Sunday, November 9, 2008

How about priority?

ဘွဲ့လက်မှတ်ဆိုတာလည်း အရေးပါပါတယ်။ အခြားသော ပြင်ပ သင်တန်းတွေဆိုတာလည်း အရေးကြီးပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဆိုတာလည်း အဓိကကျပါတယ်။ ကျောင်းသင်ခန်းစာ ပညာရေးကို Academic ၊ ပြင်ပသင်တန်းကို Professional ၊ ကုမ္ပဏီမှာကတော့ Practical Experience ပေါ့ဗျာ။ အားလုံးကတော့ လိုအပ်တာချည်းပါပဲ။ ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတာကတော့ အခုနက ပြောခဲ့သလို လက်ရှိအချိန်မှာ လက်တွေ့ကျနေတာကိုပဲ ဦးစားပေးရွေးချယ်ရမှာပါ။.........
သူငယ်ချင်းကြီးမျက်လုံးရဲ့ ဒီပို့စ် ကစာသားလေးနဲ့ပါတ်သက်ပြီး ထပ်ဆင့်ပွားပြီး တွေးတောမိတာလေးပါ။

ကျမလဲ အတန်းပညာရေး၊ သက်မွေးဝမ်းကျောင်းသင်တန်းနဲ့ လက်တွေ့လုပ်ငန်းခွင်တွေမှာ အဆင့်ဆင့်ဖြတ်သန်းခဲ့ရပါတယ်။ အဲလိုကနေ ဒီနေ့ ဒီအချိန် စင်ကာပူမှာ web developer တစ်ယောက်အနေနဲ့ လုပ်ကိုင်ခွင့်ရရှိလာတာလေးကို ပြန်ပြောင်းသုံးသပ်ကြည့်မိတော့-
၁၉၉၃ ကျမ ဆယ်တန်းအောင်တော့ ဂုဏ်ထူးလေးဘာသာထွက်တယ်။ ဒါပေသိမြန်မာစာ အမှတ်က အညံ့ဆုံးလူအောက်တောင်ရောက်အောင် နည်းခဲ့ရာက(အမှတ်သွင်းသူလွဲခဲ့တယ်လို့ပဲ စွပ်စွဲချင်ပါတယ် နောက်မှ ပို့စ်တခုတင်ပါဦးမယ်) ကျမဖြစ်ချင်တဲ့ ဆရာဝန်မတစ်ယောက်ဖြစ်ဖို့ ဆေးကျောင်းတက်ခွင့်မသာခဲ့လို့ တက္ကသိုလ်တောင် မတက်ဘူးဆုံးဖြတ်ဖူးပေမဲ့ ကုန်သည်ပွဲစားလုပ်ငန်းရှင်မျိုးရိုးထဲမှာ ပညာတတ်တော့ဖြစ်စေချင်တဲ့ ကျေးဇူးရှင်ဖေဖေ၊မေမေ တို့ရဲ့ဆန္ဒကိုလိုက်လျောပြီး သင်္ချာအဓိကနဲ့ကျောင်းတက်ဖြစ်ခဲ့တာ။(ကွန်ပြူတာကိုလဲ ကူးလို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အီးမေဂျာမယူခဲ့ဘူးလေ)။ ထုံးစံအတိုင်း မြန်မာပြည်ပညာရေး မကြာခဏ ကျောင်းတွေပိတ်တုန်း အချိန်တွေ အလဟဿမဖြစ်ရအောင် ခေတ်နဲ့လဲညီအောင် ကွန်ပြူတာသင်တန်းအခြေခံသင်တန်းတွေတက်ရာကစ IDCS , IAD တွေ ပြီးခဲ့တယ်။ သင်တန်းပရောဂျက်တွေမှာ သာမက လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေရအောင်ပါ အပြင်ပရောဂျက်တွေမှာလဲ ပိုက်ဆံရသည်ဖြစ်စေ၊မရသည်ဖြစ်စေ ကူရေးပေးခဲ့တယ်။ သင်္ချာဂုဏ်ထူးတန်းတက်လို့ ကျောင်းမပြီး၊ ဘွဲ့မရခင်မှာတင် ကျမ မိုးကုတ် KMD မှာ ဆရာမလုပ်တာ တစ်နှစ်ခွဲလောက်ပါပဲ။ ဘွဲ့လဲရ ၊ စာသင်တဲ့ hardware & networking service အတွေ့အကြုံတွေလဲရ ၊ ရန်ကုန်မှာ နောက်တခါ အလုပ်လာရှာတော့ International School မှာပဲ နောက်ထပ် တစ်နှစ်ခွဲလောက် ဆရာမ ပြန်လုပ်ခဲ့ပြီး Tours Co. မှာ IT Executive ပုံစံမျိုးနဲ့ အလုပ်စ၀င်ရာကနေ Sales & Marketing Manager ဖြစ်လာတဲ့အထိ ကျမ အဆင့်ဆင့်အတွေ့အကြုံတွေ ဖြတ်သန်းလာခဲ့တယ်။ နောက်ဆုံးတော့ စင်ကာပူမှာ လာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ရင်း ကျမ web developer ဖြစ်ဖို့ programming သင်တန်းတွေ၊ စာမေးပွဲတွေ ထရိန်းနင်းတွေကို နားချိန်မရှိ တရစပ် ကြိုးစားရင်း ကျမ အဖြစ်ချင်ဆုံးလမ်းကြောင်းတစ်ခုပေါ်ကို ခြေပြန်ချနိုင်ခဲ့တယ်။

