Thursday, January 31, 2008

သူငယ်ချင်းသို့….

မမြင်နိုင်ဘူး အပြင်ဘက် တနေရာစီကို

တချိန်ချိန်မှာမြင်နိုင်စေဖို့ ပြတင်းတံခါးတွေလိုက်ဖွင့်လိုက်တယ်

အားလုံး 28 ပေါက်


အလင်းကိုမတွေ့ဘူး မှောင်နေတယ် ဒီဘက် ကမ္ဘာတခြမ်းမှာ

တချိန်ချိန်မှာ အလင်းတွေ့နိုင်စေဖို့ မီးတွေ ထွန်းညှိလိုက်တယ်

အားလုံး 28တိုင်


မပျံသန်းနိုင်ပါဘူး တခြားလွတ်မြောက်ရာ နယ်ပယ်တစ်ခုစီကို

တချိန်ချိန်မှာ ပျံသန်းနိုင်ဖို့ ငှက်ကလေးတွေကို လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်တယ်

အားလုံး 28ကောင်


နင် ဖြစ်ချင်တာတွေ ဖြစ်အောင် မလုပ်ပေးနိုင်တဲ့ ငါ့ဘဝ

အားမရပေမဲ့လဲ တတ်နိုင်တဲ့ တနေရာကပဲ

ငါ ဆုတောင်းပေးပါရစေ သူငယ်ချင်း

မင်း ဒီဘ၀က အမြန်ချက်ချင်း လွတ်ကင်းနိုင်ပါစေလေ…

Monday, January 28, 2008

ရန်ကုန် နှင့် မန်းဘလော့ဂါ လူဟောင်းလူသစ်များ အလွတ်သဘောတွေ့ဆုံမှု

မနေ့က 28-01-08(Sunday) မှာ ကျွန်မတို့ ရန်ကုန် နှင့် မန်းဘလော့ဂါ လူဟောင်းလူသစ်များ အလွတ်သဘော တွေ့ဆုံပွဲလေး တစ်ခုကို နေ့လည် 2နာရီမှ 5နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။ တစ်မြေတည်းနေ ဘလောဂ့်ဂါ အချင်းချင်း ရင်းနှီး ကျွမ်းဝင် စေချင်တဲ့ သဘောလေးနဲ့ပါ။

အဲဒီပွဲလေး မလုပ်ခင်၂ရက်အလိုမှာမှ မေးလ်ကပ်ပို့တာမလို့ မသိလိုက်တဲ့သူ အချို့ နဲ့ မအားလို့ မလာခဲ့တဲ့သူတချို့တလေ ကျန်ခဲ့ ပါတယ် ဆိုပေမဲ့ ကျမက ရေခွက်ထဲမှာ ရေမပြည့်တာကို ခံစားတာမျိုးထက် ရေတ၀က်တောင် ပြည့်လာပါလား ဆိုပြီး ကြည်နူးမိပါတယ်။ ဒီတွေ့ဆုံပွဲလေးကို မအားတဲ့ကြားထဲက အချိန်ပေးပြီး လာတဲ့သူတွေရော နောက်ကျပီးမှ သိလို့ မလာလိုက်ရပေမဲ့ နောက်တစ်ပွဲကျ လာဖြစ်အောင် လာပါမယ်ဆိုပြီး ဖုန်းနဲ့ ရော မေးလ်နဲ့ပါ အမျိုးမျိုး လှမ်းအကြောင်းကြားတဲ့ ဘလော့ဂါ မောင်နှမတွေကိုရော ကျေးဇူးတင်ပါတယ်။

လာပြီး တက်ရောက်ဆွေးနွေးပွဲမှာ ပျော်ပျော်ရွှင်ရွှင် တတ်အားသရွေ့ ပါဝင်သူများ စာရင်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

ကိုဘလာဂေါက်
မမယ်လိုဒီမောင်

ကိုချမ်းမြစိုး
ကိုတက်ဆလာ
စိုးဇေယျ
ကိုမင်းဆွေ (နောင်တော်ကဗျာလမ်း)
ပင့်ဂိုလ်း
ဆူးလင်းသစ် (blog reader)
ဖိုးသူတော်
မျက်လုံး
ဘာညာ
ကိုဝေ (သတင်းစာ)
969 Group (ကိုခနန္ဒ)
တေဇာ
ကိုပီကေ
တော်ကီ
ကိုဂျက်
အနှင်း (ကောင်မလေး)
ကိုနေဘုန်းလတ်
ကိုညီလင်းဆက်

အလ္လာပသလ္လာပတွေ ပြောလိုက် တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နောက်ပြောင် ကျီစယ်ရင်း အတည်အတံ့ ပြောဖြစ်တာလေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(ညီမငယ်လေး ပင့်ဂိုးလ် ဆီက မလာတာ။ အစောကြီး စုံစုံလင်လင် ပို့စ်တင်ပေးထားတဲ့ အတွက် ကျေးဇူးမီလီယံပါ။ သူ့ဘလော့ဂ်ထဲက သူခံစားတာအတိုင်း မပြင်ပဲ ပြန်တင်ပေးထားတာပါ။)

------------------------------ ပြီးတော့ ကျွန်မတို့ Myanmar Blogger Society အနေနဲ့ September 1 ရက်နေ့မှာ Seminar တစ်ခု လုပ်ခဲ့တာကလွဲရင် ကျန်တဲ့ လုပ်မယ်လို့ ရည်မှန်းထားတဲ့ အစီအစဉ်လေးတွေကို ဘာမှ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်လေ။ အဲတော့ ဒီအကြောင်းလေးကိုလည်း ပြောရင်း ဘလောဂ့်ဂါတွေကိုလည်း ကိုယ်လုပ်နိုင်မယ့် တာဝန် အသီးသီးကို တာဝန် ခွဲဝေပေးရင်း ဆိုတဲ့ သဘောနဲ့ တွေ့ဆုံပွဲလေး လုပ်ဖို့ စီစဉ် ခဲ့တာပါ။ ၀မ်းနည်းစရာ ကောင်းတာက ကျွန်မတို့ တွေ့နေကျ လူဟောင်းတွေကလွဲရင် အသစ်တွေ သိပ်မလာဘူးရှင်။ မအားတာ ကြောင့်ပဲလား၊ မလာရဲတာလား၊ မျက်နှာပြရမှာ ကြောက်တာလားတော့ ကျွန်မလည်း မသိဘူးပေါ့နော်။ အဲတော့ လာတဲ့ သူလေးတွေ အချင်းချင်းပဲ ဘာတွေလုပ်ကြမယ်၊ ဘယ်လို အစီအစဉ်လေးတွေရှိတယ်၊ ဘယ်သူတွေက တာဝန်ယူမယ် စတာလေးတွေကို ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တို့ MBS ရဲ့ နောက်ဆက်လုပ်မယ့် အစီအစဉ်လေးတွေကို စီမီနာ တုန်းကလည်း ပြောပြခဲ့ဖူးပါတယ်။ ဒါကတော့ Blogger တွေရဲ့ ပိုစ့်တွေကို သူတို့တွေရဲ့ ဘလောဂ့်တွေကို သွားစရာမလိုပဲ တစ်နေရာတည်းမှာ စုစု စည်းစည်း ဖတ်နိုင်မယ့် RSS Web Portal လေးတစ်ခု လုပ်မယ့် အစီအစဉ်လေးပါ။ ဒါလေးကိုလည်း ခုချိန်မှာ စလုပ်တော့မှာပါ။ နောက်တော့ ဒီ MBS ကနေ ဦးဆောင်ပြီး ရန်ကုန်မှာသာမက နယ်တွေမှာပါ နည်းပညာ ပြန့်ပွားရေး သင်တန်းတွေကို ပညာဒါန သဘောမျိုးနဲ့ သင်တန်းပေးသွားမယ့် အစီအစဉ်လေးတွေ၊ မိဘမဲ့ ကလေးကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ တတ်အားသရွေ့ လှူဒန်းသွားမယ့် အစီအစဉ်လေးတွေ ပါပါတယ်။ ကျွန်မတို့ လုပ်နိုင်သလောက်ကို ခုချိန်ကနေ Plan တွေ သေချာဆွဲပြီး စိတ်ဝင်စားမယ့်၊ တစ်ကယ်လည်း ပါဝင်လုပ်ဆောင်ချင်တဲ့ blogger တွေကို တာဝန်ခွဲဝေ ပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင်။ အဲတော့ ကျွန်မတစ်ခုလောက် request လုပ်ချင်တာက မြန်မာနိုင်ငံရဲ့ နယ်အသီးသီးကနေ blogging ပြုလုပ်နေကြတဲ့ blogger အသီးသီးဟာ volunteer သဘောမျိုးလေးနဲ့ ဒီအစီအစဉ်လေး ဖြစ်မြောက် အောင်မြင်အောင် အကူအညီလေးတွေ ပေးကြစေလိုပါတယ်။ နောက်နောင်မှာ ကျွန်မတို့ တွေ့ဆုံပွဲလေးတွေ လုပ်ရင်လည်း တက်တက်ကြွကြွနဲ့ လာရောက် ပါဝင်ပေးစေလိုပါတယ်။ ၀ိုင်းဝန်းပြီးတော့ အကြံလေးများ ပေးစေလိုပါတယ်။ ဒါမှာ MBS ရဲ့ အစီအစဉ်လေးတွေဟာ မြန်မြန်နဲ့ အောင်မြင်နိုင်မှာ မဟုတ်ပါလားရှင်။

