Monday, December 31, 2007

2007 အား ပြန်လည်သုံးသပ်ခြင်း

ဇန်န၀ါရီ 1ရက်နေ့ မနက်အစမှာ Parkroyal Hotel မှာလုပ်တဲ့ New Year Party ရဲ့ Lucky Draw Prize No.6(Yangon-Bangkok-Yangon roundtrip ticket including) ပေါက်သဗျ။ (ကြုံလို့ ပြန်ကြွားတာ အဟက်ဟက်)


ဖေဖေါ်ဝါရီလရဲ့ နောက်ဆုံးရက် မွေးနေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ပံ့သကူ သင်္ကန်းလှူပါတယ် (ကြုံတဲ့ ဘုန်းဘုန်းတစ်ပါးနဲ့ အလှူခံပေးဖို့ တောင်းဆိုပြီးတော့ ဘုန်းဘုန်းရွတ်ခိုင်းတဲ့အတိုင်း နိဗ္ဗာနဿပစ္စယောဟောတု လိုက်ရွတ်ရပါတယ်) မွေးနေ့မတိုင်ခင်မှာ မေမေနဲ့တွေ့ရတယ် (မောင်လေးတို့ မိသားစုပါ ရန်ကုန်လာလည်ကြတာ ပျော်စရာပါ)


မတ်လ ထဲမှာတော့ မြန်မာကျူးပစ်ဖိုရမ်က မင်ဘာတွေနဲ့ သွားသွားလာလာ ဆုံစည်းပျော်ရွှင်ဖြစ်ပါတယ်။


ဧပရယ်သင်္ကြန်မှာတော့ ရေချိုးခန်းထဲချော်လဲလို့ ခါးနာပြီး သင်္ကြန်မကဲလိုက်ရတာ နာသဗျာ :P နှစ်ဆန်းနှစ်ရက်နေ့မှာတော့ တောင်ဥက္ကလာက မြင်သာမြို့ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ နေ့ဆွမ်းဆက်ကပ်လို့ ပညာရေးအသုံးစရိတ်ငွေကို မြန်မာကျူးပစ်အွန်လိုင်း သူငယ်ချင်းတစ်စု အနေနဲ့ သွားလှူဖြစ်ပါတယ်။ အော်စီမှာ အခြေကျနေတဲ့ သူငယ်ချင်းဟောင်း(သူငယ်ချင်းကောင်း) တစ်ယောက်လဲ အလည်ပြန်လာလို့ ငယ်သူငယ်ချင်းတွေပြန်ဆုံတွေ့ခွင့် ရပီး တွံတေးကို အပျော်ခရီး ထွက်ဖြစ်တာလဲ ပျော်စရာပါ။ လကုန်ရက် 29ရက်လောက်မှာလဲ အရင်လေးနှစ်လောက်က ဆုံးသွားတဲ့ သူငယ်ချင်းမမ တစ်ယောက်အတွက်ရည်စူးပီးတော့ ပညာရေးပဒေသာပင်အလှူလေးကို အဲဒီကျောင်းမှာပဲ ထပ်သွားလှူဖြစ်ပါသေးတယ်။


မေလမှာတော့ မြန်မာဘလော့လေးစရေးလို့ ဘလော့ဂါသူငယ်ချင်းတွေ အများကြီးရစပြုပြီပေါ့။ နောက် Searchers Myanmar အဖွဲ့နဲ့ အတူ ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာက အောင်ဇမ္ဗူဆေးခန်းအတွက် ပါဝင်ကူညီမှုလေးတွေ လုပ်ဖြစ်ပါတယ်။ 24ရက်နေ့မှာတော့ AIDS နဲ့သေသွားတဲ့ သူတွေအတွက် မီးထွန်းဆုတောင်းပွဲ လုပ်တာလေးမှာ ပါဝင်ဆင်နွှဲဖြစ်ပါသေးတယ်။


ဇွန်လမှာတော့ ဘလော့ဂ်စာအုပ် ထုတ်ဝေမှုအတွက်လဲ အလှူငွေ ထည့်ဖြစ်သေးတဲ့ အပြင် offline စုစည်းမှုတွေပါ ရှိလာတယ်။ Searchers Myanmar အဖွဲ့နဲ့အတူ Leadership skill training တစ်ခုမှာလဲ organize လုပ်တာ ကူဖြစ်သေးတယ်။


ဇူလိုင်မှာတော့ မန်နေဂျာဖြစ်ပြီဗျ (ရာထူးတိုးတယ် ကြုံလို့ ထပ်ကြွားတာ ဒါပေသိ လခကတော့မတိုးသေး :( )


