Tuesday, November 25, 2008

ပေါ့ပေါ့ပါးပါးအတွေးစများ

ရေးဖို့အကြွေးကျန်နေသေးတဲ့ လေးလေးနက်နက်အတွေးတွေ အသာထားလို့ ဒီနေ့တော့ စိတ်လက်ကြည်လင်စွာနဲ့ ပေါ့ပေါ့ပါးပါးအတွေးစလေးတွေ ရေးဖို့ စိတ်ကူးပေါက်လာပါတယ်။

ဘာတွေပေါ့ပေါ့လေးတွေးမိလဲဆိုတာ မပြောခင် ရုံးကအပြန် shuttle bus ပေါ်မှာ အေးအေးဆေးဆေးထိုင်ရင်း အိမ်ပြန်ရောက်ဖို့ နာရီဝက် သုံးဆယ့်ငါးမိနစ်လောက် အချိန်လေးကို သီချင်းလေးနားထောင်လိုက် တွေးချင်တာလေးတွေးလိုက် ဆိုသလိုမျိုးအခွင့်အရေးလေးရအောင် လက်တို့သတင်းပေးရုံမက လမ်းပြပေးတဲ့ ရုံးကမောင်လေး(ဘလော့ဂါ ကိုသန့် ရဲ့ရုံးကသူငယ်ချင်းလေး) ကိုတော့ အရင်ဆုံးကျေးဇူးတင်တယ်ဗျာ

အင်း ဘာတွေတွေးလဲဆိုတော့ အချိန်တွေ တစ်နေ့တစ်နေ့ကုန်နေတာ ခုတော့လဲတယ်မြန်တယ်လို့
မနက် ၆နာရီခွဲ အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့ ဘုရားရှိခိုး၊ ပရိတ်ရွတ်ပြီးရင် ၇နာရီခွဲပေါ့ ပြီးတော့ ရေမိုးချိုး ရှိုးပြင်ပြီးရင် ၈နာရီခွဲဘတ်စ်အမီ အိမ်ကထွက် ရုံးကို ၉နာရီမထိုးခင်ရောက်။ အဲဒီအချိန်တော့ အတွေးများအသာဖယ်၊ အိပ်ရေးမ၀တဲ့နေ့တွေ အိပ်ချင်မူးတူးနဲ့ ဒဏ်ရာမရအောင် ဂရုစိုက်ပေါ့နော်။
တစ်ပတ်ကို ၅ရက် ရုံးတက်ကတာက မနက် ၉နာရီကနေ ညနေ ၆နာရီခွဲအတွင်း အလုပ်လုပ်ရင်း ဒီတစ်လအတွင်း ပရောဂျက်နှစ်ခုပီးသွားတာလဲ သြော် မြန်ပပေါ့။

အချိန်အကြောင်းတွေးပြီးတော့ အစားအသောက်အကြောင်းစဥ်းစားမိတာ ရူံးက ကန်တင်းမှာတော့ အပြုတ်နဲ့ထမင်းကြော်ကို တလှည့်စီစားတာလဲ အဆင်ပြေပါ၏။ ပြီးတော့ ရုံးတက်ရက်နေ့လည်တိုင်း ရုံးမှာ မြန်မာအဖွဲ့လေးတောင်ဖြစ်လို့ အားလုံး၆ယောက် အတူတူ နေ့လည်စာစားမိကြတာကလဲ ငယ်ပေါင်းကြီးဖော်တွေကျလို့ ပျော်စရာကြီး။ စကားတပြောပြောနဲ့စားရလို့လဲဖြစ်မယ် ဘာစားစားသောက်သောက် အဆင်ပြေတယ်။ ညဘက်အိမ်ပြန်ရောက်ရင်တော့ အောက်မှာရှိတဲ့ food court ကနေ စားချင်တာလေး take away သယ်လာလာ၊ အိမ်မှာတင် ရှူးရှူးရှဲရှဲ အမြန်ကြော်လှော်စားစား အစားအသောက်အတွက်လဲ ဗာဟီရမရှိတာ စိတ်ချမ်းသာစရာပဲ။

