Sunday, August 3, 2008

ဝါဆိုသင်္ကန်းကပ်ကြတယ်..

ဒီနေ့ သူငယ်ချင်းလင်မယားက သူတို့ ၀ါဆိုသင်္ကန်းကပ်တဲ့ ဘုန်းကြီးကျောင်းကို လိုက်ပြီး ကုသိုလ်ယူဖို့ ဖိတ်လို့ မနက် ၉နာရီကျော်လောက် အိမ်ကထွက်ပြီး MRT ကို အနီလိုင်းနဲ့ အစိမ်းလိုင်း ကျွမ်းကျင်စွာပြောင်းစီးလို့ ၁၀နာရီမှာ Eunos MRT ကို ရှောရှောရှူရှူရောက်သွားတယ်။ စိတ်ပူပေးတဲ့ သူငယ်ချင်းကတော့ စထွက်ကတည်းကနေ ဘယ် MRT ရောက်နေပြီလဲကို ဖုန်း ၃ခါလောက် ဆက်မေးတယ်။ Eunos MRT ရောက်တော့ passenger service နားမှာ စောင့်နေတယ် လာခဲ့ဆိုပြီး ပြောတော့ အဆင်သင့်တွေ့ရတယ်။ ငါကွ…

ရောက်ရောက်ချင်း အောက်ထပ်မှာ ဘုရားကန်တော့ ၊ ဆွမ်းပွဲအတွက် လိုတာတွေကူလုပ်၊ ဘုန်းဘုန်းတွေ အပြင်ခဏကြွသွားလို့ မုံ့ဟင်းခါး အရင်စား၊ ၃ထပ်က ဓာတ်တော်တိုက်ရှိတယ်၊ သွားဖူး။ အားးးးပါးပါးးးဓာတ်တော်တွေအများကြီးပဲ။ မြန်မာမှာ တွေ့ခဲ့ဖူးတာတွေထက် ပိုစုံတယ်။ မိုးကုတ်မှာတုန်းက ဖောင်တော်ဦးဘုရားမှာ မိုးကုတ်ဆရာတော် ဦးဝိမလရဲ့ ဓာတ်တော် မျက်လုံးတော်ကို ဖူးဘူးတယ်။ ရန်ကုန်၊ မန်းလေးတွေမှာ စွယ်တော်၊ မြတ်စွာဘုရား သွားတော် အံတော် နဲ့ ရဟန္တာတွေ၊ ဆရာတော်ကြီးတွေရဲ့ ဆံတော်၊ အရိုးတော်၊ ဓာတ်တော်မွေတော်တွေကိုလဲ အများအပြားစုံလင်အောင် ဖူးဘူးတယ်။ ခု ဒီ Eunos ဘုန်းကြီးကျောင်းမှာကျ ဘာကို ထူးထူးဆန်းဆန်းသတိထားပြီး ဖူးရလဲဆိုတော့ မြတ်စွာဘုရားရဲ့ ဦးဏှောက်တော်ကကျတဲ့ ရွှေရောင်ဓာတ်တော်သေးသေးလေးတွေကို တအံ့တသြဖူးခဲ့ရတယ်ဗျ။


အဲဒီဓာတ်တော်တွေအတွက် လျှပ်စစ်မီးအလင်းရောင်ပူဇော်ဖို့ တစ်နာရီ $၁၀ နှုံးနဲ့လဲလှူလို့ရတယ်။ နည်းများမဆိုလဲ donation box လေးထဲ ထည့်လှူလဲရတယ်။ ကျမလဲ လှူခဲ့တယ်။ ဘုရားမှာလဲ ဆွမ်းတော်တွေကပ်ကြတယ်။ ပြီးတော့ ဘုန်းဘုန်းတွေပြန်ကြွလာတာနဲ့ အောက်ထပ်ပြန်ဆင်းကြပြီး ဆွမ်းကပ်ကြပါတယ်။ ဘုန်းဘုန်းတွေဆွမ်းဘုန်းနေတုန်း ကျမက ၀ါဆိုဖယောင်းတိုင်ပေါ့နော် ဘုရားမီးပူဇော်ပါတယ်။ မုံ့ဟင်းခါးမစားရသေးသူတွေလဲ မုံ့ဟင်းခါးစားကြတာပေါ့နော်။ အဲဒီမှာ ဗောဓိပင်လဲရှိတယ်။ ဗောဓိပင်ကိုလဲ ရေသွားလောင်းလိုက်သေးတယ်။ လှူလို့ရတာတွေက ၀ါဆိုသင်္ကန်းတစ်စုံကို $၃၀ နှုံးနဲ့ ဒါမှမဟုတ်လဲ ၀တ္ထူငွေကပ်ရင်ကပ်ပေါ့နော်။ နောက် ဒီကျောင်းက အိမ်ကို ငှားထားတာလေ။ အဲဒီတော့ နောက်တနေရာရာမှာ အတည်တကျ မြေ၀ယ်ပြီးကျောင်းဆောက်လုပ်ဖို့ရာအတွက် လှူဒါန်းလို့ရပါတယ်။ တစ်ပေပါတ်လည်ကို $500 နှုံးနဲ့ပါ။ လောလောဆယ်တော့ အလုပ်မရသေးလို့ တစ်ယောက်တည်းလှူနိုင်သေးဘူး။ ရေစက်ဆုံချင်သူ သူငယ်ချင်းများနဲ့ စုပေါင်းစပ်ပေါင်း လှူဖို့ စိတ်ကူးထားလိုက်တယ်။