သြဂုတ်မှာတော့ ဘလော့ဂ် ဆီမီနာလုပ်ဖို့ ကြိုးပမ်းကြတာ အသည်းအသန်ပါ။ မိတင်းတွေများစွာ (ဒုတိယပိုင်းတော့ ကျမမပါ) ပြီးတော့ စပွန်ဆာတွေ တောင်းရတာ။


စက်တင်ဘာ 1ရက်မှာတော့ ဘလော့ဂ်ဆီမီနာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။


အောက်တိုဘာမှာ သီတင်းကျွတ်တော့ လူကြီးတွေကို မျက်နှာလှလှနဲ့ ကန်တော့ ဖြစ်ပါသေး၏။ သီတင်းကျွတ်လပြည့်ညရဲ့ မီးပုံးပျံလွှတ်ပွဲလေးကလဲ ရင်ခုန်စရာအတိဖြစ်ခဲ့ပါတယ်။ လကုန်ရက်ပိုင်းလောက်မှာတော့ မမျှော်လင့်ပဲ ငွေဆောင်ကမ်းခြေကို အလုပ်နဲ့အတူ ခရီးထွက်ခွင့်ရခဲ့တာလေ ကောင်းသဗျ။


နိုဝင်ဘာမှာတော့ ကထိန် အလှူနှစ်ခု ကြုံပါတယ်။ တစ်ခုက ရုံးက ပဒေသာပင်ဖြစ်ပြီး နောက်တစ်ခုက လမ်းထဲက ဓမ္မာရုံက ပဒေသာပင်ပါ။ သင်္ကန်း နှစ်စုံလှူဖြစ်ပါသေးတယ် (နှစ်စဉ်လှူနေကြ အလှူပါ)


ဒီဇင်ဘာမှာတော့ ဘုန်းကြီးကျောင်းတွေလိုက်ပီး ၀ါးတီးဗျို (ဘာညာနဲ့ ပင့်ဂိုးလ်လဲ ပါသဗျ)
နောက်တစ်ခုက ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ဈေးပွဲတော် အလှူအတွက်လဲ အကြော်စုံလက်မှတ်တွေဝယ်ပြီး တတပ်တအား လှူလိုက်ပါသေးတယ် (ဘလော့ဂါ 11ယောက်ပါတော့ 11မီးငြိမ်းပဲဗျာ)

ကဲ ဒီနေ့ညတော့ ရုံးက New Year Staff Party မှာ သွားကဲမယ်။ Lucky Draw မှာ ပါတာတွေက ဟိုတယ်ဆိုလဲ နှစ်ယောက်ခန်းတဲ့ ။ စားသောက်ဆိုင် ညစာ ဆိုလဲ နှစ်ယောက်တွဲတဲ့ ဗျာ။ အဲဒီတော့ သေပြီဆရာပေါ့နော် အဟက်ဟက်



2007 ကို ပြန်သုံးသပ်ကြည့်မိတော့ အဲဒီလိုလေးတွေ မှတ်မှတ်ရရ ကုန်ဆုံးသွားသဗျို။

2008 အတွက်လဲ ဒီလိုပဲ အောင်မြင်ပျော်ရွှင်သော နှစ်မျိုးလေး ဖြစ်ချင်ပါရဲ့။


•.♥¸.•♥´¨`♥•.¸ ¸.•♥´¨`♥•.• Happy New Year 2008 To You All naw.¸¸.•♥´`♥•.¸♥.¸.•♥´¨`♥•.•

