Monday, January 28, 2008

ရန်ကုန် နှင့် မန်းဘလော့ဂါ လူဟောင်းလူသစ်များ အလွတ်သဘောတွေ့ဆုံမှု

မနေ့က 28-01-08(Sunday) မှာ ကျွန်မတို့ ရန်ကုန် နှင့် မန်းဘလော့ဂါ လူဟောင်းလူသစ်များ အလွတ်သဘော တွေ့ဆုံပွဲလေး တစ်ခုကို နေ့လည် 2နာရီမှ 5နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။ တစ်မြေတည်းနေ ဘလောဂ့်ဂါ အချင်းချင်း ရင်းနှီး ကျွမ်းဝင် စေချင်တဲ့ သဘောလေးနဲ့ပါ။

အဲဒီပွဲလေး မလုပ်ခင်၂ရက်အလိုမှာမှ မေးလ်ကပ်ပို့တာမလို့ မသိလိုက်တဲ့သူ အချို့ နဲ့ မအားလို့ မလာခဲ့တဲ့သူတချို့တလေ ကျန်ခဲ့ ပါတယ် ဆိုပေမဲ့ ကျမက ရေခွက်ထဲမှာ ရေမပြည့်တာကို ခံစားတာမျိုးထက် ရေတ၀က်တောင် ပြည့်လာပါလား ဆိုပြီး ကြည်နူးမိပါတယ်။ ဒီတွေ့ဆုံပွဲလေးကို မအားတဲ့ကြားထဲက အချိန်ပေးပြီး လာတဲ့သူတွေရော နောက်ကျပီးမှ သိလို့ မလာလိုက်ရပေမဲ့ နောက်တစ်ပွဲကျ လာဖြစ်အောင် လာပါမယ်ဆိုပြီး ဖုန်းနဲ့ ရော မေးလ်နဲ့ပါ အမျိုးမျိုး လှမ်းအကြောင်းကြားတဲ့ ဘလော့ဂါ မောင်နှမတွေကိုရော ကျေးဇူးတင်ပါတယ်။

လာပြီး တက်ရောက်ဆွေးနွေးပွဲမှာ ပျော်ပျော်ရွှင်ရွှင် တတ်အားသရွေ့ ပါဝင်သူများ စာရင်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

ကိုဘလာဂေါက်
မမယ်လိုဒီမောင်

ကိုချမ်းမြစိုး
ကိုတက်ဆလာ
စိုးဇေယျ
ကိုမင်းဆွေ (နောင်တော်ကဗျာလမ်း)
ပင့်ဂိုလ်း
ဆူးလင်းသစ် (blog reader)
ဖိုးသူတော်
မျက်လုံး
ဘာညာ
ကိုဝေ (သတင်းစာ)
969 Group (ကိုခနန္ဒ)
တေဇာ
ကိုပီကေ
တော်ကီ
ကိုဂျက်
အနှင်း (ကောင်မလေး)
ကိုနေဘုန်းလတ်
ကိုညီလင်းဆက်

အလ္လာပသလ္လာပတွေ ပြောလိုက် တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နောက်ပြောင် ကျီစယ်ရင်း အတည်အတံ့ ပြောဖြစ်တာလေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(ညီမငယ်လေး ပင့်ဂိုးလ် ဆီက မလာတာ။ အစောကြီး စုံစုံလင်လင် ပို့စ်တင်ပေးထားတဲ့ အတွက် ကျေးဇူးမီလီယံပါ။ သူ့ဘလော့ဂ်ထဲက သူခံစားတာအတိုင်း မပြင်ပဲ ပြန်တင်ပေးထားတာပါ။)

