Thursday, December 11, 2008

ထိကညှိုး..

ထိကညှိုး..တဲ့
အဲဒီအပင်လေးသိလား
ကျမက သူတို့ကို သိပ်ချစ်တယ်
သူတို့ကတော့ ပြန်မချစ်တောင် မမုန်းဘူးလို့ထင်တယ်
လူတွေက များသောအားဖြင့် လဲကျသွားတိုင်း ပြန်ထတတ်တာကို ပစ်တိုင်းထောင်နဲ့တင်စားပြောလေ့ရှိကြတယ်။
နားလဲယဉ်နေတယ်ပေါ့နော်။

ရောက်ရာအရပ်မှာ ပျော်တတ်တဲ့ ကျမကိုတော့ ရွက်ကျပင်ပေါက်လို့ပြောတဲ့သူငယ်ချင်းတွေလဲ ရှိတယ်။
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုတဲ့စကားပုံထဲက သစ်ပင်ကို ကျမသဘောကျတယ်ပြောတိုင်း နင်က သစ်ပင်ကောင်းကောင်းမဖြစ်ခင် စာကလေးတွေဆွဲဆိတ်ခံထိလို့ သေတဲ့ အပင်မဖြစ်ရင်ကောင်းပလို့ပြောလေ့ရှိတဲ့ ကျမရဲ့ ချစ်သောဖေဖေလဲရှိတယ်။
ကျမပြောနေတာတွေ ဟိုရောက်ဒီရောက်လို့မထင်ပါနဲ့ဦးနော်။ ကိုကလိုစေးထူးရဲ့ ပို့စ်တစ်ခုမှာ အညွန့်တက်တိုင်းဖြတ်ခံထိတဲ့ ပင်လှပင်နဲ့ အဖြတ်ခံရုံသာမက အနင်းပါခံရတဲ့ မြက်တွေနဲ့ လောကအလှဆင်ထားတဲ့ ပို့စ်လေးဖတ်ရတော့လဲ ထိကညှိုးလေးတွေကို သတိရမိတဲ့ အတွေးလေးဝင်လာမိတာရှိလို့ပါ။

မြက်ပင်တွေကြားထဲမှာ ရောနေတတ်တဲ့ အပင်လေးတွေထဲမှာ အဲဒီ ထိကညှိုးပင်လေးတွေပေါက်နေလေ့ရှိတတ်တယ်။ ကျမ သိတတ်တဲ့အရွယ်ရောက်တော့ ပန်းခြံသွားကြရင်းက ကျမအဖေက သမီးလာ ဒီအပင်လေးတွေကို လက်နဲ့တို့ကြည့်စမ်းတဲ့ ။ ကျမက ချက်ချင်းကြီး ဘယ်တို့ရဲမလဲနော်။ အမှန်အတိုင်းပြောရင် ကျမက အကြောက်ကြီးတယ်(ကိုယ့်ကိုယ်ကို ထိခိုက်မှာ သိပ်ကြောက်တဲ့ ကိုယ့်ကိုယ်ကို သိပ်ချစ်တဲ့သူလေ)။ အဲတော့ ကျမဖေဖေက သူအရင်တို့ပြတယ်။ အပင်လေးက ညှိုးသွားတာပေါ့။ ကျမစိတ်ထင် ဘာများဖြစ်သွားပါလိမ့်။ ဖေဖေ အဲဒီအပင်လေးကို ထိလိုက်လို့ သေသွားပီလားပေါ့နော်။ တွေးလဲတွေး မေးလဲမေးပါတယ်။ ကျမဖေဖေက ပြန်ဖြေတယ် သူက သေတာမဟုတ်ဘူး။ ထိလိုက်လို့ ညှိုးသွားတာတဲ့။ ခဏနေ ပြန်ထလာလိမ့်မယ်တဲ့။ ကျမ စောင့်ကြည့်နေတာ တအောင့်လောက်ကြာတာနဲ့ ပြန်ထလာတာတွေ့ရတော့ သိပ်သဘောကျသွားတယ်။ တက်နင်းမိလဲ ခဏနေ ပြန်ထတာပဲ။ ငယ်တုန်းကတော့ ဆော့တာမက်တာပေါ့နော်။ အပင်လေးအိပ်အိပ်၊ ထိကညှိုးလေးအိပ်အိပ်၊ မောင်ရင်လာ တံခါးပိတ်လို့ ဆိုဆိုပြီး လက်လေးနဲ့တို့တို့ပြီး ဆော့ခဲ့တယ်(ဘလော့ဂါကြီး ကိုမောင်ရင်ကိုတော့ အဲ့တုန်းက သိသေးဘူး)။
ကြီးလာတဲ့ထိ ပြောမယ်ဆို မနေ့တစ်နေ့က ခရီးသွားတုန်းက မလက်ကာက saint paul church ထဲမှာ ထိကညှိုးလေးတွေတွေ့တဲ့ထိ တို့ကြည့်မိတုန်းပဲ။(အတူသွားတဲ့ သူငယ်ချင်းတွေ ရယ်ခွဲမစိုးလို့ ခိုးတို့လာတာ အဟိဟိ)

