Friday, February 29, 2008

လက်တို့ပါရစေ..

လာမဲ့ အင်္ဂါနေ့ ၄ရက်မတ်လမှာ ဆီမီနာ တခုရှိပါတယ်ဗျို။
ဟောပြောမဲ့ ခေါင်းစဉ်က Communication Technology & IT in the Future ပါတဲ့။
ဟောပြောပေးမဲ့သူကတော့ ပရော်ဖက်ဆာ ဒေါက်တာ သိန်းဝင်း၊ Germany က နာမည်ကြီး T-Mobile company မှာ Consultant ရာထူးနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး မြန်မာမှာကတော့ Physics နဲ့ ဘွဲ့ရပြီးမှ နိုင်ငံခြားတက္ကသိုလ်တွေကနေ ဒေါက်တာဘွဲ့ ရထားပြီး သူလုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ တကွ ပရိုဖိုင်းက A4 နှစ်မျက်နှာစာလောက်တောင် ရှိပါတယ်တဲ့။
ပြောမယ်ဆိုရင် နည်းပညာတွေချည်း ဟောပြောမှာ မဟုတ်သော်လည်း ဒီဆီမီနာလေးကို သွားနားထောင်ဖို့ worthy ဖြစ်မယ်လို့ ယူဆမိတဲ့အတွက် သူငယ်ချင်းတို့ကို လက်တို့ ပြောလိုက်ပါရစေနော်။

နေရာက MICT Park ထဲက အခန်း အမှတ် 205
အချိန်က ၄ရက်မတ်လ(အင်္ဂါနေ့ ) နေ့လည် 1နာရီမှ 4နာရီ
သိချင်တာလေးတွေရှိရင်တော့ MICT ကိုပဲ ဆက်သွယ်မေးမြန်းကြပါနော်။

ကျမလဲ နည်းပညာက ဘယ်လိုအနာဂတ်မျိုးလဲ ၊ ဆရာက မြန်မာပြည်ရောက်နေတုန်း ဘာကြောင့် ဒီဆီမီနာလုပ်ပြီး ဟောပြောပေးသွားသလဲ နဲ့ ကျမ တခုခု သူများထက် ခြေတလှမ်းသာပြီး ဒီဆီမီနာကနေ ဘာအသိတရားတွေရနိုင်မလဲ စိတ်ဝင်စားလွန်လွန်းလို့ ရုံးကနေခွင့်ယူပြီး သွားဖြစ်ပါဦးမယ်လေ။

Wednesday, February 27, 2008

နှစ်သစ်သင်္ကြန်အခါတော်ပွဲ ဆင်နွှဲကြရအောင် ...

အထူးအစီအစဉ်တရပ်အနေနဲ့  - - - - -

ဘန်ကောက် - ချင်းမိုင် - ဘန်ကောက် (၁၂ ဧပြီလ မှ ၁၇ ဧပြီလ ၂၀၀၈)

( ၅ ည ၆ ၇က် ) ခ၇ီးအစီအစဉ်
၁၂ ဧပြီလ ၂၀၀၈ -
လေယာဉ် ဖြင့်ဘန်ကောက်မြို့  Suwannabhumi လေဆိပ်သို့ မနက် ၀၈း၄၅ နာ၇ီတွင်
ရောက်ရှိပြီး Guide မှဆီးကြိုကာ မြဘုရား(Emerald Buddha )သို့ သွားရောက်ဖူးမျှော်ကြည်ညိုကြ
ပါမည်။ တဆက်ထဲ (Grand Palace ) ထိုင်းဘုရင့် နန်းတော် ကိုအပြင်ဘက်မှ သွားရောက်ကြည့်ရှုကြပါမည်၊ ပြီးလျှင် နေ့ လည်စာကို ထိုင်းစားသောက်ဆိုင်တွင် ကျွေးမွေးဧည့်ခံပါမည်၊
စားသောက်ပြီးပါက ရာမာ ၅ ဘုရင်ကြီး(King Rama the V’s ) ၏ကျွန်းသားအတိနှင့်တည်ထား
ပြီးအခန်းပေါင်း (၃၃)ခန်းပါရှိသော ၀ိမာန်မက်နန်းတော် (Vimanmek Palace) ကို
သွားရောက်ကြည့်ရှုကြပြီး တကျောင်းလုံးကိုကျောက်သားအတိ (Marble) နှင့်ဆောက်ထားသော
(Marble Temple or Wat Benchamabophit ) သို့ သွားရောက်ဖူးမျှော်ကြည်ညိုကြပါမည်၊
ညနေစာကို စားသောက်ဆိုင်တွင်(Set menu ) ကျွေးမွေးဧည့်ခံပါမည်၊
ခေတ္တခဏစားသောက်နားနေပြီးပါက ချင်းမိုင်သို့ ခရီးဆက်ရန် ရထားပေါ်သို့ တက်ရန်ဘူတာတွင်
အဆင်သင့်စောင့်ကြရပါမည်၊

၁၃ ဧပြီလ ၂၀၀၈
မနက်စာကိုရထားပေါ်တွင် Breakfast နှင့် ကော်ဖီ ကျွေးမွေးဧည့်ခံပါမည်၊
၀၉၄၅ နာ၇ီတွင် ချင်းမိုင်မြို့ သို့ေ၇ာက်ရှိပါမည်၊ Guide မှဆီးကြိုကာ ဟိုတယ်သို့  check in
ဝင်ပြီး ခေတ္တခဏနားပြီး နေ့ လည်စာစားရန် စားသောက်ဆိုင်သို့ သွားကြပါမည်၊
စားသောက်ပြီးပါက ချင်းမိုင်တောင်ပေါ်တွင်ရှိသော (Doi Suthep) သို့ သွားရောက် ဖူးမျှော်ကြည်ညို ကြပါမည်၊
ပြီးလျှင် (Phrasing Temple နှင့် Chedi Luang Temple ) များသို့ သွားရောက်ဖူးမျှော်ကြည်ညို
ကြပါမည်၊ ညနေစာကို Kantoke Dinner ဖြင့် ကျွေးမွေးဧည့်ခံပါမည်၊
ပြီးလျှင်ဟိုတယ်သို့ ပြန်ပို့ ပါမည်၊

၁၄ ဧပြီလ ၂၀၀၈
မနက်စာကိုဟိုတယ်တွင်သုံးဆောင်၍ Mae Taman မြို့ သို့ သွားရောက်လည်ပတ်ကာ
ဆင်ရိုင်းများကိုမည်ကဲ့သို့ လိမ္မာယဉ်ကျေးအောင်လေ့ကျင့်သင်ပေးကြောင်းလေ့လာ
ကြည့်ရှုကြမည်၊ Mae Taeng မြစ်တွင်ဆင်ဆွဲသောအပျော်စီးဖောင်များကိုလည်းစီးနိုင်
ပါသေးသည်၊ နေ့ လည်စာစားပြီးလျှင် သစ်ခွခြံသို့ သွားရောက်ကြည့်ရှုကြမည်၊
ချင်းမိုင်သို့ ပြန်လာကာညနေစာစားပြီးဟိုတယ်သို့ ပြန်နားမည်၊

၁၅ ဧပြီလ ၂၀၀၈
မနက်စာကိုဟိုတယ်တွင်သုံးဆောင်၍ Wiang Kum Kam နှင့် Waroros ဈေးသို့ှ့shopping
သွားကြရင်း သင်္ကြန်ရေကစားကြမည်၊ နေ့ လည်စာစားပြီးလျှင် အိမ်တွင်းလက်မှုလုပ်ငန်းများ
ဖြစ်သော ထီးလုပ်ငန်း ။ ပိုးထည်လုပ်ငန်း။ ငွေထည်လုပ်ငန်းများကိုလေ့လာကြမည်၊
ညနေ ၃-၄နာ၇ီလောက်တွင်ချင်းမိုင်ဘူတာကြီးသို့ သွားကာဘန်ကောက်သို့ ပြန်ရန်ရထားစီးကြမည်၊
ညနေစာကို ရထားပေါ်တွင် ကျွေးမွေးဧည့်ခံပါမည်၊

၁၆ ဧပြီလ ၂၀၀၈
ဘန်ကောက်သို့ မနက် ၀၆၄၅ နာ၇ီတွင်ရောက်ရှိ၍ ဘူတာမှဟိုတယ်သို့ ကားဖြင့်ခေါ်
ဆောင်သွားပြီးလျှင် မနက်စာကို ဟိုတယ်တွင်ဘူဖေး သုံးဆောင်ကာ ခေတ္တနားကြမည်၊
၁၀နာ၇ီတွင် ရွှေဘုရား(Wat Trimit)နှင့် လေးမျက်နှာနတ်မင်းကြီး(Erawan)သို့ 
သွားရောက်ကြည်ညိုကြပါမည်၊ နေ့လည်စာစား ပြီးလျှင် Siam Paragon, Siam Aqure, Siam Discovery, Isetan, World Trade နှင့် MBK Centre များတွင် ဈေးဝယ်ကြမည်၊
ညနေစာကို Sky Baiyoke ( ဘန်ကောက်တွင်အမြင့်ဆုံးအဆောက်အဦး)ပေါ်တွင်
သုံးဆောင်ကြရင်းဘန်ကောက်မြို့ ၏ညအလှရှုခင်းကိုရှုစားကြရမည်၊
ဟိုတယ်သို့ ပြန်ကာအနားယူကြမည်၊

၁၇ ဧပြီလ ၂၀၀၈
မနက်စာကိုဟိုတယ်တွင်သုံးဆောင်၍ ၀၆၃၀နာ၇ီတွင် ဟိုတယ်မှ Suwannabhumi လေဆိပ်သို့
ပြန်လည်ပို့ ဆောင်ပေးပါမည်၊
၀၉၄၀ နာ၇ီတွင် လေယာဉ် ဖြင့် ရန်ကုန်မြို့ သို့ ချောမောစွာပြန်လည်
ရောက်ရှိပါမည်၊