အဲဒီတော့ ဒီလို ပညာပေး အစီအစဉ်တွေ၊ အလှူ ဒါနတွေကို အင်တိုက် အားတိုက် ပြုလုပ်နိုင်ရေး အတွက် ကျွန်မတို့မှာ fund တစ်ခုလိုအပ်ပါတယ်။ မြန်မာနိုင်ငံကသာမက တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မြန်မာ ဘလောဂ့်ဂါတွေဆီမှာလည်း ကျွန်မတို့တွေ fund လေးတွေကို ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင်။ စိတ်ဝင်စားတဲ့ မည်သူမဆို blogger ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်မတို့ရဲ့ အစီအစဉ်လေးအတွက် ၀င်ရောက်ပါဝင် ထောက်ပံ့ပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ နောက်ပိုင်းမှာ Member System ကိုလည်း သေချာလေး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Monthly Fund အနေနဲ့လည်း ရန်ကုန်မှာ ရှိတဲ့ သူတွေက တစ်လကို အနည်းဆုံး 1500 ကျပ်ထည့်ဝင်ဖို့ ဒီနေ့တက်ရောက် လာသူတွေနဲ့ အတည်ပြု သတ်မှတ်ပြီး သွားပါပြီရှင်။ နိုင်ငံခြားက blogger တွေ အတွက်ကတော့ Monthly Fund ထည့်ဝင်ဖို့ ကိစ္စကို ကျွန်မတို့ နိုင်ငံအလိုက် amount တစ်ခု ပြန်လည် သတ်မှတ်ပေးပါမယ်။ ပြီးတော့ Singapore မှာ Bank Account တစ်ခုဖွင့်ပြီးတော့ ငွေလွှဲဖို့ အဆင်ပြေနိုင်အောင် စီစဉ်ပေးသွားမှာပါ။ အားလုံးလည်း ကျွန်မတို့ကို ဘယ်လို ဘယ်ပုံ လုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်း အကြံပေးဖို့ တောင်းဆိုပါတယ်။ Two heads are better than one. ဟုတ်တယ်ဟုတ်!

ကျွန်မတို့ ဒီနေ့ ဘယ်သူက ဘာလုပ် စသည်ဖြင့် တာဝန်ခွဲဝေ ပေးသွားပုံကိုပါ တစ်ခါတည်း ပြောပြပေးပါမယ်။ MBS ရဲ့ တာဝန်ခံတွေ အဖြစ်ကတော့ လောလောဆယ်မှာ ကိုနေဘုန်းလတ်၊ မောင်ပွတ်၊ ဘာညာ၊ ကိုပီကေ စိုးဇေယျ တို့က တာဝန်ယူ လုပ်ဆောင်ပါလိမ့်မယ်။ Web Portal ကိစ္စကိုတော့ ကိုညီလင်းဆက်၊ တေဇာ၊ ကိုမျက်လုံး၊ စေတန် နဲ့ ကိုဥပက္ခာ တို့က ဆောင်ရွက်ပါလိမ့်မယ်။ ဒီနေ့မှာ စေတန်နဲ့ ကိုဥပက္ခာကတော့ တက်ရောက် မလာခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေက Web နဲ့ပတ်သက်တာတွေကို ကျွမ်းကျင်ကြတဲ့ အတွက် ဆက်သွယ်ပြီး အကူအညီတောင်းလို့ရအောင် ထည့်ထားလိုက်ပါတယ်။ ကူလည်း ကူညီကြမှာပါ (ဟဲဟဲ ချုပ်တာ)။ Funding စုဆောင်းဖို့ ကိစ္စကိုတော့ ကျွန်မ ပင့်ဂိုလ်းကပဲ တာဝန်ယူ ဆောင်ရွက်မှာပါ။ ကျွန်မနဲ့အတူ နှင်းမိုးဝေ (ကောင်မလေး) နဲ့ တိုလီလေးတို့ကို အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။ Public Relation ပိုင်းကိုတော့ မမယ်လိုဒီမောင်က တာဝန်ယူ ဆောင်ရွက်ကြမယ် ဆိုပြီး ကျွန်မတို့ တာဝန်လေးတွေ ခွဲဝေခဲ့ပါတယ်။

ပြီးတော့ MBS ရဲ့ စတင် မတည်ငွေအဖြစ် ဒီနေ့ တက်ရောက်လာသူ Blogger များထံမှ Fund ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ ငွေပမာဏနဲ့ တက်ရောက်လာသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင်။


ကိုဘလာဂေါက် 10000 ကျပ်
မမယ်လိုဒီမောင် 30000 ကျပ်
ကိုချမ်းမြစိုး 20000 ကျပ်
ကိုတက်ဆလာ 10000 ကျပ်
စိုးဇေယျ 5000 ကျပ်
ကိုမင်းဆွေ (နောင်တော်ကဗျာလမ်း) 2000 ကျပ်
ပင့်ဂိုလ်း 10000 ကျပ်
ဆူးလင်းသစ် (blog reader) 2000 ကျပ်
ဖိုးသူတော် 2000 ကျပ်
မျက်လုံး 5000 ကျပ်
ဘာညာ 5000 ကျပ်
ကိုဝေ (သတင်းစာ) 5000 ကျပ်
969 Group (ကိုခနန္ဒ) 4000 ကျပ်
တေဇာ 5000 ကျပ်
ကိုပီကေ 30000 ကျပ်
တော်ကီ 5000 ကျပ်
ကိုဂျက် (ကွမ်းခြံကုန် မဟုတ်ပါ) 10000 ကျပ်
အနှင်း (ကောင်မလေး) 10000 ကျပ်
ကိုနေဘုန်းလတ် 50000 ကျပ်
ကိုညီလင်းဆက် 30000 ကျပ်

