပြီး ပြည်များဖြင့် ပြည့်နေသော sinus ကို ယှဉ်ပြထားပုံ ( attached file)
ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ်။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ လှိုဏ် အ၀လေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -

  1. အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ - တုပ်ကွေး ၊ စသဖြင့်ပေါ့)
  2. ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )
  3. ရင်ကြပ်ရောဂါ ရှိသူများ
  4. ဆေးလိပ်သောက်သူများ
  5. ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ - ကိုယ်ဝန် ဆောင်စဉ်)
  6. သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ
  7. နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ - ချိုချဉ် သကြားလုံး ပဲစေ့)
  8. ကိုကင်းရှူ သူများ
  9. အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ
  10. သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)
  11. နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ
  12. နှာခေါင်း ထဲမှာအဖုအကျိတ် တွေ ဖြစ်နေသူများ

မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။
၎င်းထိပ်ကပ်နာကို (၂) မျိုးခွဲပါတယ်။

  1. ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်
  2. နာတာရှည်ထိပ်ကပ်နာရယ်လို့နှစ်မျိုးခွဲထားပါတယ်။
    ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။
  1. နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။
  2. နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ၀ါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။
  3. မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။
  4. မျက်လုံး ပတ်ဝန်းကျင်မှာ ရောင်နေ နိုင်ပါတယ်
  5. မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်
  6. ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်
  7. ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်
  8. ကိုယ်ပူ တက်နိုင်ပါတယ်
  9. တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်
  10. တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်

ဒီ ရောဂါ လက္ခဏာ တွေဟာ ကျွန်တော်တို့ တတွေ အဖြစ်များဆုံး ဖြစ်ကြတဲ့ virus ကြောင့် အအေးမိ တဲ့အခါ ၊ allergy လို့ ခေါ် တဲ့ ဓာတ်မတဲ့ မှု ဖြစ်တဲ့ အခါ မှာ ခံစား ရတဲ့ လက္ခဏာ တွေနဲ့ ဆင်တူ လိုပါပဲ။ ဒါပေမယ့် bacteria ကြောင့် ဖြစ်တာ ဆိုရင်တော့ ပိုမို ဆိုးရွားပြီး ကာလ ပိုရှည် နိုင်ပါတယ်။ တစ်နှစ်အောက် ကလေးတွေ မှာတော့ ဒီ sinusတွေ ကောင်းကောင်း မဖွံ့ဖြိုး သေးလို့ sinusitis မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။ တစ်နှစ် အထက် ကလေးတွေမှာ တော့ လက္ခဏာတွေက လူကြီးများ မှာ ဖြစ်တာနဲ့တော့ကွာပါတယ်

  1. ကလေးက ဂဏှာမငြိမ် ဖြစ်မယ်၊
  2. အီနေမယ်
  3. ပါးစပ်ဟ အသက်ရှူ ပြီးတော့ ကလေး အသက်ရှူ သံ ကို ကြားနေ ရတယ်
  4. ကလေးက နှာသံ လေးနဲ့ စကား ပြောမယ်
  5. ထမင်း ကောင်းကောင်း မစားဘူး (အစာကျွေး ရတာ ခက်မယ်)

စတဲ့ ပြဿနာတွေ ရှိပါမယ်။ ထိပ်ကပ်နာနှင့်ဆင်တူ ယိုးမှား ရောဂါ များမှာ -

  1. အအေးမိ နှာစေးခြင်း
  2. ဓာတ်မတည့်မှု ကြောင့် နှာစီး ချောင်းဆိုး ဖြစ်ခြင်း (Allergic ဖြစ်ခြင်း)

ရောဂါ အဖြေရရန် အတွက် ရှာဖွေ စမ်းသပ်မှုများ

  1. သွေးစစ်ခြင်း
  2. ဓာတ်မှန်ရိုက်ခြင်း
  3. တီဗွီ ဓါတ်မှန် Ultrasound ရိုက်ခြင်း
  4. ကွန်ပျူတာ ဓါတ်မှန် CT ရိုက်ခြင်း

ယေဘူယျ အားဖြင့်တော့ ၄င်း စမ်းသပ်မှုများကို ပြုလုပ်လေ့ မရှိပါ။ အများ အားဖြင့်တော့ ဆရာဝန်က နှာခေါင်း ပါးစပ်နဲ့ လည်ချောင်း တို့ကို စမ်းသပ် တာနဲ့ပဲ ရောဂါအဖြေကို ရရှိ နိုင်ပါတယ်။ လိုအပ်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူ ဆီမှာ ပြသင့်ပါတယ်။ လိုအပ်လျင် ၄င်းပါရဂူမှ နှာခေါင်းအတွင်းသို့မှန်ပြောင်းထည့်စမ်းသပ်ခြင်းပြုလုပ်ပါလိမ့်မည်။

နောက်ဆက်တွဲဆိုးကျိုးများ
ခဏတဖြု တ်ရောဂါကို မကုသ ဘဲထားလျင် နာတာရှည် ထိပ်ကပ် ရောဂါ ဖြစ်သွား နိုင်ပါတယ်။ ၄င်းရောဂါကို ကုသမှု မခံယူ သော အခါတွင် ဖြစ်စေ၊ ကုသမှု ခံယူပါ လျက် ဆေးမတိုး သောကြောင့် ဖြစ်စေ အသက် အန္တရာယ်ကို စိုးရိမ်ရသော အခြေနေများ ထိ ဖြစ်သွား နိုင်ပါတယ် -