------------------------------ ပြီးတော့ ကျွန်မတို့ Myanmar Blogger Society အနေနဲ့ September 1 ရက်နေ့မှာ Seminar တစ်ခု လုပ်ခဲ့တာကလွဲရင် ကျန်တဲ့ လုပ်မယ်လို့ ရည်မှန်းထားတဲ့ အစီအစဉ်လေးတွေကို ဘာမှ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်လေ။ အဲတော့ ဒီအကြောင်းလေးကိုလည်း ပြောရင်း ဘလောဂ့်ဂါတွေကိုလည်း ကိုယ်လုပ်နိုင်မယ့် တာဝန် အသီးသီးကို တာဝန် ခွဲဝေပေးရင်း ဆိုတဲ့ သဘောနဲ့ တွေ့ဆုံပွဲလေး လုပ်ဖို့ စီစဉ် ခဲ့တာပါ။ ၀မ်းနည်းစရာ ကောင်းတာက ကျွန်မတို့ တွေ့နေကျ လူဟောင်းတွေကလွဲရင် အသစ်တွေ သိပ်မလာဘူးရှင်။ မအားတာ ကြောင့်ပဲလား၊ မလာရဲတာလား၊ မျက်နှာပြရမှာ ကြောက်တာလားတော့ ကျွန်မလည်း မသိဘူးပေါ့နော်။ အဲတော့ လာတဲ့ သူလေးတွေ အချင်းချင်းပဲ ဘာတွေလုပ်ကြမယ်၊ ဘယ်လို အစီအစဉ်လေးတွေရှိတယ်၊ ဘယ်သူတွေက တာဝန်ယူမယ် စတာလေးတွေကို ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တို့ MBS ရဲ့ နောက်ဆက်လုပ်မယ့် အစီအစဉ်လေးတွေကို စီမီနာ တုန်းကလည်း ပြောပြခဲ့ဖူးပါတယ်။ ဒါကတော့ Blogger တွေရဲ့ ပိုစ့်တွေကို သူတို့တွေရဲ့ ဘလောဂ့်တွေကို သွားစရာမလိုပဲ တစ်နေရာတည်းမှာ စုစု စည်းစည်း ဖတ်နိုင်မယ့် RSS Web Portal လေးတစ်ခု လုပ်မယ့် အစီအစဉ်လေးပါ။ ဒါလေးကိုလည်း ခုချိန်မှာ စလုပ်တော့မှာပါ။ နောက်တော့ ဒီ MBS ကနေ ဦးဆောင်ပြီး ရန်ကုန်မှာသာမက နယ်တွေမှာပါ နည်းပညာ ပြန့်ပွားရေး သင်တန်းတွေကို ပညာဒါန သဘောမျိုးနဲ့ သင်တန်းပေးသွားမယ့် အစီအစဉ်လေးတွေ၊ မိဘမဲ့ ကလေးကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ တတ်အားသရွေ့ လှူဒန်းသွားမယ့် အစီအစဉ်လေးတွေ ပါပါတယ်။ ကျွန်မတို့ လုပ်နိုင်သလောက်ကို ခုချိန်ကနေ Plan တွေ သေချာဆွဲပြီး စိတ်ဝင်စားမယ့်၊ တစ်ကယ်လည်း ပါဝင်လုပ်ဆောင်ချင်တဲ့ blogger တွေကို တာဝန်ခွဲဝေ ပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင်။ အဲတော့ ကျွန်မတစ်ခုလောက် request လုပ်ချင်တာက မြန်မာနိုင်ငံရဲ့ နယ်အသီးသီးကနေ blogging ပြုလုပ်နေကြတဲ့ blogger အသီးသီးဟာ volunteer သဘောမျိုးလေးနဲ့ ဒီအစီအစဉ်လေး ဖြစ်မြောက် အောင်မြင်အောင် အကူအညီလေးတွေ ပေးကြစေလိုပါတယ်။ နောက်နောင်မှာ ကျွန်မတို့ တွေ့ဆုံပွဲလေးတွေ လုပ်ရင်လည်း တက်တက်ကြွကြွနဲ့ လာရောက် ပါဝင်ပေးစေလိုပါတယ်။ ၀ိုင်းဝန်းပြီးတော့ အကြံလေးများ ပေးစေလိုပါတယ်။ ဒါမှာ MBS ရဲ့ အစီအစဉ်လေးတွေဟာ မြန်မြန်နဲ့ အောင်မြင်နိုင်မှာ မဟုတ်ပါလားရှင်။

