Monday, October 27, 2008

နိုင်ငံရပ်ခြားအတွေ့အကြုံများ

သံလွင်အိမ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ(၂)၊ အမှတ်(၃)၊ ၂၀၀၈ ခုနှစ်အောက်တိုဘာလထုတ်မှာ ဆောင်းပါးအနေနဲ့ရေးဖြစ်တဲ့ဒီစာလေးကို  ဘလော့ဂ်မှာ ပို့စ်အနေနဲ့ အမှတ်တရ ပြန်တင်ထားချင်လို့ပါ။  (ဖတ်ပြီးသားဖြစ်သူတွေအတွက်တော့ အားနာပါတယ်နော်)

လူတိုင်း လူတိုင်း၏ ဘ၀သက်တမ်းတလျှောက်တွင် အသက်အရွယ်အရ လုပ်ငန်းသဘောအရ ပုံစံမျိုးစုံဖြင့် နေရာအနှံ့သို့ ခရီးသွားလာဖူးကြသည်။ ပထမဆုံးခရီး အတွေ့အကြုံများကို တသက်တာ ထာဝရ အမှတ်တရရှိတတ်ကြသည်မှာ ဓမ္မတာဖြစ်သည်။ မိမိမွေးဖွားရာ မွေးရပ်ဇာတိ အနီးဝန်းကျင် မြို့ရွာများသို့ လည်းကောင်း၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် ထင်ရှား ကျော်ကြားသော တန်ခိုးကြီးဘုရား ကျောင်းကန်များရှိရာ မြို့ရွာများသို့ လည်းကောင်း အခါအားလျော်စွာ၊ ၀င်ငွေအားလျော်စွာ မြန်မာပြည် တနံတလျား ခရီးသွားလာကြဖူးသည်။ သို့ဖြစ်ရာ ပြည်တွင်းခရီးစဉ်များအတွက် အတော်အသင့် အဆင်မပြေမှုများ ကြုံရကောင်း ကြုံရသည်မှလွဲ၍ စိတ်လှုပ်ရှားမှုပိုကာ ပြင်ဆင်ရသည်မှာ နိုင်ငံရပ်ခြား ခရီးသွားရန်အတွက် ပြင်ဆင်မှုမျိုးနှင့် ယှဉ်လိုက်လျှင် မပြောပလောက်တော့ဟု ထင်ပါသည်။ ထို့ထက် နိုင်ငံရပ်ခြားရောက်သွားလျှင် မိမိတို့ ကြုံရဆုံရသည့် အတွေ့အကြုံများသည်ကား တစ်နှစ်ခွဲခန့် ကလေး၏ ပထမခြေလှမ်းအတွက် အစမ်း လမ်းလျှောက် သင်ခြင်းမျိုးနှင့်ပင်တူပေသေးသည်ဟု သုံးသပ်မိပါသည်။

ယခု ရေးသားလိုသည်မှာ စာရေးသူသည် ပြည်တွင်းခရီးစဉ်များစွာကို အတွေ့အကြုံများစွာ ဖြတ်သန်းပြီးနောက် မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ နိုင်ငံခြားခရီးစဉ်များကို အလည်အပတ်သွားရောက်ရင်း တွေ့ကြုံခံစားရသည့် အတွေ့အကြုံဖြစ်ရပ်များကို စုစည်းတင်ပြခြင်းမျိုးဖြစ်သည်။ တူရာ ကဏ္ဍများကို စုကာ အပိုင်း (၅) ပိုင်းခွဲခြားလိုပါသည်။

အပိုင်း(၁)