· ဦးနှောက် အမြှေးပါး ရောင်ရမ်းခြင်း

· ဦးနှောက် ထဲတွင် ပြည်တည်နာ ဖြစ်ခြင်း

· အရိုးတွင်း ပိုးဝင်ပြီး အရိုး ရောင်ရမ်းခြင်း များ

ဖြစ်စေနိုင်ပါတယ်

ကုသမှုများ
ရောဂါကြောင့်ဖြစ်နေသောပြဿနာများကိုကုသခြင်း
နာကျင်ကိုက်ခဲခြင်း ဖျားနားခြင်းများရှိလျင် အကိုက်ခဲပျောက်ဆေးများ ( Paracetamol, diclofenac စသဖြင့် …)Antihistamine ( Burmeton , cetirizine, loratidine, Altiva-d) ၄င်း Antihistamine မှာ ဓာတ်မတည့်မှုအား ဆန့်ကျင်သော ဆေးဖြစ်ပါသည်။ ၄င်း၏ အာနိသင်မှာ နှာခေါင်း အယားသက် သာ စေပါသည်။ ဆိုးကျိုးမှာ လူကို လေးလံ ထိုင်းမှိုင်း စေပါသည်။ ယာဉ်မောင်းနှင် သူများ ဆရာဝန်နှင့် တိုင်ပင်ပါ။ Decongestants (Phenylpropanolamine {Decolgen တွင် ပါဝင်သောဆေး}, Phenylpherine) ၄င်းမှာ နှာပိတ်နေခြင်း ၊ နှပ်ချီးများ ဖြင့်ကျပ်သိပ် နေခြင်းအား ယာယီ သက်သာ စေပါသည်။ Decongestant Sprays များကိုလည်း ရက် အနည်းငယ်ခန့် အသုံးပြု နိုင်ပါသည်။ နှာခေါင်း အယောင် သက်သာစေရန် အတွက် Nasal inhalers (Beconase , nasalide , Vancenase) နာတာရှည် ဖြစ်နေသူ များ သည် ဆရာဝန်နဲ့ တိုင်ပင်ပြီး လချီ သုံးနိုင်ပါသည်။ အချွဲအကျိများပိတ်ဆို့ မနေပဲ ချောမွေ့စွာ စီးကျ သွားစေရန် ချွဲပျော် Expectorants ဆေးများ ကိုလည်း သုံးစွဲ နိုင်ပါသည်။ water spray ကိုတစ်နေ့ လျှင် လေးငါးကြိမ် ခန့်ထိ သုံးနိုင် ပါသည်။ Bacteria ကြောင့်ဖြစ်လျင်Antibiotics( ပိုးသတ်ဆေး) (Amoxacillin, Erythromycin, Septrin) စသည့် ပိုးသတ်ဆေး များကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သင့် ပါသည်။ Bacteria ကြောင့် ကြိမ်ဖန် များစွာ ဖြစ်နေသော sinusitis ကိုမူ ပိုးသတ်ဆေး ( Antibiotics ) ခပ်ပြင်းပြင်း (augmentin, Ceftin) စသည် တို့ကို (၄) ပါတ်ခန့်ထိ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သင့် ပါသည်။ ပိုးသတ်ဆေး ကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာသောက်သုံးသင့်ပါတယ်။
ထိပ်ကပ်နာရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ခြင်း

  1. Allergic (ဓာတ်မတည့်စေသော) ဖြစ်စေသော အရာများနဲ့ ထိတွေ့မှု မှ ရှောင်ရှားရန် (ဥပမာ - ခြင်ဆေးခွေ၊ အမွှေးတိုင် ၊ ဖုန်မှုန့် … စသည်ဖြင့်)
  2. ပြတင်းပေါက်များ ဖွင့်ပြီး အိမ်အတွင်း လေ၀င် လေထွက် ကောင်းစေခြင်း
  3. အချွဲများ ပိတ်ဆို့ မနေစေရန်အတွက် ညအိပ် သည့်အခါ ဦးခေါင်းကို အနည်းငယ် မြှင့်ပြီး အိပ်ခြင်း
  4. Decongestants များကိုဆရာဝန်ဖြင့်တိုင်ပင်ပြီးသတိဖြင့်အသုံးပြုခြင်း
  5. ဆေးလိပ် မသောက်ခြင်း
  6. ရောဂါ ဖြစ်နေသော သူနှင့် ထိတွေ့မှု မရှိစေခြင်း
  7. အာဟာရ မျှတစွာ စားခြင်းနှင့် ကိုယ်လက် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း တို့ဖြစ်ပါသည်။

စာကြွင်း။ ။ Searchers-Myanmar ရဲ့ Health Messenger ကရတဲ့ ဗဟုသုတလေးကို ပြန်ရှဲလိုက်တာပါ။

Wednesday, October 15, 2008

ကိုယ်တိုင်ကတော့ အလုပ်မရှိအကိုင်မရှိ

ကိုယ်တိုင်ကတော့ အလုပ်မရှိအကိုင်မရှိ
စင်ကာပူမှာ ရှာဖွေဆဲ
ရွာကျော်ပီး အင်္ဂလန်က အလုပ်တွေတောင် လှမ်းလျှောက်လိုက်သေး(တော်တော် အညင်ကတ်ဖို့ကောင်းပါ၏)
ကီးဘုတ်ကမြင်းပြီး သံလွင်ဖိုရမ်မှာလဲ သွားတင်ထားတယ်
ကြုံရင် ဒီမှာ သွားကြည့်ကြဖို့ လက်တို့လိုက်တယ်နော်။
နောက်ထပ် scholarships information တွေရှိသေးတယ်။ စိတ်ဝင်စားလို့ ပို့ပေးပါဆိုရင် မေးလ်အကောင့်လေး ကွန့်မန့်မှာ ချခဲ့နော်။
ခုလက်ရှိပို့ပေးနေတဲ့ လစ်ထဲထည့်ပီး ပို့ပေးလိုက်မယ်လေနော်...