ကျမ အရွယ်ရောက်လာလို့ အဲဒီအပင်လေးတွေကို သဘောကျမိတဲ့အတွေးကတော့ သူတို့မှာ ဘာကိုးကွယ်အားထားရာမရှိ အနင်းခံမြက်တွေနဲ့ အတူတူ ရှင်သန်ကြီးပြင်းရင်း မြက်တွေက သူတို့အလှနဲ့သူတို့လောကကို အလှဆင်သလို ထိကညှိုးလေးတွေကလဲ အားမာန်အပြည့်နဲ့ အချိန်တန်ရင်ပြန်ရှင်သန်လာနိုင်စွမ်းရှိတဲ့ သတ္တိကို သိပ်သဘောကျတာ။ ကျမတို့လူ့ဘ၀မှာလဲ တခါတလေမက အမြဲနီးပါး ကိုယ့်ကိုယ်ကိုကလွဲရင် ကိုးကွယ်အားထားရာမရှိဘူး။ အနင်းခံမြက်လို လူတန်းစားတွေကြားမှာ အတူတူပဲ နေရတဲ့ဘ၀(အခွင့်ထူးခံမဟုတ်တဲ့သူတိုင်းက အဲဒီလူတိုင်းစားပါပဲ မဟုတ်ဘူးလားနော်)။ ထိကညှိုးလို ညှိုးသွားရတဲ့ အချိန်လိုမျိုး ခဏခဏ ဘ၀ရဲ့လှေကားထစ်တွေ အများကြီးနင်းလျှောက်ခဲ့ရတာ။ အဲလိုအချိန်တိုင်း ထိကညှိုးလေးတွေတောင် သတ္တိရှိသေးတာတွေးပြီး ကိုယ့်ကိုယ်ကိုပြန်အားပေးလို့ ရှေ့ဆက်လျှောက်ရမဲ့လမ်းတွေကိုပဲ ကြိုးစားနင်းလျှောက်ရင်း ဒီနေ့ဒီအချိန်ရောက်လာတယ်လေ။ တို့ထိကစားရုံမဟုတ်ပဲ နင်းချေဖို့ကြိုးစားတဲ့ အရာတွေအောက်မှာ ထိကညှိုးလေးတွေ သတ္တိရှိရှိနဲ့ ပြန်လည်ထဖို့ ကြိုးစားသလို ကျမတို့လဲ ဘယ်လောက်ထိပိပြားနေတဲ့ အဖိနှိပ်ခံဘ၀တွေရောက်နေဆဲဖြစ်ပါစေ ဆယ်ပြန်မက အပြန်တစ်ရာမက ကြိုးစားရုန်းကန်ရှင်သန်နေသင့်တယ်လို့ ပြန်သုံးသပ်မိတယ်။ ထိကညှိုးလေးတွေက သူတို့တွေညှိုးသွားတိုင်း မထူးတော့ပါဘူးလေလို့ စဉ်းစားမှာမဟုတ်ဘူးလို့ ကျမယုံတယ်။ ကျမတို့ အဲလိုညှိုးနွမ်းရတဲ့ဘ၀က ပြန်ထဖို့ နှစ်၂၀မကလို့ နှစ်၄၀ကြာချင်ကြာပါစေ ကျမတို့တွေ အမြဲပြန်ကြိုးစားကြမယ်လေ။ ဒါပေသိ ကျမချစ်တဲ့ထိကညှိုးလို ဘ၀မျိုးမဟုတ်ပဲ ရေနွေးနွေးကနေ တဖြည်းဖြည်းပူလာတဲ့ ဂဏာန်းတွေဘ၀လို ရုန်းထွက်ဖို့ရာ အချိန်မမီတဲ့ ဘ၀မျိုးရောက်နေမှာကိုတော့ တွေးပူမိရင်း ကျမရဲ့ ထိကညှိုးချစ်တဲ့ ဋီကာလေးကို နိဂုံးချုပ်ပါတယ်။

စာကြွင်း၊ ။ကျမစိတ်ထဲရှိတဲ့အတွေးလေးကို ဘာဆိုင်ဆိုင်မဆိုင်ဆိုင်ချရေးမိတာမို့ ကျမပြောချင်တာကို ထပ်တူနားလည်ဖို့ခက်ချင်ခက်စေမဲ့ ပို့စ်လေးပါ။ အားနာပေမဲ့ ဖတ်ပြီးရင် ကိုယ့်အတွေးနဲ့ကိုယ် calsome ကွေကာ သောက်လိုက်နော်... သိုင်းခရု

2 comments:

တောင်ပေါ်သား said...

အမရေ အမှန်ပါပဲ ကျနော်တို့တွေ ကျရှုံးသွားလဲ အချိန်လေးတခုစောင့်ပြီး ပြန်ထနိုင်ရပါ့မယ်ဗျာ လေးစားလျက်

MrDBA said...

ကောင်းပါလေ့