လေယာဉ်မစီးမီ လေဆိပ်တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာရန် D-Form(departure form) ဟုခေါ်သည့် ပုံစံ(၁၉)ကို ကြိုတင်လျှောက်ထားကာ မမေ့မလျော့ ယူလာရသည်။ မြန်မာငွေ ၅၀၀ ကျပ်ကိုလည်း ပေးဆောင်ရသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တခါမှ မရောက်ဖူးသူဆိုက ဘယ်နေရာမှာ ဘာသွားယူရမှန်း ဘယ်သွား ထပ်ရမှန်းမသိအောင် ယောင်လည်လည်နိုင်သည်က စပါတော့သည်။ ထို့နောက် သက်ဆိုင်ရာ လေယာဉ်၏ boarding pass ကိုယူရသည်။ ခရီးဆောင်အိတ်ကို ကီလို အလေးချိန်ချိန်ကာ သတ်မှတ်ထားသော ကီလိုထက်မပိုလျှင် အဆင်ပြေကာ ကီလိုပိုနေလျှင် တန်ပိုခပေးရပါသည်။ ပြန်နှုတ်ဖို့က အဆင်မပြေ မြန်မာငွေပိုက်ဆံအပိုလဲ မဆောင်ထားမိလျှင် စတင် အခက်အခဲ ကြုံတတ်ပါတော့သည်။ arrival card/departure card ကိုလည်း ဘယ်လိုဖြည့်ရမှန်း သေချာစွာ မသိနိုင်သေးပါ။ လေယာဉ်ပေါ်မတက်ရခင် စောင့်ရသည့် အချိန်ကလည်း ကြာလွန်းလှသည်။ လေဆိပ်အတွင်းရှိ အလကား ခေါ်ဆိုရသော ဖုန်းဖြင့် ဆက်ရန်စောင့်လျှင်လည်း အချိန်ပုပ်သွားတာသာ အဖတ်တင်သည်။ (ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်းပါလျှင်တော့ အဆင်ပြေသေးသည်)။ လေယာဉ်ပေါ်ရောက်လျှင်တော့ hand carry ကို ပစ္စည်းများထားသည့် စင်၏ သင့်တော်သည့် နေရာတွင် အဆင်ပြေအောင် ထည့်ပြီးနောက် များသောအားဖြင့် မိမိကိုးကွယ်ရာ ဘာသာတရားပေါ်မူတည်၍ အာရုံပြုကြ ရွတ်ဖတ် သရဇ္ဖာယ်ခြင်းများ ပြုပါသည်။ ထို့နောက် လေယာဉ်ဘီး စမလှိမ့်ခင်ကတည်းက သူများ ခါးပတ်ပတ်လျှင် လိုက်ပတ်၊ လေယာဉ်စီးကာ နိုင်ငံရပ်ခြားသွားရတော့မှာပါလား ဆိုသော အသိဖြင့် ပြတင်းပေါက်မှ ငုံ့ကြည့်ပြီး ၀မ်းနည်းသလိုလို လွမ်းသလိုလို ရင်ခုန်သလိုလို အမျိုးအမည်မသိစွာ ခံစားပါတော့သည်။ လေယာဉ်ပေါ်တွင် speaker မှ ဘာပဲကြေငြာ ကြေငြာ ကိုယ်နှင့် မဆိုင်သလိုလို ဆိုင်သလိုလို နားလည်သည်လည်းရှိ နားမလည်သည်လည်းရှိ လေယာဉ် ကောင်းကင်ပေါ်ရောက်အောင် အရှိန်ယူသည်နှင့် ရင်ခုန်သေးတော့သည်။ light meal ဖြစ်ဖြစ် lunch ဖြစ်ဖြစ် ကျွေးသည့် အချိန်တွင်တော့ လေယာဉ်မယ်တွေ ပြောပြသည့် ရနိုင်သည့် ဟင်း၊ အစားအစာ အမယ်များထဲမှ ကိုယ်စားချင်တာ စားနိုင်မယ် ထင်တာလေးကို ခေါင်းညိတ်မှာစား။ ဘာရယ်မဟုတ် စစားတဲ့ တစ်နပ်မှာတင် အမေ့ လက်ရာ အိမ်ထမင်းကို အပြေးကလေး မြင်မိသေး၏။ စားပြီး သောက်ပြီးနောက် ကိုယ်သွားမည့် နိုင်ငံအတွက် arrival card/ departure card သို့မဟုတ် white card (စင်ကာပူဆိုလျှင်) ဖြည့်ရတော့သည်။ အဲဒီတော့မှ ကိုယ့် ပါတ်စ်ပို့ စာအုပ်က ပါတ်စပို့နံပါတ်၊ သက်တမ်းကုန် ရက်စွဲနှင့် ဗီဇာ နံပါတ်တွေ ပြန်ရှာဖြည့်။ လိုအပ်လျှင် တည်းမဲ့လိပ်စာကိုပါ မှတ်စုစာအုပ်မှာ ပြန်ရှာဖြည့်ရသည်။ လေယာဉ်စီးနေစဉ် လေယာဉ်တက်စ အချိန်နှင့် လေယာဉ် ဆင်းကာနီး တိမ်များကိုလည်းကောင်း မြေပြင်ကို ဝေဟင်မှကြည့် မြင်ရသည်လည်းကောင်း စိတ်လှုပ်ရှားကြည်နူးစရာခံစားမိပါသေးသည်။ လေယာဉ်ဆိုက်လျှင် arrival hall သို့ charter bus နှင့်သော်လည်းကောင်း pathway မှသော်လည်းကောင်း သူများ သွားသည့် နောက်လိုက်ကာ immigration counter ဆီအရောက် သွားကာ တန်းစီစောင့် ရပါသည်။ foreigner passport counter တွင် အများနောက် လူရှင်းသည့်ဘက်ရွေးကာ တန်းစီပြီး မျဉ်းနီရှိလျှင် မျဉ်းနီထက်ကျော် မရပ်ရဘဲ ကိုယ့်အလှည့်ရောက်လျှင် (cover ဖြုတ်ထားရသော) ပါတ်စ်ပို့စာအုပ်၊ ဖြည့်ထားသည့်ကဒ်၊ လေယာဉ်လက်မှတ်(အပြန်အတွက် ပြရန်လိုအပ်လျှင်) စသည်များကို ထုတ်ပေးကာ immigration officer မေးစရာရှိ၍ မေးခဲ့လျှင် ကောင်းမွန် ပိုင်နိုင်စွာ ဖြေဆိုပေးဖို့ လိုအပ်သည်။ Visa stay တံဆိပ်ထုပေးပြီးလျှင်တော့ သက်ဆိုင်ရာ belt တွင် မိမိ luggage ကို သွားရောက်စောင့်ဆိုင်း သယ်ယူလာရုံပင်။ တွန်းလှည်းလေးတွေလည်း အဆင်ပြေ လွယ်ကူစွာ ယူငင် သုံးစွဲနိုင်ပါသည်။