Tuesday, October 14, 2008

သီတင်းကျွတ်လပြည့်ညအမှတ်တရ နှင့် ......

ဒီနေ့ သီတင်းကျွတ်လပြည့်ညရောက်ပြန်ပြီပေါ့ဏော် (လပြည့်သလို ဆန္ဒတွေသာပြည့်မယ်ဆိုရင် ဆုတောင်းခွင့်လေး ရချင်ပါရဲ့)

ငယ်ကတည်းက မန်းမှာ သီတင်းကျွတ်လပြည့်ညတိုင်း ဆီမီးတွေထိန်ထိန်လင်းအောင်ထွန်းထားတဲ့ မန်းမြို့အနှံ့ကို ဆိုင်ကယ်နဲ့ လျှောက်ပတ်ကြည့်ဖြစ်တယ်။ ဘုရားကြီးကိုသွားတယ်။ ကျုံးကြီးကိုလဲ တစ်ပတ်ပတ်တယ်။ မန်းလေးတောင်ပေါ်တက်တယ်။ လွမ်းပါတယ် မန်းရယ်...

တစ်ခုသောညမှာ ဦးဘဂျမ်းကာတွန်းတွေကြည့်ပြီး ရန်ကုန်မြို့အနှံ့လျှောက်ပတ်ဖူးတယ်။ (သီတင်းကျွတ်ညလေးတစ်ည သတိရမိပါတယ်၊ ချစ်တဲ့ကောင်လေးတစ်ယောက် အတွဲလေးလည်းမရှိပါတယ်..) ငယ်ရွယ်နုပျိုပျော်ရွှင်ဖူးတုန်းက ရင်ခုန်သံတွေ ပြန်ကြားနေသေးတယ်ကွယ်...
အဟီး အဲဒါ တန်ဆောင်တိုင်ညတဲ့ဗျ(မွှားတွားလို့) အမှန်ကဒီမှာ- ဟိုးတုန်းက အမှတ်တရ သီတင်းကျွတ်လပြည့်ည

ထိုတစ်ညကတော့ duty ကျနေလို့ စာသင်နေရင်း ပြတင်းတံခါးပေါက်ကနေပဲ မိုးကုတ်မြို့ရဲ့ အောင်ချမ်းသာဘုရားက ဆီမီးတွေ ပူဇော်ထားတာကို သပ္ပါယ်ကြည်ညို ဖူးပါရဲ့။ ဒီတုန်းကတော့ ရင့်ကျက်စပြုပြီပေါ့...

အဲဒီတစ်ညမှာတော့ ငါတို့တစ်တွေ ရင်ခုန်တုန်လှုပ်စွာ မီးပုံးပျံတွေ လွှတ်ကြတယ်။ ဖယောင်းတိုင်လေးတွေ ထွန်းလို့ တောင်းဆုတွေပြုအမျှဝေမှုတွေ လုပ်ခဲ့ကြဖူးတယ်။ ( အဲဒီတုန်းက ငါ့အနားက အနီးဆုံးနင်တစ်ယောက် ခရီးသွားနေတယ်လေ) မနေ့တစ်နေ့ကလိုပဲ မှတ်မိသေးတယ်လေ။

ဒီနှစ်ရဲ့တစ်ညကတော့ ငါလဲ တစ်ယောက်တည်း နင်နဲ့ဆို ဟိုးအဝေးကြီးက ကျွန်းလေးမှာ ရောက်နေပြီး ကောင်းကင်ပေါ်က ၀ိုင်းဝိုင်းစက်စက် လမင်းကြီးကို ငေးမျှော်ကြည့်ရင်း အလင်းတိုင်တစ်တိုင်နဲ့ နင့်အတွက် ဆုတောင်းပေးနေမယ်။ လကအပြည့်ဝဆုံးအချိန်မှာ နင်လဲ မော့ကြည့်ခွင့်မရပေမဲ့ မှန်းကြည့်ပြီး ငါ့ရင်ထဲက ဆုတောင်းစကား နင်ကြားနိုင်ပါစေ။ နင့်ရဲ့ ရင်ကွဲပက်လက်နံနက်တွေ အမြန်ကုန်ဆုံးပါစေ သူငယ်ချင်းရေ။

အော် အယ်ဒီတာကြီးရေ မကြာခင်ဒီရက်ပိုင်းအတွင်း နင်တို့ရဲ့ သံလွင်အိမ်မက်လဲ ထွက်တော့မယ်နော်။ သီတင်းကျွတ်ရဲ့ အငွေ့အသက်တွေ အပြည့်နဲ့လေ...