Saturday, December 29, 2007

ဒေါ့ အိုအာဂျီဒိုမိန်းနဲ့ ဘလော့တွေမှာ ကွန့်မန့် ရေးနည်း

ဒေါ့ အိုအာဂျီ ဒိုမိန်းနာမည်နဲ့ ပတ်သက်ပြီး ဒီမှာ ပို့စ်လေး တင်ဖူးပါတယ်။
data တွေက ဘလော့ စပေါ့မှာပဲ သိမ်းတာပါ။ ဘန်းတာကိုကျော်ဖို့ ဒိုမိန်းနာမည်လွှဲယူရုံပဲ ကြိုးစားထားတာပါ။ ပို့စ်တင်ရင်တော့ ဘလော့စပေါ့ကနေပဲ တင်ရတာပါ။ ဖတ်တဲ့သူတွေကတော့ ဘန်းကျော်ပြီး ဖတ်စရာမလိုတော့ဘူးလေ။ ကျမတို့က တခါတလေဘန်းကျော်ရတာခက်သဗျ။ ဒါကြောင့် အဲလို ဒိုမိန်းပြောင်းထားပီး ဘန်းကျော်စရာမလိုတဲ့ ဘလော့တွေကိုပဲ ပိုဖတ်ဖြစ်တယ်။ ဒါပေသိ အားနည်းချက်နှစ်ခုရှိပါတယ် ဘလော့ဂါနဲ့တင်ထားတဲ့ ပုံနဲ့ ကွန့်မန့်တွေအဆင်မပြေတာ။ အဲတော့ ပုံကို တခြားတနေရာမှာတင်ပြီးထည့် ရတာရယ် ကွန့်မန့်ကို ဟဲလိုစကန်ပြောင်းသုံးရတာရယ် ရှိပါတယ်။ဒါပေသိ ခု ကွန့်မန့်ကို ဟဲလိုစကန်ပြောင်းမသုံးပဲ ကျော်ရေးလဲရတယ်။ အစက ဘန်းမကျော်ပဲ ကွန့်မန့် ၀င်မပေးနိုင်ဘူး
ကျမ စမ်းကြည့်တာ ခုတော့ ဘန်းမကျော်လဲ ကွန့်မန့်ပေးလို့ ရပီဗျ။ အဲဒါလေး ပြောပြချင်တာပါ။ ဘယ်လိုလဲ ဆိုတော့ post a comment ကိုနှိပ်လိုက်ရင် Access has been denied လို့ ပေါ်လာတတ်တာပါ။ အဲဒီအချိန်မှာ ပိတ်မပြစ်ပဲနဲ့ ကိုယ့် browser ရဲ့ address bar မှာ http:// အစား https:// လို့ 's' တစ်လုံးထည့် ပေးလိုက်ရင် page က refresh လုပ်လိုက်တာနဲ့ ကွန့်မန့်ကို ပုံမှန်အတိုင်း ပေးလို့ ရမှာပါ။ ကဲ စမ်းကြည့်လိုက်ကြဦးနော် ဘန်းမကျော်ပဲ ကွန့်မန့် ရေးတာ။ သြော် ဒေါ့ အိုအာဂျီ ဒိုမိန်းတင်မဟုတ်ဘူးနော် ဟဲလိုစကန်မသုံးထားတဲ့ ဘန်းကျော်စရာမလိုပဲ ကြည့်လို့ရတဲ့ ဘလော့တိုင်းအတွက် ကွန့်မန့်ရေးနည်းဆိုလဲ ဟုတ်တယ်ဗျ။

Friday, December 28, 2007

အဝေးကအဖြူရောင်ချစ်ခြင်းများစွာနှင့်…

ရာသီတွေပြောင်း

ရက်တွေဟောင်းလို့

အချစ်ဟောင်းတွေ များတဲ့ နင်ရယ်

ဝေဒနာဟောင်းတွေ

အတိတ်ဟောင်းမှာပဲ ထားစေချင်တယ်။


လာမဲ့နှစ်သစ်

စိတ်ကူးလူသစ်

အကြင်နာသစ်နဲ့ ပျော်စေချင်တယ်

နင့်အတွက် ငါက

အဝေးကနေပဲ တောင်းဆုအစဉ်ကွယ်။

Wednesday, December 26, 2007

အိမ်ပြောင်းရမယ်လေ..ပြီးတော့ ဟတ်ပီးနယူးရီးယားဗျို

ဘ၀ကမခိုင်မြဲဘူးလို့ ရန်ကုန်ရောက်စတုန်းက သူငယ်ချင်းတွေနဲ့ အတူ ငြီးလေ့ ရှိဖူးတဲ့ လက်သုံးစကားတခုပါ။
ရန်ကုန်ရောက်ရောက်ချင်း ကုန်ဈေးတန်းမှာနေတယ်။ တပါတ်ပဲကြာတယ်။ အလုံသစ်တောလမ်း(ပီကေ့အဒေါ်နေတာ) ပီကေ့ ကောင်းမှုနဲ့ အဲဒီလမ်းထဲ ပြောင်းနေဖြစ်တယ်။ တစ်လပဲကြာတယ်(အတူနေတဲ့ မမက သူ့ယောက်ကျားနဲ့ ပြန်ပေါင်းထုတ်လို့ :P )
အဲဒါနဲ့ပဲ လမ်းမတော်လမ်းက ဖေတို့ မိတ်ဆွေအိမ်မှာ တစ်လလောက်ကပ်နေလိုက်သေးတယ်။ နောက်တော့ ပွဲစားရှာပေးလို့ စဉ့်အိုးတန်းမှာ သုံးလလောက် ပြောင်းနေပြန်ရော။ နေတယ်သာပြောပါတယ် (နှစ်လလောက်က စာစုကျက်ဖို့ တက္ကသိုလ်ရိပ်သာလမ်းမှာ ငှားနေပြန်တယ်) စာမေးပွဲပြီးတော့ ရွှေတောင်တန်းမှာ အခန်းတခန်း(အိမ်ရှင်က သီးသန့် တခန်း) အဆောင်သဘောမျိုး ပြောင်းနေလိုက်သေးတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်အတွင်း အိမ်ပြောင်းတာက စုစုပေါင်း ခြောက်ခါ အိမ်ပြောင်းလိုက်တယ် ပီကေအပါအ၀င် သူငယ်ချင်းတစုလဲ အိမ်ပြောင်း ကန်ထရိုက်လုပ်စားလို့ ရအောင် အတွေ့အကြုံတွေ ရင့်ကျက်သွားလေသတဲ့။ ပြီးတော့ ဒီလိုခဏခဏ ပြောင်းရခြင်း အကြောင်းရင်းကို ဆန်းစစ်လိုက်တော့ ဘ၀က မခိုင်မြဲဘူးလို့ ခဏခဏပြောမိလို့ပဲ။ မသကာ ပြောင်းရရွှေ့ရတောင် Traders (ဘေးက မြက်ခင်းတဲ့ :P ) အဲလိုဆိုတော်သေးရဲ့။ ခုတော့ အဲလို မပြောင်းရွှေ့ချင်လို့ အဲဒီစကားကိုမပြောတော့ဘူး ပြင်လိုက်တယ်။ အမယ်လေး ဘ၀က ခိုင်မြဲလိုက်တာလို့ အဟက်ဟက်။ အဲဒါက ရန်ကုန်ရောက်စတုန်းက အဖြစ်လေးပါ(အရင် ၉နှစ်တုန်းကပေါ့)