အင်း ..အဆင်ပြေတဲ့အကြောင်းတွေ တွေးနေပြောနေတာချည်းလဲမဟုတ်ပါဘူး။ သူငယ်ချင်းတွေထဲက တချို့လဲ အလုပ်ကူရှာပေး ၊ ဘော့စ်ကို recommend ပို့ပေး၊ ကူအလုပ်လျှောက်ပေးတဲ့ကြားက အဆင်မပြေလို့ ပြန်ကြရတာအတွက်လဲ စိတ်မကောင်းတာကလွဲလို့ အများကြုံကြရတာ(ကိုယ်လဲ ဘယ်တော့ကြုံမလဲ မသိနိုင်တာ) အတွက်တော့ ကံအကြောင်းတရားပဲအောက်မေ့ပါတယ်။ ပြန်သွားတဲ့ သူငယ်ချင်းတွေနဲ့ကတော့ ကံမကုန်သေးရင် ပြန်ဆုံကြမှာပေါ့လေ။

နောက်ထပ်တွေးမိတာလေးက အစ်ကိုကြီးတစ်ယောက်နဲ့ဖုန်းပြောရင်း နိုင်ငံခြားမှာ လာပြီး အလုပ်လုပ်ဖို့နေဖို့ရဲ့ အဓိက ရည်ရွယ်ချက်ဘာလဲတဲ့။ ကိုယ်ရည်မှန်းထားတာတွေ ပြည့်စုံပြီလို့ယူဆတဲ့ တစ်နေ့ကျရင် မြန်မာကိုပြန်မှာလား၊ ဘာလုပ်မှာတုန်းလို့မေးလာတယ်။ မပြောပြဘူးလို့ ဖြေလိုကတယ် အဟီး။  ဟုတ်တယ်နော်..  စင်ကာပူမှာ ခုချိန်လို  စီးပွားရေးတွေကျလို့ သူတို့နိုင်ငံသားတွေတောင် အနည်းနဲ့အများ ဒုက္ခတွေ ကြုံရ အလုပ်လက်မဲ့တွေဖြစ်ရတဲ့အချိန် မြန်မာက သူငယ်ချင်းတချို့ ဒီရက်ပိုင်းမှာ အလုပ်လာရှာဖို့ စွန့်စားဖို့လုပ်နေကြတာ ဘာကို သေချာမျှော်မှန်းပြီး ဘယ်လိုရည်ရွယ်ချက်တွေ ရှိပါလိမ့်ဆိုတာ မခန့်မှန်းနိုင်ပါလားနော်။