Sunday, October 12, 2008

ပင်ပန်း နွမ်းနယ်ခြင်း နှင့် ကျန်းမာရေး ပြဿနာများ(Health Messenger-1)

ပင်ပန်း နွမ်းနယ်ခြင်း နှင့် ကျန်းမာရေး ပြဿနာများ

"ပင်ပန်း လိုက် တာ ဆရာရယ်၊ကျွန်မ အိပ်ရေး လည်း ၀ပါတယ်။ အစားလည်း မှန်ပါတယ်။ ဒါပေမယ့် အမြဲတမ်း နုံးချိ နေတာပဲ။ အလုပ် မှာ လည်း ထူးပြီး မပင်ပန်း ပါဘူး။ ဘာဖြစ်မှန်း ကို မသိပါဘူး ဆရာရယ်"

(၃၅) နှစ်အရွယ် အမျိုးသမီး တစ်ယောက်ရဲ့ ပြဿနာပါ။ တစ်ချို့က လည်း အားနည်းတယ် ဆိုပြီး အကြောဆေး ထိုးပေးပါ ဆိုတာမျိုး လည်း ရှိတတ် ပါတယ်။ ညဘက် ၇-၈ နာရီ အိပ်တယ်။ အစားအသောက် လည်း ပုံမှန် စားတယ်။ သာမန် အိမ်မှု ကိစ္စလေးတွေ တောင် မလုပ်နိုင် လောက်အောင် ပင်ပန်း နွမ်းနယ် နေပြီ ဆိုရင်တော့ သင့်မှာ ငုတ်လျှိုး နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုခုရှိနိုင်တယ် ဆိုတာ သတိပြု သင့် ပါတယ်။ ဘယ်လို ပြဿနာတွေလဲ…ကြည့်ကြရအောင်…
(၁)သွေးအားနည်းခြင်း(Anemia)
လူတော်တော် များများဟာ မိမိကိုယ်တိုင်သွေး အားနည်း နေတာကို သတိမထားမိ တတ်ကြပါဘူး ။ သွေးထဲမှာရှိတဲ့ ဟေမိုဂလိုဘင် ပမာဏ ဟာ အမျိုးသား များမှာ ၁၃.၈ - ၁၇.၂ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပြီး အမျိုးသမီး များ မှာတော့ ၁၂.၁- ၁၅.၁ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပါတယ်။ ရာသီသွေး ဆင်းခြင်း၊ သားအိမ် အတွင်း အကျိတ်ကြောင့် သွေးဆင်းခြင်း ၊ လိပ်ခေါင်း ရောဂါ စတာ တွေ ကြောင့် သွေး ဆုံးရှုံးမှု ဖြစ်ပွားကာ သွေးအားနည်း ရောဂါ ရရှိနိုင် သလို၊ အစား အသောက်ရှောင် သူ ။ သတ်သတ် လွတ် ကြာရှည် စွာ စားသုံးသူ တွေမှာ လည်း သွေး အားနည်း ရောဂါ ရဖို့ အခွင့်အလမ်း ပိုများ ပါတယ်။ သွေးထဲမှာ ဟေမိုဂလို ဘင် ပမာဏ နည်းလျှင် တစ်ရှူး နှင့်ကြွက်သားများကို အောက်ဆီဂျင် လုံလောက်အောင် မထောက်ပံ့နိုင်တော့ပါဘူး ။ဒါကြောင့် ပင်ပန်း နွမ်းနယ်မှု ဝေဒနာ ကို ခံစားရ တတ်ပါတယ်။ အစိမ်းရင့် ရောင် ရှိသော အသီး အရွက်များ၊ အသားနှင့် ငါးများ ကို မျှတအောင် စားသုံး သင့်ပါတယ်။ သံဓါတ် အား တိုးဆေး များ ကိုလည်း လိုအပ်လျှင် သောက် သုံး ရပါမယ်။ လိပ်ခေါင်း ကဲ့သို့ ရောဂါများ ကိုလည်း ပျောက်ကင်းအောင် ကုသခြင်း ဖြင့် သွေးအား နည်းရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

(၂)သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်း(hypothyroidism)
သိုင်းရွိုက်ဂလင်း ဟာ လည်ပင်းမှာ ရှိပြီး သေးငယ် တဲ့ လိပ်ပြာ ပုံသဏ္ဍန် ဂလင်း လေး ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်း အားနည်း နေတဲ့ သူဟာ အမြဲလိုလို နှေးကွေး လေးလံ နေတတ်ပြီး စိတ်ကျ ရောဂါ လည်း ရှိနေ တတ်ပါတယ်။ အမေရိကန်မှာ အသက် (၆၀) အရွယ် အမျိုးသမီး ၁၇% မှာ သိုင်းရွိက် အားနည်း ရောဂါ ခံစား နေရပြီး hashimoto's thyroiditis ခေါ် ကိုယ်ခံ စွမ်းအား စနစ်က သိုင်းရွိုက် ဆဲလ်ေ တွ ကို ဖျက်ဆီး ပစ်တဲ့ ရောဂါ ဟာ အဆိုပါ အမျိုး သမီး တွေမှာ အဓိက ပြဿနာဖြစ် ပါတယ်။ T3,T4 ခေါ် သိုင်းရွိုက် ဟိုမုန်း ပမာဏ နည်းနေ တတ်ပြီး သိုင်းရွိုက် ဟိုမုန်း အစားထိုး ကုသခြင်း ဖြင့် တက်ကြွဖျတ် လတ်တဲ့ဘ၀ကိုပြန်လည်ရရှိနိုင်ပါတယ်။

(၃)ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးပူခြင်း၊ ဆီးကျဉ်ခြင်း၊ ကိုယ် အပူချိန် တက်ခြင်း စတာ တွေဟာ ဆီးလမ်းကြောင်း ပိုဝင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သို့ပေမယ့် လူတိုင်း တသမတ် တည်း ခံစားရတာ မဟုတ်ပါဘူး။ တစ်ချို့ အမျိုးသမီး တွေဆို လျှင် မောပန်း နွမ်းနယ် ရုံ သက်သက်သာ ခံစား ရပါတယ်။ တခြား ဘာလက္ခဏာ မှ မပြတတ် ပါဘူး။ ဆီးလမ်းကြောင်း တစ်လျှောက် မှာရှိတဲ့ ဘက်တီးရီးယား တွေ ဟာ အဓိက ပြဿနာ ဖြစ်ပါတယ်။ တကိုယ်ရည် သန့် ရှင်းရေး အားနည်းသူ တွေမှာ ခဏခဏ ဖြစ်ပွား တတ်ပါတယ်။ ပဋိဇီဝ ဆေးတွေနဲ့ ကုသ နိုင်ပြီးတစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ရပါမယ်။

