Monday, December 8, 2008

ကိုယ့်ကိုယ်ကိုမုန်းတဲ့ (၁၀)ချက်...

ကိုယ့်ကိုယ်ကိုမုန်းတဲ့ (၁၀)ချက်...တဲ့ ရန်ရန်(ရေခဲညှပ်) ကတက်ဂ်ထားတယ်ဗျ
သူများတွေ ရေးနေကတည်းက ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတော့ မုန်းစရာမရှိဘူးလို့ထင်မိခဲ့သေး။
ဒါပေသိ ခုတော့လဲ တဂ်ထားရင်းကလည်းရှိ ခရီးပြန်လာတုန်း (ကိုယ့်ကိုယ်ကို) မုန်းစရာလေးတွေကလဲရှိနေလေတော့ မညှာမတာ ပြန်စဉ်းစားပြီးပေါ်လာတဲ့ အချက်တွေအများကြီးထဲက ၁၀ချက်ကိုပဲ လိုတိုရှင်းလေး ရေးလိုက်တယ်။

(၁) အကျိုးရှိ၊ မရှိတာထက် ကိုယ်စိတ်ကျေနပ်တာ အရင်ဦးစားပေးလုပ်တတ်တဲ့ အချက်( နေမကောင်းလို့ အိပ်သင့်တာထက် ဘလော့ဂ်ထိုင်ရေးနေတတ်တဲ့ ခုလိုမျိုးအချိန်မျိုး၊ ကိုယ့်အလုပ်ထက် သူများလိုအပ်ချက်ကို ဦးစားပေး လိုက်လုပ်ပေးမိတတ်တာမျိုး)
(၂) ကိုယ်နားလည်သလိုပြောလို့ သူများနားမလည်မှာသိသိနဲ့ ကိုယ်ပြောတတ်သလိုတွေပဲ ပြောတတ်တဲ့အကျင့် (တခါတခါ ရိုင်းလဲရိုင်း၊ တစ်ဖက်သားမခံနိုင် သို့မဟုတ် အဓိပ္ပါယ်တွေလဲလွဲတတ်တာမျိုးလဲရှိတတ်၏)
(၃) ခေါင်းမာတတ်တဲ့အကျင့် (ဘူးဆို ဖရုံမသီးတာ)
(၄) တော်ရုံနဲ့ သံယောဇဉ်မတွယ်တတ်သလို တွယ်မိရင်လဲ အတ္တကြီးစွာနဲ့ ကိုယ့်အပေါ်မှာ အချိန်ပြည့် ဂရုစိုက်တာမျိုးကို မျှော်လင့်လေ့ရှိတဲ့ မသိစိတ်
(၅) မိသားစုကို နွေးထွေးမှုပေးရမှာမျိုးထက် ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်းနဲ့ ပျော်ရပါးရ အချိန်ပေးရတာကို မက်မောတတ်တဲ့အကျင့် (gathering တွေ သက်စေ့မက လုပ်တတ်တာမျိုး၊ ကိုယ့်မွေးနေ့မှာတောင် အိမ်မှာ များသောအားဖြင့် ရှိမနေခဲ့တာမျိုး )
***(နံပါတ်လေးနဲ့ ငါးက ဆန့်ကျင်ဖက် တော်တော်တရားတယ်နော် အဟီး)
(၆) ဘယ်လိုမှ မိန်းမဆန်ဆန် ပြုမူမနေထိုင်တတ်တဲ့ အချက်(အနေအထိုင်၊ အစားအသောက်၊ အသုံးအစွဲ၊ အသွားအလာ၊ စိတ်နေစိတ်ထား အစစအရာရာ)
(၇) ကိုယ့်ကို သူများလေးစားတာမလေးစားတာကို အလေးထားတာထက်  ကိုယ့်နားကသူတွေ စိတ်ချမ်းသာရင် ပျော်ရင် အဲဒါကိုပဲ အမြဲ ကျေနပ်နေတတ်တဲ့အချက် (ပေါတယ်ပဲ ထင်ထင်၊ အသက်ကြီးပြီး မရင့်ကျက်ဘူးပဲပြောပြော၊ ခပ်ပေါ့ပေါ့ ဥာဏ်တိမ်တိမ် ဘယ်လောက်ထိပဲ နှိမ်နှိမ်၊ ဘယ်လိုခံစားချက်မျိုးတွေပဲ ရင်လာဖွင့်ဖွင့် အားပေးဖို့ရာ အသင့် စသဖြင့်ပေါ့လေ)
(၈) စိတ်နာစရာ၊ စိတ်ဆိုးစရာ ရှိသင့်တာမျိုးကို မနာပဲ ၊ စိတ်မဆိုးပဲ တော်ရုံ အသေးအမွှားမျိုးမှာကျ အထအနကောက်ပြီး လက်တုန့်ပြန်တတ်တာ(အညှိုးအတေးထားတတ်တာ) ကိုတော့ မုန်းတယ်
(၉)  သူများနဲ့မတူ တမူထူးခြားတဲ့အချက်တွေ (ဒီမှာ ပြန်ရေးတဲ့ တချို့အချက်တွေ ထပ်နေမယ်ထင်ရဲ့)ကို မုန်းတယ်
(၁၀) နောက်ဆုံးအချက်အနေနဲ့ကတော့ မှားတာတွေကို သိလျက်နဲ့ ပြင်သင့်လျက်နဲ့ ဘယ်တော့မှ ပြင်ဖို့မကြိုးစားတတ်တာကိုလဲ မုန်းပါတယ် (အရင် ၁၀နှစ်ကထက် ပြောင်းလဲတိုးတက်မှုမရှိခဲ့တာ ဒီအချက်ကြောင့် ထင်ပ)