တဦးလျှင် ၅၃၀ ဒေါ်လာ (နှစ်ယောက် ရှယ်ယာအိပ်ခန်း)
တဦးထဲတခန်းနေလျှင် ၉၅ ဒေါ်လာ(တစ်ယောက်ခန်းနေ အပိုငွေ) ထပ်ဆောင်းပေးရပါမည်၊
လူဦးေ၇ကန့် သတ်ထားပါသဖြင့် လိုက်ပါလိုသူများ(၂၉ ဖေဖော်ဝါရီ ၂၀၀၈) နေ့ 
နောက်ဆုံးထား၍စာရင်းပေးကြပါရန်၊

Tour Fee တွင်အပါအ၀င်ဖြစ်သည်မှာ- - -
၁၊ ဟိုတယ် (၃)ည (3Star Class)
၂၊ အစားအသောက် (Standard Menu)
(မနက်စာ ၅ နပ်။ နေ့ လည်စာ ၅ နပ်။ ညစာ ၅ နပ် )
၃၊ ဧည့်လမ်းညွှန် (အင်္ဂလိပ်စကားပြော)နှင့်အဖွဲ့ ခေါင်းဆောင် (မြန်မာစကားပြန်)
၎၊ ၀င်ကြေးများ (အစီအစဉ်တွင်ဖေါ်ပြထားသည့်အတိုင်း)
၅၊ လေအေးစက်တပ်ဘတ်(စ်)ကားကြီး (တစီးလူ ၄၀ ဆန့် ကား)
၆၊ ဘန်ကောက် -ချင်းမိုင်-ဘန်ကောက် မီးရထားလက်မှတ်
(အိပ်စင်ပါ-ဒုတိယတန်းလက်မှတ်)
၇၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန် အသွားအပြန် လေယဉ်လက်မှတ်
၈၊ ခရီးသွားအာမခံ

Tour Fee တွင်အပါအ၀င်မဖြစ်သည်မှာ- - -

၁၊ မိမိ၏ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော- -အချိုရည်ဖိုးများ။ တယ်လီဖုံးခများ။
အ၀တ်လျှော်ခများ စသည့်အသေးသုံးများ။
၂၊ ခရီးစဉ်တလျှောက်လုံးအန္တရာယ်ကင်းစွာမောင်းနှင်ပေးသောဒရိုင်ဘာနှင့်
မိမိတို့ အားထိုင်း၇ာဇ၀င်များနှင့်နေ၇ာအနှံ့ ပြည့်စုံအောင်လိုက်လံပြသပေး
ပြီးရှင်းပြသောဧည့်လမ်းညွှန်တို့ အတွက်စေတနာအလျှောက်ဘောက်ဆူးများ။
၃။ လေဆိပ်သုံးစွဲခများ၊ ရန်ကုန်နှင့် ဘန်ကောက် (Airport Tax)
၎။ ထိုင်းဗီဇာခ
၅။ နိုင်ငံကူးလက်မှတ်ဆောင်ရွက်ခနှင့် နိုင်ငံကူးလက်မှတ်ခ

လိုက်ပါလိုသူများ ဆက်သွယ်ရန်
ရန်ကုန်မြို့ရှိ
Agents: SM Tours & Transport Co., Ltd. (http://www.smmyanamr.com)

ဘ၀မှာအောင်မြင်ဖို့...

ကိုစေးထူးရဲ့ နိုင်ငံခြားသွားမယ်ဆိုရင်..ပို့စ်လေးမှာ အားလုံး တူညီလိုအပ်ချက်က ကိုယ်သွားချင်တဲ့ နိုင်ငံရဲ့ ဘာသာစကား အဟန့်အတားကို ကျော်နိုင်ဖို့ ဆိုတာ တွေ့ရသလို ကျမ ငယ်ငယ်ကတည်းက သင်ရတဲ့ english ဆရာ၊ ဆရာမတွေရဲ့ ပြောကြားချက်အရဆိုရင် English စာကိုသာ ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်အောင် ဖတ်နိုင်မယ်ဆိုရင် ဘာသင်တန်းဘာကျူရှင်မှ တက်စရာမလိုပဲ သက်မွေးဝမ်းကျောင်း ပညာတွေကို လေ့လာဖတ်ရှုပြီး သင်ယူတတ်မြောက်နိုင်ပါတယ်တဲ့။
ကျမ အတွေ့အကြုံနဲ့ အမြင်အရဆိုရင်လဲ ခုလို globalization ဖြစ်လာတဲ့ ခေတ်ကြီးမှာ internet ထဲက လေ့လာသင်ယူစရာများစွာကို self study လုပ်နိုင်ဖို့ English စာဟာ အောင်မြင်မှုအတွက် အခိုင်အခံ့ လှေကားတစင်းလို့ ယူဆမိပါတယ်။ ကျမက ငယ်ကတည်းက သင်ထားတဲ့ ဒီ English စာနဲ့ ဘလော့ဂ်တွေ ကဗျာတွေ ဘာသာပြန်တွေကနေ ၀င်ငွေ အနည်းငယ်မှ big income ရတဲ့ အထိ လက်တွေ့ အသုံးဝင်မှုပေါင်းများစွာနဲ့ တန်ဖိုးထားမြတ်နိုးစွာ ဆက်လက် သင်ယူလေ့လာနေဆဲပါ။
ဒါကြောင့် ကိုရန်အောင်ရဲ့ English4Success blog (http://english4success.blogspot.com) လေးမှာ လုပ်အားပေးချာမသွားလုပ်တဲ့ အနေနဲ့ ဒီပို့စ်လေးတင်ထားတာကို ကျမရဲ့ ဒီဘလော့ဂ်ကိုလာဖတ်တဲ့ မောင်နှမတွေအတွက် ပြန်မလာတာ။ အခုထိ အဲဒီဘလော့ဂ်လေးကိုလဲ မသိသေးတဲ့ သူတွေပါ သိရအောင် လမ်းညွှန်ရင်း အဲဒီလို သင်ခန်းစာ ပို့စ်လေးတွေကို အဲဒီဘလော့ဂ်မှာပဲ ဆက်လက်တင်ဆက်သွားမဲ့ အကြောင်း လက်တို့လိုက်ပါတယ်နော်။

ပထမဦးဆုံး စတင်ဆွေးနွေးလိုတာကတော့ အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Eight Parts of Speech ကို ဆွေးနွေးလိုပါတယ်. မြန်မာသဒ္ဒါမှာတော့ ၀ါစက (၈) မျိုးလို့ ခေါ်ပါတယ်ခင်ဗျာ. အဲဒါတွေကတော့

1. Noun (နာမ်)
2. Pronoun (နာမ်စား)
3. Verb (ကြိယာ)
4. Adverb (ကြိယာဝိသေသန)
5. Adjectives (နာမ၀ိသေသန)
6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်) (နေရာရှေ့ဆက်များ)
7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)
8. Interjection (အာမေဍိတ်)

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့ ၀ါစက ရှစ်မျိုးကို အသုံးပြုပြီးတော့ ၀ါကျများကို တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ. ဒီ ၀ါစကရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရင်တော့ English Grammar ကို ပိုင်နိုင်သူတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းအများကြီး ရှိသွားပါပြီလို့ ဦးဦးကထိက က ပြောပါတယ်။

အခု ဆရာမ မယ်လိုဒီမောင်ကနေပြီးတော့ ဒီဝါစင်္ဂ ၈မျိုးကို အခြေခံ ဘယ်လို ထားသိုရေးသားရမလဲဆိုတာ ဆက်လက် ပြောပြချင်တာပါ။
English မှာ sentence construction (၀ါကျ ဖွဲ့စည်းပုံ) မှာ နှစ်မျိုး အရင် ခွဲခြားလိုပါတယ်။ အဲဒါကတော့
Simple sentence (ရိုးရှင်းလွယ်ကူသော ၀ါကျ) နှင့် Complex sentence (ထွေပြားသောရှုပ်ထွေးသော ၀ါကျ) လို့ပဲ မြင်ကြည့်ချင်ပါတယ်။

Simple sentence Construction အနေနဲ့ဆိုရင် S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ကြပါစို့။
ဒီနေရာမှာ S ဆိုတာ Subject (ပြုလုပ်သူ) ကိုပြောတာပါ။
V ကတော့ Verb(ပြုခြင်း၊လုပ်ခြင်း သို့မဟုတ် ကြိယာ) ကိုဆိုလိုပြီးတော့ O ကတော့ Object(အပြုခံရသူ) ဖြစ်ပါတယ်။ PTMR ကတော့ ကြိယာဝိသေသန (Adverbs များဖြစ်ကြတဲ့ place, time, manner, reason) နေရာ၊ အချိန်၊ အပြုအမူနဲ့ အကြောင်းပြချက်တို့ဖြစ်ပါတယ်။

အဲဒီတော့ ကျမဆိုလိုချင်တာက ရိုးရှင်းသောဝါကျတစ်ကြောင်းဖွဲ့စည်းဖို့ ဒီအစီအစဉ်ကို အလွတ်မှတ်သားစေချင်ပါတယ်။ မြန်မာသဒ္ဒါလိုဆိုရင် ကတ္တား+ကြိယာ+ကံပုဒ် နှင့် ကြိယာဝိသေသန တို့ ဆိုတဲ့ အတိုင်းဖြစ်ပါတယ်။
နမူနာလေးတွေ ရေးကြည့်မယ်ဆိုရင်..

I drink coffee daily. Where as I = S; drink= V; coffee= O and daily = T

Mg Mg held Birthday Party at Park Royal Hotel Last Night. Where as Mg Mg= S; held= V; Birthday Party=O; at Park Royal Hotel=P and Last Night=T

တကယ်လို့ ဥာဏ်ကွန့်မြူးမယ်ဆိုရင် Happily ဆိုပြီး အပြုအမူ Manner ကို သူ့နေရာ အလိုက် နောက်ဆုံးမှာ ထည့်သုံးလို့ ရပါတယ်။ (မှတ်ချက်၊။ အကယ်၍ Last Night ဆိုတဲ့ အချိန်ကို ရှေ့ဆုံးမှာ ကော်မာခံပြီးရေးမယ်ဆိုလဲ ဦးစားပေးရေးတဲ့အနေနဲ့ ရေးလို့ရပါတယ်။ ဒီလိုခြွင်းချက်တွေကိုတော့ နောက်မှ ဆက်ပြောပါရစေ)

ဒါဆိုရင် ခုလို simple sentence လေးတွေကို ၁၀ကြောင်းလောက် စိတ်ကူးထဲမှာဖြစ်ဖြစ် စာရွက်ပေါ်မှာဖြစ်ဖြစ် စမ်းတွေးရေးကြပါဦးလို့ အရင် တိုက်တွန်းလိုက်ပါတယ်။

နောက်ရက်များမှ ဆက်လက်ပြီး Simple sentence ရဲ့ တခြားမတူညီမှုလေးကို ဆက်ရေးပါမယ်နော်။

Credit Goes to Yan Aung(http://yanaung.blogspot.com) for orgainzing this English4Success Blog.