(၄)ကဖင်းဓါတ်
ကျွန်တော်တို့ ပင်ပန်း နွယ်နယ်နေ ချိန်ဆိုရင် ကော်ဖီတစ်ခွက် ၊ကိုလာတစ်ဘူးသောက်လိုက်ရရင် ပြန်လည် အားပြည့် လာ သလို ခံစား ရပါတယ်။ ဒါပေမယ့် တစ်ချို့သူ တွေမှာ တော့ ဆန့်ကျင်ဘက် အကျိုးရ လဒ် တွေပြ တတ်ပါတယ် ။ ကော်ဖီနဲ့ ကိုလာ ကဲ့သို့ အဖျော်ယမ ကာ များကို စွဲစွဲ လမ်းလမ်း သောက် သုံး ရင်တော့ ပင်ပန်း နွမ်းနယ်ပြီး လေးလေး မှိုင်မှိုင် ဖြစ်နေ တတ်ပါတယ်။ ညဘက် အလုပ်ဆင်း ရတဲ့ ဆရာဝန် သူနာပြု တော်တော် များများ ဟာ ကော်ဖီ တော်တော် သောက် ကြ ပါတယ်။ ကော်ဖီ သောက်မှ လန်းဆန်း မယ် ဆိုပြီး လိုအပ်တာ ထက်ပိုသောက်ရင်တော့ဥပါဒ်ဖြစ်တတ်တယ်ဆိုတာသတိပြုသင့်ပါတယ်။

(၅)အစားအသောက်မတည့်ခြင်း
ကျွန်တော်တို့ တွေနေ့စဉ် လှုပ်ရှား သွားလာ ဖို့၊ အားအင်ပြည့် ဖြိုးပြီး လန်းဆန်း တက်ကြွ နေဖို့ အတွက် အစား အသောက်ကို ညီညွတ် မျှတ အောင် စားနေ ရပါတယ်။ သို့ပေမယ် သတိ မထားမိတဲ့ အစားမတည့် သည့် ပြဿနာ (Food allergy) ရှိနေတတ် ပါတယ်။ စားသောက်ပြီး အင်ပြင် တွေထ၊ အသက်ရှု တွေ ကျပ်လာမှ ဓါတ် မတည့်တာလို့ အများ ကသိ ထား ကြပါတယ်။ တစ်ချို့ အစား အသောက် တွေက လက္ခဏာ ကြီးကြီး မားမား မပြ တတ်ပါဘူး ။ စားသောက်ပြီး အားပြည့် သလိုမခံစားရပဲ ပင်ပန်းနွမ်းနယ်နေ တတ် ပါတယ်။ အစား အသောက် တစ်ခုခုစားပြီး(၁၀) မိနစ်အတွင်း အိပ်ချင် လာတယ် ၊နုံးချိချိ ဖြစ်လာတယ် ဆိုလျှင်တော့ အဲဒီ အစား အသောက် နဲ့ မတဲ့ဘူးဆိုတာသံသယ၀င်သင့်ပါတယ်။

(၆)အိပ်နေစဉ်အသက်ရှုရပ်ခြင်း(sleep-apnea)
ဒါနဲ့ ပက်သက်လို့ အရင်လည်း ရေးခဲ့ ဘူးပါတယ်။ အိပ်နေစဉ် မှာ အသက်ရှူ လမ်းကြောင်း ပိတ်ပြီး လန့်နိုးလာ တတ်ပါတယ်။ အ၀လွန် ရောဂါ သည်တွေမှာ အဖြစ်များ ပြီး ညဘက်အိပ် လျှင်ဟောက် တတ်ကြပါ တယ်။ အလုပ်မှာ အမြဲ အိပ်ငိုက်နေ တတ်ပြီး တက် တက် ကြွကြွ ဖျတ်ဖျတ် လတ်လတ် မရှိ ပါဘူး။ ပင်ပန်း နွမ်း နယ်ရုံ သာမက နှလုံးသွေး ကြော ကျဉ်းရောဂါ၊ လေဖြတ်လေ ငန်းရောဂါတွေ ခံစား ရဖို့ အခွင့်အလမ်း ပို များ ပါတယ်။ ဆေးလိပ် အရက် ကို ရှောင်ကျဉ် ပြီး ကို အလေးချိန် ကျအောင် ကြိုးစား ရပါမယ်။ လိုအပ် လျှင်တော့ သင့်ရဲ့ ဆရာဝန်ကအိပ်နေစဉ်မှာသုံးဖို့ကိရိဟာလေးတစ်ခုဝယ်ခိုင်းပါလိမ့်မယ်။