ဒီ 2006၊ 2007 မှာတော့ တစ်နှစ်တစ်ခါလောက်ပဲ ပြောင်းရတော့တာပါ။ ဒီလ 10ရက်တုန်းက အိမ်က စာချုပ်ပြည့်တယ်လေ။ အိမ်ရှင်က ဆက်နေမနေ မေးတုန်းက နေမယ်ပြောထားပြီးမှ သူက အိမ်ခန်းက ရောင်းပစ်လိုက်တယ်။ ပြီးတော့မှ ပြောင်းပေးပါလားတဲ့။ အင်းလေ ဘယ်တတ်နိုင်မလဲ သူ့သဘောပေါ့။ ဒီလ 30ရက် နောက်ဆုံးထားပြီး ပြောင်းပေးမယ်လေ။ နောက်တစ်နေရာရှာပေါ့။ နေဘုန်းလတ်ကတော့ ပြောပါတယ် နေစရာမရှိ သူ့ အိမ်သစ်မှာ အဖီချပေးမတဲ့ (ဟွန့် မုန်းချရာကြီး သူများကို ကျီးဆွဲဆွဲ လင်းတနားနားပေါ့)
နောက်ပြောင်းမဲ့ အိမ်က အသစ်နေရာရှာတာမရတာနဲ့ သူများ နဲ့ သွား Join လိုက်တာ သုံးယောက်ပဲ ရမတဲ့။ တစ်ယောက်က နောက်သုံးလမှ နေလို့ ရမှာတဲ့။ ကျမနဲ့ အတူနေတဲ့ သုံးယောက်က ကျမလို အသိမိတ်ဆွေမများတော့လဲ (ကိုယ့်မှာ ခဏ သွားနေစရာနေရာရှိသေးတော့လဲ) သူတို့ သုံးယောက်ကိုပဲ အရင်ပြောင်းခိုင်းလိုက်တယ်လေ။ ကျမကတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာ သုံးလလောက်သွားနေဖြစ်ဦးမယ်။ အဲဒီသူငယ်ချင်းအိမ်မှာက နှစ်ထပ်လုံးမှ မိသားစု သုံးယောက်ပဲမလို့ တော်ပါသေးရဲ့ အားမနာရတော့ဘူး။ ကျေးဇူးလဲ တင်ပါတယ်။ မဟုတ်ရင် သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာလေး ကျမဘ၀ ခက်ရချည်သေးရဲ့ ဖြစ်ဦးမယ်လေ။


ဘာပဲဖြစ်ဖြစ် ရုံးအလုပ်အနေနဲ့ နိုင်ငံခြားဧည့်သည်တွေလဲ ဇန်န၀ါရီမှာ ခရီးတွေပြန်လာပြီဖြစ်တာက တကြောင်း ၀မ်းသာပြီး အလုပ်တွေရှုပ်နေရသလို အိမ်ပြောင်းဖို့ရာအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေတာကတကြောင်း ဇန်န၀ါရီတစ်ရက်နောက်ပိုင်းမှ ပြန်ဘလော့ နိုင်မှာဖြစ်လို့ အားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ကြိုတင် နှုတ်ဆက်ထားမယ်နော်။


To You All, Have a Most Happy and Prosperous New Year 2008! Byo.

