Tuesday, December 23, 2008

အရုပ်ကြိုးပြတ်...

မဗေဒါနဲ့ ဒီတပတ် sunday က ကိုနိုင်မိုးအောင်+လင်းလက်ကြယ်စင်တို့ မင်္ဂလာဧည့်ခံပွဲမှာ စကားလက်ဆုံကျရင်း ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်းလို့ ဆိုတဲ့ ဆရာဇော်ဂျီ ကဗျာလေးနဲ့ပတ်သက်လို့ သူမကို တဟီးဟီး တဟားဟားနဲ့ တလွဲအဓိပ္ပါယ်နဲ့ (သူတို့တွေးတဲ့ ဘဲက ဘမ်းစကား.. ရည်းစားဆိုတာမျိုး)ရယ်စကြတဲ့သူတွေကို သူမက ဒီပို့စ်လေးနဲ့ ရီပလိုင်းပြန်လေ့ရှိတယ်လို့ သိခဲ့ရတယ်။ ရွှံ့ညွန်တွေနဲ့ တူတဲ့ ဘဝအမောတွေကြား အုန်းလက်တွေ၊ ဒီလှိုင်းတွေ၊ ဘဲကောင်တွေနဲ့တူတဲ့ လောကဓံတရားတွေရဲ့ အထုအထောင်းတွေကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဇွဲနဲ့ အလျော့မပေးပဲ ဘဝကိုအောင်မြင်အောင် အံကိုခဲပြီး ကြိုးစားလျှောက်လှမ်းသွားမယ်ဆိုတဲ့အကြောင်း...လေးကိုရေးထားတာပါ။
လေးစားပါတယ် မဗေဒါ ဘ၀မှာ တခါတခါ အံကိုခဲပြီး အမြဲလျှောက်လှမ်းသင့်တာလေးကို မဗေဒါနဲ့အတူ သတိရနေပမယ်။

ခုတော့ ကျမက အရုပ်ကြိုးပြတ်...
ဖြစ်ချင်တာတွေ ဖြစ်လာနေတယ် အောင်မြင်နေတယ် ထင်ရပေသိ ရင်ထဲကဖြစ်ချင်တဲ့ အမှန်တရားတွေ ကွယ်ပျောက်နေတဲ့ တဒင်္ဂ
ချစ်သူခင်သူတွေ ၀ိုင်းဝိုင်းလည်နေတယ် ထင်ရပေသိ ကျမတကယ်ချစ်မြတ်နိုးရသူတွေနဲ့ ခုလို ကွေကွင်း ခွဲခွာနေရတဲ့ တဒင်္ဂ
သစ်တစ်ပင်ကောင်းဖြစ်ချင်လို့ ခါးချိအောင် ကြိုးစားရင်း ကျမကူညီပေးချင်သလောက် ကျမရဲ့ ကမ်းလင့်တဲ့လက်တို့ အားမပြည့်နိုင်တဲ့ တဒင်္ဂ
အတွေးမတူ သွေးမတူသူတွေကြားမှာ မြန်မာဆိုတာ မညံ့တာပြဖို့ အားသွန်ရင်း ကြိုးတန်းပေါ်လမ်းလျှောက်သလို အတိမ်းအစောင်းမခံတဲ့ တဒင်္ဂ
အထာဓလေ့မတူတဲ့ ပတ်ဝန်းကျင်တိုင်းမှာ လိုက်လျောညီထွေဖြစ်တတ်ခဲ့လွန်းပေမဲ့ ဘယ်တုန်းကမှနဲ့မတူ အမေ့အိမ်ကိုသာ လွမ်းမိတဲ့ တဒင်္ဂ
အဲဒီ တဒင်္ဂလေးတွေက မြားအစင်းပေါင်းများစွာ ပစ်မှတ်တစ်ခုဆီသို့ တည့်တည့်ရှေ့ရှုပြီး ဦးတည်သလိုမျိုး ပျော်ရာမှာမနေ တော်ရာမှာနေမိတဲ့ နှလုံးသားတစ်ခုဆီ စိုက်ဝင်သွားတဲ့ တဒင်္ဂ
ကျမ ဟာ တွင်းနက်ကြီးတစ်ခုဆီ တရှိန်ထိုး ထိုးကျသွားသလိုမျိုးနဲ့ အရုပ်ကြိုးပြတ်...

ဒီမနက်မှာတော့ ကျမ အိမ်မက်မက်နေခဲ့တယ်...
ကျမအိမ်မက်ထဲမှာ ခ၇စ်စမတ်သီချင်းတွေဆိုနေတာလား မဟုတ်ဘူး ကျမတို့ ငြိမ်းချမ်းရေးတေးတွေသီနေတာ
ကျမအိမ်မက်ထဲမှာ ပွဲတော်ကြီးကျင်းပနေတာလား ဒါလဲမဟုတ်ဘူး ကျမတို့ လွတ်လပ်စွာ သွားလာလှုပ်ရှားပျော်ပါးနေကြတာ
ကျမအိမ်မက်ထဲမှာ လူတွေကခုန်နေကြတာလား ဒါလဲမဟုတ်ဘူး ကျမတို့တွေ လက်တွေခိုင်မြဲစွာတွဲထားတာ
ကျမအိမ်မက်ထဲမှာ ရတနာမိုးတွေရွာနေလို့ပြိုးပြက်နေတာလား မဟုတ်ပါဘူး ၀မ်းဝလို့ ခါးလှတဲ့အပြင် ကိုယ်မှာတန်ဆာဆင်ထားကြတာလေ
အော်.. အိမ်မက်ရယ်.. အပြင်မှာ အရုပ်ကြိုးပြတ် ဘ၀ရယ်
ဖီလာဆန့်ကျင်လွန်းလှတယ်လေ
ကျမဘာပြောချင်တာလဲ ကျမရင်ထဲမှာ အဲဒီတစ်ခုခုတော့ ရှိနေတယ်
ဘယ်နေ့မှာ ပွင့်လင်းစွာ ထုတ်ဖေါ်ပြောခွင့်ရမလဲ
အဲဒီတစ်နေ့ အမြန်ရောက်ဖို့ ဆုတောင်းမိပါတယ်
အဲဒီအိမ်မက်တွေလဲ အပြင်မှာ တကယ့်ဘ၀မှာပါ မက်ခွင့်ရဖို့ အမြန်ရောက်မဲ့ ရွှေရောင်နေ့သစ်တစ်နေ့ကို မျှော်လင့်မိပါတယ်လေ

3 comments:

mabaydar said...

အင်း.. ဖြစ်စေချင်တာပေါ့.. အဲဒိအိပ်မက်ထဲကအတိုင်း.. ဖြစ်မလာခင်မှာတော့ ကျမတို့အားလုံး အံကိုခဲပြီး လျှောက်လှမ်းနေရမှာပဲလေ.. ဒီကဗျာလေးက ကျမစိတ်ဓာတ်ကျနေရင် အားဖြည့်ပေးတဲ့ ကဗျာလေးမို့.. ကျမရဲ့ nick name ကိုလဲ အဲဒါလေးပဲပေးထားတာပါ..

ksanchaung said...

ပန်းခင်းကြီးထဲ ရောက်နေပြီ။ ပျားတုပ်ခံရတာလောက်ကတော့ ခံနိုင်ရည်ရှိမယ်ထင်တယ်။

ကျွန်တော့်စကား မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက် အမြဲပြောလေ့ရှိတဲ့ စကားပါ။

MrDBA said...

မမီရေ ကျိုးစားဗျာ။ အားမလျှော့နဲ့ အဆင်ပြေသွားလိမ့်မယ်။