စုစုပေါင်း မတည်ငွေ အဖြစ် (စာရင်းအရသာ) 254000 (နှစ်သိန်းငါးသောင်းလေးထောင်ကျပ်) ရရှိပြီး အလုပ်တွေ စလုပ်ကြတော့မှာ ဖြစ်ပါတယ်။ Fund ထည့်ဝင်ချင်တဲ့ blogger များအနေနနဲ့ ကျွန်မကို ဆက်သွယ်နိုင်ပါတယ်ရှင်။ Gtalk အက်ချင်ရင်တော့ pinkgold@cuttiepinkgold.info ကိုအက်နိုင်ပြီ။ မေလ်းပို့ချင်ရင်တော့ pinkgold@misyou.net ကို ဆက်သွယ်နိုင်ပါတယ်။

ဟုတ်ကဲ့ အထက်ပါအချက်အလက်တွေအတိုင်း ကျမတို့ MBS ရဲ့ ပထမဆုံး ခြေတလှမ်းကို ခိုင်ခိုင်မာမာ ချမိပါပြီ။ တလှမ်းပြီးတလှမ်း ဆက်လျှောက်ဖို့ပဲ လိုပါတော့တယ်။ ဒီတော့ စတင်ချီတက်တော့မယ် ဒီ MBS လေးကို ပြည်တွင်းပြည်ပ နယ်မြေဒေသ ဘာမှ မခွဲခြားပဲ အားလုံးပါဝင် ပံ့ပိုးကူညီကြပါလို့ မေတ္တာရပ်ခံ မျှော်လင့်ပါတယ်။

MBS နဲ့ ပါတ်သက်ပြီး ဝေဖန်အကြံပြုလိုတာများရှိရင်တော့ mbs at myanmarbloggers.org ကိုမေးလ်ပို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

စာကြွင်း။ ။(၁) အထက်ပါ ပို့စ်မှ တာဝန်ခွဲဝေယူမှုများ နှင့် ကောက်ခံရရှိသော အလှူငွေ စာရင်းများမှာ ပဏာမ လျာထားမှုများသာ ဖြစ်၍ မေးလ်ပို့ အတည်ပြုပေးရန် တောင်းဆိုအပ်ပါသည်။

(၂) အလွတ်သဘောတွေ့ဆုံမှုမှနေ၍ မတည်ငွေ fund ကောက်ခံမှုသည် လျှပ်တပြက် အကောင်အထည်ဖေါ်မှုသာ ဖြစ်ကြောင်းလည်း ရှင်းလင်း တင်ပြအပ်ပါသည်။

(၃) စုစုပေါင်း မတည်ငွေ အဖြစ် 254000 (နှစ်သိန်းငါးသောင်းလေးထောင်ကျပ်) မှာ စာရင်းအရသာ ကောက်ခံထားခြင်းဖြစ်ပြီး လာမည့် ဖေဖေါ်ဝါရီ 5ရက်နေ့တွင်မှ နောက်ဆုံးထား ကောက်ခံရယူမှဖြစ်ကြောင်း

(၄) ပါဝင်တွေ့ဆုံသူ အားလုံး၏ မေးလ်လိပ်စာများကို မေးလ်ဖြင့်သာ ပို့ပေးမည် ဖြစ်ကြောင်းနှင့် မြန်မာဘလော့ဂါ ဒေါ့ အိုအာဂျီ ဒိုမိန်းနာမည်အား သုံးစွဲလိုပါကလည်း မေးလ်ဖြင့် ပြန်လည် အကြောင်းကြားပေးပါရန်။

(၅) MBS ဘာလဲ ဘယ်လဲဆိုတာကို အကျဉ်းဖေါ်ပြချက်(ဖိတ်စာမှာလဲ အောက်ပါအတိုင်း ဖေါ်ဝပ်လုပ်ခဲ့ပါတယ်)

ပထမဆုံး MBS ရယ်လို့ နာမည်ခံပြီး စာအုပ်လုပ်နေပါတယ်။ နောက်ပြီး ဆီမနာလုပ်ခဲ့ပြီးပါပြီ။ နောက်ပြီး အင်တာဗျူးလိုမျိုးတွေလည်း မီဒီယာတွေနဲ့ စတင်ဆက်ဆံနေကြပါပြီ။ ဒီတော့ MBS နဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေ၊ လုပ်နေတဲ့လူတွေကို ပြပါဆို ကျွန်တော်တို့မှာ တိကျတဲ့လူ မရှိသေးပါဘူး။ သဘောကတော့ တိကျတဲ့ ဖွဲ့စည်းမှုမရှိသေးပါဘူးဆိုတာပါပဲ။ ခိုင်မာတဲ့ အဖွဲ့၊ ဦးဆောင်သူအတိအကျ မရှိဘဲ အဆင်ပြေသလိုလုပ်နေတာက ရေရှည်မှာ အားနည်းချက်ပေါ်လာနိုင်လို့ အခြားသော ခြေလှမ်းတွေ မစခင်မှာ MBS အတွက် အချိန်ပေး ကူညီနိုင်မယ့် လူတွေကို ဖိတ်ခေါ်ချင်ပါတယ်။ ဘဏ်နဲ့ ငွေကြေးကိစ္စ၊ အင်တာနက်ကော်နက်ရှင်၊ နိုင်ငံရေးသံသယကင်းခြင်း စတဲ့အားသာချက်တွေနဲ့အတူ MBS ရုံးချုပ်ကို စင်ကာပူမှာလို့ သဘောထားပေးစေချင်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာလည်း အလားတူ MBS ကိုယ်စားလှယ်တွေ ရှိနေမှာပါ။ စင်ကာပူဘက်က စင်ကာပူသာမက အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ထိုင်း၊ မလေးရှား၊ ဂျပန် စတဲ့ ပြင်ပဒေသရောက် ဗမာ Blogger တွေအားလုံးအတွက် ဆက်သွယ်ရာ ရုံးအဖြစ် တာဝန်ယူပေးပါ့မယ်။