Monday, February 25, 2008

About My Brain

ဟိဟိ ဘာရယ်မဟုတ်ပါဘူး ခွန်မောင်(http://khunmoung.myanmarbloggers.org/2008/02/my-brain-scan.html) မှာတွေ့လို့ လိုက်လုပ်ကြည့်တာ။ နာမည်လေးရိုက်ရုံနဲ့ ကိုယ့်ဦးနှောက်ကို သူဘယ်လိုခွဲခြမ်းစိတ်ဖြာပါလိမ့်နော်
ပေးထားတဲ့ နာမည်ပေါ်မှာမူတည်ပြီး assume လုပ်ပုံရတယ်။ ဘာဖြစ်ဖြစ် အပျော်သဘောလေး စမ်းကြည့်ကြနော်။ ကျမကတော့
This is your true brain, the emotions that run your life! :P

Sunday, February 24, 2008

ဒီရက်ပိုင်းဘာတွေလုပ်...

ရုံးအလုပ်တွေနဲ့ သင်တန်းချိန်တွေနဲ့ မအားမလပ်တဲ့ကြားက အွန်လိုင်းတက်ဖို့
အချိန်မရသလောက်ထဲက ဖြစ်ညှစ်ပြီး အင်တာဗျူးမေးသူနှင့်ဖြေသူ ဆိုတဲ့
ပို့စ်လေးတွေကို တင်ပါတယ်။ မယုံဘူးဆိုတဲ့ တစ်ယောက်နှစ်ယောက်ကိုတော့
ချန်လှပ်ပြီး မအားတာကို လာချောင်းကြသူများကို ဘာတွေလုပ်နေလဲဆိုတာ
ပြောမလို့ပါ။

ဒီရက်ပိုင်း ညီလင်းဆက်(http://nyilynnseck.blogspot.com) က တွစ်ကြရအောင်
ဆိုလို့ twitter မှာ following လုပ်လိုက် followers တွေလက်ခံလိုက်
settings တွေပြင်လိုက်နဲ့ပေါ့နော်။ တချို့ကတော့ သုံးနေတာ ကြာလောက်ပါပြီ။
ကျမကတော့ ခုမကြာသေးမီကမှ စသုံးတာပါ။ အွန်လိုင်းတက်ဖို့တောင် မအားတဲ့ ကျမ
ဘာတွေလုပ်နေလဲဆိုတာကို အဲဒီမှာ update ပြောပြနေနိုင်သလို့ ကျမနဲ့
following ရှိပြီး ကျမရဲ့ network ထဲက သူငယ်ချင်း မောင်နှမတွေ
ဘာလုပ်နေလဲဆိုတာကို သိနိုင်လို့ လဲ ကျေးဇူးတင်ပါ၏။ ဒါပေသိ twitter ကတော့
guy & girl ချက်ဖို့ ဟုတ်ဘူးလို့လဲ ညီလင်းဆက်ကပြောပါတယ်။ ကဲ..ကဲ..
သူ့အသုံးဝင်ပုံလေး ကိုယ်တွေ့သိရအောင် http://twitter.com/melodymaung ကို
following လုပ်လိုက်နော်။

နောက်ပြီးတော့ ဒီရက်ပိုင်း ကျမ pc လေးကို Happy Birthday virus
ဝင်ဆော့သွားတယ်။ အရေးကြီးတဲ့ ဒေတာတွေပျက်တော့မယ်မှတ်လို့
မငိုရုံတမယ်ဖြစ်သွားတယ်။ service + က အချစ်လူမိုက်ကြီးတစ်ယောက်
ကျေးဇူးနဲ့ အကောင်းပကတိပြန်ကောင်းလာတာ တော်ပါသေးရဲ့။ ရှေးရှေးတုန်းကတော့
ပေါက်ကရရှစ်ဆယ်(http://poutkaya80.blogspot.com) ဆိုတဲ့ ဘလော့ဂါ
နှစ်ပိုင်းတစ်ပိုင်း တစ်ယောက် က ပြင်ပေးနေကြပါ။ ခုက သူလဲ ခရီးသွားနေလို့။
ဖြေရှင်းနည်းတွေကို အမျိုးမျိုးစဉ်းစားအကြံပေးကြတာလဲ ကျေးဇူးပါဗျာ။
သူ့ကိုဖြေရှင်းနည်းလေး ဖတ်ချင်ရင် ဒီကိုသွားနော်
http://www.mysteryzillion.com/forums/showpost.php?p=3535&postcount=3

အင်း ..အဲဒါနဲ့ပဲ ကျမရဲကဘလော့ဂ်လေးနှစ်ခုက ဒေတာတွေလဲ ပျက်ခဲ့ရင် ငိုရမဲ့
အဖြစ်မျိုးမကြုံရအောင် back up လုပ်ဦးမယ်စဉ်းစားရင်း (အရင်က template
back up ပဲလုပ်ဖူးတာ) မိုက်ကယ်ဆင့်ခ်(http://michaelsync.net) ဆီက
outlook 2007 နဲ့ လုပ်တဲ့နည်းလမ်းပို့စ်လေးသွားဖတ်ရင်း အဲဒီ outlook
2007ကလဲ မရှိသေးတော့ related post ကိုဖတ်ရင်း
မျိုးကျော်ထွန်း(http://myochauhtun.blogspot.com)
ပို့စ်တစ်ခု(http://myochauhtun.blogspot.com/2007/04/backup-your-blog-with-blogbackuponline.html)
ကို ရောက်သွားတယ်။ အဲလိုနဲ့ပဲ သူ့ပို့စ်ထဲကအတိုင်း
http://blogbackuponline.com မှာပဲ sign up လုပ်ပြီး ဘလော့ဂ်နှစ်ခုလုံး
ဘက်ကပ်လုပ်ဖြစ်တယ်။
ပြီးတော့ တက်နေတဲ့ သင်တန်းကစာတွေကိုလဲ မိုက်ကယ်ဆင့်ခ်ဆီက valuable
training materials link တွေဆီမှာ သွားသွားဖတ်ရတဲ့ အချိန်ပေးရသေးတယ်။

အွန်လိုင်းမှာ မေးလ်လာစစ်တုန်းလေး ဂရုတစိုက်
နှုတ်ဆက်ကြတဲ့သူတိုင်းနီးပါးကိုလဲ reply မပြန်နိုင်ဘူးဖြစ်နေတာ
ခွင့်လွှတ်ကြပါဦးနော်။ မတွေ့တာကြာတဲ့ မန်းမြေက
ကန်ဇွန်းဥ(http://s-potato.blogspot.com) လေးနဲ့တော့ စကားပြောဖြစ်တော့
သူလဲ ဘလော့ဂ်မရေးဖြစ်ဘူးတဲ့။ အင်း..ဟုတ်တယ်လို့ တချို့လဲ
အပြီးနားပစ်ကြတယ်။ တချို့လဲ ခဏနားပြီး ပြန်ရေးကြတယ်။ ဘလော့ဂါအသစ်တွေတော့
အများကြီးတွေ့မိပါရဲ့လို့။ အမကတော့ နားတယ်ရယ်မဟုတ်ပဲ အချိန်ရသလောက်
အခွင့်အရေးပေးသလောက် ဘလော့ဂ်ကို ကြိုးစားရေးမယ်လို့။ နောက်ဆုံး
ကိုယ့်ဆီမှာ လာလည်တဲ့သူမရှိရင်တောင် ဒိုင်ယာရီသဘောမျိုး
ဘလော့ဂ်ကိုရေးဦးမယ်လို့ ပြောဖြစ်တယ်။ အဲလိုပြောရင်း ဘလော့ဂါရပ်ဝန်းမှာ
ရင်ဘတ်နဲ့ ဘလော့ကြတယ်လို့ ပြောတဲ့ ချင်ပူရောက်
ဘလော့ဂါကြီးကိုတက်စ်(http://tesla.myanmarbloggers.org) ကိုလဲ
အလုပ်ကောင်းကောင်းမြန်မြန်ရလို့ မြန်မြန်ပြန်ဘလော့ဂင်းနိုင်ပါစေလို့
ဆုတောင်းပေးရင်း မယ်လိုဒီဘာလုပ်နေလဲဆိုတာ စပ်မိစပ်ရာရေးရင်း
ပို့စ်တင်လိုက်ပါတယ်ဗျို။

အားလုံး..အစစအရာရာ အဆင်ပြေ ပျော်ရွှင်ကြပါစေနော်။

Thursday, February 21, 2008

အင်တာဗျူးမေးသူနှင့်ဖြေသူ(၃)

အဆက်………

ခုမှ ဇာတ်လမ်းက စပါပြီ။ ဖွပါတော့မယ်ဗျို။ အင်တာဗျူးချိန်းတဲ့ အချိန်က
၁၂နာရီခွဲပါတဲ့ဗျ။
ကျမက ၁၂နာရီမထိုးခင် ရောက်ပါတယ်။ ကျမရောက်တော့ အင်တာဗျူးမဲ့ GM က
နေမကောင်း(ခေါင်းမူးလို့ ) ပြန်သွားပါသတဲ့။ နောက်တနေ့
ပြန်ချိန်းလိုက်ပါတယ်။ တော်တော်မလွယ်ပါလားနော်။

နောက်တနေ့ သွားတော့ အင်တာဗျူးတော့ ကျမနဲ့ အတူ အားလုံး ၄ယောက်ရှိပါတယ်။
အင်တာဗျူးမစခင် ကျမ ကုမ္ပဏီ brochures များ ၊ ကပ်ထားသော လိုဂိုများ၊
စာတမ်းများကို အသေအချာ ဖတ်ပြီးသား။ ၀န်ထမ်းများ တူညီဝတ်စုံနှင့်
အလုပ်များနေပုံများကိုလဲ တွေ့ပြီးသား။ ကျမအလှည့် စတင်အဗျူးခံရပါပြီ။