ဘုန်းဘုန်းတွေ(၃ပါး) ဆွမ်းဘုဉ်းပေးပြီးတော့ ကျမတို့ တရားနာ အမျှပေး ရေစက်ချကြပါတယ်။ ဟောတဲ့တရားထဲမှာတော့ အခုလို စုပေါင်းစပ်ပေါင်းလှူတာမှသည် စည်းလုံးညီညွတ်ခြင်းသည် အောင်မြင်ခြင်းသုခ ဖြစ်တဲ့အကြောင်းလဲ ပါတယ(သမဂ္ဂါနံ သမဂ္ဂသုခံ ဆိုလားမသိဘူး)်။ အရွယ်သုံးပါးမရွေး ဆင်မြန်းရမဲ့တန်ဆာအနေနဲ့ စာရိတ္တသီလ ဆိုတာလဲပါတယ်။ နိုင်ငံရပ်ခြားမှာ တင့်တယ်စွာ ဆောင်ယူရမဲ့တန်ဆာက ပညာ၊ လှူဒါန်းပေးကမ်းရက်ရောခြင်း သဒ္ဒါက ကိစ္စပြီးမြောက်အောင်မြင်တယ်ဆိုတာလဲပါတယ်၊ အိမ်တစ်အိမ်မှာ ရပ်ရွာမှာ တိုင်းပြည်မှာ ဥာဏ်ပညာရှိတဲ့သူ အုပ်ချုပ်မှ တိုးတက်အောင်မြင်တယ် ဆိုတာလဲပါတယ်။ နောက်တစ်ခုက ဘာလဲသိဘူး မေ့သွားပီ အဟီးးး
အားလုံးက ကြီးပွားချင်လို့ ဒီမှာအလုပ်လာလုပ်ကြတာတဲ့။ ကြီးပွားချင်ရင် ကြီးပွားကြောင်းတရားပဲလုပ်ရမှာပေမဲ့ မလုပ်ကြတဲ့သူတွေလဲရှိနေတယ်ပေါ့နော်။
နောက် ဆုပေးတာကတော့ မိဘကို အချိန်မီကျေးဇူးဆပ်နိုင်သူတွေဖြစ်ပြီး ဘုရားသာသနာကို ခုလိုလှူဒါန်းစောင့်ရှောက် အထောက်အပံ့ပေးနိုင်သူတွေဖြစ်ကြစေဖို့ ဆုတောင်းလဲဆုတောင်း ပြည့်လဲပြည့်နိုင်ကြပါစေလို့ ဆုပေးပြီး ရေစက်ချ အမျှဝေပါတယ်။ ဘလော့ဂ်မှာ လာဖတ်တဲ့သူငယ်ချင်းတွေလဲ အမျှရကြပါစေ..

ရေစက်ချခွက်ထဲက ရေတွေကိုတော့ ဗောဓိညောင်ပင်လေးမှာ သွားလောင်းပြီး ဒီနေ့ပြုသမျှအလှူကို ၀သုန္ဒေ္ဓရေမြေနတ်သမီးကို သက်သေတည်စေပါတယ်။

ဒီနေ့အလှူလေးကို ဖိတ်ခဲ့တဲ့ သူငယ်ချင်းလင်မယားကိုလဲ မြန်မာလိုပဲ ကျေးဇူးတင်ကြောင်းနှုတ်ကလဲပြောပြီး ဒီပို့စ်လေးကနေလဲ ထပ်မံပြောပါရစေ။

ဓာတ်တော်တွေဖူးဖို့ဖြစ်ဖြစ် အလှူဒါန နည်းများမဆိုတတ်အားသရွေ့ထည့်ဝင်ချင်လို့ပဲဖြစ်ဖြစ် ဒီဘုန်းကြီးကျောင်းကို သွားချင်ရင် လိပ်စာက - No. 11 Teo Kim Eng Road(Behind Eunos Mansion) bet: blk 321 & 322 ၊ ဆရာတော်ဘွဲ့နာမည်က Ven. U Thera Vansa ပါ။ Eunos MRT ကနေ bus no. ၉၃ စီးရင် ၃မှတ်တိုင်မြောက်မှာဆင်းပြီး တံတားပေါ်ကကူးပြီး ၅မိနစ်လောက် ဟိုဘက်ကို လမ်းဆက်လျှောက်ရပါတယ်။ တကယ်လို့ ရှာမတွေ့ရင် ဖုန်းနံပါတ် 6748 7352 ကိုဆက်သွယ်လိုက်နော်။

စာကြွင်း။ ။ ရန်ကုန်မှာဆို ဒီအချိန်လဲ သူငယ်ချင်းတစ်ယောက်အိမ်မှာ နှစ်တိုင်း ၀ါဆိုသင်္ကန်းသွားကပ်နေကြမို့ သတိရမိပါသေးတယ်။

4 comments:

Steve Evergreen said...

enjoy reading your posts. thanks

Ka Daung Nyin Thar said...

ဟိတ်..

အလုပ်ရပြီလားကွ
ဂွတ်လပ်နော်.. နောက်မှ တွေ့မယ် တိလား

Anonymous said...

monastry address is changed ready. so please update the address.

MELODYMAUNG said...

အဟောင်းပို့စ်မလို့ အဟောင်းအတိုင်းပဲထားတော့မယ်လေနော်