ကျမ ပြန်ပြီး အချုပ်ပြောရမယ်ဆိုရင် first priority က ကျမ ဖေတို့မေတို့ ယူစေချင်တဲ့ ဘွဲ့တစ်ခု မဖြစ်မနေရဖို့က နံပါတ်တစ်ပါ (အသုံးမလိုဘူးဆိုတာ မရှိဘူးလို့ယုံပါတယ်။ ဒီလောက်လွယ်တဲ့ပညာရေးက ဘွဲ့တစ်ခုတောင် ရအောင်မယူထားဖြစ်ရင် ကျမတခြားပိုခက်တာတွေ ဆက်မလုပ်သင့်ဘူးလေ) ဒါပေသိ အဲဒီသချာင်္ဂုဏ်ထူးတန်းဘွဲ့ရပေသိ ကျမ ဘာမှမတတ်ခဲ့သလိုပါ။ ပြီးတော့ ကွန်ပြူတာမေဂျာကိုလဲ ပြောင်းခွင့်မရခဲ့ပါ(ပေါ်လစီတွေ ပြောင်းတယ်လေ ဘာမှအစိုးမရပဲကိုး)။ အဲဒီဘွဲ့နဲ့ ပိုက်ဆံမရှာနိုင်ခဲ့ဘူးပါ။ ပါတ်စပို့လုပ်တော့မှ လျော်ကြေး (EC ) သွင်းခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ကျေးဇူးတစ်ခုက စင်ကာပူမှာ ကျမ spass approved ဖြစ်စေတဲ့ main factor ဖြစ်ပါတယ်။

2nd priority အနေနဲ့ ကျမ ကွန်ပြူတာသင်တန်းတွေနဲ့ language သင်တန်း(ဂျပန်စာ၊ တရုတ်စာ)ကို သက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုအနေနဲ့ time line တွေဆွဲပြီး အကြားအလပ်မရှိ ၁၀နှစ်စာ သင်ယူခဲ့တာ တစိုက်မတ်မတ်ပါ။ ပြောမယ်ဆိုရင် IT field & languages skills တွေက အမြဲတမ်း keep in touch ဖြစ်နေခဲ့လို့ မေ့သွားတယ်ဆိုတာ မရှိတော့ဘူး(စကားပုံတစ်ခုမှာတော့ စောင်းနဲ့ ၆လခန့်ကင်းကွာတဲ့စောင်းသမားဟာ စောင်းမတီးတတ်တော့ဘူးဆိုတာရယ် ၊ ကျမဆရာတစ်ယောက်ကပြောတယ် သင်ပြီးမေ့ပစ်လိုက်တာဟာလဲ မတတ်တာ၊ မသင်ရသေးတာနဲ့ အတူတူပဲဆိုတာရယ် အတွက် ကြိုးစားပြင်ဆင်ခဲ့တာပါ)