GM : ခင်ဗျားမနေ့က ဘယ်အချိန်လာသလဲ
ကျမ : နေ့လည် ၁၂နာရီ မထိုးခင်ရောက်ပါတယ်ရှင်လို့။ ကျမရောက်တော့ ဦးက
နေမကောင်းလို့ ပြန်သွားတယ်ဆိုလို့ ဒီနေ့ ထပ်လာပါတယ်ရှင့် လို့်

GM : ခင်ဗျားက ဘာလို့ နောက်ကျတာလဲ ။ ကျနော်က ၁၁နာရီခွဲချိန်းထားတာတဲ့
ကျမ : အာာာာာာာ ကျမကို ချိန်းတာ ၁၂နာရီခွဲပါ။ မခိုင်ဆိုတဲ့
အမကြီးတစ်ယောက်က သေချာပြောပါတယ်လို့။ (သူပြန်မေးမှာပါ)

GM : ဟုတ်ပြီလေ။ ခင်ဗျားလျှောက်ထားတာ office staff နော်တဲ့။ အရင်က
ကွန်ပြူတာ ဆရာမလုပ်ခဲ့တာ။ ဘာဖြစ်လို့ ဒီမှာလျှောက်တာလဲတဲ့။
ကျမ : ဟုတ်ကဲ့ ကျမက ဧည့်လမ်းညွှန်လုပ်ချင်တာပါ။ ဒီတိုင်း လျှောက်ရင်
အလုပ်မရမှာစိုးလို့ ရုံးမှာနေရင်း ကြိုးစားကြည့်ချင်လို့ပါလို့

GM : ဧည့်လမ်းညွှန်သင်တန်းတက်ပြီး လိုင်စင်ရထားတာဆိုတော့ လိုင်စင်မပါပါလားတဲ့။
ကျမ : ဟုတ်ကဲ့ ။ ကျမက ဧည့်လမ်းညွှန်လျှောက်တာမဟုတ်လို့ လိုင်စင်
ထည့်မထားတာပါ။ ဦးကြည့်မယ်ဆိုရင် နောက်ရက် ကျမ ပြလို့ ရပါတယ်လို့

GM : အဲဒါဆိုရင် ခင်ဗျားကိုမေးမယ်။ မြန်မာမှာ နိုင်ငံခြားသားတွေ ဘယ်တွေ
သွားလည်ကြလဲတဲ့
ကျမ : ရန်ကုန်၊ ပုဂံ၊ မန်းလေး နဲ့ အင်းလေးတွေကို အများဆုံးသွားလည်ကြပါတယ်လို့

GM : ဘာလေကြောင်းလိုင်းတွေသိသလဲတဲ့
ကျမ : အဲမန်း၊ ရန်ကုန် အဲဝေးစ်၊ MAI , silk air, Thai Airways လို့

GM : ရန်ကုန်က သိတဲ့ ဟိုတယ်နာမည်တွေပြောပါ တဲ့
ကျမ : strand, traders, Sedona, equatorial, summit Parkview, pansea
အများကြီးပဲလို့

GM : ပုဂံကိုရောက်ဖူးလားတဲ့
ကျမ : ဟုတ်ကဲ့ သုံးခါလောက် ရောက်ဖူးပါတယ်လို့

GM : ဒါဆို ပုဂံက ထင်ရှားတဲ့ ဘုရားနာမည်တွေပြော။ သူတို့ ထူးခြားမှုတွေပါပြောပါတဲ့
ကျမ : အနုမှာ အာနန္ဒာ၊ အလှမှာ ရွှေစည်းခုံ၊ အမြင့်မှာ ဓမ္မရံ။ ထုမှာ သဗ္ဗင်ညုလို့

GM : အာာာာာ ဟုတ်ပါဘူး။ ထုမှာ ဓမ္မရံပါတဲ့
ကျမ : ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ကျမရောသွားလို့ အဟိဟိ လို့

GM : ရုံးမှာလုပ်ရင်း ဧည့်လမ်းညွှန်ဖြစ်မယ်မဖြစ်ဘူးတော့ မသေချာပါဘူးတဲ့။
ခင်ဗျားရုံးအလုပ်ကို စိတ်ဝင်စားမယ်ဆိုရင်တော့ အဆင်ပြေမှာပါတဲ့။
ကုမ္ပဏီအတွက် ဘာတွေလုပ်ပေးနိုင်မှာလဲတဲ့။
ကျမ : ဘာတွေအလုပ်ရှိမှန်းတော့ ကျမလဲမသိဘူးလို့။ သင်ပေးတာတွေကိုတော့ ကျမ
အလွယ်တကူ တတ်ပြီး မျက်နှာလွှဲလို့ရအောင် လုပ်ပေးနို်င်မှာပါလို့ ။
လောလောဆယ်တော့ ကျမ ကွန်ပြူတာတတ်တယ် ၊ ဂျပန်လိုတတ်တယ်၊ အဲဒါနဲ့
အသုံးတည့်တဲ့အလုပ်တွေ ကျမလုပ်နိုင်ပါတယ်လို့။

GM : ဟုတ်ပြီလေ ဒါဆို ခင်ဗျားကို ကွန်ပြူတာနဲ့ လုပ်ရတဲ့ အလုပ်တွေမှာ
အကုန်တာဝန်ချမယ် လုပ်နိုင်မလား။ ပြီးတော့ ခင်ဗျားက လုပ်ငန်းခွင်အသစ်တခုမှ
အခြေခံက စ၀င်ပြီး စသင်ရမှာမလို့ ခင်ဗျားတောင်းတဲ့
လစာထက်လျှော့ပေးမယ်ဆိုရင် ဘယ်လောက်နဲ့ လုပ်နိုင်သလဲတဲ့။
ကျမ : ဟုတ်ကဲ့ ကျမ ၂၀၀၀၀ အနဲဆုံးရရင် ဦးတို့ဘက်ကလဲ အစမ်းခန့်အနေနဲ့
စလုပ်နိုင်ပါတယ်။ ဒါပေသိ ကျမရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး ဦးတို့
ကျေနပ်မယ်ဆိုရင် သုံးလကျော်ရင် ကျမတောင်းတဲ့ လစာကိုပေးနိုင်ရင်
ဆက်လုပ်ပါမယ်လို့ ဖြေလိုက်တယ်

သူတဲ့ ကျမကို ဘော့စ်နဲ့ ပေးတွေ့ ပါမယ်တဲ့။
အဲဒါနဲ့ ဘော့စ်နဲ့ ဆက်တွေ့တယ်။ ထူးဆန်းစွာ GM နဲ့ ဘော့စ်နဲ့ အမေးတွေ
ထပ်နေတာနဲ့ပဲ ကျမပြန်မရေးတော့ပါဘူး။
ဘော့စ်က တခုပဲ ပိုပြောတယ် သူကတဲ့ ကျမတို့ တောင်းတဲ့ လစာကို
ဈေးမဆစ်ပါဘူး။ တောင်းတဲ့ အတိုင်းပေးတာပါတဲ့။ ဘယ်နေ့
အလုပ်စဆင်းနိုင်လဲတဲ့။
ကျမလဲ အားတက်သရောပဲ မနက်ဖြန်လို့ ။
အဲဒါဆို မနက်ဖြန်စဆင်းပါတဲ့။ ဒီလိုနဲ့ ကျမဒီအလုပ်ကို ၈ရက် ဧပရယ်လ်
၂၀၀၄မှာ ရုံးဝန်ထမ်းဘ၀ကို စတင်ခြေချမိတာပါ။ လကုန်လို့ ခထထုတ်တော့
ကျမအတွက် လစာ ၂၀၀၀၀ကျပ်ပေါ်မှာပဲ တွက်ပီး လခပေးပါတယ်(ဈေးမဆစ်ဘူးဆိုလို့
ကျမက ၃၀၀၀၀ ရမယ်မှတ်နေခဲ့တာ  )

ဘာပဲဖြစ်ဖြစ် တာဝန်တွေ ကျေပွန်တာထက်ပိုပြီး သင်စရာများကို တစထက်တစသင်ရင်း
ရာထူးတွေ တဆင့်ပီး တဆင့် ဖြတ်ကျော်ရင်း SM Tours ရဲ့
လုပ်ငန်းတာဝန်များကိုလဲ ကိုယ်နဲ့ တသားတည်း ချစ်မြတ်နိုးရင်း ဒီလိုနဲ့
၂၀၀၇ ခုနှစ်ရဲ့ ဂျူလိုင်မှာတော့ ကျမ Sales & Marketing Manager ရာထူးကို
ရခဲ့တယ်။ ဖြစ်နိုင်ရင်တော့ GM အထိ ဖြစ်ပြီး အလုပ်တာဝန်တွေ
ဆက်လုပ်ချင်သေးပေမဲ့ ကျမရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကြောင့်
မကြာခင် ၃၊၄ လမှာ ကျမ နှုတ်ဆက်ကျောခိုင်းဖြစ်တော့မှာပါ။

ဘာတွေ ဆက်လုပ်မလို့လဲဆိုတာတော့ စောင့်ကြည့်ကြပါဗျိုး…

စာကြွင်း။ ။ အလုပ်နဲ့ မပါတ်သက်တဲ့ ကျောင်းဝင်ခွင့်
အင်တာဗျူးတခုအကြောင်းလဲ နောက်တော့ အချိန်ရရင် ပို့စ်ထပ်တင်ပါမယ်ဗျို

အင်တာဗျူးမေးသူနှင့်ဖြေသူ(၂)