အဲဒီတော့ ဒီလို ပညာပေး အစီအစဉ်တွေ၊ အလှူ ဒါနတွေကို အင်တိုက် အားတိုက် ပြုလုပ်နိုင်ရေး အတွက် ကျွန်မတို့မှာ fund တစ်ခုလိုအပ်ပါတယ်။ မြန်မာနိုင်ငံကသာမက တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မြန်မာ ဘလောဂ့်ဂါတွေဆီမှာလည်း ကျွန်မတို့တွေ fund လေးတွေကို ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင်။ စိတ်ဝင်စားတဲ့ မည်သူမဆို blogger ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်မတို့ရဲ့ အစီအစဉ်လေးအတွက် ၀င်ရောက်ပါဝင် ထောက်ပံ့ပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ နောက်ပိုင်းမှာ Member System ကိုလည်း သေချာလေး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Monthly Fund အနေနဲ့လည်း ရန်ကုန်မှာ ရှိတဲ့ သူတွေက တစ်လကို အနည်းဆုံး 1500 ကျပ်ထည့်ဝင်ဖို့ ဒီနေ့တက်ရောက် လာသူတွေနဲ့ အတည်ပြု သတ်မှတ်ပြီး သွားပါပြီရှင်။ နိုင်ငံခြားက blogger တွေ အတွက်ကတော့ Monthly Fund ထည့်ဝင်ဖို့ ကိစ္စကို ကျွန်မတို့ နိုင်ငံအလိုက် amount တစ်ခု ပြန်လည် သတ်မှတ်ပေးပါမယ်။ ပြီးတော့ Singapore မှာ Bank Account တစ်ခုဖွင့်ပြီးတော့ ငွေလွှဲဖို့ အဆင်ပြေနိုင်အောင် စီစဉ်ပေးသွားမှာပါ။ အားလုံးလည်း ကျွန်မတို့ကို ဘယ်လို ဘယ်ပုံ လုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်း အကြံပေးဖို့ တောင်းဆိုပါတယ်။ Two heads are better than one. ဟုတ်တယ်ဟုတ်!

ကျွန်မတို့ ဒီနေ့ ဘယ်သူက ဘာလုပ် စသည်ဖြင့် တာဝန်ခွဲဝေ ပေးသွားပုံကိုပါ တစ်ခါတည်း ပြောပြပေးပါမယ်။ MBS ရဲ့ တာဝန်ခံတွေ အဖြစ်ကတော့ လောလောဆယ်မှာ ကိုနေဘုန်းလတ်၊ မောင်ပွတ်၊ ဘာညာ၊ ကိုပီကေ စိုးဇေယျ တို့က တာဝန်ယူ လုပ်ဆောင်ပါလိမ့်မယ်။ Web Portal ကိစ္စကိုတော့ ကိုညီလင်းဆက်၊ တေဇာ၊ ကိုမျက်လုံး၊ စေတန် နဲ့ ကိုဥပက္ခာ တို့က ဆောင်ရွက်ပါလိမ့်မယ်။ ဒီနေ့မှာ စေတန်နဲ့ ကိုဥပက္ခာကတော့ တက်ရောက် မလာခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေက Web နဲ့ပတ်သက်တာတွေကို ကျွမ်းကျင်ကြတဲ့ အတွက် ဆက်သွယ်ပြီး အကူအညီတောင်းလို့ရအောင် ထည့်ထားလိုက်ပါတယ်။ ကူလည်း ကူညီကြမှာပါ (ဟဲဟဲ ချုပ်တာ)။ Funding စုဆောင်းဖို့ ကိစ္စကိုတော့ ကျွန်မ ပင့်ဂိုလ်းကပဲ တာဝန်ယူ ဆောင်ရွက်မှာပါ။ ကျွန်မနဲ့အတူ နှင်းမိုးဝေ (ကောင်မလေး) နဲ့ တိုလီလေးတို့ကို အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။ Public Relation ပိုင်းကိုတော့ မမယ်လိုဒီမောင်က တာဝန်ယူ ဆောင်ရွက်ကြမယ် ဆိုပြီး ကျွန်မတို့ တာဝန်လေးတွေ ခွဲဝေခဲ့ပါတယ်။

ပြီးတော့ MBS ရဲ့ စတင် မတည်ငွေအဖြစ် ဒီနေ့ တက်ရောက်လာသူ Blogger များထံမှ Fund ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ ငွေပမာဏနဲ့ တက်ရောက်လာသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင်။


ကိုဘလာဂေါက် 10000 ကျပ်
မမယ်လိုဒီမောင် 30000 ကျပ်
ကိုချမ်းမြစိုး 20000 ကျပ်
ကိုတက်ဆလာ 10000 ကျပ်
စိုးဇေယျ 5000 ကျပ်
ကိုမင်းဆွေ (နောင်တော်ကဗျာလမ်း) 2000 ကျပ်
ပင့်ဂိုလ်း 10000 ကျပ်
ဆူးလင်းသစ် (blog reader) 2000 ကျပ်
ဖိုးသူတော် 2000 ကျပ်
မျက်လုံး 5000 ကျပ်
ဘာညာ 5000 ကျပ်
ကိုဝေ (သတင်းစာ) 5000 ကျပ်
969 Group (ကိုခနန္ဒ) 4000 ကျပ်
တေဇာ 5000 ကျပ်
ကိုပီကေ 30000 ကျပ်
တော်ကီ 5000 ကျပ်
ကိုဂျက် (ကွမ်းခြံကုန် မဟုတ်ပါ) 10000 ကျပ်
အနှင်း (ကောင်မလေး) 10000 ကျပ်
ကိုနေဘုန်းလတ် 50000 ကျပ်
ကိုညီလင်းဆက် 30000 ကျပ်