အဲဒီမှာ first and second priority ဆိုတာက ကျမအတွက် ထွန်ယက်စိုက်ပျိုးခဲ့ချိန်တွေပါ။ (အလုပ်လုပ်ဖို့ ငွေနဲ့အတွေ့အကြုံတွေရဖို့ရာ စိတ်မလောသေးပါဘူး)

3rd priority ကတော့ ကျမ မိဘတွေဆီက ငွေကြေးအထောက်အပံ့ကို ဒီကနေ့ထိ ယူခဲ့တုန်း၊ ယူနေရတုန်းက တပိုင်းတကန့်ပေမဲ့ ကျမ 99 ခုနှစ်ကတည်းက ကိုယ်ပိုင်ဝင်ငွေသုံးနိုင်ဖို့ စီးပွားရှာတာအပြင်၊ ကြုံလာတဲ့ လုပ်ငန်းတွေမှာ အတွေ့အကြုံတွေရဖို့ အမြတ်အနည်းအများ၊ လခ အနည်းအများ အဓိကထား မစဉ်းစားခဲ့ဖူးဘူး။ အဲဒီအတွက်ကျမအလုပ်တွေလုပ်ခဲ့တယ်။ လုပ်ချင်တဲ့အလုပ်တစ်ခုအတွက် ကုမ္ပဏီမှာ အောက်ခြေ၀န်ထမ်းဘ၀က စ၀င်ဖို့လဲ ၀န်မလေးခဲ့ဖူးဘူး။ ပြီးတော့ ကျမလျှောက်ခဲ့တဲ့ ရွေးချယ်ခဲ့တဲ့လမ်းအတွက် ဘယ်တော့မှ နောင်တမရဘူးသလို နောက်ပြန်လှည့်ဖို့လဲမစဉ်းစားဖူးဘူး။ ဒါပေသိ တောင်အမြင့်တစ်ခုကို တက်ပြီးမှ တခြားနောက်ထပ်တောင်အမြင့် တစ်ခုကိုထပ်တက်ဖို့မတက်ဖို့ကတော့ သေချာစဉ်းစားဆုံးဖြတ်ဖို့လိုတာ ခြွင်းချက်တစ်ခုပါလေ။ ဘာပဲဖြစ်ဖြစ် ၀င်ငွေ သို့မဟုတ် လစာနဲ့ အတွေ့အကြုံဆိုတာ ကျမသင်ထား တတ်ထားတဲ့ ပညာရဲ့ အသီးအပွင့်အနေနဲ့ ရိတ်သိမ်းချိန် ခံစားချိန် ဖြစ်လာပါပြီ။ (ပညာတွေ ကတော့ အမြဲမပြတ်ထပ်ဖြည့်ရင်း continuous improvement ပါ)

နောက်ဆုံး ဦးစားပေးအစီအစဉ်ကတော့ ကျမ လူမှုရေးလုပ်ငန်းတွေမှာ တတ်အားသရွေ့ ဦးဆောင်ပါဝင်ရင်း ကျမ ကူညီပေးတတ်တဲ့လက်တစ်စုံကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်းပါ။ (forumer, organizer, action officer, active member စသဖြင့်ပေါ့ အကျယ်တ၀င့်မရှင်းပြလဲ သိတယ်ဟုတ်)

ကျမ ဒီပို့စ်လေးနဲ့အတူ အတွေ့အကြုံတွေ ကျမရဲ့ priority တွေကို ချရေးပြခြင်းရဲ့ ရည်ရွယ်ချက်က အဓိကနဲ့သာမညကို သေချာစွာနဲ့ ကျမရဲ့ မောင်နှမသူငယ်ချင်းတွေ ခွဲခြားဆုံးဖြတ်နိုင်စေချင်တာပါ။
ကိုယ့်အသက်အရွယ်နဲ့ ပညာအရည်အချင်းပေါ်မူတည်ပြီး priority ကို ကြိုတင်စဉ်းစားရင်း ကိုယ့်ဘ၀ရှေ့ဆက်မဲ့ လမ်းကြောင်းတွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်မယ်ဆိုရင် ကျမနဲ့ ကျမသူငယ်ချင်းကြီး မျက်လုံးတို့ ဒီလိုပို့စ်တွေကို အချိန်ကုန်ခံ အပင်ပန်းခံပြီး ရေးရကျိုးနပ်မယ်လို့ ဆန္ဒမှန်ဖြင့်...