ကြုံခဲ့ဆုံခဲ့သော အင်တာဗျူးများ(ကိုယ်တွေ့)
ကွန်ပြူတာသင်တန်းတွေစုံအောင်တက်ပြီး ရထားတဲ့လက်မှတ်တွေက A4 အထုပ်ရဲ့
တ၀က်စာလောက်ရှိတယ်။ ယုံမလားတော့ မသိဘူး။ နည်းနည်းတောင်မှ
ထပ်မလျှော့နိုင်ဘူး(လိပ်ကနေ ကြမ်းပိုးဖြစ်မစိုးလို့) :P
လက်မှတ်တွေမလိုပဲ အလုပ်ပေးတာက KMD Computer Center က Teacher Daw Tin Tin
Aye ကျမကနယ်ကနေ စကောလာရလို့ သင်တန်းတက်ရင်း အလုပ်အတွေ့အကြုံလိုချင်ရင်
Sales မှာ လုပ်ဖို့ နေရာပေးတယ်။ ဒါပေသိ ကျမက ဂျီးထူတယ်။ Service section
မှာပဲ နေချင်ပါသဗျ။ အဲဒါနဲ့ မလုပ်ဖြစ်ဘူး။

လျှောက်ဖြစ်တာက TMW Enterprise(Sony Co.) လေ။ ရာထူးက Network Engineer
အဟိဟိ မတန်မရာလို့ မပြောပါနဲ့ ။ ဆရာ ဦးသိန်းထွန်းဦး လက်ထွက် တပည့်ရှော်
အရင်းခေါက်ခေါက်ဗျ။ အဲ..ထားပါတော့ အဲဒါနဲ့ အင်တာဗျူးသွားဖြေရတယ်ပေါ့နော်။
မှတ်မှတ်ရရ အဲဒီမှာ အင်တာဗျူးတဲ့ ဦးလေးကြီးက အသက်၄၀ကျော်ရုံလေးပဲ
ရှိမယ်ထင်တယ်။ ခင်ဗျားက လက်မှတ်တွေအများကြီးပဲ။ ဒါပေသိ တကယ်တတ်လား
ဆိုပြီး လက်တွေ့ ပဲဆာဗာမှာ ထိုင်ပြီး right တွေ ပေးခိုင်းတယ်။
ပြောမယ်ဆိုရင် ကျမသိပ်မကျွမ်းကျင်ဘူးလေ။ သူက ရယ်ပြီးပြောတယ် training
ပေးဖို့ လိုပါမယ်။ ဂျပန်ကို 3လလောက်သွားရမယ်။ bond တော့
3နှစ်ထိုးရမယ်တဲ့။ သူကတော့ ကျမလို လက်မှတ်တွေမရှိပေမဲ့ သူက တတ်ပါတယ်တဲ့။
အဟက်ဟက် ကျမက ပြန်ပြောတယ် ကျမလဲ ဦးလို အရွယ်ရောက်ရင် ဦးထက်တောင်
ကျွမ်းချင်ကျွမ်းနေမှာလို့။( ငါကွ..) သူက စိတ်မဆိုးပါူဘူး ပေးတဲ့ လခကလဲ
အဲဒီခေတ်က ရွှေငါးမူးသားလောက် ၀ယ်လို့ရမယ်။ ကျမက မခံချင်စိတ်နဲ့
ခေါင်းမာတာ(တလွဲဆံပင်ကောင်းခဲ့တာလေးက) bond ကို ၂နှစ်ပဲ ထိုးနိုင်မယ်
၃နှစ်ဆို မလုပ်နိုင်ဘူးလို့။ အဲလိုနဲ့ပဲ လွဲခဲ့လေသတည်း အဟီးဟီး

အဲလိုနဲ့ ကျမ ထပ်လျှောက်ဖြစ်တာတွေက စက်ကပ်ကြေး(secretary) အနေနဲ့ Sun
Travel မှာ လျှောက်ဖြစ်တယ်။(အောင်ဆန်းကွင်း တောင်ဘက်တန်း)
နေရာရှာမတွေ့လို့ ၁၀မိနစ်လောက်နောက်ကျပီးမှ ရောက်တယ်။ ဂျပန် ကုမ္ပဏီမလို့
မျက်နှာမလှဘူးပေါ့။ ပြီးတော့ ကျောင်းမပြီးသေးပဲ သူတို့ အလုပ်ခန့်လို့
ကျောင်းစာ လစ်ဟင်းတာက သူတို့ အတွက် ငရဲကြီးမှာစိုးတယ်ဆိုပဲ အံ့ရော
အံ့ရော။ ဒါပေသိ ကျမကို အချိန်ပိုင်းနဲ့ သူ့ရဲ့ restaurant မှာ cashier
လာလုပ်ပါလားတဲ့။ ကျမလဲ နိုးပါပဲ။

ကွန်ပြူတာနဲ့ ပါတ်သက်ပြီး နောက်ထပ် ဂျပန်ကုမ္ပဏီတခုမှာလဲ ထပ်လျှောက်တော့
ခေါ်တဲ့ အင်တာဗျူးမှာ လစာက $100 ပေးပါတယ်။ ဒါပေသိ မြန်မာမှာ မထားဘူးတဲ့။
ဂျပန် သို့မဟုတ် Cambodia မှာသွားလုပ်ရမတဲ့။ သူက အဲလိုပြောပြကတည်းက ကျမက
မြန်မာမှာ သို့မဟုတ် ဂျပန်မှာဆိုရင် လုပ်မယ်လို့ ပြန်ပြောပါတယ်။ အဲဒီ
အင်တာဗျူးမှာ ရေးဖြေ အရင်ဖြေပြီး အမှတ်မီမှ နေ့လည်တခေါက်
လက်တွေ့ထပ်ဖြေရပါတယ်။ လက်တွေ့ဖြေပြီး လူတွေ့ ဖြေရတာမလို့ အချိန်က
တနေကုန်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီက အင်တာဗျူးလာဖြေသူတိုင်းကို စာအိတ်လေးနဲ့
မုံ့ဖိုး နဲ့ လမ်းစရိတ်ပါဆိုပြီး appreciate လုပ်ပေးတာ လေးစားကျေနပ်စရာ
အတွေ့အကြုံလေးပါ။ အဲဒီအလုပ်လဲ ကျမ မလုပ်ဖြစ်ခဲ့ပါဘူး။
နောက်တခုကလဲ စက်ကပ်ကြေး(secretary) အနေနဲ့ ပဲ Total Learning မှာ
သေချာရောက်သွားပြီးမှ ခေါ်တဲ့ပို့စ်က accountant ပါတဲ့ဗျာ။ နောက်ရက်မှ
စာရောက်လာတယ် စက်ကပ်ကြေး vacancy ရှိရင် အကြောင်းကြားပါမယ်တဲ့။ ကျမက
သင်္ချာနဲ့ ကျောင်းပြီးထားလို့ accountant ကိုခေါ်တာကို အသိက
မှားအကြောင်းကြားတာပါတဲ့။
အော် ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်။

ချော်တောငေါ့ပြီး မန်းလေးက နိုဗိုတယ်(အခု Mandalay Hill Resort) မှာလဲ
Receptionist လျှောက်ဖြစ်သေးသဗျို။ ကျမအဖြေမှားခဲ့တာလေးက
GM(နိုင်ငံခြားသားပါ) ကမေးတယ် နောင် အသက် ၃၀မှာ မင်းကိုယ်မင်း
ဘာဖြစ်ချင်သလဲတဲ့။ ကျမကလဲ အမြီးကျမှတစ်ရတယ်လို့ ။ အောင်မြင်တဲ့
စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက် ဖြစ်ချင်ပါတယ်လို့။ အဲ့မှာပဲ
သေပြီဆရာ အဟိဟိ။ သူက ပြန်ပြောတယ် မင်းက receptionist မလုပ်သင့်ဘူးတဲ့။
ကိုယ်ပိုင်စီးပွားရေးကိုပဲ စလုပ်ပါတဲ့။ (သူတို့လိုချင်တာက hierarchy အရ
FO Manager တို့ဘာတို့ ဖြစ်စေချင်တာထင်ပါရဲ့) နောက်တချက်က ကျမ
အရပ်မမီဘူးဗျ။ ၅ပေ ၁လက်မပဲရှိတာမလို့ သူတို့ ခန့်လိုက်တဲ့ သူတွေက
၅ပေ၃လက်မအထက်တွေ များပါသဗျ။

အင်တာဗျူးကို အိမ်တိုင်ရာရောက်လာဗျူးပေးတာကတော့ Bonita Cosmetics
ကုမ္ပဏီကပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ခြေကျိုးနေရင်းနဲ့ အဲဒီ
အလှကုန်တွေဖြန့်တဲ့ အလုပ်ကို လုပ်နေလို့ပါ။ စစချင်းက Colors Cosmetics
တွေကို ကျမက တပိုင်တနိုင် မန်းလေးမှာ ယူဖြန့်နေရင်းက Follow Me, Bonita &
others cosmetics တွေပါ ဖြန့်ဖို့ စိတ်ဝင်စားတာနဲ့ contact လုပ်မိတော့
Bonita က ကျမကို စိတ်ဝင်စားပါသတဲ့။ သူ့ ပစ္စည်းတွေကိုလဲ ကျမက
ဝယ်ပြီးဖြန့်တဲ့ ရောင်းအားကို သဘောကျတာနဲ့ အဲဒီကုမ္ပဏီက
တာဝန်ရှိသူတစ်ယောက်က မန်းလေးကိုလာရင်းနဲ့ ကျမကို ၀င်တွေ့တာပါ။
ခြေကျိုးနေပေမဲ့ ဖုန်းတစ်လုံးနဲ့ အလုပ်ကောင်းကောင်းလုပ်နေနိုင်တဲ့
ကျမကို ကျမရဲ့ ယုံကြည်ချက် ခြေလှမ်းတွေကို အင်တာဗျူးလုပ်သွားပြီး
ပစ္စည်းတွေကို consignment system( အဟောင်းပေး အသစ်ယူ တလနေမှပေး) နဲ့
အထက်မြန်မာပြည် ကိုယ်စားလှယ် (ဈေးချိုမှလွဲ၍) အဖြစ် အလုပ်ပေးလုပ်ပါတယ်။
ကျမရဲ့ sales team က ကျမနဲ့ ကျမသူငယ်ချင်း မန်နေဂျာ မပါပဲ ၇ယောက်
ရှိပါတယ်။ ၂နှစ်လောက်လုပ်ပြီးမှ နောက်ဆုံးမှာ အဲဒီအလုပ်လဲ
ရပ်နားသွားရပါတယ်။ (ကျမ မိုးကုတ် KMD မှာ ကွန်ပြူတာ ဆရာမ
သွားလုပ်ဖြစ်လို့ပါ။ မိုးကုတ်အကြောင်းတွေ ရေးဖို့ လဲ
စာကြွေးကျန်သေးသဗျို)