ကိုယ်တွေ အရင်ဆယ်နှစ်လောက်က အသက်ငယ်စဉ်တုန်းကတော့ နိုင်ငံခြားဆိုတာကြီးကို မျှော်မှန်းကြည့်ပြီး ရင်ခုန်မိတာက ကျောင်းတွေတက် ပညာတတ်ကြီးဖြစ်ပြီး ပိုက်ဆံတွေအများကြီးရမယ်၊ မြန်မာပြန်လာရင်လည်း နိုင်ငံခြားပြန် ပညာရှင်ကြီးဖြစ်မယ်ဆိုပြီးတော့လေ။ လူလတ်ပိုင်းကျတော့ နိုင်ငံခြားသွားလည်ဖြစ်တယ်ဆိုတာက ဘယ်လိုတိုးတက်လဲ သာယာလှပလဲ သူတို့နိုင်ငံသူနိုင်ငံသားတွေ ဘယ်လို လှုပ်ရှားရုန်းကန်လဲ ရုံးတွေမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတာကို စိတ်ဝင်စားလို့ ဒေသန္တရဗဟုသုတတဖြစ်လဲ အပန်းဖြေ အလည်အပတ်သွားခဲ့တာပေါ့နော်။ ဖြစ်နိုင်ရင်တော့ မြန်မာမှာပဲ မန်နေဂျာလောက်ကနေ CEO သော်လည်းကောင်း ကိုယ်ပိုင်လုပ်ငန်းရှင်သော်လည်းကောင်းလုပ်ချင်ခဲ့တာပါ။ ဒါပေသိ ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်လာတဲ့ အခြေအနေက ဘ၀ကို ပုံပြောင်းခိုင်းတော့လဲ အထုပ်ပိုက်လို့ စင်ကာပူရောက်လာတယ်ပေါ့နော်။ ဖတ်တဲ့သူတွေ စိတ်မရှည်တော့ဘူးထင်တယ်။ အတွေးဆိုတော့လဲ ပေါ့ပေါ့ပါးပါးတွေးရင်း ဟိုရောက်ဒီရောက်ဖြစ်တတ်တာပေါ့နော်။ သီးခံပါရှင် .. :P
စင်ကာပူကိုရောက်ပေသိ အလုပ်ရမယ်မရဘူး လုပ်ဖြစ်မယ်မလုပ်ဖြစ်ဘူးက မသေချာပါဘူး။ ဘာလို့တုန်းဆိုတော့ အလုပ်လုပ်ရမယ်ဆိုရင် ကျမက အရင်ဆယ်နှစ်က ရည်ရွယ်ခဲ့ဖူးသလို နိုင်ငံခြားမှာတော့ IT နဲ့ပဲအလုပ်လုပ်ချင်တယ်။ ပညာရှင်တစ်ယောက်အနေနဲ့ပဲ ဂုဏ်ယူစွာ အလုပ်လုပ်ချင်ပါတယ်။ service ပေးရတဲ့အလုပ်ကို မြန်မာမှာလဲလုပ်ဖူးခဲ့တဲ့အတွေ့အကြုံရှိလို့လားမသိဘူး။ ကျမ tourism နဲ့ပတ်သက်တဲ့အလုပ်လုပ်ရမှာကို သေမလောက်ကြောက်တာ ကျမကို အလုပ်ကူရှာပေးတဲ့သူတွေ အံ့သြယူတဲ့အထိလေနော်။ အင်း..ထားပါတော့ စကားကိုပြန်ကောက်ရရင် ကျမဘာလို့ နိုင်ငံခြားမှာ အိုင်တီနဲ့ အလုပ်လုပ်ချင်တာလဲဆိုတော့ လွတ်လပ်စွာကြိုးစားခွင့် မြန်မာမှာတုန်းက ကျမမရခဲ့ဘူးတာ(နိုင်ငံရေးနဲ့မပတ်သက်ပါပဲနဲ့ပေါ့နော်) အဲဒါကို အတိုးချပြီး နိုင်ငံခြားမှာ ကျမကြိုးစားပြချင်တာ၊ မြန်မာက အိုင်တီသမားတွေ ခေသူမဟုတ်မှန်း ကမ္ဘာကလက်ခံစေတဲ့စာရင်းဝင်ထဲပါချင်တာ နံပါတ်တစ်ပါ။ (ဆယ်စုနှစ်တစ်ခုစာ သက်တမ်းနောက်ကျပေမဲ့ ကျမ ယုံကြည်တဲ့ အိုင်တီမှာ အသက်အပိုင်းအခြား ခွဲခြားစရာမလိုတာ စိတ်ကျေနပ်စရာပါ)။ နံပါတ် နှစ်က ကျမဒီမှာ သုံးဖြုန်းမဲ့ပိုက်ဆံတွေကို မြန်မာမှာကျန်ခဲ့တဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ကျမလုပ်နေကျ လူမှုရေးဆောင်ရွက်မှုလုပ်ငန်းလေးတွေကို အတတ်နိုင်ဆုံး ပံ့ပိုးပေးချင်တာပါ။ နံပါတ်သုံးကတော့ (ကျမမြန်မာကို တစ်နေ့ လူကိုယ်တိုင်အပြီး ပြန်ဖြစ်သည်ဖြစ်စေ၊ မပြန်ဖြစ်သည်ဖြစ်စေ) ကျမရဲ့ ကောင်းတဲ့အငွေ့အသက်တွေ ဖုံးလွှမ်းရှင်သန်တဲ့နေရာလေးတွေ ဖန်တီးနိုင်တဲ့သူဖြစ်ချင်တာပါ။ နားရှင်းသွားအောင် ဥပမာပြောရင် စာကြည့်တိုက်၊ ဆေးခန်း၊ သက်မွေးဝမ်းကျောင်းသင်တန်းကျောင်း၊ လူမှုကယ်ဆယ်ရေးစောင့်ရှောက်မှုဂေဟာ တို့လိုမျိုး စသဖြင့် ထူထောင်ထားချင်တာပေါ့နော်။ ဒါဆို ကျမရဲ့ ရည်မှန်းချက်တစ်စိတ်တစ်ပိုင်းကို သိနားလည်လိမ့်မယ်ထင်ပါတယ်။ ဖြစ်လာတာမဖြစ်လာတာကတော့ ကျမရေးမဲ့သမိုင်းလေ။ စောင့်ကြည့်ပြီးမှ မှတ်ချက်ပေးပေါ့။ ခုတော့ စောပါသေးတယ်။