Saturday, December 22, 2007

ကြောက်စရာကောင်းတဲ့ ကျမအတွေ့အကြုံတစ်ခု

မနေ့ညက ရွှေမန်းသား ကိုချမ်းနဲ့ စကားပြောဖြစ်တော့ သူအိမ်မှာ လိမ်လိမ်မာမာကပ်နေတဲ့ အကြောင်းရင်း သိလိုက်ရတယ်။ 17ရက် ဒီဇင်ဘာတုန်းက လည်တုန်းပတ်တုန်း ကမုကို ရှောင်ရင်း ဆိုင်ကယ်မှောက်လို့တဲ့ ။ မန်းလေးကလူတွေ ဆိုင်ကယ်စီးလို့ မှောက်တာကတော့ မဆန်းပါဘူး။ မရှိမဖြစ်အတွေ့အကြုံတစ်ခုနီးပါးပါပဲ။ ကြီးကြီးဖြစ်ရင်တော့ မကောင်းဘူးပေါ့နော်။ ကိုချမ်းကတော့ မျက်ခုံးအစပ်နားမှာ စုတ်သွားလို့ လေးချက်ချုပ်လိုက်ရသတဲ့။ သနားပါတယ်။ တော်သေးတာက အနာရွတ်မကျန်နိုင်ဘူးဆိုတော့ မလှတမပတ ရုပ်ကလေးသနားကမားက ပိုရုပ်မဆိုးသွားလို့ပေါ့။ :P
အဟိ စတာပါ၊ စိတ်မဆိုးနဲ့နော် မကျေနပ်ရင် ပြန်စ ဟုတ်လား (နင်ပြောတဲ့ အတိုင်းပြောတာလေ)

ကျမလဲ ဆိုင်ကယ်မှောက်ဖူးတယ်။ အကြိမ်ပေါင်းမနည်းပေါ့။ ကြောက်စရာအကောင်းဆုံးတစ်ခေါက်ကတော့ 1999 အောက်တိုဘာလတုန်းက အဖြစ်လေ။

အဲဒီတုန်းက မန်းတက္ကသိုလ်ထဲမှာ သင်္ချာအဓိကနဲ့ ကျောင်းတက်တုန်း ညနေပိုင်းအားတဲ့ အချိန်လေးကို ဂျပန်စာ သင်ဦးမယ်လေဆိုပြီး လမ်း80၊ 12လမ်းနားက YMCA မှာ ဖွင့်တဲ့ Hito Japanese Language Center မှာ သင်တန်းသွားတက်ခဲ့တာ။ သင်တန်းချိန်က တနင်္လာကနေ သောကြာ၊ ညနေ 6နာရီခွဲကနေ 8နာရီအထိ။ အိမ်က မဟာမြတ်မုနိဘုရားကြီးနားမှာ။ အဲဒီသင်တန်းကို ဆိုင်ကယ်နဲ့ 5မိနစ်အမြန်နှုံးနဲ့ ရောက်အောင် မောင်းပြီး သွားနေကြ(သင်ခန်းစာတွေလွတ်မှာစိုးလို့လေ :P) ။ အဲဒီနေ့ကတော့ ဆွေမျိုးတွေလာတာနဲ့ ည 7နာရီထိ သင်တန်းမသွားနိုင်သေးဘူး။ ပျက်လို့ကလဲမဖြစ်တော့ နောက်ကျလက်စနဲ့ပဲ ဖြည်းဖြည်းတော့ သွားမယ်လေဆိုပြီး ထွက်လာလိုက်တာ 26လမ်းကျုံးထောင့် က မီးပွိုင့်မှာ မီးနီမိတုန်း သီချင်းလေး ညည်းရင်းနဲ့ မီးစိမ်းတာနဲ့ ဆိုင်ကယ်အထွက် မျက်နှာချင်းဆိုင်ကနေ အကွေ့ စက်ဘီးတစ်စီးက ကိုယ့်နောက်က ပြန်ပတ်လာပြီး ဆိုင်ကယ်အနောက်ကနေ ၀င်တိုက်တာ ခံလိုက်ရတယ်။ စအထွက်မှာ ဆိုင်ကယ်ကလဲ အရှိန်မရှိသေးခင် ဘယ်လိုဖြစ်ပြီး လဲသွားမှန်းမသိတာ ပြန်ထမယ်လုပ်မှ လူက မထနိုင်ဘူး။ တိုက်သွားတဲ့ စက်ဘီးကိုတော့ လှမ်းမြင်နေတယ်။ သူတို့က လမ်းထောင့်ကနေ ရပ်ကြည့်ပြီး အခြေအနေစောင့်နေပုံပဲ။