ဘယ်သူတွေ တာဝန်ယူကြမလဲဆိုတာကိုတော့ အခုလိုစဉ်းစားထားပါတယ်။ ( စဉ်းစားထားကြတာပါ ) အခုနပြောထားတဲ့ စင်ကာပူ၊ ရန်ကုန်နဲ့ မန္တလေးဒေသတွေက MBS အတွက် လုပ်နေသူတွေ၊ ဒါမှမဟုတ် Public အတွေ့အကြုံရှိတဲ့လူတွေထဲက အချိန်ပေးနိုင်တဲ့ လူအချို့က အမာခံတွေအဖြစ် စတင်ဦးဆောင်ပေးပါမယ်။ စင်ကာပူဘက်ကို ကိုဇင်ကိုလတ်၊ ကိုညီညီ(သံလွင်)နဲ့ ကျွန်တော်ကိုယ်တိုင်က တာဝန်ယူကူညီပါ့မယ်။ ရန်ကုန်က ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုညီလင်းဆက်၊ မမယ်လိုဒီမောင်၊ မဘာညာတို့က တာဝန်ယူပေးမှာဖြစ်ပြီး မန္တလေးဘက်ကိုတော့ ကိုညီလင်းဆက်နဲ့ မမယ်လိုဒီမောင်တို့က တာဝန်ယူမယ့် လူတွေနဲ့ ညှိနှိုင်းနေဆဲလို့ သိရပါတယ်။ ဒါတွေပြီးတာနဲ့ Blog တစ်ခုရှိတဲ့ ဘယ် Blogger မဆို ကျေးဇူးပြုပြီး (နောက်ပိုင်းမှာအတည်ပြုပေးမယ့်) Email တစ်ခုကို စာပို့ပြီး Volunteer အဖြစ်အကြောင်းကြားပေးကြပါ။ Volunteer တွေဟာ တကမ္ဘာလုံးက ဘယ် Blogger မဆိုဖြစ်နိုင်ပါတယ်။ Volunteer တွေထဲက တကယ်အချိန်ပေးနိုင်ပြီး တာဝန်ယူကူညီနိုင်မယ့် သူငယ်ချင်းတချို့ကို ထပ်ရွေးချယ်ပြီး MBS ရဲ့ အမာခံ တာဝန်ရှိသူတွေဖြစ်ကြောင်းကြေငြာပါ့မယ်။ ဒီလူတွေဟာ MBS ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို တာဝန်ယူ ခေါင်းခံပေးရမှာဖြစ်ပါတယ်။ MBS ဟာ လက်ရှိအခြေအနေမှာ ပါဝင်ကူညီသူတွေကို ငွေကြေးနဲ့ အကျိုးခံစားခွင့် တစုံတရာ လုံးဝပေးနိုင်ဦးမှာမဟုတ်ဘဲ Myanmar Blogger တွေအတွက်ဆိုတဲ့ ခံယူချက်တစ်ခုနဲ့ပဲ ရှေ့ဆက်ကြမှာပါ။ ဒါကြောင့် တကယ်အချိန်ပေးနိုင်ပြီး တစုံတရာ တာဝန်ယူပေးနိုင်သူများ အားလုံး ကျေးဇူးပြုပြီး ပူးပေါင်းကူညီဖို့ အထူးပဲ မေတ္တာရပ်ခံပါတယ်။

နောက်တစ်ခုက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ခံယူချက်တစ်ခုကို တင်ပြပေးချင်ပါသေးတယ်။ MBS ဟာ အဖွဲ့အစည်းတစ်ခုအနေနဲ့ နိုင်ငံရေးလုပ်ခြင်း၊ ဝေဖန်ခြင်း၊ အားပေးခြင်းများကို ပြုလုပ်စွက်ဖက်မှာ မဟုတ်ပါဘူး။ Blogger တစ်ဦးချင်းစီကသာ မိမိဆန္ဒအလျောက် ပြုလုပ်ချင် ပြုလုပ်ကြမှာဖြစ်ပြီး အဲဒီအတွက် MBS နာမည်၊ လိုဂိုနဲ့ အခြားဘယ်ခံစားခွင့်ကိုမှ စွဲယူသုံးစွဲခြင်းမပြုလုပ်ဖို့ တားမြစ်တောင်းပန်ချင်ပါတယ်။ ၄င်းတို့ တစ်ဦးချင်းစီရဲ့ ရေးသားခြင်းဟာ ၄င်းတို့ရဲ့ လွတ်လပ်ပိုင်ခွင့်သာဖြစ်လို့ MBS က တားမြစ်မှာ၊ စောင့်ကြည့်မှာ မဟုတ်ဘဲ အဖွဲ့အစည်းအသွင်မဆောင်ဖို့ကိုပဲ တောင်းဆိုချင်တာပါ။ MBS ရဲ့ ရည်ရွယ်ချက်နဲ့ ခြေလှမ်းတွေကို လူစုဖွဲ့ပြီးရင် ဆွေးနွေးကြပါမယ်။

Saturday, January 26, 2008

Testing

စမ်းသပ်နေခြင်း
ဖြစ်ပါသည်(Template ပြောင်းနေတာလေ)





အိုကေ

ရွှေရောင်သောကြာနေ့ (သို့မဟုတ်) Blues Rock Night

မနေ့ညက ရွှေမန်းမင်းသားက ဒကာတော်ရေမြေ့ရှင်လုပ်လို့ Sakura Tower(အထပ်၂၀) ရဲ့ Thiripyitsaya Sky Lounge မှာ ကော်ကော်သွားသောက်ခဲ့တာ။ 7နာရီခွဲကျော်ကျော် ရောက်ရောက်ချင်းမှာတော့ သုံးလေးငါးဝိုင်းပဲ လူရှိတယ်။ တီးဝိုင်းကတော့ ဆိုတီးနေပြီ။ ထောင့်နားလေးက ထိုင်ခုံနေရာကိုရွေးထိုင်ပြီး ရှုခင်းကို လျှပ်တပြက်ကြည့်လိုက်တယ်။ မီးလာနေတဲ့ အခိုက်မလို့ ရန်ကုန်မြို့ကြီးရဲ့ Night life ကလဲ ရောင်စုံမီးတွေနဲ့ လှမလှ။ ရွှေတိဂုံဘုရားကြီးရဲ့ pagoda view ကိုကောင်းကောင်းကြီးခံစားလို့ရတဲ့ နေရာထိုင်မိတော့လဲ ၀င်းဝါပြီး ရွှေအတိပြီးတဲ့ ဘုရားကြီးကို သပ္ပါယ်လိုက်တာနော်လို့ ခံစားကြည်ညိုမိပါသေးရဲ့။ waiter ကောင်လေး အနားနားရောက်လာတော့ ကော်ဖီပဲသောက်မယ်ပြောပြီး drink menu ကိုကြည့်လို့ ဈေးနှုံးက ဒီထဲက အတိုင်းပဲလား။ ညဆို ၂ဆဆို ကောလဟာလလားမသိလို့ ပြောတော့ ကောင်လေးက ရယ်ပြီး 2008မှာ နေ့ရောညပါ ဈေးအတူတူဖြစ်သွားပီတဲ့ ။ ကောင်းလိုက်တာနော်။ အရင်ကဆို ညဖက်ဈေးကြီးလို့ နေ့ဖက်တွေမှာပဲ သွားသောက်ဖြစ်တာ ခုတော့ ညတွေလဲ သွားလို့ ရပြီဗျ။ တတ်နိုင်တယ်လေ အဟဲဟဲ။ အဲဒါ သတင်းကောင်းနော်။ အဲလိုနဲ့ cappuccino တစ်ခွက်နဲ့ mocha တစ်ခွက်မှာလိုက်တယ် ။ နှစ်ခွက်မှ 5000 ကျပ်ပဲ ဆိုတော့ တန်မှတန်ပေါ့။ အထပ်အမြင့်မှာ ခပ်မြင့် မြင့် သောက်ဖို့ ဒီလောက်ပဲ ကျတယ်ဆိုတော့ ခါတိုင်းသွားသောက်နေကျ Aroma, Black Canyon, California တို့ J-Bon တို့ကို ဘယ်သွားချင်တော့မလဲနော်။ ဒီပဲလာမှာပေါ့ (အဟဲဟဲ ကြော်ငြာနေတာမဟုတ်ဘူး) ရွှေမန်းမင်းသားက ပြောတယ်။ လန်ဒန်မှာဆိုရင်တဲ့ အရင်ခေတ်လက်ရာကို ထိန်သိမ်းထားတော့ ကျောင်းတွေကလွဲရင် အထပ်အမြင့်တွေ သိပ်မရှိဘူး။ ငါးထပ်ခြောက်ထပ်ပဲတဲ့။ သိပ်မြင့်တာမှ ဆယ်ထပ်လောက်ပဲတဲ့။ ပြီးတော့ အဲလို အထပ်အမြင့်မှာ ဖွင့်ထားတဲ့ ဆိုင်တွေဆိုရင် too expensive ဆိုပဲ။ သူကတော့ သဘောကျနေပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထဲမှာနေတာတောင် မှန်နောက်က မြင်ရတာအားမရလို့ အပြင်ဖက်တောင် ထွက်ချင်နေသေးသတဲ့ ။ :P
ကော်ဖီသောက်ရင်း စကားတွေပြောရင်းနဲ့ လာတဲ့သူတွေလဲ များသထက်များလာလိုက်တာ။ ၀ိုင်းအပြည့်လောက်ဖြစ်သွားတယ်။ ဆိုလို့တီးလို့လဲ ကောင်းတုန်း။ နားထောင်လို့လဲကောင်းတုန်း။ သူကတော့ percussion တီးတာကို သဘောကျသတဲ့။ ကျမကတော့ တီးတဲ့သူကိုပဲငေးနေတာ။ (သူက ကျမ၀တ်ထားတဲ့ အင်္ကျီနဲ့ အရောင်ဆင်တူလို့ပါလေ) နောက်ထပ်လူအုပ်စု ထပ်ရောက်လာတာ ခုံမရှိတော့ အယောက် နှစ်ဆယ်စာလောက် စားပွဲအရှည် ထပ်စီစဉ်ပါတယ်။ အော်စည်လိုက်တာနော် ။ ဒါပေသိ foreigner တွေချည်းပဲ ။ မြန်မာက ကိုယ်တွေ အပါအ၀င် ဆယ်ဂဏာန်းတောင် ရှိပါ့မလားမသိ (၀န်ထမ်းတွေမပါပဲပေါ့)။ သတိရမိသေးတယ် 2006 ခရစ်စမတ်တုန်းက ဘန်ကောက်မှာ Baiyoke Suite ရဲ့ 24ထပ်မြောက်က sky lounge မှာ Japan, Thai, Italian ဘူဖေးကို တစ်ယောက် 10$ နှုံးနဲ့ စားရဖို့ အရေး လာမဲ့ အချိန်နဲ့ လူအရေအတွက်ကို reserved လုပ်မထားရင် နေရာရဖို့ မသေချာလောက်အောင် ထိုင်းလူမျိုးတွေ အပြည့်နီးပါးနဲ့ စည်တဲ့ ညကိုလဲ အံသြမိသေးရဲ့။ သူတို့က အဲဒီမှာ ကင်လိန်းလိမ်း(အပျော်စား) ပါတဲ့။ ရန်ကုန်မှာ အထပ်မြင့် သွားစရာဆိုလို့ ရှားရှားပါးပါး ရှိတာလေးကို ခုတော့ ဒီမှာတော့ နော် ဟွန့် :(


ည 9နာရီကျော်တော့ တီးဝိုင်းသံကလဲ နားထဲမှာဆူလာတယ်။ သူတို့ foreigner တွေ သောက်ကြ၊ ဓာတ်ပုံတွေရိုက်ကြ၊ ထုံးစံအတိုင်း နှုတ်ဆက်ကြတာတွေ မြင်ရင်း မူးလာလို့ ပြန်လာခဲ့ကြတယ်။ foreigner တွေထဲမှာ အဖြူတွေအပြင် ဂျပန်လူမျိုး မြန်မာစကားပြောတဲ့သူတွေလဲ တွေ့မိပါရဲ့။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ချစ်ချစ်နဲ့ဖြစ်ဖြစ် သွားလို့ အဆင်ပြေ ဈေးနှုံး သင့်တင့်တဲ့ နေရာလေးတခုမို့ လက်တို့ပြီးတော့ ပြောလိုက်ပါရစေနော်။

အော် ဒါပေသိ ရေတော့ မှာမသောက်မိစေနဲ့ ။ 2000 ကျပ် နော်။ မတန်ဘူးလားလို့ (ဟိဟိ)

ကဲ.. မလာခင်မှာ ထုံးစံအတိုင်းကြာတတ်တဲ့ ကျမကို ရပ်စောင့်ပေးတာရော၊ ကော်ကော်တိုက်တာရော၊ လန်ဒန်က အကြောင်းတွေ ပြောပြတာရောကို ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ ရောပြောလိုက်တယ် ရွှေမန်းမင်းသားရေ။

Wednesday, January 23, 2008

Monthly Statistics about visitors in my myanmar blog

ဘာရယ်ညာရယ်မဟုတ်ပေမဲ့ ဆီဗုံးမှာ လာနှုတ်ဆက်တဲ့ မက်ဆေ့ခ်ျလေးတွေ ဘလော့ဂ်မှာ လာဖတ်တဲ့ အရေအတွက် လက်ရှိ ဘယ်နှစ်ယောက်ဖတ်နေတုန်းဆိုတာတွေကို မကြာခဏ မဟုတ်တောင်မှ ရံဖန်ရံခါ ကြည့်မိတာ ဘလော့ဂ်စွဲတဲ့ ရောဂါ တစ်ခု ဖြစ်ဖြစ်ကောင်းဖြစ်နေမှာပါ။ ခုလဲ ဘလော့ဂ်စရေးကတည်းက လာလည်သူအရေအတွက်(9000 ကျော်)ထဲက အမြဲတမ်းလာဖတ်တတ်သူက 6000လောက်ရှိတယ်ဆိုတာ သိရှိရတော့ ၀မ်းသာသလိုလိုလဲဖြစ်တယ် လာလည်တဲ့ သူငယ်ချင်းတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်။ နောက်လဲ အမြဲလာလည်ကြပါဦးလို့ ဖိတ်ခေါ်ရင်း Statcounter မှာ တွေ့မိတဲ့ Monthly Staticstics လေးကို ပြလိုက်တယ်နော် (ကြွားတယ်ပဲဆိုဆို ဟိဟိ)

Tuesday, January 22, 2008

ခပ်စိမ်းစိမ်းပဲနေတော့မယ်

လွမ်းလွန်လွန်းပေမဲ့

လွမ်းချင်လွန်းတာတောင်မှ

လွမ်းခွင့်မရှိတဲ့ ဘ၀မို့

လွမ်းမျက်ရည်မိုးတွေသာ

ကြွေကျ..မြေခ…


လွမ်းမိုးတွေစွေ

လွမ်းနှင်းပွင့်တို့ဝေ

လွမ်းနွေရက်တို့တာရှည်

အဆင်မပြေ ဒီရာသီတွေနဲ့ပဲ

နေမရ..ဖြေမရ…


ကိုယ်နဲ့မင်းနဲ့ အတူ

ပျော်ရွှင်ခဲ့ဖူးတာကိုလဲ

မင်းကတော့ သတိမှရပါလေစ

ဒီဘ၀..ဒီမျှနဲ့ပဲ ..(တော်ပါပြီကွာ)

သံသရာရှည်ရှည် မခံစားစေလိုလို့

ကဲ…ခပ်စိမ်းစိမ်းပဲနေတော့မယ်..။

Saturday, January 19, 2008

မကျီစားပါနဲ့ ..ချစ်သူ

ဝေဒနာ အသစ် အသစ်
ကဗျာတွေ ဖြစ်ဖြစ်လာပေမဲ့
မဖြေသာ မကြေငြာရဲ

သေသေချာချာ အဖြေရှာဆဲ
နင်နဲ့ငါရဲ့ အကြင်နာစစ်ပွဲ
ငါ့ဘက်ကတော့ အလံဖြူအမြဲ…

မင်းက မကြင်နာ မသနား
မကြာမကြာ ကျီစား
ငါ့မှာတော့ အိပ်ပျက်ညတွေသာများ
ကြာရင် ရူးသွားလေမလား…

Wednesday, January 16, 2008

ခရီးသွားတုန်း သတိထားမိတဲ့ ထူးခြားမှုလေးတွေ

ခရီးသွားတုန်း သတိထားမိတဲ့ ထူးခြားမှုလေးတွေကို ရေးမယ်ရေးမယ်နဲ့ ခရီးပြန်လာပီး ဘယ်လိုမှ မအားတာနဲ့ မရေးနိုင်ဘူးဖြစ်ခဲ့တာ။ ဒီနေ့မှ အချိန်ရတုန်းလေး သတိရသလောက်စဥ်းစားပြီး ပြောပြဦးမယ်။

မော်လမြိုင် မုံ့ဟင်းခါးတဲ့ အရသာကတော့ ဖျာပုံတို့ မော်ကျွန်းမုံ့ဟင်းခါးတို့ အရသာမျိုးနဲ့ တူပါရဲ့ ။ ဒါပေသိ အမှိုက်တွေ ထည့်စားရတာ ဆန်းသဗျ။ အဟဲ အမှိုက်ဆိုတာ ပဲသီးအစိမ်းတို့ ပဲတိပင်ပေါက်လေးတွေတို့ နံနံပင်တို့ကို ပြောတာပါ။ ကျမက အဲလို ရှုပ်တာတွေ ထည့်မစားတတ်ဘူး။ မစားခင် ဓာတ်ပုံရိုက်မထားလိုက်မိတာလဲ ဆောတီးဗျို။

လမ်းတလျှောက် စားဖြစ်တဲ့ မွန်-မြန်မာ ထမင်းဆိုင်တွေက ဟင်းအရသာ လက်ရာကလဲ ကောင်းမှကောင်းဗျာ။ ပင်ပန်းပြီး စားကောင်းကောင်းနဲ့ တွယ်တာပဲဗျို။ ခရီးပြန်လာတော့ ပိန်မသွားဘူး ပိုဝလာတာ အဟိ


စားစရိတ်ကလဲ သက်သာပါတယ်။ ဆိုင်ကောင်းကောင်းမှာ အ၀စားမှ ဟင်းတပွဲ တို့စရာ ဟင်းရံအစုံနဲ့ ထမင်း တခါပြင်ဆို 1300ကျပ်နဲ့ အ၀စားမှ 1500 ပဲ ကျသဗျ။ လက်ဖက်ရည်ဆို တခွက်မှ 100ကျပ်ထဲ။ တန်မှတန်။


အ၀တ်အစားကတော့ ကရင်မလေးတွေ ၀တ်တဲ့ သင်တိုင်း အကြောင်းပြောချင်တာပါ။ အထက်အောက် အရှည်ဝတ်တာကတော့ အပျိုတွေ ဆိုပဲ။ အပေါ်ကအင်္ကျီနဲ့ ထမီဝတ်တာကတော့ အပျို၊ အအို အကုန် ၀တ်လို့ ရတယ်ဆိုပဲ။ ကရင်ကောင်လေးတွေကတော့ ဟော့ရှော့ အပေါ်က ကရင် အင်္ကျီနဲ့ အောက်က ဂျင်းဘောင်းဘီနဲ့။ ဆံပင်တွေကလဲ အရောင်စုံ၊ ဟိုင်းလိုက် ဖောက်ထားတာတွေရော မိုးကြိုးပစ်ကေတွေရော စုံလို့ စုံလို့။

သွားကြတာကတော့ ဆိုင်ကယ်စီးကြတာများတယ်။ ဒီလို သုံးဘီး တက်ကစီတွေလဲ တွေ့တယ်။

မော်လမြိုင်က (ဗိုက်ပြား) ဘတ်စ်ကားတဲ့

ဒါကတော့

ဘုံပြတ်နဲ့ ပလိုင်းနဲ့ ကောင်မလေး (ချစ်ချာလေးနော် အဟက်ဟက်)


မွန်ပြည်နယ်ထဲက ချစ်စရာ့ အိမ်လေးတွေရှေ့မှာ

နေတဲ့ အိမ်တွေက ချစ်စရာလေး။ ပုံထဲကလိုမျိုး အိမ်ရှေ့မှာ လှေကားတွေတပ်ထားတတ်ပြီး ဘုရားစင်က ခြောက်မြှောင့်ပုံလေးတွေနဲ့ မှန်တွေကလဲ အရောင်စုံလေးတွေ တပ်ထားတတ်ကြတယ်။

တချို့နေရာတွေမှာတော့ ဖက်အိမ်လေးတွေလဲ တွေ့သဗျ။ ဖက်တွေကို သီပြီး အမိုးရော အကာပါ လုပ်ထားတဲ့ အိမ်လေးတွေက သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေးတွေလေ။


ဘုရားတဆူတဆူကို သွားဖူးတိုင်းလဲ တနေရာထဲမှာတင် ဘုရားတွေမှ အများကြီးပဲ ရှိနေတာ။ ကျိုက်မရောကဘုရားမှာဆိုရင် ဘုရားလေးတွေ ပတ်ပတ်လည်မှာ အများကြီးရှိလို့ ၀ိုင်းရယ်ကြတာ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါနဲ့တစ်ခါ အရေအတွက်မတူနိုင်ဘူုးဗျာ။ ကျမရေလို့ရတာက 51ဆူတောင်ပဲ (အတွင်းပိုင်းမပါပဲ အပြင်ပတ်လည်အရေအတွက်တင်) ဘုရားတွေက ဆင်းတုတော်တွေများပါတယ်။ စေတီပုထိုးအနေနဲ့ နဲပါတယ်။

အော် ဒီပုရပိုက်က မင်းတုန်းမင်းကြီး ပုဆိုးကို ပြာချပြီးလုပ်ထားတာတဲ့ (စိန်တုန်းမိဖုရားက အမှတ်တရ)


ကားလမ်းဘေးတလျှောက် ရှုခင်းကတော့ လယ်တွေယာတွေထက် ရော်ဘာခင်းတွေ၊ ကျွဲကောခြံတွေ၊ မရမ်းခြံတွေများသဗျ။

ရော်ဘာခင်းတွေကြားက နေ၀င်ဆည်းဆာကလဲလှမှလှ။

ကဲ ရှိသလောက် ပုံလေးတွေနဲ့ စဉ်းစားရသမျှလေး ပို့စ်တင်လိုက်ပါတယ်။ အားလုံးကျေနပ်နိုင်ပါစေနော်..

ဒီခရီးစဉ်ကို အော်ဂန်နိုက်ဇ်လုပ်ပေးတဲ့ ဗဟုသုတတွေအများကြီးဝေမျှပေးတဲ့ ရုံးက ဂျပန်ဧည့်လမ်းညွှန် အစ်ကိုကြီး ရန်စံ (သို့မဟုတ်) ကိုကြီးအေးထွန်းကိုလဲ ဒီပို့စ်နဲ့အတူ ကျေးဇူးအထူးတင်ကြောင်းပြောပါရစေဗျို

(ကိုကြီးအေးထွန်းနဲ့ အတူ)

Thursday, January 10, 2008

Staff vacation (သို့မဟုတ်) မယ်လိုဒီ၏ ခရီးသွားတောလား(၂)

7ရက်နေ့ကတော့ ကျိုက်သလ္လံဘုရားကိုသွား၊

ဘုရားပေါ်မှာ ပြုသမျှကုသိုလ်တွေအတွက် ခေါင်းလောင်းထိုး အမျှဝေ
(ရှေးဟောင်းခေါင်းလောင်းတွေ ၄လုံးလောက်ရှိတယ်ဗျ)
လမ်းတလျှောက်က ရွာတွေ အလှ ရှုခ်းအလှတွေ ဝေေ၀ဆာဆာကို ကြည့်ရှုရင်း ဓာတ်ပုံတွေရိုက်ကြ။
ဒီပုံက ငန်းတေးရွာနားက ထန်းပင်တန်းနဲ့ လမ်းမကြီး
အပြန်မှာတော့ ဟိုတယ်တွေ အင်စပက်ရှင်သွား(ငွေမိုးနဲ့ အတ္တရံ ဟိုတယ်ကို)
ပြီးတော့ မော်လမြိုင်မြို့ထဲက တောင်ပေါ်ဘုရားတွေသွားဖူးကြတယ်။
(မဟာမုနိ၊ စိန်တုန်းမိဖုရားကျောင်း၊ ဦးဇိန၊ ဦးခန္တီ၊ ရှုခင်းသာကနေ ညနေ နေ၀င်ဆည်းဆာအလှကိုခံစားကြသေးရဲ့)

မဟာမုနိဘုရားပေါ်က ရှေးတံခါးကြီး
(တခါးကြီးက သော့ခလောက်ကိုဖြုတ်မလားလို့လေ)

စိန်တုန်းမိဖုရားကျောင်းထဲက လှေကားမှာ
(မင်းတုန်းမင်းရဲ့ 46ပါးသော မိဖုရားတွေထဲက ဘယ်နှစ်ပါးမြောက်လဲတော့ သိဘူးဗျ)

ပထမနှစ်ခြင်းအသင်းတော်ရဲ့ church ၀င်းအတွင်းက ဆရာ ယုဒသန်ရဲ့ အုတ်ဂူကိုလဲ ရောက်ခဲ့တယ်။

8ရက်နေ့ကတော့ ရန်ကုန် အပြန်ကို ဘားအံဘက်က ပတ်ပြန်ရင်း
ခရုံဂူဝင်(ခရုံဂူတွင်းတနေရာက)
ကျောက်ကလပ်(ကြောင့်ကမ်လာဘ်)

အသွားလမ်းတနေရာက ကရင်တွေ (ကရင်သွေးတမတ်ပါတဲ့ ကိုစေးထူးရေ သတိရသဗျ)
(ကရင်နှစ်သစ်ကူးနေ့မလို့ ဗုဒ္ဓဘာသာ ကရင်တွေလာကြတာမှ အများကြီး)


လုမ္ဗိနီဥယျာဉ်(ဇွဲကပင်တောင်ခြေက)
အနောက်မှာမြင်နေရတဲ့ ဇွဲကပင်တောင်က ဘက်သုံးဘက်က ကြည့်တာ ပုံစံတူဘူးတဲ့

ဘားအံမြို့ထဲက ရွှေရင်မျှော်(ဖားအံ ငါးအံဘုရား)၊

ပြီးတော့
ဘုရင့်ညီဂူဝင်ပြီးမှ ရေပူစမ်းမှာလဲ ရေနဲနဲ ဆော့
ဘုရင့်ညီဂူတွင်း တနေရာ
ဆက်ပြီး သထုံ၊ ကျိုက်ထိုကနေ ရန်ကုန်ကို ၉ရက်နေ့ မနက်ကြီး နှစ်နာရီမှာ ပြန်ရောက်တယ်ဗျာ။

ခုလောလောဆယ် ပုံတွေ အရင်တင်လိုက်တယ်နော်။ မနက်ဖန်ကြမှ ထူးခြားတွေ့ရှိချက်လေးတွေကို ထပ်ရေးမယ်လေ။

Wednesday, January 9, 2008

Staff vacation (သို့မဟုတ်) မယ်လိုဒီ၏ ခရီးသွားတောလား(၁)

ခရီးရောက်မဆိုက်တင်ပဲ ခရီးသွားတောလားလေးကို ပုံနှင့်တကွ တင်ပါရစေ။ တချို့ပုံတွေထဲမှာ ရုပ်ချောချော ကောင်မလေး တစ်ယောက်ပါပါနေတာ စိတ်မရှိနဲ့နော် :P
5ရက်နေ့က ကျိုက်ထီးရိုးမှာ ဘယ်လောက်စည်သလဲဆိုရင်..

ညနေ 5နာရီလောက်မှာ မော်လမြိုင်ရောက်တယ်ဗျ။
မော်လမြိုင်က ကမ်းနားတနေရာမှာလေ
(အနောက်မှာမြင်နေရတဲ့ ဘီလူးကျွန်းက စင်ကာပူ ကျွန်းထက်ကြီးတယ်ဆိုပဲ)

6ရက်နေ့ကတော့ ၀င်းစိန်တောရ
(ကမ္ဘာ့အကြီးဆုံးအရှည်ဆုံး အတောင် ၄၀၀ရှိလျောင်းတော်မူဘုရားကြီး)
အတွင်းမှာ ၈ထပ်ရှိသဗျ
မွန်ပြည်နယ်ထဲက ချစ်စရာ့ အိမ်လေးတွေရှေ့မှာ

သေမင်းတမာန် သံလမ်း(သံဖြူဇရပ်မြို့)
မြို့လယ်က သံဖြူဇရပ်
ကျိုက္ခမီ ရေလယ်ဘုရားကိုလဲ ရောက်ခဲ့ပါတယ်။ ပြီးတော့ စက်စဲကိုဆက်သွား
စက်စဲကမ်းခြေမှာ

အဲဒီတွေကို မမောမပန်း တရစပ်သွားသဗျို

ပုံတွေများလွန်းလို့ ပို့စ်ကို ၂ခုခွဲလိုက်တယ်နော်...

Thursday, January 3, 2008

ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ကွယ်

Staff vacation လိုက်သွားဦးမယ်ဗျ။
ခရီးစဉ်ကတော့ အောက်မှာအတိုင်းဗျာ။ အားလုံး 14ယောက်လိုက်မယ်တဲ့။ ပျော်စရာကြီးဝေ့ ခရီးသွားနေတုန်း ဘလော့လေးတော့ ခွဲထားခဲ့ရဦးမယ်ဗျ။

၎.၀၁.၀၈ (သောကြာ) ည(၁၀)နာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာပါမည်။

၅ . ၀၁ . ၀၈( စနေ ) မနက် (၅)နာရီတွင် ကင်ပွန်းစခန်း ကို ရောက်သည် ၊ မနက်(၆)နာရီတွင် ကျိုက်ထီးရိုးတောင်ပေါ်
တက်သည်။
နေ့ခင်း (၁)နာရီ တွင် တောင်ပေါ်မှပြန်ဆင်းပြီး ၊ (၂)နာရီတွင် ရသေ့တောင်ကိုရောက်မည် ၊ (၃)နာရီတွင် ကင်းပွန်းစခန်း မှ မော်လမြိုင် သို့ သွားသည်။ မော်လမြိုင်မြို့ ကို ညနေ (၆)နာရီ တွင် ရောက်ပြီး ညနေစာ စားသည် ။ ပြီးနောက် ၎င်းတွင် ညအိပ်သည်။ (လေညှင်းသာတည်းခိုခန်း)


၆ . ၀၁ . ၀၈( တနင်္ဂနွေ ) မနက်(၇)နာရီ တွင် မုဒုံရွာရှိဝင်းစိန် တောရကျောင်းတော်သို့သွားသည်။ ထို့နောက်ကျိုက္ကမီသို့ ဆက်လက်ထွက်ခွာမည်။ လမ်းတွင် သံဖြူဇရပ် တွင် ထိုင်း-မြန်မာ မီးရထားလမ်းနှင့် သံဖြူဇရပ် မဟာမိတ် သချိုင်းကို ဆက်လက် လေ့လာမည်။ ထို့နောက် စက်စဲ ကမ်းခြေ သို့ ၀င်ရောက်၍ ကျိုက္ကမီရေလယ်ဘုရား သို့လေ့လာပါမည်။ ထို့နောက်မော်လမြိုင်သို.ပြန်ပါမည်။ (ရွှေဟသ်ာဟိုတယ် )


၇ . ၀၁ . ၀၈ (တနင်္လာ) နေ့လည်(၈)နာရီ တွင် ကျိုက်မရော သို့ သွား ပြီး မော်လမြိုင်မြို့သို့ပြန်လာသည်။ မော်လမြိုင်မြို့ ကို လေ့လာသည် ။
မြို.တွင်း(sightseeing) နှင့်ဟိုတယ် ငွေမိုး နှင့်အတ္တရံ ရဲ့ (inspection) လုပ်ပါမည်။ ထို့နောက် တောင်ပေါ်ဘုရားများ - ကျိုက်သံလန်၊ဦးဇိဏ ၊စိန်တုန်းမိဖုရားကျောင်းတိုက်များကိုလေ့လာပါမည်။ မော်လမြိုင်မြို့တွင်ညအိပ်မည်။ (ရွှေဟသ်ာဟိုတယ် )

၈ . ၀၁ . ၀၈ (အဂါ) မနက်(၈)နာရီ တွင် မော်လမြိုင်မြို့ မှ ထွက်ခွာပြီး မနက်(၉)နာရီ တွင် ဘားအံသို့ရောက်သည်။ ဘားအံရှိ ဇွဲကပင်တောင် ၊ ဘားအံမြို့ ၊ ဘုရင်ညီဂူ နှင့် ကော့ကွန်းဂူ သို့လေ့လာမည်။ နေ့လည်စာ ကို သထုံမြို့တွင်စားပြီး နေ့လည် (၂)နာရီတွင် ရန်ကုန်သို့ပြန်လာသည် ။

ရန်ကုန်သို့ခန့်မှန်းရောက်ချိန် ည ၇ နာရီ ( သို့) ၈ နာရီဖြစ်ပါသည်။ ပြန်လာမှ ပြန်ဘလော့မယ်ဗျား။

ရန်ကုန် – ကျိုက်ထို – ကျိုက်ထီးရိုး ၁၁၉ မိုင်

ကျိုက်ထီးရိုး - မော်လမြိုင် ၈၉ မိုင်

သံဖြူဇရပ် – ကျိုက္ကမီ ၁၅ မိုင်

မော်လမြိုင် – ကျိုက်မရော ၁၅ မိုင်

မော်လမြိုင် – ဘားအံ ၆၆ မိုင်

ဘားအံ - ရန်ကုန် ၁၇၈ မိုင်

Tuesday, January 1, 2008

ကြွားချင်လွန်းလို့ဗျို…

ဘလော့ဂ်သို့ကြွလာ မိတ်သဟာအပေါင်း မင်္ဂလာနှစ်သစ် ဖြစ်စေကြောင်း ဆုတောင်းပါတယ်ဗျ။
ဆုတောင်းပြီးသကာလ ကြွားပါရစေဗျ။

မနေ့ညက staff party မှာ present လဲတော့ ကျမလက်ဆောင်ကြီး မလိုချင်ဘူးလို့ အအော်ခံရသဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနံပါတ်ကျတာက ကောင်မလေးဖြစ်နေသဗျ။ ကျမပေးတဲ့ Bikini နဲ့ shower gel ကို မလိုချင်ဘူး အဲဒါကြီး လိုချင်ပါဘူးလို့ အော်တာဗျ။ ဟွန့် ဘီကီနီနဲ့ မွှေးမွှေးလေး ရေချိုးဖို့ ပေးတာကိုများနော်။
ကျမရတဲ့ လက်ဆောင်ကတော့ staff of year 2007 ဆိုရင်တော့ လိပ်ကြီးကြီးထိလေ့ ရှိတဲ့ ကျမအတွက်(late comer) ဆုသဘောမျိုးဖြစ်မယ်ထင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် အစ်ကိုကြီးတစ်ယောက်ရဲ့ နှစ်သစ်လက်ဆောင် Alarm ပါတဲ့ စားပွဲတင်နာရီလေးဗျ။

နောက် အစီအစဉ်တစ်ခုကတော့ Lucky Draw ဗျ။ ပွတာပဲ။ ကျမပေါက်တာက ဒီနေ့ည Sabai Sabai မှာ ညစာ နှစ်ယောက်သွားစားခွင့်တဲ့ ။ ဘယ်သူအဖေါ်လုပ်မလဲဗျို။ (ကျမကိုတွေ့ချင် မိအောင်ဖမ်းနော်။ လျှောက်လွှာတော့ လက်မခံပါဘူး အဟိ)

ဆုပေးတဲ့ အစီအစဉ်လေးလဲ ပါသေးတော့ ရင်ခုန်စရာပါ။ ကျမက late comer အနေနဲ့ ကြော်ငြာခံထိရင် ရှက်စရာကြီးနော်။ တော်ပါသေးရဲ့ အဲဒီဆုမျိုးမပါဘူးတဲ့။ ကျမက ဘာရလဲသိလား။ မပြောတော့ပါဘူးလေ ဒီမှာကြည့် အဟိ။ မကြွားရင်မနေနိုင်တာကလွဲလို့ ကြွားပါရစေနော်။ (မုံ့ကျွေးခိုင်းခြင်းတော့ သည်းခံပါ အဟက်ဟက်)

ဆုတွေပေးပြီးနောက်မှာတော့ ပျော်ရွှင်စရာ games သုံးလေးခုလောက် ကစားဖြစ်သေးတယ်။ ပြီးတော့ ဘော့စ်က နည်းနည်းပါးပါးစကားပြောပြီး စားသောက်ဆိုင်(10နာရီထိပဲ ဖွင့်ရတဲ့ ) ဆိုင်ဖြစ်လို့ 10နာရီခွဲမှာ အိမ်ကိုပြန်ခဲ့ကြတယ်ဗျ။

အိမ်ပြန်ရောက်လို့ ဒုတိယပိုင်း အစီအစဉ်တော့ ပြောမပြတော့ဘူးနော်။

ဘာပဲဖြစ်ဖြစ် 2008 နှစ်သစ်ရဲ့ ကျမအတွက် ကြိုဆိုပုံလေးကလဲ မင်္ဂလာတစ်ပါးပဲဗျို။ကျမနဲ့အတူ သူငယ်ချင်းအားလုံးလဲ မင်္ဂလာနှစ်သစ်လေးဖြစ်ပါစေလို့ ….