(၇)နှလုံးရောဂါ
နေ့စဉ် ပုံမှန် လုပ်နေတဲ့ အလုပ် တွေဟာ သင့် အတွက် ၀န်ထုပ် ၀န်ပိုး ကြီး ဖြစ်လာမယ် ၊ခြံထဲမှာ လမ်းဆင်း လျောက် တာ လောက် နဲ့မောပန်း နွမ်းနယ် လာမယ် ။ ညအိပ်ရင် ခေါင်း အုံး မြင့်မြင့် လေးနဲ့ မှ အဆင် ပြေတယ်၊ တခြားရောဂါ လည်း ရှာလို့ မရဘူးဆိုရင်တော့ သင့်ရဲ့ နှလုံး ပုံမှန် အလုပ်လုပ် နိုင်ရဲ့ လား ဆိုတာ စမ်းသပ်စစ်ဆေးဖို့လိုလာပါပြီ။
စာဖတ်သူများ ကိုယ်စိတ် နှစ်ပါး ရွှင်လန်း ချမ်းမြေ့ပါစေ။

စာကြွင်း။ ။ Searchers-Myanmar ရဲ့ Health Messenger ကရတဲ့ ဗဟုသုတလေးကို ပြန်ရှဲလိုက်တာပါ။

Friday, October 10, 2008

စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး

စကာင်္ပူရောက်မြန်မာများ ဘ၀ရှေ့ရေးဆိုလို့ ကိုယ်တိုင်ရေးမယ်ထင်ပြီး မမျှော်လင့်ပါနဲ့ဦး။
ကိုယ့်ရှေ့ရေးတောင် ကိုယ်ဘယ်လိုကြုံမယ်မှန်းမသိသေးလို့။
mandalar.net community မှာ ဒီပို့စ်လေး ရှဲထားတာတွေ့လို့သွားဖတ်မိတာပါ။
စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး

ဆန်းသစ်
အင်္ဂါနေ့၊ ဇွန်လ 24 2008 23:48 - မြန်မာစံတော်ချိန်

စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။ ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့ ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။

မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။ ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့ အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင် ၀င်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။

အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့ သူများအတွက် အထူးပြုပါမယ်။

အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။

-------------------
-------------------
(ကျမကတော့ ဒီအဆင့်(၂) ကိုပဲရွေးပီး ဖတ်လိုက်တယ်လေ။)
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်

ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ် လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။

စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁) နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။ အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့် ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့ ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅ နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင် ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။ တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။ ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။

သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁ နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ - http://www.mingalaronline.net/education/ သြစတြေလျားကို ပြောင်းရွှေ့ဖို့ အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။

ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။

ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့် ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊ သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။

အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့် ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။ ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင် ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။

အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။

အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။ အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့ အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့ စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 = S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀ အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ် ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့ အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ ကနေ တနှစ်လောက်ကြာမယ်။ စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့ အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer, Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။ ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့ အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ် လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင် ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့ မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ ကြာပြီပဲ။ မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့် ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး ဆိုတာလည်း သိထားရမယ်။
-------------------
-------------------
-------------------
-------------------

စဉ်းစားကြပါ မိတ်ဆွေတို့။ သြစတြေးလျားကို ချောင်းနေသူတွေလည်း ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊ သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက် တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။

ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။ လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။

၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ ရေးရကျိုးနပ်ပါတယ်။


ဆန်းသစ်

အစအဆုံးဖတ်ချင်ရင်တော့ aungsayarpyi.blogspot.com မှာလဲ ဖတ်လို့ရပါတယ်။

Thursday, October 9, 2008

ခါးသက်သက် ဘ၀တကွက်

တခါတလေတော့လည်း
ဘ၀က ခါးသက်သက်
လွယ်မယောင်နဲ့ခက်

ထင်သလောက်မလွယ်တာလား
ထင်တာထက်ပိုခက်တာလား
ဘာမှန်းမသိတော့ပါလား

လွမ်းရေးထက် ၀မ်းရေးခက်
ကံကြမ္မာက တအားရက်စက်
အလုပ်ရှာရင်း အသက်ထွက်..

အဟိဟိ ဘာရယ်မဟုတ် အလုပ်မရလို့ ဒီကဗျာ စပ်လိုက်တာ
စိတ်မပူပါနဲ့ လာမခြောက်ဘူးနော်..
အော်..ပိုပူနေဦးမယ် အေးဆေးပါ အားလုံးပုံမှန်ပဲ :P








Wednesday, October 8, 2008

ကမ္ဘာပတ်နေသလား ဂူဂူးရေ

ကိုယ်ကလဲ အလုပ်ရှာမရသေးတာနဲ့ပဲ သွားမလည်ဖြစ်တာ ကြာနေတဲ့ ဂူးဂူးရဲ့ ဘလော့လေးကို ရောက်သွားရင်း မကြာခင် စင်ကာပူလာမယ်ဆိုတဲ့ status လေးဖတ်မိလို့ မေးလ်ပို့လိုက်တာ သူကတော့ အရင်အပတ် တနင်္လာကတည်းကရောက်နေတယ်ဆိုပဲ။ အဲဒါနဲ့ သူ့ဆီဖုန်းဆက်ချိန်းပြီး မနေ့ညကတော့ Toapayoh Central ထဲက food court မှာ ညစာသွားစားဖြစ်တယ်။ local food ပဲစားချင်တယ်ပြောလို့ သူ့အတွက် Laksa မှာပေးလိုက်တယ်။ ကိုယ်တွေကတော့ကြိုက်ပေါင် hot pot အသေးလေးပဲစားတယ်။ တော်ပါသေးရဲ့ သူကကြိုက်တယ်ပြောလို့။ (မယ်လိုဒီကတ်စေးနှဲပြီး ဒါလေးပဲကျွေးတယ် ပြောနဲ့နော်၊ သူစားမယ်ပြောတာ လိုက်ကျွေးမိတာ) စားရင်း သောက်ရင်း စကားတွေ ဖောင်ဖွဲ့ပြောကြ(အလုပ်မရသေးတဲ့ အကြောင်းတွေလဲပါရဲ့)။ F1ကားပြိုင်ပွဲပြီးမှ တစ်ရက်နောက်ကျရောက်လို့ ကိုယ်တွေလို ကားသံတွေနားထောင်ပြီး သူရင်မခုန်လိုက်ရဘူးဆိုတာ စကားစပ်မိသွားတယ်။ ကိုယ်တွေကတော့ ဟိုနားချောင်း ဒီနားချောင်း သေချာမမြင်ရပါပဲ အသံတွေကြားပြီး နားထောင်ရတာကို တွေ့တုန်းလေး မစားရ၀ခမန်းပြောပစ်လိုက်တယ်(အကျင့်ကိုကနော် ကောင်းဘူး အဟိဟိ)