ဖြစ်ဖြစ်ချင်းမှာ သွေးပူနေလို့ နာကျင်ခံစားတာလဲမရှိပဲ ကြိုးစားထတဲ့အချိန် ဘေးကနေ သမီး မထနဲ့ မထနဲ့ ကျိုးနေပီ လို့ ပြောမှ ထူလို့ မရတဲ့ ခြေထောက်ကို ကြည့်ပြီး အံ့သြ မင်တက်နေမိတာ။ ယာဉ်ထိန်းရဲက ရောက်လာပါတယ်။ မူးနေပီးတော့ ပေါ့ ။ ညီမ အစကတည်းက ခြေထောက်မသန်တာလားတဲ့။ @x#$-! (အဟင့်  ဆဲချင်စရာကြီး ) အစကတည်းက ခြေထောက်မသန်ပဲ တစ်ယောက်တည်း မောင်းလာပါမလားလို့။ အဲဒါ အခုမှ ကျိုးတာဗျလို့။ သူက ကားတစ်စီးတားပီး ဆေးရုံပို့ပေးတယ်။ ကားပေါ်မှာတော့ ကျိုးသွားတဲ့ ခြေထောက်ရဲ့ နာကျင်မှုက ခံစားရတယ် အရိုးခိုက်တယ်ဗျ။ အဲဒီကျမှ အရိုးထိအောင် ဆိုတဲ့ ခံစားမှုကို နားလည်တာ။ ဆေးရုံက အရေးပေါ် OPT ကနေ အရိုးကုကိုပို့ပေးတယ်။ အိမ်ကိုအကြောင်းကြားဖို့ ဖုန်းနံပါတ်ကို ပေး၊ အရေးပေါ်ကားကို လူမပါပဲ အိမ်ကိုလွှတ်၊ ဆေးရုံမှာ ကိုယ်ဖာသာ register လုပ်(ထမ်းစင်ပေါ်ကနေ)။ ထမ်းစင်ထမ်းပြီး အပေါ် သုံးထပ်လားမသိဘူး သူတို့ ပို့ပေးတယ်။ ညင်ညင်သာသာထမ်းပေးအောင် အိတ်ထဲက အကြွေတွေ သူတို့ကိုပေး။ ဒီလိုနဲ့ ကုတင်တနေရာစာရ။ အိမ်ကလူကြီးတွေရောက်လာ၊ ယာဉ်ထိန်းရဲ လူကြီးတွေလဲ ရောက်လာ။ ခြေထောက်ကလဲ ရောင်ကိုင်းလာတာ ပုံမှန်ထက် သုံးဆလောက်ပိုကြီးလာတော အော် ဆင်ခြေထောက်ပေါ့။ ယာဉ်ထိန်းရဲတွေကမေးတယ် အသက် 18နှစ်ပြည့်ပီလား၊ လိုင်စင်ပါလား၊ ဆိုင်ကယ်ကရော လိုင်စင်နဲ့လား အကုန်စစ် ..စစ်..စစ်။ မီးပွိုင့်မှာ မီးနီဖြတ်သလား၊ နောက်ဆုံးတော့ ကိုယ်က ၀င်တိုက်တာဖြစ်ဖြစ် သူက ၀င်တိုက်တာဖြစ်ဖြစ် ဆိုင်ကယ်သိမ်းပါတယ်။ ယာဉ်ကြီးယာဉ်ငယ်အမှုပါတဲ့။ 3မှုစွဲပါတယ်။ ဆိုင်ကယ်ကို ပြန်ရွေးရပါတယ်။ ဟိုဘက်က ၀င်တိုက်တဲ့ စက်ဘီးနဲ့သူက နန်းတွင်းထဲကို မနေ့တနေ့ကမှ ပြောင်းလာတဲ့ တပ်ကြပ်ကြီးပါတဲ့ ။ နေမကောင်းလို့ ဆေးထွက်ဝယ်ပါသတဲ့။ သူ့ဘီး ဂွေကောက်သွားတာလဲ လျော်ရပါဦးမတဲ့။ အော် ကိုယ်က ကျိုးလဲကျိုး ၊ ရွေးလဲရွေး ၊ လျော်လဲလျော် ဆိုတော့ တော်တီးတီးတော်တဲ့ စနစ်လို့ပဲ ပြောချင်သဗျ။ ဘာပဲဖြစ်ဖြစ် တပ်ကြပ်ကြီးက သဘောကောင်းပါတယ် တစ်သိန်းထိမလျော်ပါနဲ့ တစ်သောင်းခွဲလောက်ပဲ ပေးပါတဲ့ ကြားက ညှိပေးတဲ့ ယာဉ်ထိန်းရဲတွေကို အားနာပြီးတော့ အလျော်ယူသွားရှာပါတယ်။ ကျေးဇူးတင်ပါတယ် ဦးဦးတပ်ကြပ်ကြီးရေ..။
(မှတ်ထားပါတယ် အနော့ဆိုင်ကယ်နဲ့ ၀န်ကြီး မာစီဒီးနဲ့တိုက်မိရင် ယာဉ်ကြီးယာဉ်ငယ် ဘယ်လိုအရေးယူမလဲဆိုတာကို မေးဖို့ ) (အဟီး စတာနော် အနော်မပါဘူးဗျ)