စာကြွင်း ။ ။ ကျမ ဦးစားပေးတွေ အခြေကျလို့ ကျမခေါင်းမော့ကြည့်လိုက်တဲ့အချိန်ကျ ကျမဘေးမှာ ကြင်နာစွာစောင့်ရှောက်ပေးမယ်ဆိုတဲ့ စောင့်နေနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိတော့တဲ့အချိန်ကျမှ ကျမ နှလုံးသားလေးကို ဦးစားပေးဖို့ မေ့နေခဲ့မှန်း အမှတ်ရမိပါတော့တယ်.. :P
နေ့စဉ်တိုင်းမှာတော့ ကုသိုလ်၊ ပညာ၊ ဥစ္စာ.. တခုခုရှာဖို့တော့ မမေ့မလျော့ခဲ့မိသေးတာမို့တော့ ဖြေသာပါတယ်။ :)

7 comments:

khin oo may said...

နောင်တ က နောက်မကျသေးပါဘူးလေ။ အလှကြီးရှိသေးတာဘဲ။ တွေ့မျှာပါ။ မစွန်တောင်တက် မတက် လှေလှော်တဲ့။ :P ချစ်လို့စတာ စိတ်ဆိုးလားမသိ.။ စိတ်ဆိုးရင် ဖျက်ပေးမယ်နော်။

Steve Evergreen said...

Impressive ! Maths degree, KMD teacher, International school teacher, working for a tour company, some social activities, Web developer in Singapore. I would advise no more carrier change. but you may add on carrier housewife at one point.

sanwin said...

စိတ်ခွန်အားဖြည့် ပိုစ်လေးပါ ။ ဘ၀ကို ခင်းပြပြီး ပညာပေးတာ အရမ်းကောင်းပါတယ် ။ အားလည်း ကျပါတယ် ။ ဒီပိုစ် လေးဖတ်ပြီ စိတ်ထဲမှာ လုပ်စရာကို ရှင်းရှင်းလင်းလင်း မြင်လာတယ် ။ ကျေးဇူး ။

မောင်လူအေး said...

စင်္ကာပူမှာ ဘယ်တောင် သွားတက်ရမှာလည်းဗျ... မခင်ဦးမေရ... Mount Faber လား ... :)

လူငယ်တွေ ဖတ်သင့်တဲ့ စာစုလေးပါဗျာ...

Mr.Pooh @ မောင်ပွတ် said...

ဖြစ်ချင်တာတွေ ဖြစ်မလာသေးခင်တော့ ဖြစ်သင့်တာတွေ လုပ်လိုက်၊ လုပ်ထားနိုင်တာတွေ လုပ်လိုက်နဲ့ ပြင်ဆင်ထားခဲ့ကြရတာချည်းပါပဲ။ အဓိကကတော့ ဖြစ်ချင်တာတွေ ဖြစ်မလာခင် စိတ်မလျော့လိုက်ဖို့ပါပဲ။ အတုယူပါတယ်ဗျာ။

LIN LET KYAL SIN said...

မမီရေ - လူဖြစ်လာရတဲ့ ဘ၀တစ်ခုမှာ လိုအပ်ချက်နဲ့ ပြည့်စုံမှုဆိုတာတွေကလည်း များလွန်းသမို့ တစ်ခါတစ်ရံ အချို့အရာတွေက ကျန်ရစ်ခဲ့တာတွေလည်း ရှိပါတယ်။ ဘ၀အခြေခိုင်မှု ၊ စိတ်ဓာတ်ခိုင်မာရင့်ကျက်မှု တွေ ရှိလာတဲ့ လူတစ်ယောက်ဘ၀မှာ နှလုံးသားချင်း တွဲဖက်နိုင်တဲ့ Better Half ဆိုတာ အချိန်မရွေး ရှိလာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ မမ :)

puluque said...

ပထမပိုင်း စာတွေကို ဖတ်လိုက်ရတာ အားရကျေနပ်စရာပါပဲ။ မမီကြိုးးစားခဲ့တာတွေကို အားကျစရာပါပဲ။ နောက်ဆုံးလဲ ဖတ်လိုက်ကော ကိုယ်ချင်းစာသွားတယ်ဗျာ.. ခံစားချက်ချင်းတူသလားလို့