ကဲ.. ဘတ်စ်လဲ မှတ်တိုင်ကိုရောက်ပြီ အတွေးတွေလဲ ရပ်တော့မယ်။ နောက်ကြုံမှပဲ ဆက်ကြတာပေါ့နော်။

အတွေးတွေတွေးဖို့ ဝေးဝေးရှောင်တဲ့ ကျမ ခုလိုအတွေးလေးတွေ တွေးတတ်ဖို့ တွန်းအားပေးသူများအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။
ကျမရဲ့ ရောက်တတ်ရာရာ ပေါ့ပေါ့ပါးပါးအတွေးစလေးတွေကို အချိန်ကုန်ခံလာဖတ်တဲ့သူတွေလဲ ကျေးဇူးတင်တယ်ဗျို
လာဖတ်ရင်း တွေးမိတာလေးတွေရှိရင်လဲ ကွန့်မန့်မှာ ဝေမျှသွားဖို့ တောင်းဆိုလိုက်ပါတယ်နော်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ...

4 comments:

ညီအကိုများ said...

မမီရေ အကောင်းဆုံးတွေပဲ ဖန်တီးနိုင်ပါစေဗျာ..

မိုးကြယ်

ksanchaung said...

Singapore ကို မရှေးမနှောင်း ရောက်သူတွေပါ။ ခေတ်ကျပ်ကြီးထဲ အလုပ်ရတာခြင်းလည်း တူပါတယ်။

မတူတာကတော့ ကျွန်တော်က Customer Service ကိုပဲ စိတ်ဝင်စားတယ်။ ကျွန်တော့်အတွက် Technology က ဒုတိယ၊ Customer အသုံးတည့်မယ့် Application ကို ဖန်တီးပေးဖို့က ပိုပြီး အဓိကကျတယ်လို့ ခံယူထားတယ်။

အလုပ်နဲ့ပတ်သက်လို့ ကျွန်တော့်အတွက်ကတော့ သိပ်မလွယ်ဘူး။ Environment ချင်းက တစ်ခြားစီပဲ။ အဖက်ဖက်မှာ လေ့လာသင်ယူစရာတွေ အများကြီးကျန်သေးမှန်း သဘောပေါက်သွားတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် Exposure ပေါ့။ ရင်ပေါင်တန်းနိုင်ဖို့ကတော့ သတိဝိရိယနဲ့ အတော်ကြိုးစားနိုင်မှ တော်ရာကျမယ် ထင်တယ်။

MANORHARY said...

ပေါ့ပေါ့ပါးပါးဆိုပြီး မပေါ့ပါးတဲ့အတွေးတွေကိုသက်ပြင်းချရင်း
ဖတ်သွားပါတယ်။

MELODYMAUNG said...

မိုးကြယ်>> သိုင်းခရု
ksanchaung>> အန် ဘုန်းကြီးဟုတ်ဘူးလား ဘလော့မှာဖတ်တော့ ဘုန်းကြီးမှတ်နေတာ ဘုရားထည့်ပြီးပြောဖို့တောင် စိတ်ကူးရသေး။ Customer အသုံးတည့်မယ့် Application ကို ဖန်တီးပေးဖို့က ပိုပြီး အဓိကကျတယ်လို့ခံယူထားတယ် ဆိုတော့ ဘီလ်ဂိတ်တို့ ဂူဂဲလ်တို့လို product တွေ နဲ့ service application တွေ ဖန်တီးမဲ့သူမျိုးပေါ့နော်။ လေးစားပါ၏။ ဒါပေသိ ကျမပြောတဲ့ customer service က လူကိုယ်တိုင် ၀န်ဆောင်မှုပေးတဲ့တာဝန်ကိုပြောတာလေနော်။ တကယ်တမ်းက လူ့အောက်ကျို့ဖို့ သိပ်မလွယ်ဘူးလေ(ကျမအတွက်ပေါ့)
Manorhary>>အဟီး အနော်ကတော့ ပေါ့ပေါ့လေးတွေးတာဗျ သက်ပြင်းချသွားတယ်ဆိုလို့ ဆော်တီးနော် ဒီထက်ပိုပေါ့တာတွေးမိမှပဲ ထပ်ရေးပါတော့မယ်နော်