ဒါဏ်ရာကနာသဗျို။ ည 10နာရီလောက်ထိ ကြိတ်မှိတ်ခံစားရတယ်။ ချစ်သောဖေကလည်းအားပေးပါတယ်။ သမီးလေး မသေနိုင်တော့ပါဘူး မသကာ ဒုက္ခိတဖြစ်ရုံလောက်ပါတဲ့ ။ အဟီးးအီးးဟီးးးး.. နာရတဲ့ ကြားထဲ ဒုက္ခိတဖြစ်မှာတော့ ကြောက်တာပေါ့လို့။ ည 11နာရီကနေ 12နာရီထိ operation ခန်းထဲဝင်ပြီး ကျောက်ပတ်တီး စည်းပါတယ်။ ဓာတ်မှန်ရိုက်ပါတယ်။ ကျိုးတာက ၀ါးဆစ်ကျိုးသလိုမဟုတ်ပဲ စွေစွေလေး ကျိုးလို့ သိပ်ဆက်ဖို့ မသေချာလို့ နောက်တပတ်မှာ စတီးလ်ထည့်ပြီး seven hole plating လုပ်ခဲ့တယ်။ ချိုင်းထောက်နဲ့ သုံးလတိတိနေရတယ်။ တစ်နှစ်အတွင်း ဆိုင်ကယ်၊ စက်ဘီး ပြန်မစီးရဘူး။ သိပ်မဆော့နဲ့ အနေအထိုင်လဲ ဆင်ခြင်တဲ့။ နောက်တစ်နှစ်တိတိမှာတော့ ပြန်ထုတ်ခဲ့ပြီးပြီ။ စုစုပေါင်း သုံးကြိမ် operation ခန်းဝင်ခဲ့ရသဗျ။ ဒီကနေ့ တော့ ကျမ ပုံမှန် လူကောင်းအတိုင်းပါ။ ပြေးနိုင် ကန်နိုင်ပါတယ်(မယုံရင် လာခဲ့ ခါးစည်းအညိုဗျ)။ ချိစပ်စပ်စုစုကြီး စိုးဇေယျကတော့ ကျမစကတ်အတိုဝတ်လို့ အဲဒီဒဏ်ရာမြင်ရင် စပ်စုလေ့ ရှိပါတယ်။ ဒီလို အတွေ့အကြုံမျိုးကိုတော့ ဘယ်သူမှ မခံစားစေချင်ပါဘူး။ ဒီပို့စ်လေးနဲ့ အတူ ဆုတောင်းပါတယ် သူငယ်ချင်းအသိမိတ်ဆွေအားလုံး ဘေးဘယာတွေ ဝေးကွာပါစေ။ ကိုချမ်းဒဏ်ရာလဲ မြန်မြန်ပျောက်ကင်းပါစေလို့..

Thursday, December 20, 2007

စစ်မှန်သောအမြတ်

ကျမရဲ့ ဖေဖေက ကျမလိုပဲ ကဗျာတွေရေးတတ်တယ် ပြီးတော့ ကျမဘလော့ကိုလဲဖတ်လေ့ ရှိတယ်။ (ငယ်ငယ်ကတည်းက ကျမဒိုင်ယာရီတွေ ယူဖတ်တာလေ :P)