စုစုပေါင်း မတည်ငွေ အဖြစ် (စာရင်းအရသာ) 254000 (နှစ်သိန်းငါးသောင်းလေးထောင်ကျပ်) ရရှိပြီး အလုပ်တွေ စလုပ်ကြတော့မှာ ဖြစ်ပါတယ်။ Fund ထည့်ဝင်ချင်တဲ့ blogger များအနေနနဲ့ ကျွန်မကို ဆက်သွယ်နိုင်ပါတယ်ရှင်။ Gtalk အက်ချင်ရင်တော့ pinkgold@cuttiepinkgold.info ကိုအက်နိုင်ပြီ။ မေလ်းပို့ချင်ရင်တော့ pinkgold@misyou.net ကို ဆက်သွယ်နိုင်ပါတယ်။

ဟုတ်ကဲ့ အထက်ပါအချက်အလက်တွေအတိုင်း ကျမတို့ MBS ရဲ့ ပထမဆုံး ခြေတလှမ်းကို ခိုင်ခိုင်မာမာ ချမိပါပြီ။ တလှမ်းပြီးတလှမ်း ဆက်လျှောက်ဖို့ပဲ လိုပါတော့တယ်။ ဒီတော့ စတင်ချီတက်တော့မယ် ဒီ MBS လေးကို ပြည်တွင်းပြည်ပ နယ်မြေဒေသ ဘာမှ မခွဲခြားပဲ အားလုံးပါဝင် ပံ့ပိုးကူညီကြပါလို့ မေတ္တာရပ်ခံ မျှော်လင့်ပါတယ်။

MBS နဲ့ ပါတ်သက်ပြီး ဝေဖန်အကြံပြုလိုတာများရှိရင်တော့ mbs at myanmarbloggers.org ကိုမေးလ်ပို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

စာကြွင်း။ ။(၁) အထက်ပါ ပို့စ်မှ တာဝန်ခွဲဝေယူမှုများ နှင့် ကောက်ခံရရှိသော အလှူငွေ စာရင်းများမှာ ပဏာမ လျာထားမှုများသာ ဖြစ်၍ မေးလ်ပို့ အတည်ပြုပေးရန် တောင်းဆိုအပ်ပါသည်။

(၂) အလွတ်သဘောတွေ့ဆုံမှုမှနေ၍ မတည်ငွေ fund ကောက်ခံမှုသည် လျှပ်တပြက် အကောင်အထည်ဖေါ်မှုသာ ဖြစ်ကြောင်းလည်း ရှင်းလင်း တင်ပြအပ်ပါသည်။

(၃) စုစုပေါင်း မတည်ငွေ အဖြစ် 254000 (နှစ်သိန်းငါးသောင်းလေးထောင်ကျပ်) မှာ စာရင်းအရသာ ကောက်ခံထားခြင်းဖြစ်ပြီး လာမည့် ဖေဖေါ်ဝါရီ 5ရက်နေ့တွင်မှ နောက်ဆုံးထား ကောက်ခံရယူမှဖြစ်ကြောင်း

(၄) ပါဝင်တွေ့ဆုံသူ အားလုံး၏ မေးလ်လိပ်စာများကို မေးလ်ဖြင့်သာ ပို့ပေးမည် ဖြစ်ကြောင်းနှင့် မြန်မာဘလော့ဂါ ဒေါ့ အိုအာဂျီ ဒိုမိန်းနာမည်အား သုံးစွဲလိုပါကလည်း မေးလ်ဖြင့် ပြန်လည် အကြောင်းကြားပေးပါရန်။

(၅) MBS ဘာလဲ ဘယ်လဲဆိုတာကို အကျဉ်းဖေါ်ပြချက်(ဖိတ်စာမှာလဲ အောက်ပါအတိုင်း ဖေါ်ဝပ်လုပ်ခဲ့ပါတယ်)