အပိုင်း(၂)

နိုင်ငံရပ်ခြားတွင် ခြေချမိသည်နှင့် မိမိတည်းခိုမည့် နေရာသို့ ချောချောမောမောသွားနိုင်ရန် လာကြိုမည့်သူရှိလျှင်တော့ အတိုင်းထက်အလွန် အဆင်ပြေပါသည်။ အကယ်၍ မရှိခဲ့လျှင် တက္ကစီ(သို့မဟုတ်) Limousine ငှားကာ သွားရပေမည်။ မည်သည့် နေရာတွင် မည်သို့ သွားငှားရမည်မှန်း မသိလျှင်လည်း ခက်သေးတော့သည်။ ဘန်ကောက်လို သုဝဏ္ဏဘူုမိ လေဆိပ်မျိုးတွင် limousine service မယူလိုပဲ တက္ကစီရိုးရိုးငှားရန်အတွက်  မိမိရောက်သည့် အထပ်မှ အောက်တစ်ထပ် ဆင်းရသည်မျိုးဆိုလျှင် ဈေးသက်သာမည် မှန်သော်လည်း အဆင်မပြေပါ။ ပို၍ဆိုးသည်မှာ မိမိပြသသည့် လိပ်စာသည် English လိုသာပါ၍ taxi driver တို့ နားမလည်ပဲ နေရာမသိဟု ပြန်ပြောခံရသည့် အခါမျိုးတွင်မတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း အဖြစ်မျိုးဟုပင် ခံစားရပေဦးမည်။

အပိုင်း(၃)

နေစရာတော့ရြှိပီ။ နေရမည့် နေရာရောက်လျှင် စားစရာအတွက် တဖန် ပူပန်ရပြန်ပါသေးသည်။ ချက်ချင်း လက်ငင်း ရောက်ရောက်ချင်း ချက်စားဖို့ကလည်း မဖြစ်နိုင်သေး။ ဒါဆိုရင် ၀ယ်စားရမည်။ ဆိုင်တစ်ဆိုင် ဆိုင်မှာ သွားစားရမည်။ ပါလာသည့် ဒေါ်လာများကို ပထမဦးစွာ money exchange များတွင် သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးသို့ လွယ်ကူလျင်မြန်စွာ လဲလို့ရသည်ကတော့ အင်မတန် အဆင်ပြေပါသည်။ ထို့နောက် လမ်းလျှောက်ကာ အနီးအနား ဆိုင်တွင်သော်လည်းကောင်း ၊ taxi ဖြင့် မိမိသွားစားလိုသော ဆိုင်သို့လည်းကောင်း၊ သွားရောက် စားသောက်နိုင်ပါသည်။ တစ်ရက်၊ နှစ်ရက်တော့ ၀ယ်စား၊ သွားစား အဆင်ပြေပါသည်။ ဒေသစာများမှ ကြိုက်နှစ်သက်သည်များ ရွေးစားရတာ အစပိုင်း ပျော်ဖို့တောင် ကောင်းသေးသည်။ တချို့မှာ မြန်မာပြည်မှာကတည်းက စားဖူးထားသော၊ တချို့အစားအစာများကတော့ ထိုနိုင်ငံရောက်မှ ကြားဖူး၊ မြင်ဖူးလို့ စမ်းသပ် စားကြည့်ခြင်းမျိုးဖြစ်သည်။ သို့သော် တစ်ရက်မှ တစ်ပတ်၊ တစ်နပ်မှ ၁၀နပ် ကြာလာသော် မြန်မာပါးစပ် မြန်မာ ထမင်းဟင်းကို သတိရလာသည်။ မြန်မာထမင်းဟင်း နှင့် မြန်မာ့ရိုးရာ အစားအစာ (မုန့်ဟင်းခါး အပါအ၀င်) ဘယ်နေရာ ဘယ်ဆိုင်မှာ ရောင်းသလဲဆိုတာ စုံစမ်း မေးမြန်း၍ သွားရောက် စားသောက်မှ ခံတွင်းတွေ့တော့သည်။ များသောအားဖြင့် လက်ရာ တစ်ထပ်တည်း တူပြီး ခံတွင်း မတွေ့တောင်မှ အလွမ်းပြေ အာသာပြေ စားလိုက်ရလျှင်ဖြင့် လူဖြစ်ရကျိုးနပ် သွားသလိုတောင် ခံစားရသေးသည်။ သို့သော် များသောအားဖြင့်တော့ ဈေးကြီးတတ်၍ စရိတ်ထောင်းပေတော့သည်။ ရက်ကြာရှည်နေဖြစ်မည်ဆိုလျှင်တော့ နေသည့် အိမ်တွင် ချက်စားလို့ရပါက အနီးအနားဆိုင်များတွင် ပြေး၍ ဈေးဝယ်ကာ ချက်စားလို့ အဆင်ပြေလျှင်တော့ စားစရိတ်လည်း သက်သာပေသေးသည်။

အပိုင်း(၄)