နောက် စကားပြောလို့ဝတော့ တိုပါရိုးဘုန်းကြီးကျောင်းတော့မသွားချင်ဘူးဆိုတဲ့သူ့ကို HDB Hub ရှေ့မျက်နှာချင်းဆိုင်က Toapayoh Town park ထဲပဲလိုက်ပို့လိုက်တယ်။ ပြီးတော့ တက္ကဆီနဲ့ပြန်မယ်ပြောတာကို အတင်းကြီး MRT စီးခိုင်းလိုက်တယ်။ အဟိဟိ ပြီးမှ ပြန်ရောက်ပြီလား sms ပို့ပြီးပြန်မေးရတယ်(ကိုယ်တိုင်လဲ ပြန်မပို့ပဲနဲ့ ဒွတ်ခပေးတာ)

ဒီနေ့မနက် သူ့status ဖတ်မိတော့ နောက်အပတ်စလုံးကပြန်ရင် တရုတ်ပြည်သွားဦးမယ်ဆိုလားပဲ။
ဒါကြောင့် ကမ္ဘာပတ်မလို့လားဂူးဂူးရေလို့ပဲ မေးချင်သေးတယ်။ US ပြန်ရောက်ရင်တော့ ခရီးသွားဓာတ်ပုံတွေ ကြည့်ချင်ပါသေးသဗျို...

Saturday, October 4, 2008

MMITPROS SG Oct Meet-up

အရင်တစ်ပတ်စနေက မြန်မာကျူးပစ်ဖိုရမ်မင်ဘာတွေ gathering လုပ်တုန်းကတော့ အချစ်စမ်းတဲ့လူတစ်စုကြောင့် မသွားဖြစ်လိုက်ဘူး။
ဒီနေ့တော့ MyanmarIT Pros SG ရဲ့ October Meet-up ကတော့ East Coast မှာညနေက လုပ်ဖြစ်တာ မဖြစ်မနေသွားလိုက်တယ်။ ပြောဖြစ်တာ ဆွေးနွေးဖြစ်တာတွေက အများကြီးဗဟုသုတရပါတယ်။ ပျော်ပျော်ရွှင်ရွှင်တွေ့ကြ အတွေ့အကြုံတွေ ပညာတွေဖလှယ်ကြ အပြန်အလှန်ရင်းနှီးကြပေါ့နော်။
MrDBA ကတော့ မနက်ကပဲ ရန်ကုန်ပြန်သွားလို့ ဒီနေ့ပွဲမှာ မတွေ့လိုက်ရတော့ဘူး။ လူဟောင်း ၅ယောက်လောက်ပဲပါပြီး ကျန်တာ လူသစ်တွေမို့ ၀မ်းသာစရာပါပဲ။ လူဟောင်းတွေဒီထက်ပိုပါနိုင်ရင်တော့ ပိုဝမ်းသာမှာပေါ့။ ဂျပန်ကနေ အိုကိစံဆိုတဲ့ အစ်ကိုကြီးတစ်ယောက်လဲ ည ၁၁ခွဲ လေယာဉ်နဲ့ ဂျပန်မပြန်ခင် အပြေးအလွှား လာရောက်တွေ့ဆုံသွားတဲ့အပြင် လက်ဆောင်ပါပေးသွားသေးသမို့ ပျော်၏။ ည ၁၀နာရီမှ အိမ်ကို အမောတကော ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်း အွန်လိုင်းတက်တာနဲ့ မေးလ်စစ်တော့ ဓာတ်ပုံလေးရလို့ ချက်ချင်းတင်လိုက်ပါတယ်။ သိုင်းခရု organizer ကိုဂျွန်မိုးရေ၊ အကျွေးအမွေးအစီအစဉ်အတွက် အပင်ပန်းခံပေးတဲ့ မဒမ်ဂျွန်မိုးရောဗျို

Thursday, October 2, 2008

Muzicons နဲ့သီချင်းတွေ ရှဲမယ်လေ

ချစ်စရာ emotion အိုက်ကွန်းလေးနဲ့ mp3 widgets လေးကို ကိုယ့်ရဲ့ ဘလော့မှာ website မှာ ကိုယ်ကြိုက်လွန်းတဲ့သီချင်းတွေ ရှဲကြမယ်လေ။

Muzicons.com က mp3 ဖော်မတ်သီချင်းတွေကို widget လေးနဲ့ upload လုပ်ဖို့ ဖန်တီးပေးမယ်။ emotion icon လေးရယ် widget type တို့ background color တို့ကို upload မလုပ်ခင် အရင်ရွေးပေးထားပြီး register လုပ်စရာမလိုပဲ 20MB ထိ ဖိုင်ဆိုဒ်ရှိတဲ့ သီချင်းတစ်ဖိုင်ကို upload လုပ်လို့ရတယ်လေ။

အခုကျမ ထပ်တလဲလဲ နားထောင်တဲ့ ဒီသီချင်းလေးနှစ်ပုဒ်ကို ရှဲလိုက်တယ်။

နားထောင်ကြည့်နော်



P.S: this post's credits go to Myo Kyaw Tun.