ပထမဆုံး MBS ရယ်လို့ နာမည်ခံပြီး စာအုပ်လုပ်နေပါတယ်။ နောက်ပြီး ဆီမနာလုပ်ခဲ့ပြီးပါပြီ။ နောက်ပြီး အင်တာဗျူးလိုမျိုးတွေလည်း မီဒီယာတွေနဲ့ စတင်ဆက်ဆံနေကြပါပြီ။ ဒီတော့ MBS နဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေ၊ လုပ်နေတဲ့လူတွေကို ပြပါဆို ကျွန်တော်တို့မှာ တိကျတဲ့လူ မရှိသေးပါဘူး။ သဘောကတော့ တိကျတဲ့ ဖွဲ့စည်းမှုမရှိသေးပါဘူးဆိုတာပါပဲ။ ခိုင်မာတဲ့ အဖွဲ့၊ ဦးဆောင်သူအတိအကျ မရှိဘဲ အဆင်ပြေသလိုလုပ်နေတာက ရေရှည်မှာ အားနည်းချက်ပေါ်လာနိုင်လို့ အခြားသော ခြေလှမ်းတွေ မစခင်မှာ MBS အတွက် အချိန်ပေး ကူညီနိုင်မယ့် လူတွေကို ဖိတ်ခေါ်ချင်ပါတယ်။ ဘဏ်နဲ့ ငွေကြေးကိစ္စ၊ အင်တာနက်ကော်နက်ရှင်၊ နိုင်ငံရေးသံသယကင်းခြင်း စတဲ့အားသာချက်တွေနဲ့အတူ MBS ရုံးချုပ်ကို စင်ကာပူမှာလို့ သဘောထားပေးစေချင်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာလည်း အလားတူ MBS ကိုယ်စားလှယ်တွေ ရှိနေမှာပါ။ စင်ကာပူဘက်က စင်ကာပူသာမက အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ထိုင်း၊ မလေးရှား၊ ဂျပန် စတဲ့ ပြင်ပဒေသရောက် ဗမာ Blogger တွေအားလုံးအတွက် ဆက်သွယ်ရာ ရုံးအဖြစ် တာဝန်ယူပေးပါ့မယ်။

ဘယ်သူတွေ တာဝန်ယူကြမလဲဆိုတာကိုတော့ အခုလိုစဉ်းစားထားပါတယ်။ ( စဉ်းစားထားကြတာပါ ) အခုနပြောထားတဲ့ စင်ကာပူ၊ ရန်ကုန်နဲ့ မန္တလေးဒေသတွေက MBS အတွက် လုပ်နေသူတွေ၊ ဒါမှမဟုတ် Public အတွေ့အကြုံရှိတဲ့လူတွေထဲက အချိန်ပေးနိုင်တဲ့ လူအချို့က အမာခံတွေအဖြစ် စတင်ဦးဆောင်ပေးပါမယ်။ စင်ကာပူဘက်ကို ကိုဇင်ကိုလတ်၊ ကိုညီညီ(သံလွင်)နဲ့ ကျွန်တော်ကိုယ်တိုင်က တာဝန်ယူကူညီပါ့မယ်။ ရန်ကုန်က ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုညီလင်းဆက်၊ မမယ်လိုဒီမောင်၊ မဘာညာတို့က တာဝန်ယူပေးမှာဖြစ်ပြီး မန္တလေးဘက်ကိုတော့ ကိုညီလင်းဆက်နဲ့ မမယ်လိုဒီမောင်တို့က တာဝန်ယူမယ့် လူတွေနဲ့ ညှိနှိုင်းနေဆဲလို့ သိရပါတယ်။ ဒါတွေပြီးတာနဲ့ Blog တစ်ခုရှိတဲ့ ဘယ် Blogger မဆို ကျေးဇူးပြုပြီး (နောက်ပိုင်းမှာအတည်ပြုပေးမယ့်) Email တစ်ခုကို စာပို့ပြီး Volunteer အဖြစ်အကြောင်းကြားပေးကြပါ။ Volunteer တွေဟာ တကမ္ဘာလုံးက ဘယ် Blogger မဆိုဖြစ်နိုင်ပါတယ်။ Volunteer တွေထဲက တကယ်အချိန်ပေးနိုင်ပြီး တာဝန်ယူကူညီနိုင်မယ့် သူငယ်ချင်းတချို့ကို ထပ်ရွေးချယ်ပြီး MBS ရဲ့ အမာခံ တာဝန်ရှိသူတွေဖြစ်ကြောင်းကြေငြာပါ့မယ်။ ဒီလူတွေဟာ MBS ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို တာဝန်ယူ ခေါင်းခံပေးရမှာဖြစ်ပါတယ်။ MBS ဟာ လက်ရှိအခြေအနေမှာ ပါဝင်ကူညီသူတွေကို ငွေကြေးနဲ့ အကျိုးခံစားခွင့် တစုံတရာ လုံးဝပေးနိုင်ဦးမှာမဟုတ်ဘဲ Myanmar Blogger တွေအတွက်ဆိုတဲ့ ခံယူချက်တစ်ခုနဲ့ပဲ ရှေ့ဆက်ကြမှာပါ။ ဒါကြောင့် တကယ်အချိန်ပေးနိုင်ပြီး တစုံတရာ တာဝန်ယူပေးနိုင်သူများ အားလုံး ကျေးဇူးပြုပြီး ပူးပေါင်းကူညီဖို့ အထူးပဲ မေတ္တာရပ်ခံပါတယ်။

