Tuesday, August 19, 2008

Bird park က ပင်ဂွင်းငှက်နဲ့ ကျမ

ဒီအပတ် ဆန်းဒေးက bird park ကို သွားလည်ဖြစ်တယ်။
တချို့မေးတယ် ပျော်စရာကောင်းလားတဲ့။ သူတို့ကတော့ ငှက်တွေချည်းပဲမလို့ ပျင်းလို့သွားဘူးတဲ့။ ကျမကတော့ ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ပန်းတွေလဲချစ်တယ်၊ ငှက်တွေလဲချစ်တယ်၊ ပြီးတော့ လူတွေကိုလဲချစ်တတ်တယ်။ ကျမအတွက် အများအားဖြင့်တော့ လောကကြီးက သာယာနေပျော်ပါတယ်။

Bird park မှာ မြေပုံကြည့်ပြီး စုံအောင်နှံ့အောင် လည်တယ်၊ ဓာတ်ပုံရိုက်တယ်။ စကားပြောတတ်တဲ့ ကြက်တူရွေးလေးတွေရဲ့ Children’s Parrot Show ကို နေ့လည် ၁နာရီပွဲမှာ ၀င်ကြည့်တယ်။ သိပ်ချစ်ဖို့ကောင်းပြီး လိမ်မာတတ်သိတဲ့ ငှက်ကလေးတွေမို့ အရမ်းသဘောကျတယ်။ singapura ဆိုတဲ့သီချင်းကို ဆိုပြတာများ တကယ့်အဆွဲအငင်တွေနဲ့။ အင်း..ကိုယ်တောင် သူ့လောက် အသံကိုဆွဲဆိုတတ်မယ်မထင်ဘူး :P

ပြီးတော့ ညနေ ၃နာရီခွဲမှာ ပင်ဂွင်းငှက်လေးတွေအစာကျွေးတာလဲ ကြည့်တယ်။



ကျမက ပင်ဂွင်းဆို သိပ်ချစ်တာ။ ဟိုးတစ်လောကြီးတုန်းက ခဏခဏ ကြည့်လွန်းလို့ သူငယ်ချင်းတွေရဲ့ တူ၊တူမ ကလေးတွေကတောင် အမြင်ကတ်ပီး ကြည့်မရဖြစ်တဲ့ Happy Feet ထဲက နတ်ဆရာလို ခေါင်းမှာ အမွှေးလေးတွေပါတဲ့ ပင်ဂွင်းလေးတစ်ကောင်လည်းတွေ့မိသေးရဲ့။ King Penguin၊ ChinStrap penguin ပြီးတော့ နာမည်မသိတဲ့ ပင်ဂွင်းလေးတွေစုံလို့။
အစာကျွေးတာ ကြည့်ပီး ထွက်လာတော့ အရှေ့မှာ ရှိတဲ့ အရုပ်နဲ့လဲ ဓာတ်ပုံရိုက်တယ်။ အရုပ်လဲ ၀ယ်ခဲ့သေးတယ် ချစ်လို့လေ(ပူဆာလိုက်ရင် ၀ယ်ပေးမဲ့သူမရှိတော့ ကိုယ့်ပိုက်ပိုက်နဲ့ကိုယ်ပဲဝယ်လာရတယ်)
ပင်ဂွင်းခရေဇီမို့ ကြိုက်တယ်ပြောရင် ယူသွားဆိုပြီး ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုလဲ သတိရမိသေးရဲ့။

သူကတော့ ပင်ဂွင်းဖြစ်ချင်တဲ့သူလေ။ ပင်ဂွင်းတွေအကြောင်းကို အခြေခံပြီး အတွေးနယ်ချဲ့ခဲ့ရာကနေ ၀တ္ထုတိုလေးဖြစ်အောင်တောင် ဖန်တီးနိုင်ခဲ့သေးတဲ့သူပေါ့။ ပြီးတော့သူ့မှာ ဖြူစင်တဲ့ စိတ်တစ်ခုရှိတယ်။ အားလုံးကို ရိုးရိုးလေး စဉ်းစားတယ်။ နောက်ပြီး... သဘာဝနဲ့လိုက်လျောညီထွေဖြစ်အောင်နေတယ်။လွယ်လွယ်လေးပါတဲ့ ပြီးတော့ မျိုးနွယ်တူအချင်းချင်း ရိုင်းပင်းကူညီရင်းက ဒုက္ခနဲ့ သုခကို အညီအမျှ မျှဝေခံစားကြမယ်လို့ ပင်ဂွင်းငှက်တွေရဲ့ စိတ်ထဲမှာ ထားနိုင်ကြပေမယ့် ကျွန်တော်တို့ လူသားတွေကရော အဲဒီ့လိုစိတ်မျိုး ထားနိုင်ကြပါ့မလား။ ထားဖို့ရော စိတ်ကူးရှိပါ့မလား...။ ထားသင့်တယ်ဆိုတာကိုရော နားလည်ကြရဲ့လား...လို့ထပ်တူခံစားတတ်တဲ့ အဲဒီသူငယ်ချင်းကို အရမ်းသတိရမိတယ်။ ဒီပို့စ်လေးကို အခါခါ အထပ်ထပ်ပြန်သွားဖတ်မိတယ်။ သူ့ကို ကျမသတိရသလို သူ့စာဖတ်ပရိတ်သတ်တွေလဲ သူ့ရဲ့ ကောင်းကင်ကိုဆွဲပိတ်ခံထားရလို့ သူပို့စ်တွေမတင်နိုင်ခင်မှ သူ့ကိုမေ့မသွားကြစေချင်ဘူး သတိရနေစေချင်တယ်လေ။ ဒါကြောင့် ဒီပို့စ်လေးတင်ရင်း ဒီလင့်ခ်လေးပါ ထည့်ပေးလိုက်တယ် ဖတ်ဖူးတဲ့သူလဲပြန်ဖတ်ရင်း မဖတ်ရသေးသူတွေလဲ ပင်ဂွင်းငှက်ဖြစ်ချင်တဲ့ သူ့အတွေးနဲ့အရေးလေးခံစားကြည့်ရအောင်နော်..

1 comment:

winlatt said...

အမရေ..
ကျေးဇူးတင်ပါတယ်...
ခံစားမှုတွေ ထပ်ပြီးဖြန့်ဝေနိုင်ပါစေ...