Wednesday, March 19, 2008

တမ်းတမှုဆယ်ကုဋေ

တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လာဆဲ

တို့နှစ်ယောက်လဲ ပြန်မဆုံနိုင်သေးပဲ

သုံးလို့မရတဲ့ အလွမ်းတွေနဲ့

အလေးအနက် ချစ်နေမြဲ...

အဆင်မပြေတဲ့ ဘ၀ထဲ

ရေလိုက်ငါးလိုက် နေနေလဲ

ခြောက်ကပ်စွာနဲ့ အထီးကျန်ဆဲ

တစ်ပါတ်မှာ ခုနှစ်ရက် နေ့စွဲတွေထဲ...

ကြည့်လေရာရာ အရပ်ရှစ်မျက်နှာမှာ

မင်းပုံရိပ်သာ ကြီးစိုးနေတာ

အချစ်ကိုယုံကြည်ကိုးကွယ်နေမိလို့များလား

တမ်းတမှု ဆယ်ကုဋေနဲ့ ငါ့အလွမ်းများ..

စာကြွင်း။ ။ လုပ်ချင်တာတွေ တစ်ယောက်တည်းလုပ်နေရတုန်း တစ်ကနေ တစ်ဆယ်ထိ
ကိန်းဂဏန်းတွေထည့်ပြီး လွမ်းကြည့်တာလေ။ ဂဏန်းတွေ လိုက်ရှာကြည့်ရင်
မယ်လိုဒီ့ရင်ထဲက အလွမ်းတွေ သိလိမ့်မယ်နော်။

2 comments:

ကလိုစေးထူး said...

ဟိုတခါလဲ မယ်လိုဒီရေးတဲ့ ဒီလိုမျိုးပို့စ်တခုကို လာဖျက်ဆီးပြီးပြီ၊ ဒါတောင် မမှတ်သေးဘူးထင်တယ်။ ကဗျာရေးပြန်ပြီ။ :D အခုပို့စ်ကိုတော့ မဖျက်ဆီးတော့ဘူးနော်။ ဒါနဲ့ ဒီဘလော့ဂ်မှာ ပို့စ်နဲ့ ကွန်မန့်ရေးဖို့နေရာကြားမှာ အကွက် အကျယ်ကြီးဖြစ်နေတယ်ကွ။ ဘာလို့လဲတော့ မသိဘူး။

khunmyahlaing said...

တစ်ယောက်ထဲ လွမ်းတယ်.. နှစ်နှစ်ကာကာ လွမ်းတယ်.. သုံးစားလို့ မရတော့တဲ့ လူတစ်ယောက်လို အလွမ်းနဲ့ပဲ တချိန်လုံးလွမ်းတယ် ... လေးလေးစားစား လွမ်းတာပါ ပေါ့ပျက်ပျက် လွမ်းတာ မဟုတ်ရပါဘူးကွယ် ... ငါးတစ်ကောင်အတွက် လမ်းမလိုသလို မင်းကိုလွမ်းဖို့ အကြောင်းပြချက် မလိုပါဘူး ... ခြောက်ခမ်းသွားတဲ့ မျက်ရည်စတွေ က ... ခုနှစ်ရက်ပတ်လုံး အသစ်အသစ်ဖြစ်လို့ ... အရပ်ရှစ်မျက်နှာလုံးကို အလွမ်းနဲ့ ဖြည့်ရင်း ... ကိုးကွယ်ရာမဲ့ ကယောင်ကတမ်းလွမ်းလိုက်ရတာ ... ဒီဘ၀ကို အဖတ်ဆယ်လို့ရော ရပါဦးမလားကွယ်.... ဘာပဲဖြစ်ဖြစ် စက္ကန့် အသင်္ချေကို ရေတွက်ရင်းလွမ်းနေမယ်..