နောက်တစ်ခုက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ခံယူချက်တစ်ခုကို တင်ပြပေးချင်ပါသေးတယ်။ MBS ဟာ အဖွဲ့အစည်းတစ်ခုအနေနဲ့ နိုင်ငံရေးလုပ်ခြင်း၊ ဝေဖန်ခြင်း၊ အားပေးခြင်းများကို ပြုလုပ်စွက်ဖက်မှာ မဟုတ်ပါဘူး။ Blogger တစ်ဦးချင်းစီကသာ မိမိဆန္ဒအလျောက် ပြုလုပ်ချင် ပြုလုပ်ကြမှာဖြစ်ပြီး အဲဒီအတွက် MBS နာမည်၊ လိုဂိုနဲ့ အခြားဘယ်ခံစားခွင့်ကိုမှ စွဲယူသုံးစွဲခြင်းမပြုလုပ်ဖို့ တားမြစ်တောင်းပန်ချင်ပါတယ်။ ၄င်းတို့ တစ်ဦးချင်းစီရဲ့ ရေးသားခြင်းဟာ ၄င်းတို့ရဲ့ လွတ်လပ်ပိုင်ခွင့်သာဖြစ်လို့ MBS က တားမြစ်မှာ၊ စောင့်ကြည့်မှာ မဟုတ်ဘဲ အဖွဲ့အစည်းအသွင်မဆောင်ဖို့ကိုပဲ တောင်းဆိုချင်တာပါ။ MBS ရဲ့ ရည်ရွယ်ချက်နဲ့ ခြေလှမ်းတွေကို လူစုဖွဲ့ပြီးရင် ဆွေးနွေးကြပါမယ်။

5 comments:

နိုင်းနိုင်းစနေ said...

ပျော်စရာကြီးပဲ
ပြန်လာဖြစ်တဲ့အချိန် အားလုံးနဲ့ အခုလို ဆုံချင်ပါသေးတယ်
အောင်မြင်ပါစေး)

Myo Kyaw Htun said...

သဘောကျတယ်။ MBS အောင်မြင်ပါစေ။ ရောက်နေတုန်းက အဲ့ဒိပွဲ မဖြစ်လိုက်ပါလား။

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျို့ :P ပျော်စရာကြီး ... အားလုံး စည်းစည်း လုံးလုံး ချစ်ချစ် ခင်ခင် :D အဆင်ပြေတဲ့နေ့ တွေ့ ကြတာပေါ့ ... အဆင်ပြေ အောင်မြင်ပါစေ :)

ဟေမာ said...

သတိတရနဲ့ mail ပို့ ပြီးဖိတ်ကြားခံရလို့ ဝမ်းမြောက်မိပါတယ်..မောင်..ရေ။ အချိန်မီmail ရခဲ့ပေမယ့်မန္တလေးမှာရောက်နေလို့ မလာဖြစ်လိုက်ဘူး။ စိတ်သွားတိုင်းကိုယ်ပါ..လိုရာရောက်နိုင်ခဲ့တဲ့ခပ်ငယ်ငယ်ဘ၀ကိုသာပြန်ရချင်ပါရဲ့။ တစ်နေ့ နေ့ တော့..ဘလော့ဂါမောင်နှမအားလုံးကိုမျက်နှာစုံညီမြင်တွေ့ ချင်နေပါတယ်။ အားလုံးအဆင်ပြေကြပါစေလို့ ….။

ခင်မင်စွာဖြင့်
ဟေမာ

တော်ကီ said...

တက်ညီလက်ညီ လျှောက်လှမ်းနိုင်ကြမယ်ဗျာ။ အားလုံးမျှော်မှန်းထားတဲ့ MBS ကြီး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေ။