Tuesday, December 2, 2008

သူများဟာလည်း မခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့

မပန်ဒိုရာဆီက ဒီပို့စ်လေးမလာပြီး ဝေမျှလိုက်တယ်နော်

>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<

ဒီစာကိုရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဓားခုတ်ရာ လက်လျှိုမိသလို ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် အခုလိုအချိန်မှာမှ မပြောဘူးဆိုရင် ဒီလိုကိစ္စမျိုးအတွက် လူတွေ အလေးထား အာရုံစိုက်ခြင်းကို ရဖို့ နောက်တော်တော်နဲ့ မလွယ်ပါဘူး။ ဒါကြောင့် စေတနာရှေ့ထားပြီး ရေးလိုက်ပါတယ်။ လူတွေဖတ်စေချင်လို့လည်း ဒီလိုခေါင်းစဉ်မျိုး ပြူးတူးပြဲတဲ တမင်တပ်လိုက်ပါတယ်။ အကြောင်းအရာများမှာ အမှားပါရင် ၀ိုင်းဝန်းကူညီ ပြင်ပေးပါ။ မတော်တဆ တိုက်ဆိုင်မှုများကြောင့် အနာပေါ်တုတ်ကျသလို ဖြစ်သွားခဲ့ရင်လည်း ပန်ဒိုရာ အပြောအဆို မညက်ညောသေးလို့သာ ဖြစ်ကြောင်း ကြိုတောင်းပန်ပါတယ်။

အတော်များများ သိကြမယ့်အတိုင်း သူများ ဖန်တီးမှုတွေကို ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပိုင်ဆိုင်လေဟန် လုပ်ပြီး တင်ခဲ့တဲ့အတွက် ဘလော့ဂါတစ်ယောက် ပြဿနာတက်သွားပါတယ်။ ဒီစာကိုရေးတဲ့ ရည်ရွယ်ချက်ကတော့ တစုံတယောက်ကို အပြစ်တင်ဝေဖန်ခြင်းထက် ဒီလိုမဖြစ်ရအောင် ရှောင်ရှားနိုင်တဲ့ နည်းလေးတွေကို ထပ်ပြီး သတိပေးချင်လို့ပါ။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြောဆိုဝေဖန်မှု မှတ်ချက်ချခြင်းမျိုးကို မြန်မာဘလော့ဂါ အများစုဟာ အကြောင်းကြောင်းကြောင့် ကျယ်ကျယ်လောင်လောင် မပြောဖြစ် (သို့မဟုတ်) မပြောသေး (သို့မဟုတ်) မပြောရဲ (သို့မဟုတ်) မပြောတတ်.. (မည်သို့ပင်ဖြစ်စေတော့) ကြပေမယ့် ဒီလိုအဖြစ်ဟာ မကောင်းဘူးဆိုတာ အကြမ်းဖျဉ်းအားဖြင့် လက်ခံကြမယ် လို့ယူဆပါတယ်။

ပန်ဒိုရာအနေနဲ့ ကတော့ အများအားဖြင့် ကိုယ်တိုင်ဖန်တီးတဲ့ စာတွေကိုသာ ဘလော့ဂ်မှာ တင်လေ့ ရှိပါတယ်။ ကိုယ်တင်တဲ့စာတွေမှာ သရုပ်ဖော်ပုံတွေကိုလည်း ကိုယ့်ဘာသာ ဆွဲလေ့ ရှိပါတယ်။ ၉၀% လောက် အများစုကတော့ ကိုယ့်အိုင်ဒီယာသက်သက် နဲ့ ပုံမှန်းဆွဲတာပါ။ တချို့သော ပစ္စည်းတွေ နမူနာကြည့်ဖို့ လိုအပ်တဲ့အခါမှာတော့ လိုက်ရှာကြည့်ရပါတယ်။ ကိုယ်လိုချင်တဲ့ပုံမျိုးကို အင်တာနက်ထဲမှာ တွေ့မိရင် ဒေါင်းလုဒ် ကူးမယူလိုက်ပါဘူး။ ဖွဲ့စည်းပုံကို ကြည့်ပါတယ်။အိုင်ဒီယာကို ကြည့်ပါတယ်။ အချိန်ယူပြီး ကိုယ့်ဖန်တီးမှု ဖြစ်အောင် ပြန်ဆွဲလိုက်ပါတယ်။ (ဥပမာ. စစ်အတွင်းပြုသည့်သစ္စာ ပို့စ်က ဓားရှည်ပုံ။ ဒီနေရာက ကိုယ့်အိမ်မှာ ဓားရှည်မရှိ။ ဓားရှည်တွေကို သေသေချာချာလည်း မမြင်ဖူးဘူးဆိုတော့ လတ်တလောတွေ့ချင်ရင် အင်တာနက်က လိုက်ရှာရပါတယ်။ မြင်ဖူးသွားတော့မှ ကိုယ်ကြိုက်သလို အနေအထားနဲ့ ပြန်ဆွဲပါတယ်။ စက်ဘီးပုံ ဆိုရင်လည်း လတ်တလော ကိုယ့်နားမှာမရှိရင် ရှာဖွေပြီး နမူနာကြည့်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အစအဆုံး ပြန်ဆွဲပါတယ်။) ဒါဟာလည်း ကဗျာ သရုပ်ဖော်ပုံလို သေးသေးလေး အဆင့်မို့ပါ။ မောင်တိန်လုပ်သလို ပန်းချီလေ့ကျင့်ဖို့ သေသေချာချာ အသေးစိတ် ပုံကြီး ထပ်တူကူးဆွဲတာ ဆိုရင် သူပြန်ညွှန်းလေ့ရှိသလို ဘယ်သူ့ပုံကို လေ့လာရန် ကူးဆွဲသည်လို့ ဖော်ပြရဦးမှာပါ။

ဓာတ်ပုံဆိုရင်လည်း ကိုယ်ပိုင်ဆိုင်တဲ့ ပုံကို တတ်နိုင်သမျှ သုံးလေ့ ရှိပါတယ်။ အဲဒါတွေဟာ ကိုယ့်ဘာသာ ဖန်တီးချင်တဲ့ ၀ါသနာက တစ်ကြောင်း ဆိုပေမယ့် သူများ ဖန်တီးမှုကို တတ်နိုင်သမျှ မသုံးဖြစ်အောင်နဲ့ ရှု့ပ်ထွေးမှုတွေ ဖြစ်မှာစိုးလို့က ပိုပါတယ်။

ဒါက ကိုယ်လုပ်တဲ့နည်းလမ်းကို ပြောပြတာပါ။ လိုက်လုပ်ပါလို့ မဆိုလိုဘူး။ လူတိုင်းဟာ ပုံဆွဲဖို့ ၀ါသနာပါမှာ မဟုတ်ပါဘူး။ အချိန်လည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

သူများ ဖန်တီးထားတဲ့ လက်ရာကို ကိုယ်က အမှတ်တမဲ့ပဲ ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ယူသုံးလိုက်တဲ့အခါ ရှုပ်ထွေးမှုတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဒီလိုပဲ ကိုယ့်လက်ရာကို သူများက အလွဲသုံးစား လုပ်သွားရင်လည်း မကောင်းပါဘူး။

အနည်းဆုံး အောက်ကနည်းလမ်းများနဲ့ ကာကွယ်ဖို့အကြံပြုချင်ပါတယ်။



သူများလက်ရာကို ခိုးသလိုမဖြစ်အောင်

၁) ကိုယ်ယူချင်တဲ့ website မှာ IP Rights နဲ့ပတ်သက်တဲ့ terms & conditions တွေ ရေးထားသလား ရှာကြည့်ပါ။ တွေ့ရင်ဖတ်ကြည့်ပါ။ တချို့က မယူရဘူး လို့ကို ပါတတ်ပါတယ်။
၂) သူ့ကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှာပါ။ အီးမေးလ်ဖြစ်စေ သူ့ပို့စ်အောက်မှာ မှတ်ချက်နဲ့ဖြစ်စေ ခွင့်တောင်းပါ။ ခွင့်ပြုချက်စောင့်ပါ။
၃) သူက ဘာမှဖော်ပြမထားဘူး ဆိုရင် တတ်နိုင်ရင် မယူုပါနဲ့။ ပြဿနာ မဖြစ်လောက်ဘူး ထင်လို့ ယူချင်ရင်လည်း ကိုယ့်ဟာမဟုတ်ကြောင်း သူ့လက်ရာဖြစ်ကြောင်း ဘယ်ကယူလာကြောင်း သူ့ကို credit ပေးပါ။
၎) ဘယ်ကမှန်းမသိ ပိုင်ရှင်မသိပဲ ရလာခဲ့ရင်လည်း ကိုယ့်လက်ရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားပါ။
၅) ဘာသာပြန်ချင် မှီငြမ်းချင်ရင်လည်း အထက်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေလိုပဲ လုပ်ပါ။
၆) ဘယ်လိုအခြေအနေဖြစ်ဖြစ် မူလပိုင်ရှင်ကို credit ပေးပါ။


ကိုယ့်လက်ရာကို အခိုးမခံရအောင်

၁) ကိုယ့်လက်ရာမှာ ကိုယ့်နာမည် လက်မှတ် ထိုးထားပါ။ ကိုယ့်ဘလော့ဂ်ဆိုက် လင့်ခ်ကို ဖော်ပြထားလို့လည်း ရပါတယ်။
၂) Creative Commons License ကို တပ်ဆင်ထားလို့ ရပါတယ် (တရားစွဲဖို့အထိတော့ တချို့နိုင်ငံတွေ အတွက်ပဲ applicable ဖြစ်တယ်လို့ ဆိုထားပေမယ့်)။ ဒါမှမဟုတ် သူနဲ့အလားတူ ကိုယ်လိုချင်တဲ့ terms & conditions ကို ကိုယ့်ဘာသာရေးပြီး ဘလော့ဂ် တနေရာမှာ ဖော်ပြထားလို့ ရပါတယ်။
၃) ကိုယ့်ကို ဆက်သွယ်နိုင်တဲ့ လိပ်စာ သို့မဟုတ် နည်းလမ်း (comment option, c box) တခုခု ပေးထားပါ။ အဲဒီလို ဆယ်သွယ်ရေး လမ်းကြောင်း လုံးဝ ပေးမထားချင်တဲ့ ဘလော့ဂ်မျိုးဆိုရင်လည်း ဘယ်လိုအခြေအနေနဲ့ ယူသုံးနိုင်ကြောင်း မသုံးစေချင်ရင်လည်း လုံးဝမသုံးနိုင်ကြောင့် ထင်ထင်ရှားရှား ဖော်ပြပေးထားပါ။ ကိုယ်မရှင်းမရှင်းလုပ်မိလို့ သူများကိုလည်း သူခိုးမဖြစ်ပါစေနဲ့။

ဒီအကြောင်းအရာတွေကို ရှေ့မှာလည်း ရေးဖူးပါတယ်။ ဒီလိုစာမျိုးဟာ ပျင်းစရာ ကောင်းတယ်လို့ ထင်မှတ်တတ်ကြတဲ့အတွက် သတိထားပြီး လာဖတ်ခဲ့ကြသလား မဖတ်ကြသလားတော့ မသေချာပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်သူ မဟုတ်ပါ။ ကြားဖူးသလောက် ပြန်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မေးခွန်းများ မေးလိုပါက ရှေ့ကပို့စ်အားလုံးကို သေသေချာချာဖတ်ပြီးမှ နားမလည်တာကို မေးဖို့ တောင်းပန်ပါတယ်။ အသေးစိတ်များကို ဖြေနိုင်မယ် လို့လည်း အာမ မခံပါ။

ရှေ့ကစာတွေ ပြန်ဖတ်ရန်

မူပိုင်ခွင့်များနှင့် ပတ်သက်၍
(http://pandora-and-pandora.blogspot.com/2008/11/blog-post.html)

မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons.html)

ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/blog-post_03.html)

Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons_03.html )


ဘယ်လိုဖြစ်ဖြစ်ပါ။ နိုင်ငံဆင်းရဲပေမယ့် အကျင့်စာရိတ္တ အသိပညာ မဆင်းရဲသင့်ဘူး ဆိုတာ နိုင်ငံတကာအင်တာနက်ပေါ်မှာ ရှိနေသူများက နမူနာပြဖို့ မလိုအပ်ပေဘူးလား။


