Saturday, March 29, 2008

သင်္ကြန်ကျရင်..ရေပက်မယ်၊ သူငယ်ချင်းတို့ရော ဘာလုပ်မလဲ..

မတ်လကုန်လို့ ဧပရယ်ရောက်ပြီး သင်္ကြန်ကျဖို့ နှစ်ပတ်ပဲ လိုတော့တယ်နော်။

အချိန်တွေ ရာသီတွေ ဘယ်လိုပြောင်းပြောင်း မန်းသင်္ကြန်အကြောင်း
စဥ်းစားတိုင်း ရင်ခုန်ဆဲ ပျော်ရွှင်ဆဲ သတိရ တမ်းတနေဆဲပါ။

မန်းသင်္ကြန်နဲ့ ဝေးနေတာ ဒီနှစ်ပါနဲ့ဆို 9နှစ်တောင် ရှိပီပေါ့
ဒီနှစ်လဲ မသွားနိုင်သေးဘူးလေ

ရင်မှာ အမှတ်တရရှိဆဲပါ မန်းသင်္ကြန်ရယ်...
98ခုနှစ်တုန်းက သင်္ကြန်မှာပေါ့ ရန်ကုန်က သူငယ်ချင်းအုပ်စုရယ် မန်းလေးက
အုပ်စုရယ် နှစ်ခုပေါင်းပြီး ဂျစ်ကားတစ်စီးနဲ လျှောက်လို့လည်ပါတယ်။
ကားပေါ်မှာလဲ မိုးလင်းကတည်းက သောက်တဲ့ ဘီယာဗူးတွေ ပုလင်းတွေရယ်
စုထားမယ်ဆို ဆာလာအိတ်နဲ့ တစ်လုံးလောက် ရှိမယ် :P
မိုးလင်းလို့ မနက် 7နာရီကတည်းက စထွက်လိုက်တာ ည2နာရီလောက်မှ အိမ်ပြန်ရောက်တယ်။
အကြိုနေ့က စလို့ အတက်နေ့ထိ မန်းမြို့တခွင်ပြဲပြဲစင်အောင် ရေပက်ခံထွက်
သူငယ်ချင်းတွေရှိတဲ့ မဏ္ဍပ်တွေမှာ ခဏရေ၀င်ပက် အားမရသေးရင်
စစ်ကိုင်းဘက်ထိထွက်
နှစ်ဆန်းတစ်ရက်နေ့မှာတော့ မေမြို့တက်

မှတ်မှတ်ရရ သင်္ကြန်အတက်နေ့မှာ..
ကျုံးဘေးက ရေတွေကလဲ ဒလဟော။ သူငယ်ချင်းတစ်ယောက်ရှိတဲ့ မဏ္ဍပ်မှာ သွားအခေါ်
မြောင်းကလဲ ပေါ်မနေတော့ မြောင်းထဲကျွံကျ အရှင်လတ်လတ် ရေမြိုသည်ထင်ရဲ့ ။
အော်ခွဲလိုက်တော့ သူငယ်ချင်း ယောက်ကျားလေးနှစ်ယောက်က သွက်သွက်လက်လက်
ကားပေါ်က ခုန်ဆင်းပြီး ချိုင်းနှစ်ဘက်က ထူမ။ အပေါ်ကိုကြွလာတဲ့ ပုံလေး
ငါမမေ့သေး အဟေးဟေး
(ရက်ပ်လိုက်နေတာဟုတ်ဘူး.. အဲဒါ တကယ်ဖြစ်ခဲ့တာ)

သင်္ကြန်ပြီးလို့ ရန်ကုန်ပြန်ရောက်တော့ အခုအော်စီမှာ ပျော်နေတဲ့ KTY ကို
အိမ်လိုက်အပို့ သူ့မားမားက အိမ်တံခါးလာဖွင့်ပေးရင်း သူ့သားမန်းလေး
သင်္ကြန်သွားလည်တဲ့အကြောင်းပြောရင်း မီမီ နင်နဲ့ သွားတာမဟုတ်ဘူးလားတဲ့ ။
ဟုတ်ပါ့ သူ့သားက ဘေးမှာ မတ်တတ် မမှတ်မိနိုင်အောင် မဲတုန်းပြီး
ပြန်လာတာလေ အဟိဟိ။