မိုးကုတ် KMD မှာ ဆရာမလုပ်ခဲ့တဲ့ အတွေ့အကြုံအရ ရန်ကုန်က international
school တခုမှာတော့ လွယ်လွယ်ကူကူပဲ အင်တာဗျူးအောင်ပြီး ဆရာမ
ထပ်လုပ်ဖြစ်ပါသေးတယ်။ မေးတဲ့ သူဌေးကတော့ ကလေးတွေကို ချစ်သလားတဲ့။
ချစ်ပါတယ်လို့။ အဲတော့ ဘာမေးလဲဆိုတော့ ဘယ်လောက်ထိ ချစ်သလဲတဲ့။
အယ်…ကိုယ်ပိုင်သားသမီးလဲ မရှိဘူး။ တူ၊တူမလဲ မရှိသေးဘူး။ ဘယ်လိုဖြေရပါ့။
အဟိဟိ ကျမပြန်ဖြေလိုက်တယ် သူတို့ ဆိုးလို့ ကျမထိန်းမနိုင်ရင်
ထိုင်ငိုလောက်တဲ့ အထိ သည်းခံပြီး ချစ်တယ်လို့ (အမယ်မယ် မယုံမရှိနဲ့
တကယ်ချစ်တာပါ)။ စကားစပ်လို့ ပြောရဦးမယ်။ မိုးကုတ် KMD မှာတုန်းက
instructor လာလျှောက်တဲ့ ကောင်မလေးကို ကျမက အင်တာဗျူးတုန်းက ညီမလို့
အမတို့ သင်တန်းမှာ ကလေးတွေလဲ သင်တော့ သူတို့က ပြောတဲ့
အတိုင်းနားမထောင်ရင် ဘာလုပ်မလဲဆိုတော့ သူက ပြန်ဖြေတယ် ..
ခေါင်းခေါက်ပစ်မယ်တဲ့။ မပူပါနဲ့ အိမ်မှာဆိုလဲ ကလေးတွေကို သူက ထိန်းနေကျ
တစ်ယောက်မှ မဆူညံရဲဘူးတဲ့။ (အမယ်လေးလေး အဲဒီတစ်ယောက်ကို
မခန့်ဖြစ်ခဲ့ဘူးဗျို)
ရန်ကုန်မှာ ကွန်ပြူတာဆရာမလုပ်ပြီး ကျမ ကိုယ့် life ကို ငြီးငွေ့လာတော့
Tour guide လုပ်မယ်ဆိုပြီး guide သင်တန်းတက်လို့ guide license ရရော
ကုမ္ပဏီ ၁၂ခုမှာ တပြိုင်တည်း အလုပ်လျှောက်ပစ်ပါတယ်။ အင်တာဗျူးခေါ်တာကတော့
ကျမနဲ့ ရေစက်ဆုံမဲ့ အခုလုပ်နေတဲ့ SM Tours မှာပါ။( အဲလိုစောင့်တာ
တစ်နှစ်ကျော်ကြာသဗျ)။

ဆက်ရန်……

Tuesday, February 19, 2008

အင်တာဗျူးမေးသူနှင့်ဖြေသူ(၁)

ကုမ္ပဏီတွေမှာ အလုပ်လျှောက်ချင်သူတွေအတွက် အထောက်အကူဖြစ်စေမဲ့
ပို့စ်လေးတွေကို ချစ်ညီမလေး ပင့်ဂိုးလ်ဆီမှာ ဖတ်မိပါတယ်။
ပထမတခါက အင်တာဗျူးအတွေ့အကြုံတွေသူရေးထားတယ်။ ခုပြန်ရှာကြည့်တော့
မတွေ့တော့လို့ လင့်ခ်မလုပ်ပေးနိုင်တော့တာ ဆောတီးဗျာ။ နောက်တခုအနေနဲ့က
လောလောဆယ်တင်ပေးထားတာလေး မျှော်မှန်းလစာနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။
အဲလိုပို့စ်လေးတွေက တချို့မောင်ငယ်၊ ညီမငယ်လေးတွေအတွက် တကယ်ပဲ
အထောက်အကူဖြစ်စေမှာပါ။
အဲဒီမျှော်လင့်ချက်နဲ့ပဲ ကျမလဲ ကျမရဲ့ အင်တာဗျူးဖြေဖြစ်ခဲ့တဲ့
အတွေ့အကြုံတွေရော မေးဖြစ်တုန်းက ရတဲ့ အတွေ့အကြုံတွေပါ
ဝေမျှခံစားချင်ပါတယ်။



ပထမဆုံးကျမရဲ့ ဘ၀မှာတွေ့ဖူးတဲ့ အင်တာဗျူးအတွေ့အကြုံက
ဆယ်တန်းအောင်စာရင်းထွက်ပြီး နောက်တနေ့မှာပါ။ လေးဘာသာဂုဏ်ထူးထွက်တဲ့
ကျမကို ကျမရဲ့ အထူးတန်းသင်တဲ့ ဆရာတစ်ယောက်က လာခဲ့ပါခေါ်လို့ သွားတော့
ဆရာကပြောတယ်။ guide လုပ်ပေးမလားတဲ့။ လခလဲကောင်းကောင်းပေးမယ်တဲ့။ ကျမက
လုံးဝမစဉ်းစားပေါင်။ အပြတ်ဖြေလိုက်တယ်။ လုပ်ဘူးလို့။ ဘာဖြစ်လို့လဲတဲ့
အိမ်လဲနီးသားနဲ့ ကျောင်းတက်ဖို့လဲ စောင့်ရဦးမယ်လေတဲ့။ အဟိဟိ
ချက်ချင်းထပ်ပြောလိုက်တယ်။ သမီးအလုပ်မလုပ်ချင်သေးဘူးဆရာလို့ ။ (ထင်တာက
ဆရာဝန်ပဲလုပ်ဖြစ်မလားလို့။ တကယ်တော့ အမှတ်မမီလို့ ဆရာဝန်လဲ
မဖြစ်ပါဘူးဗျို)



နောက် ဒုတိယတကြိမ်ကတော့ ကွန်ပြူတာ IDCS သင်တန်းတက်ရင်း သင်ရတဲ့
ဘာသာရပ်တခုဖြစ်တဲ့ Human Communication ဆိုတဲ့ ဘာသာထဲမှာ အဲဒီ
အင်တာဗျူးမေးသူနဲ့ ဖြေသူရဲ့ ဆောင်ရန်ရှောင်ရန်တွေသင်ရသဗျ။ အဲဒါကိုလဲ
စာတွေ့တင်မဟုတ်ပဲ လက်တွေ့ပါ ဆရာ၊ဆရာမတွေက လုပ်ခိုင်းတယ်။ အဲတော့
အင်တာဗျူးအတုလေးပေါ့နော်။ (ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုတဲ့ စကားပုံလေးအရလဲ
လက်တွေ့ဘ၀အတွက် တကယ်ပဲအသုံးတည့်ပါတယ်)။ မှတ်မိတာလေးကတော့-

အင်တာဗျူးလာဖြေတဲ့သူသည်-

သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ၀တ်လာရတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အပြုံးတခုဆောင်ပြီး ပြုမူပြရတယ်။
(ဂဏှာမငြိမ် အကြည့်၊ လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံးမသိသာအောင် ဖုံးဖိထားပေါ့နော်)
လိုအပ်တဲ့ စာရွက်စာတမ်းကို ဖိုင်တွဲပြီး သပ်သပ်ရပ်ရပ် ကိုင်ထားရတယ်။
ပြီးတော့ အင်တာဗျူးဖြေမဲ့ အခန်းထဲဝင်တာနဲ့ ၀င်ခွင့်ပြုပါရှင် သို့မဟုတ်
နှုတ်ခွန်းဆက်သတာဖြစ်ဖြစ်၊ ဒီမှာ ထိုင်ရမှာလား ရှင်၊ခင်ဗျာ စသည်ဖြင့်
တည်တည်ငြိမ်ငြိမ် နေရာယူရတယ်။ ထိုင်ရင်လဲ ကိုယ်ကို အနည်းငယ်မတ်ပြီး
သက်သက်သာသာ ပုံစံမျိုးရှိစေရတယ်။
ပြီးတော့ ကိုယ့်ကို အင်တာဗျူးမဲ့ လူကြီးတွေကို ပြုံးရွှင်ကြည်သာတဲ့
မျက်နှာအမူအရာ၊ မျက်လုံးအကြည့်တို့နဲ့ (ရိုင်းစိုင်းတဲ့
အကြည့်စူးမျိုးမဟုတ်ပဲ) မျက်နှာချင်းဆိုင်စေတယ်။
ဖြေကြားရမဲ့ အသံက တုန်ယင်တာမျိုး မပီမသ ဗလုံးဗထွေးမျိုးမရှိစေရဘူး။
ဖြေကြားမဲ့ စကားတွေသည် ယဉ်ကျေးစွာ မိမိ၏ကိုယ်ရည်ကိုယ်သွေး အသိဥာဏ်ကို
ပေါ်လွင်စေတဲ့ အဖြေစကားမျိုးသာ ဖြစ်စေရမည်။
မိမိ မလုပ်နိုင်သော မသိနိုင်သော အရာ နှင့် အလုပ်ကိစ္စတို့ကို ပွင့်လင်းစွာ
ဖွင့်ဟ ဖြေကြားနိုင်ရမည်။
မိမိဘက်က မရှင်းလင်းသော မေးစရာစကားရှိပါကလည်း အင်တာဗျူးမေးသူများအား
ခွင့်တောင်းပြီး ခွင့်ပြုမှ မေးသင့်သည်။ (သို့သော် လောဘကြီးရာကျသော
ဘောနပ်စ်၊ ဖယ်ရီ၊ တခြားအခွင့်အရေးများအား မလိုအပ်ပဲ မမေးပါနှင့်)
အလုပ်ချိန်၊ အလုပ်တာဝန်၊ ခွင့်ကိစ္စများကိုတော့ အလျဉ်းသင့်က
မေးထားနိုင်ပါသည်။
မည်သည့်အချိန်တွင် မိမိအား အလုပ်ခန့်ကြောင်း မခန့်ကြောင်း
အကြောင်းပြန်မည်ကိုလည်း မေးနိုင်ပါသည်။
အင်တာဗျူးမေးခြင်း ဖြေခြင်းကိစ္စများပြီးဆုံး၍ ပြန်ခွင့် ပြုလျှင်
ကျေးဇူးတင်ကြောင်း စကားပြောဖို့ မမေ့ပါနှင့်။

မေးသူတွေဘက်က-

သင့်တော်သော အခန်းအတွင်း လုံခြုံဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကိုဖန်တီးထား၍
သက်တောင့်သက်သာရှိသော ထိုင်ခုံနှင့် မျက်နှာချင်းဆိုင် စကားပြောနိုင်သော
အနေအထားကို ကြိုတင်ပြင်ဆင် ဖန်တီးထားရပါမည်။
အင်တာဗျူးလာဖြေသူများ၏ ကိုယ်ရေးရာဇ၀င်အကျဉ်းနှင့်
ကျွမ်းကျင်အောင်မြင်ထားသော သင်တန်းလက်မှတ်များ၊ ဘွဲ့လက်မှတ်များနှင့်
မျှော်မှန်းလစာကို ကြိုတင်ဖတ်ထားရပါမည်။
အင်တာဗျူးဖြေသူ အခန်းတွင်းဝင်လာလျှင် နေရာကိုညွှန်ပြ၍ နွေးထွေးစွာ ကြိုဆိုပါ။
ဖြေဆိုရန် အဆင်သင့်ဖြစ်လျှင် နာမည်မေး၍ စတင် နှုတ်ဆက်ပါ။
(ရုပ်ရည်သွင်ပြင်နှင့် အမူအရာ ကိုပါတခါတည်း အကဲခတ်ပါ)
လိုအပ်သော လစ်လပ်နေရာ၊ ရာထူးနှင့် အလုပ်တာဝန်ကို အကျဉ်းပြောပြပါ။
ထို့နောက် မေးခွန်းများကို စတင်နိုင်ပါသည်။


မေးသင့်သော မေးခွန်းများ၏အခြေခံသည် အလုပ်လာလျှောက်သူ၏ ပညာရေး၊
ဘာသာစကားကျွမ်းကျင်မှု အပါအ၀င် သက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းနှင့်
ပါတ်သက်သော ကျွမ်းကျင်မှုလက်မှတ်များ၏ မှန်ကန်မှု(တကယ်တတ်မတတ်
မေးခွန်းဖြင့်သော်လည်းကောင်း၊ လက်တွေ့ လုပ်ခိုင်း၍သော်လည်းကောင်း၊
နှစ်မျိုးလုံးသော်လည်းကောင်း စမ်းသပ်စစ်ဆေးနိုငသည်)
ထို့နောက် မိသားစု နောက်ခံအခြေအနေ နှင့် ကျန်းမာရေး အကြောင်း၊
လုပ်ခဲ့ဖူးသော လုပ်ငန်းအတွေ့အကြုံများအကြောင်း၊ မျှော်မှန်းလစာအကြောင်း၊
observation ကောင်းမကောင်းသိနိုင်သည့် မေးခွန်းများသော်လည်းကောင်း၊ အကယ်၍
ကုမ္ပဏီတွင် မီးလောင်လျှင်သော်လည်းကောင်း
အခက်အခဲကြုံတွေ့သည့်အခါတွင်လည်းကောင်း မည်သို့ လုပ်ဆောင်မည်နည်း
ဖြေရှင်းနိုင်မည်နည်း စသဖြင့် သူ၏စိတ်နေစိတ်ထား
ကုမ္ပဏီအပေါ်သဘောထားကိုလည်းကောင်း၊ နောက် သုံးနှစ်၊ ငါးနှစ်တွင်
ဖြစ်ချင်သည့် မျှော်မှန်းသည့် ရည်မှန်းချက်များကို သော်လည်းကောင်း
မိမိလုပ်ငန်းနှင့် သက်ဆိုင်သည့်အတိုင်း မေးမြန်းနိုင်ပါသည်။
အင်တာဗျူးမေးခြင်းပြီးဆုံးပြီးနောက် ပြန်ခွင့် ပြုသောအချိန်တွင်
အလုပ်ခန့်မည်မခန့်မည်ကို မည်သို့ အကြောင်းကြားမည်ဟု နှုတ်ခွန်းဆက်၍
ဤအလုပ်တွင် ၀န်ထမ်းကောင်းတစ်ဦးအနေနှင့် ကြိုဆိုခွင့်ရရန်
မျှော်လင့်မိကြောင်းပြောကြားပေးပါ။ (ဤသူသည် ၀န်ထမ်းမဖြစ်တောင် တချိန်တွင်
ကိုယ်၏ဖောက်သည် ဖြစ်နေနိုင်ပါသေးသည်။)



တခုကျန်သွားတယ် မေးသူရော ဖြေသူရောအရေးကြီးတာသည် အင်တာဗျူးအချိန်နှင့် အချိန်မီရောက်ဖို့ စတင်ဖို့ လိုအပ်ချက်ဖြစ်ပါသည်။ ထို့ကြောင့် အင်တာဗျူးသွားဖြေမည့်သူသည် မိမိသွားရမည့်နေရာကို လိပ်စာသာမက လမ်းကြောင်းနှင့် ခန့်မှန်းရောက်ချိန်ကိုပါ ကြိုတင်တွက်ချက်ထားရန်လိုအပ်ပါသည်။

အဲဒါတွေက ကျမ စာတွေ့ရော လက်တွေ့မှာပါ သိခဲ့ တွေ့ကြုံခဲ့ရသော အရာများဖြစ်ပါသည်။
ကျမဆုံခဲ့ ကြုံခဲ့သော အင်တာဗျူးများမှ ကိုယ်တွေ့များကို
နောက်ထပ်ပို့စ်တခုတွင် ဆက်လက် ရေးသားပါဦးမည်။
စောင့်မျှော်ဖတ်ရှုပါရန်….

Saturday, February 16, 2008

Happy BirthDay PK yei!

ပီကေရေ ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေဟာ

ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲဆိုတာကတော့ ထိပ်စီးပြောင်းကာနီးပဲဗျ :P

မနက်ကတခါ wish လုပ်ပြီး ညနေတခါ မုံ့ကျွေးဖို့ ပူဆာပြီးပေမဲ့ မကျွေးမချင်း နားပူနားဆာ တိုက်တဲ့ အနေနဲ့ ဒီပို့စ်ထပ်တင်လိုက်တာကွ
ပြီးတော့ အားမရသေးပဲ တွေ့သမျှလူကို နင့်ကိုသိလား နင့်မွေးနေ့ဆိုပီးတော့လဲ ငါဖွထားတယ်။ မုံ့ကျွေးရင်ကျွေး မကျွေးလို့ကတော့ နင်ကပ်စေးနှဲတဲ့အကြောင်း ငါဖွမယ်နော် အဟိဟိ ခုကဖွတာဟုတ်ဘူး အင်ထရိုဝင်နေတာကွ

အရင်ကဆို နှစ်တစ်နှစ်ရဲ့ မွေးနေ့အစက နင်နဲ့စတော့ နင့်ဖို့ လက်ဆောင်ကြီးကြီးပြင်ထားနေကျ။ ခုလဲ မပူပါနဲ့ အထုပ်တော့ ကြီးတယ်။ လာယူပါဗျ။

နင့်မွေးနေ့ကို ရှေးရှေးတုန်းကတော့ ဖုန်းနဲ့ဖြစ်ဖြစ် မနက်စောစောကြီးလူကိုယ်တိုင်တွေ့တော့ဖြစ်ဖြစ် birthday wish လုပ်ရုံပေမဲ့ ခုတော့ ဘလော့ဂ်ပို့စ်နဲ့ရော ဂျီတော့ခ် မတ်စိနဲ့ရော wish လုပ်လိုက်တယ်။ အဲဒီအတွက် မုံ့ပိုကျွေးရမယ်နော်။ နောက် ဘလော့ဂ်ရေးတဲ့သူငယ်ချင်းတွေရော မရေးတဲ့သူတွေရောဖြစ်တဲ့ထဲက သူငယ်ချင်းကြီးမျက်လုံး၊ အဖြည့်ခံမလေး NE၊ မျိုးလေး၊ KTY ၊ ဘိုကြီး၊ ငပြည့်၊ ဆာဒမ်၊ နန်းနန်းတို့ကိုယ်စားလဲ wish လုပ်တယ်ကွာ။ သူတို့ဖို့လို့ ကျွေးမဲ့ဟာပါ ငါ့ကိုကျွေး

ပြောချင်တာတွေတော့ ပြောပြီးပြီ။ တကယ်ဆုတောင်းပေးပါတယ် မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ချစ်ချစ်နဲ့ အနားနားတွတ်ထိုးပြီး ချစ်တဲ့အကြောင်းတွေပြောရင်း မြန်မြန် မင်္ဂလာဆောင်လို့ သားသားမီးမီးတွေအကြောင်းပါ ဘလော့ဂင်းနိုင်ပါစေ။ အလုပ်အကိုင် စီးပွားရေးတွေလဲ အဆင်ပြေလို့ ငါတို့ သူငယ်ချင်းတွေ ပူဆာသမျှလဲ အလိုလိုက်နိုင်ပါစေ။ ပိုက်ပိုက်တွေလဲ အများကြီး ချေးပေးနိုင်ပါစေ (အဟိဟိ အချွန်နဲ့ မလိုက်ပီ)

ပြောနေကျစကားလေးအနေနဲ့ကတော့ သူငယ်ချင်း နင်က သူတောင်းစားဖြစ်ဖြစ် ဘုရင်ဖြစ်ဖြစ် နင့်ဘေးမှာ ငါတို့ အမြဲရှိမယ် နင်လဲ ငါတို့နဲ့အတူတူရှိမယ် အဲလိုသူငယ်ချင်းအသစ်တွေလဲ အများကြီးတိုးပွားပါစေလို့