ပန်ဒိုရာ

>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<

သိုင်းခရုပါ မပန်ဒိုရာ

ဘယ်သူ့ဆီကမှန်းမမှတ်မိပဲ(သိမထားပဲ) ကိုယ်ကြိုက်တာလေးတွေ ဝေမျှဖို့ပဲ အာရုံစောခဲ့တဲ့ ကိုယ့်ကိုယ်ကိုရော သတိအထပ်ထပ်ပေးမိပီ။ ဒါပေသိ အမှတ်မရှိတာတော့ မဟုတ်ဘူး ခုလိုပဲ ကိုယ်ကြိုက်တာလေးတွေတော့ ကိုယ့်ဘလော့ကိုလာဖတ်တဲ့ မောင်နှမတွေကိုလဲ ဆက်လက်ဝေမျှနေဦးမှာပါ။

စာကြွင်း။။မပန်က မယ်လိုဒီမောင်ကို ရည်ရွယ်ရေးသောပို့စ်မဟုတ်ဘူးနော်(ကြိုပြောထားတာ အဟိဟိ)

No one is perfect but we all in blogosphere should proven that we are rich in knowledge of IP even our country is not yet developed.

3 comments:

MrDBA said...

ကျွန်တော်ကတော့ Google Reader ထဲကနေ ဖတ်ပြီး Google Reader ကနေဘဲ Email ခလုပ်နှိပ်ပြီး ဖတ်စေခြင်သူများကို မျှပါတယ်။ အဲဒါဆို ပြန်တင်တာ မကြိုက်မှာစိုးရိမ်ရတဲ့ ကိစ္စတွေအေးစေပါတယ်။
နောက်တစ်ခုကတော့ ကိုကသိပ်ကြိုက်လွန်းလို့ ကိုယ့်ပရိတ်သတ်သိစေခြင်ရင်လဲ ကိုယ့်ဆီမှာ ကြော်ငြာသဘောမျိုး စာမြည်းလေးရေးပြီး မူရင်း ဘလော့လိပ်စာကို ညွှန်းလိုက်တာ ပိုမိုက်မယ်ထင်ပါတယ်။ သူလဲ ဟစ်တက်တာပေါ့နော့။
ချိတ်မချိုးဘူး အဟုတ်လား ဂလိုကြောရို့ .. :P

MELODYMAUNG said...

Of course, correct too.
ဒါပေသိ ဟစ်တက်စေတာကောင်းပေသိ အဆင်ပြေပြေ ဖတ်စေချင်တာကတော့ အဓိက စေတနာဗျ။ အရင်က မြန်မာမှာ blogspot တွေဖတ်ဖို့ ဘန်းကျော်ရတဲ့အချိန် ကျမတို့ရဲ့ myanmarbloggers.org ကျ ဘန်းကျော်ဖို့မလိုပဲ(ပုံတွေမမြင်ရတာကလွဲရင်) ဖတ်တဲ့သူတွေ ပိုအဆင်ပြေခဲ့ဖူးလို့ပါ။ ကျမ ဘလော့စရေးကတည်းက လင့်ခ်တွေချိတ်ပေးဖူးသူ လက်ချိုးရေလို့မကပါဘူး။ တကယ်တမ်း ဟစ်တက်လို့ ကျေးဇူးတင်ကြောင်း တကူးတက ပြောဖူးတဲ့သူကတော့ စေတန်ဂေါ့နဲ့ နေဘုန်းလတ် နှစ်ယောက်ပဲရှိဖူးတာ အမှတ်တယပါ။ (ကျေးဇူးတင်ခံချင်လို့ ပြောတာမဟုတ်ပါဘူး။ ဆင်ဆယ်ကောင် ဖမ်းပေးရင် ဘယ်သူမှ အသိအမှတ်ပြုဖို့ခက်ပေသိ ဆိတ်တစ်ကောင်လွတ်ရင်တော့ တကယ်မလွယ်ပါလား ဟရို့) :P

Steve Evergreen said...

A sensible idea and reasonable explanation. But you are talking too much as you have free time. If not, you can simply say "piss off", I mean in your mind. Maybe you've already done so, I beleive