တကယ့်အပြင်းထန်ဆုံးမုန်းတဲ့တစ်ချက်ကတော့ I hate myself for loving ...(someone ဟုတ်ဘူး လောလောဆယ်မှာတော့ blogging လို့ပြောတာနော် အဟိဟိ) :P

ကဲ..ဒါဆို ကျေနပ်ပီဟုတ် ရန်ရန်ရေ..

စာကြွင်း။ ။ ရှောင်ချင်သူများလဲ အချိန်မီ ရှောင်ရှားနိုင်စေရန်သော်လည်းကောင်း လက်ရှိခင်မင်သူများမှလည်း အချိန်မီ အပေါင်းအသင်းအဖြစ်မှ စွန့်လွှတ်နိုင်စေရန် အလို့ငှာလည်းကောင်း မခြွင်းမချန်ဝန်ခံထားသော ပို့စ်ဖြစ်ပါကြောင်း

2 comments:

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

သူငယ်ချင်းပေါင်းသင်းတွေကို တန်ဖိုးထားတာတွေ၊ ခင်တတ်တာတွေ၊ outgoing ဖြစ်တာတွေ မြင်သွားတယ်။
ရင်လာဖွင့်ချင်တယ်။ ရမလား မမီ :P

Yan said...

ကျွန်တော်လည်း လာဖွင့်ချင်တယ် မမီရယ်.. (ရင်ဘတ်). :)

ဟုတ်တယ်. မလေးပြောသလိုပဲ. မမီရဲ့ Character တော်တော်များများက ဘော်ဘော်တွေကို ခင်တွယ်သံယောဇဉ်ရှိတာလေးတွေ ပါနေတယ်. ကောင်းတယ်ဗျာ. စလုံးကို ၀င်ဖြစ်ခဲ့ရင် စရိတ်ငြိမ်းနော်. ဟတ်ဟတ်.

နောက်ဆုံးအချက်အနေနဲ့ကတော့ မှားတာတွေကို သိလျက်နဲ့ ပြင်သင့်လျက်နဲ့ ဘယ်တော့မှ ပြင်ဖို့မကြိုးစားတတ်တာကိုလဲ မုန်းပါတယ် (အရင် ၁၀နှစ်ကထက် ပြောင်းလဲတိုးတက်မှုမရှိခဲ့တာ ဒီအချက်ကြောင့် ထင်ပ)


အဲဒါ ဘယ်သူ့ကိုစောင်းပြောတာလဲဟင်... သတိထားဦးနော်. :D

အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ရင်ဖွင့်ရေးသားပေးတဲ့အတွက် ကျေးဇူး မမီရေ...

တိတ်ကဲ and အောလ်ဒယ်ဘက်စ် တူယူ...

:)

Y.