သင်္ကြန်ကျတိုင်း...
ပိတောက်တွေ လာပေးတတ်ကြတဲ့ သူတွေကို သတိရတတ်တယ်
သင်္ကြန်ကျတိုင်း...
အတူတူ ရေပက်ဖူး မဏ္ဍပ်ထိုင်ဖူး ရေပက်ခံထွက်ဖူးတဲ့ သူငယ်ချင်းတွေတိုင်းကို သတိရတယ်
သင်္ကြန်ကျတိုင်း...
ထွက်ကဲနေကျ သမီးကို အဖေမဆူအောင် ဖုံးဖိပေးတဲ့ ချစ်သောမေမေကို သတိရတယ်
သင်္ကြန်ကျတို်င်း...
လွဲခဲ့ဖူးတဲ့ ချစ်သူကို သတိရတယ်
သင်္ကြန်ကျတိုင်း...
စိတ်နာနာနဲ့ ရိပ်သာမှာ စိတ်ငြိမ်အောင် တရားသွားထိုင်တုန်း အတူတူ
တရားစခန်းမှာ တွေ့ရတဲ့ ယောဂီတွေကို သတိရတယ်

ပြောမယ်ဆိုရင် သတိရစရာတွေ အများကြီးပါပဲ။

ဒီနှစ်သင်္ကြန်ကလဲ မန်းကို မပြန်နိုင်သေးဘူးဗျာ။
မန်းသင်္ကြန်လဲ ဒီနှစ် စည်ကားနိုင်ပါဦးမလားမသိ။
ဘာပဲဖြစ်ဖြစ် မယ်လိုဒီ ဒီနှစ်လဲ အလုပ်တွေနဲ့ နပမ်းလုံးရဦးမယ်ထင်ပါတယ်။
အဆင်ပြေရင်တော့ ဘလော့ဂါတွေ စုပြီး ကားနဲ့ လည်ကြမလားဗျို...

ကဲ... မတက်တာလဲကြာပြီဗျာ
သူငယ်ချင်းမောင်နှမတို့ရေ.. သင်္ကြန်နဲ့ ပါတ်သက်တဲ့ အမှတ်ရ
ပျော်ရွှင်စရာလေးတွေကို ရေးပြီး လာမဲ့ သင်္ကြန်ကို ကြိုဆိုကြရအောင်နော်...

ရေးစေချင်သူများကတော့..
(၁) ရွှေမန်းမင်းသား ကိုချမ်းမြစိုး
လူဆိုးကြီး မိုက်ကယ်ရေခဲချမ်း နာ tag လုပ်တာကိုလဲ ဖူးလုပ်ပစ်တယ် မိုက်ကယ်ရေခဲချမ်း တစ်ချမ်း ငါကျပ် တစ်ဆယ် နှစ်ဆယ်
(၂) ထိုင်းသံအမတ် မျိုးကျော်ထွန်း
(၃) ဘာဘာ ဘလာဂေါက်
(၄) ဓည၀တီ ရခိုင်ပြည်မှ ကျူတီးပင့်ဂိုးလ်
(ရေးချင်လို့ပဲရေးရေး တက်လို့ပဲ ရေးရေး ရေးပြီး)
(၅) ညီမလေး သဇင်ဏီ
(၆) ညီမလေး မေမီကို
(၇) သူငယ်ချင်းကြီး ပီကေ
(၈) ချစ်သူငယ်ချင်း အဖြည့်ခံမလေး
(၉) နောင်တော် ကဗျာလမ်း
(၁၀) သူငယ်ချင်းကြီး မျက်လုံး နဲ့
(၁၁) ချင်းမိုင်က စိုင်းစိုင်း တို့ ရေ ရေးပေးကြပါဦး။ ကဗျာပဲဖြစ်ဖြစ် ..
ရေးချင်ရာရေးပီး ပို့စ်တင်ကြပါဦးနော်

အကြိုရေလောင်းထားမယ်..ဗွမ်း..ဘုန်း..ဗွမ်း..ဘောက် (ရေပုန်းနဲ့ ပက်တယ်၊
ခွက်စောင်းခုတ်တယ် အဟဲဟဲ)
ပြန်မပက်ရ သင်္ကြန်မကျသေး ငရဲကြီးတတ်တယ်

3 comments:

CMS said...

သင်္ကြန်ကို လွမ်းနေပါတယ်ဆိုမှ သင်္ကြန်မှာ ဘာလုပ်မလဲ ရေးရဦးမယ်။ လွမ်းနေတဲ့သူကို တယောထိုးပြနေသလိုဖြစ်နေပြီ။ ပိုလွမ်းအောင် လုပ်တာလား :(

Thyda said...

သင်္ကြန်ဆိုရင်အိမ်ထဲမှာပဲစာအုပ်တွေဖတ်ဖြစ်နေပေမဲ့၊ပြန်မရောက်နိုင်တဲ့သင်္ကြန်တွေအတွက်တော့လွမ်းမိတယ်။

Very Happy Thingyan to you, sister!!!

Myo Kyaw Htun said...

ဘာလုပ်မလဲတဲ့ အီးးးး မေးများမေးရက်တယ် :'(