သွားရေးလာရေးနှင့် ပတ်သက်၍မူ မြန်မာတွင် ဘတ်စ်ကား ကြပ်ကြပ် တိုးစီး လာရခြင်းများထက်တော့ အစစအရာရာ အဆင်ပြေသလို ထင်ရသည်။ မိမိသွားလိုသည့် လိပ်စာအတွက် ဘတ်စ်နံပါတ်၊ ဘတ်စ်လမ်းကြောင်း၊ ဘတ်စ်မှတ်တိုင်နာမည် သိလျှင်သော်လည်းကောင်း၊ MRT သို့မဟုတ် sky train/underground train များ စီးခြင်းသော်လည်းကောင်း လွယ်ကူ လျင်မြန် အဆင်ပြေပါသည်။ အလျင်စလို သွားလာလိုသည့် အခါများတွင်တော့ တက္ကစီ (သို့မဟုတ်) တုပ်တုပ် (ဘန်ကောက်တွင်ရှိသော)များကိုလည်း တား၍သော်လည်းကောင်း၊  ဖုန်းနံပါတ် နှိပ်၍သော်လည်းကောင်း၊ သင့်တော်သောနှုန်းထားဖြင့် ခေါ်ယူ စီးနှင်နိုင်သည်မှာ ဘ၀င်ကျစရာ ကောင်းလှပါသည်။ သို့သော် ဘန်ကောက် ခရီးစဉ်တွင်မတော့ ကိုယ်သွားလိုသည့် နေရာကို englishလို ပြောပြော ထိုင်းသံ မပီကလာနဲ့ ပြောပြော နားမလည်ပဲ taxi တစ်စီးပြီး တစ်စီး ခေါင်းရမ်း မသိဘူး ပြောပြီး တစ်နာရီကျော်ကြာအောင် ကြိုးစား၍ နားလည်သော taxi driver နှင့် ကျမှ အပိုကြေး ပေးငှားရမ်းကာ ပြန်လာရသည့် အဖြစ်မျိုးလည်း ကြုံဖူးတော့သည်။ (တချို့မှာ traffic jam ဖြစ်သောနေရာများ မောင်းပို့ရန် မလိုက်လို၍ ငြင်းခြင်းမျိုးလဲရှိပြီး မီတာနှင့် မလိုက်ဘဲ fixed price တောင်းပြီး လိုက်ပို့ ပေးခြင်းမျိုးလည်း ရှိသေးသည်)။ မြေပုံ အသုံးပြုတတ်လျှင်တော့ ပို၍ အသုံးဝင် အဆင်ပြေပါသည်။ မိမိသွားလိုသောနေရာသို့ အချိန် အသက်သာဆုံးနှင့် walking distance အနီးဆုံးသို့ ကြိုတင်ကာ ကြည့်ရှုလေ့လာ ပြင်ဆင်၍ လမ်းကြောင်းဆွဲ နိုင်သောကြောင့် ဖြစ်သည်။

အပိုင်း(၅)

ဆက်သွယ်ရေးအတွက် ကိုယ်ပိုင် မိုဘိုင်းလ် နံပါတ်တစ်ခုနှင့် ရှိပြီးသား ဟန်းဆက်(handset) ဖြစ်စေ၊ ဈေးသက်သက်သာသာ ၀ယ်ယူ ပိုင်ဆိုင်နိုင်ခွင့်သည် စိတ်ချမ်းသာစရာဖြစ်သည်။ အ၀င်၊အထွက် ခေါ်ဆိုခများ သက်သာရန် sms အကြိမ်ရေများများနှင့် free ပို့နိုင်ရန် အတွက်တော့ သူငယ်ချင်း မိတ်ဆွေများ recommend ပေးသော service line ကို ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ လစဉ်ကြေးပေးကာ သုံးရသည့် ဖုန်းလိုင်း မဟုတ်လျှင် top-up ကဒ်များကို အလွယ်တကူ ဖြည့်ကာ ဆက်လက် သုံးစွဲနိုင်ပါသည်။ service line သည်လည်း တခါတရံမှလွဲ၍ အစဉ်အမြဲ လိုင်းမိကာ ကြည်လင်စွာ ပြောဆိုဆက်သွယ်နိုင်ပါသည်။

အထက်ပါအတိုင်း အပိုင်း (၅)ပိုင်းခွဲကာ စာရေးသူတင်ပြသွားသည်များမှာ စင်ကာပူနှင့် ထိုင်း နှစ်နိုင်ငံ၏ ယေဘုယျ တူညီမှုများကို စုစည်းကာ ရေးသားသွားခြင်းဖြစ်ပါသည်။ အလည်အပတ် နေရာများသို့ သွားရောက် လည်ပတ်ခြင်းမျိုးကိုတော့ အလျဉ်းသင့်မှ ရေးသား တင်ပြသွားပါဦးမည်။

3 comments:

Steve Evergreen said...

Of course, technically, you can say Thailand and Singapore as foreign countries.

Myo Kyaw Htun said...

အလိုင်နား? :P

မောင်မျိုး said...

ထိုင်းက တက်စ်စီ သမားတွေက “ဖုန်မိတ်လူး” ဆိုပြီး ထွက်ပြေးကုန်တယ်ဟုတ် ဂလိုပဲ သူတို့  ABCD ပဲတက်တယ်း)