Big Pool Side Party @ Rupar Mandalar Poolside

မနက်ဖန် october 3ရက် သောကြာနေ့ည၊ မန်းလေး ရူပါမန္တလာဟိုတယ်ရဲ့ pool side မှာ DJ ၆ယောက်ဖြစ်တဲ့ Dj LEO , Dj KP , Dj Chicz Co Co ,Dj KAVAS , Dj CLEAN ,DJ FREDY !!!
Main Sponsor ကတော့ GTR INTERNET & NET GAME!!!
Co sponsors များက ' Dagon Beer , Greendays digital IT show room ,
Mandalay Donuts & Media Smile Vinyl printing တို့ဖြစ်ပါတယ်

လက်မှတ်တစ်စောင်ကို ၈၀၀၀ ကျပ်နှုံးနဲ့ ဒဂုံဘီယာ သို့မဟုတ် coke တစ်ဗူး free drink ရမှာဖြစ်ပြီး လက်မှတ် ၈စောင်ဝယ်ရင်လဲ တစ်စောင် အလကားရမှာဖြစ်ပါတယ်

ဆက်သွယ်စုံစမ်းနိုင်တဲ့ဖုန်းနံပါတ်များက 02-60749, 09 2016561 , 09 2015015 , 09 2000313, 09 2003172

Have a golden_full day!!! ပါနော်

အသေးစိတ်ပိုသိချင်သေးရင် မြန်မာ DJ တို့ရဲ့ ဒီနေရာမှာ သွားဖတ်ကြည့်နော်

Wednesday, October 1, 2008

လူတစ်ခု ပူမှုဆယ်ကုဋေ

ခေါင်းစဉ်တပ်ထားတာကြည့်ပီး လာဖတ်တဲ့သူတွေ စိတ်ညစ်ပါနဲ့ဦးနော်
အပူတွေမျှတယ်ရယ်လို့မဟုတ်ပါဘူး
ဒီရက်အတောအတွင်း ကိုယ်တွေအပါအ၀င် ကြုံရကြားရ နားဝမှာရော ရင်ထဲမှာပါ မသက်မသာခံစားရလို့ပါ။
ဟိုးအဝေးကြီးက နွေရာသီကုန်လို့ ဆောင်းဦးပေါက်ရောက်နေတဲ့ တစ်နိုင်ငံက သူငယ်ချင်းလေးကလဲ ဘာတွေတွေ့ကြုံစိတ်ညစ်နေလဲမသိ စိတ်ညစ်သတဲ့
ဟိုတစ်လောက သွားလည်ဖြစ်တဲ့ နိုင်ငံက သူငယ်ချင်းလေးကလဲ လူမှုရေးရော အလုပ်ပါပါမယ်ထင်တယ် အဆင်မပြေတာတွေများ ကံများမကောင်းလေသလား စိတ်ညစ်သတဲ့
ကျမကလဲ အလုပ်ကရှာမရသေး အိမ်ပြောင်းဖို့အရေး အလုပ်တွေရှုပ်သွားလို့ စိတ်ညစ်နေခဲ့ပါရဲ့ (ခုတော့ ပြောင်းပြီးသွားပီ)
ရန်ကုန်မှာတုန်းက အလုပ်အတူလုပ် ထရိန်နင်းအတူဆင်းခဲ့တဲ့ သူငယ်ချင်းလေးကလဲ ဗီဇာနှစ်ပတ်သာကျန်တော့တာ အလုပ်အတွက် အင်တာဗျူးက နှစ်ခါပဲဖြေရသေးတော့ ဘာဆက်လုပ်ဖို့ မဆုံးဖြတ်နိုင်သေးပဲ စိတ်ညစ်နေပုံပဲ
အခန်းမှာ အတူနေတဲ့ အသက်နှစ်ဆယ်စွန်းစွန်း ညီမငယ်လေးကလဲ အလုပ်တဖက် supply ထိတာကတစ်ဖက်နဲ့ အဖြေရှာခက်အောင် စိတ်ညစ်သတဲ့
ဟိုးအဝေးကြီးက ဆရာဝန်အစ်ကိုကြီးတစ်ယောက်ကလဲ .....စိတ်ညစ်သတဲ့
အင်း...အဲဒါတွေကို ဘယ်လိုကူဖြေရှင်းပေးရမလဲလေ
ပြောမယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကို မကူနိုင်တဲ့အခါ ကိုယ်လဲကိုယ့်အပူနဲ့ကိုယ် ရှိတဲ့အခါ
အော်...လူတစ်ခု ပူမှုဆယ်ကုဋေ အော်သာငိုလိုက်ချင်တယ်လေ
ဒါပေသိ အဲလိုနဲ့ ပီးသွားမှာမဟုတ်
ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲဟုတ်
ကိုယ့်ကိုယ်ကိုလဲအားပေးတယ်
သူငယ်ချင်းတွေကိုလဲ အားပေးချင်တယ်

အမှောင်ဆုံးသန်းခေါင်ပီးရင် အာရုဏ်နဲ့အတူ ရောင်နီဦးအလင်းရောင်လာမယ်လေ

555
5tee
Never Never Give up!