Wednesday, February 13, 2008

လေးစားမြတ်နိုးရပါသော ဗိုလ်ချုပ်မွေးနေ့

ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ
လူဖြစ်တုန်းကာလလေး နာမည်ကောင်းနှင့် သမိုင်းတင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ

“ဖေဖေါ်ဝါရီ 13ဟာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား
ဇာတိ နတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား”

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာဖြင့် ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားများ ရှိခဲ့ရင် အသက် ၉၃ နှစ် တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ ထင်ရှားတဲ့ လူငယ် နိုင်ငံရေးခေါင်းဆောင် စစ်ရေးခေါင်းဆောင်တစ်ယောက်အဖြစ် ထင်ရှားကျော်ကြားလှပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် လွတ်လပ်ရေး ဗိသုကာလို့ မော်ကွန်းတင်ရသလဲဆိုရင် ဗိုလ်ချုပ်ဟာ သူ တက္ကသိုလ်ကျောင်းသားအရွယ်ကစလို့ မြန်မာပြည်လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ ရှေ့တန်းကနေ ပါဝင်တွန်းလှန်ခဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ရေးအတွက် အခြေခံမူ ၇ ရပ်ကို ရေးဆွဲခဲ့သလို ဆိုရန်တိုဗီလာအစည်းအဝေးမှာ သူ အကြမ်းရေးခဲ့တဲ့ မြန်မာပြည် စီးပွားရေး ပြန်လည်ထူထောင်ရေး စာတမ်းဟာလဲ ပြည်သူလူထုကြီးနဲ့တကွ အဲဒီခေတ်က ပညာရှင်များက တခဲနက် ထောက်ခံခဲ့ကြပါတယ်။ ဒီစာတမ်းကြောင့်လဲ သူဟာ အနာဂတ် မြန်မာနိုင်ငံအတွက် စီးပွားရေးအခြေခံတွေကို ချမှတ်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ နှောင်းပိုင်းလူတွေသာ မေ့မေ့ပျောက်ပျောက်နဲ့ ဆိုရန်တိုဗီလာစာတမ်းဟာ မှေးမှိန်သွားခဲ့ရတယ်လို့ ပြောလို့ ရပါတယ်။

ဒီလို လွတ်လပ်ရေးအတွက် ကြိုးပမ်းပုံဖော်ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်လည်းကောင်း၊ အနာဂတ်မြန်မာပြည်အတွက် အခြေခံတွေ ချမှတ်ပေးခဲ့တဲ့အတွက်ကြောင့်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေး ဗိသုကာရယ်လို့ မြန်မာပြည်သူတရပ်လုံးက တခဲနက် မော်ကွန်းတင် ကမ္ဗည်းထိုးခဲ့ကြပါတယ်။ ၄င်း မော်ကွန်းဟာလဲ မြန်မာပြည်ရယ်လို့ ကမ္ဘာ့မြေပုံမှာ ရှိနေသရွေ့ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေးအကြိုခေတ်က ပေါ်ထွန်းခဲ့တဲ့ နိုင်ငံ့သားကောင်း အာဇာနည်များထဲက တယောက်ဆို တယောက် တခေတ် ထွန်းတောက်ခဲ့သူပါ။

ဒီလို လွတ်လပ်ရေးဗိသုကာကြီးကို ကျနော်တို့ အနာဂတ်ရဲ့ ကလောင်ပိုင်ရှင်များကလဲ မေ့မေ့ပျောက်ပျောက်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့

ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရပို့စ်လေးတင်လိုက်ပါတယ်။

အမှတ်တရ ဗိုလ်ချုပ်၊ ကျမသိတဲ့ ဗိုလ်ချုပ်၊ ကျမလေးစားအားကျခဲ့ရတဲ့ My Most Admire Person ဗိုလ်ချုပ်က
- တပည့်ရဲဘော်တွေကို သွန်သင်သလို ကိုယ်တိုင်လည်းလိုက်နာသော ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်
- လွတ်လပ်သော လူရိုင်းဘ၀ကို မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် အဆတစ်ရာ ကြိုက်သည်၊ နှစ်သက်သည် ဆိုသော ဗိုလ်ချုပ်
- နိုင်ငံရေး သိပ္ပံအကြောင်း၊ တိုင်းပြည်တိုးတက်ဖွံ့ ဖြိုးရေး အကြောင်းနှင့် ပညာပေးစာအုပ်များကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးသားကာ စာရေးဆရာ ဖြစ်ချင်သောဗိုလ်ချုပ်
- တပ်မတော်သားရဲဘော်များအား တာဝန်ဝတ္တရားအရ စစ်သူကြီးလေသံဖြင့်ပြောတတ်သော်လည်း မြို့ခံလူကြီးများနှင့် စကားပြောသည့်အခါ ရည်မွန်ယဉ်ကျေးစွာစကားပြောတတ်၍ သားသမီးများအပေါ်၌ မိဘမေတ္တာ အပြည့်ထားရှိသူ နှလုံးသားရှိသော ဗိုလ်ချုပ်
- တွေ့ကြုံဆုံခဲ့ရသော နိုင်ငံခြားသားခေါင်းဆောင်များကပင် ဗိုလ်ချုပ်အား အလွန်ထူးချွန်ထက်မြက်သော လေးစားမိသည့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သမိုင်းတစ်ခေတ်မှာ ပေါ်ထွက်ခဲသော ခေါင်းဆောင် ဗိုလ်ချုပ်

ဤသို့သော ဗိုလ်ချုပ်ကို ကျမ မလေးစားမမြတ်နိုးပဲ မနေနိုင်အောင် မည်သည့်အမိုက်မှောင်ကမျှ ကျမ၏ အသိတရားကို မည်သို့ ဖုံးလွှမ်းနိုင်ပေအံ့နည်း။

Monday, February 11, 2008

ညွှန်ကြားချက်

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ
(၇) ရက်စွဲပါ စာအမှတ် စ-၄၉(ဟတလ) /၂၀၀၈ (၀၇၉၂) ဖြင့်
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း
အသင်းဝင်များအားလုံးသို့ ပေးပို့လာသည့် ညွှန်ကြားချက်ပါ


အကြောင်းအရာ ။ ။ ဘာသာရေးဆိုင်ရာ ရုပ်ပွား၊ ဆင်းတု အဆောက်အအုံများနှင့်
မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် မကိုက်ညီသော
အခမ်းအနားပြင်ဆင်သုံးစွဲမှုများမပြုလုပ်ရန် အကြောင်းကြားခြင်း။
၁။ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်
ဆောင်ရွက်လျက်ရှိကြသော ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့်
ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့
လုပ်ငန်းရုံး၊ ဟိုတယ်နှင့် လုပ်ငန်းဆောင်ရွက်ရာ ပတ်ဝန်းကျင်တွင်
မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ကိုက်ညီမှုမရှိသော
မြန်မာအမျိုးသားများအနေဖြင့် နှစ်သက်လက်ခံနိုင်ဖွယ်မရှိသော
မည့်သည့်အခမ်းအနား ပြင်ဆင်မှု၊ ၀တ်စားဆင်ယင်မှု ၀န်ဆောင်မှုများကိုမှ
ဆောင်ရွက်မှုမပြုလုပ်ရန် လိုအပ်ပါသည်။
၂။ အထူးသဖြင့် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ရုပ်ပွားတော်၊
ဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အသုံးအဆောင်များကို
အထွတ်အမြတ်ထားရှိ၍ အရိုအသေပေးရန် ထားရှိခြင်းမျိုးမှအပ မည်သည့်လုပ်ငန်း
ဆောင်ရွက် ၀န်ဆောင်မှုပေးသည့်နေရာတွင်မဆို အခမ်းအနားပြင်ဆင်မှုသဘောဖြင့်
သုံးစွဲခြင်းလုံးဝမပြုလုပ်ရန် တားမြစ်ပါသည်။
၃။ အထက်ပါ တားမြစ်ချက်အား လိုက်နာမှုမရှိဘဲ ဖောက်ဖျက်မှုပြုပါက
မလိုလားအပ်သော ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပြီး
အဓိကတရားခံအဖြစ်သို့ ရောက်ရှိနိုင်သည့်အပြင် ဤဦးစီးဌာနမှလည်း
လုပ်ငန်းလိုင်စင်ပိတ်သိမ်းပြီး တည်ဆဲဥပဒေအရ ပြင်းထန်စွာ
အရေးယူခြင်းခံရမည်ဖြစ်ပါ၍ အထူးသတိပြု လိုက်နာ ဆောင်ရွက်ပါရန်
သတိပေးညွှန်ကြားပါသည်။


ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)
(ဒုတိယဗိုလ်မှူးကြီးလှိုင်မြင့် (ငြိမ်း) ညွှန်ကြားရေးမှူး)

စာကြွင်း။၊ဘာရယ်မဟုတ်ပါဘူး။ ဘာပို့စ်တင်ရမှန်းကို မသိတော့လို့
ဆားချက်တာ။ ကြိုက်သလို ယူဆတွေးတောနိုင်စေသော်ဝ် :P
နာကတော့ "ကျော်ထူးရေ ပြန်ရအောင်" အဟက်ဟက်

Thursday, February 7, 2008

ညီလေးတစ်ယောက်ပါ..

ဦးဇာဂနာက ကိုနေဘုန်းလတ်အတွက် ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ကျွန်တော့ကိုယ်စား ဒီစာလေးတင်ပေးပါ
ကျွန်တော့နံမယ်နဲ့သုံးပေးပါ

ညီလေးတစ်ယောက်ပါ
တစ်ခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက်လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတစ်ယောက်ပါ
ညာဖက်လက်မောင်းဖျောင်းကနဲကျိုးသလို
ဆစ်ကနဲနာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့လောက ကို
သူငေးမောနေလေမလား။
ညီလေးတစ်ယောက်ပါ။
ဇာဂနာ
(နေဘုန်းလတ်သို့)

စာကြွင်း။ ။ ရင်ခုန်သံဒိုင်ယာရီ ဆီက မလာတာပါ။

Wednesday, February 6, 2008

မြို့စားကြီးမရှိသော မြို့တော်ကြီး တစ်နှစ်ပြည့် အတွက်

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။