စိတ်တိုနေတဲ့ ကျမကို ချစ်သောဖေက ပြောတယ်

စစ်မှန်သောအမြတ်ဆိုတာတဲ့


လုပ်နေတာက တခြား

ဖြစ်နေတာက တခြား

အဲဒါသဘာဝတရား။


ကိုယ်ဖြစ်ချင်တာကို

ဖြစ်အောင်လုပ်လို့ရတာက

ရာခိုင်နှုံးနည်းပေမဲ့

သူဖြစ်ချင်တာဖြစ်နေတာက

ရာခိုင်နှုံးများတယ်ဆိုတာ

(ငါ) သိလိုက်ပြီ။


အဲဒါဘာကြောင့်လဲ

အဖြေရှာကြည့်တော့

ဘယ်သူမပြုမိမိမှုတဲ့။


ယုံရဲ့လား…

တကယ်ပါနော်

တကယ်..တကယ်..စဉ်းစားကြည့်လိုက်

(မင်း) သိသွားမှာပါ။


လုပ်နေရမှာက ကိုယ့်အလုပ်

သူဖြစ်ချင်ရာဖြစ်နေတာက သူ့အလုပ်

သူနဲ့ကိုယ်အားပြိုင်နေမှ

အနိုင်အရှုံးဆိုတဲ့ အဖြေ ထွက်လာမှာပေါ့။


သူရှုံးသူခံ ကိုယ်ရှုံးကိုယ်ခံ

သရေဆိုတော့လဲ

ကျေနပ်ရမှာပဲ…


ဘာပဲဖြစ်ဖြစ်

ဆုံးရှုံးမှုနဲ့ ညီတဲ့တန်ဖိုး ပြန်ရခဲ့ရင်

ကိုယ့်အတွက်တော့

စစ်မှန်တဲ့ အမြတ်ပါပဲလေ.. တဲ့


အဲဒီကဗျာလေး ချစ်သောဖေရေးပေးတယ်။

ကျမတို့ စစ်မှန်တဲ့ အမြတ်ရပါ့မလား…

Wednesday, December 19, 2007

မှန်း…လွမ်း…နမ်း..

ကြည့်လေရာရာ တ၀ဲဝဲမြင် မင်းရုပ်သွင်

“မှန်း”

မင်းပုံရိပ်ပဲ စိတ်ကမှန်း


ခွဲနေရတာ မခံသာလို့ လွမ်းစိတ်ဝင်

“လွမ်း”

ရင်ထဲတိတ်တိတ် ကြိတ်ကာလွမ်း


သံယောဇဉ်နှောင်ကြိုး တစ်ရစ်တိုးလို့ အနမ်းဖိတ်စဉ်

“နမ်း”

အိပ်မက်မှာပဲ စိတ်ကူးယဉ်နမ်း

Monday, December 17, 2007

စိတ်တိုနေတာနော်

အခွင့်အရေးတွေ ပျောက်ဆုံး


အဲ့ဒီဘ၀ကို ငါမုန်း


တောင်းဆိုမရ ရှောင်ပြေးမရ


လူလုံးမလှ တို့ဘဝ


ဘယ်တော့များမှ လွတ်မလဲဗျ

Friday, December 14, 2007

မြန်မာအသင်းနိုင်ပါစေ..

ဘောလုံးပွဲကြည့်ရတာတော့ ၀ါသနာမပါပါဘူး။
ဒါပေသိ ထိုင်း-မြန်မာ ကန်နေပြီဆိုတော့လဲ မြန်မာအသင်း နိုင်စေချင်သဗျို ဆုတောင်းနေမိတယ်

ကဲ..တီဗီချန်နယ်ကအရှေ့တောင်အာရှပွဲစဉ်ကိုဖမ်းလို့ မရတဲ့သူတွေအတွက် ပွဲစနေပီတဲ့ ဒီမှာတွေ ၀င်ကြည့်ကြည့်နော်
http://www.siamtv.org/start.html
http://www.2007seagames.com/Competition_Live/tabid/308/Default.aspx
http://futbol24.com/f24_livenow/LiveNow.html
http://wwitv.com/tv_channels/b1912.htm(ဒီလိုင်းမှာတော့ တချို့တွေကြည့်နေကြတယ်)

အဲဒီလင့်ခ်တွေ ဝေမျှပေးတဲ့ မီထရို ရေ သိုင်းခရုနော်။

စာတိုပေစ(၄)

“ငါ့စကားနွားရ မပြောရ”

များသောအားဖြင့် ငါသိ၊ ငါတတ်၊ ငါမှန် တယ်လို့ ထင်နေတတ်သေးတာလဲ ပြင်ရဦးမယ်ဗျ။


“အကျိုးမဲ့ ငြင်းခုန် မပြုရ”

အပေါ်ကလို ပြောတတ်သူချင်းတွေ့လို့ ငြင်းခုန်မိမှာမျိုးကတော့ ရှောင်တယ်ဗျို။ လေကုန်တယ် ပင်ပန်းတယ်။ မအားပါဘူးလေ။


“ဂုဏ်ဟူသမျှကို မိမိသာ မလိုချင်နှင့် ”

ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့ ပတ်သက်သူတိုင်းကနေ ကိုယ့်ကို အကောင်းချည်းမြင်စေချင်သားဗျ


“ချီးမြှင့်ထိုက်သူကို ချီးမြှင့် ရမည်”

ဒါကတော့ ကျမသူဌေးကို ပြောပြရမယ် အဟိ :P


“ပြည့်စုံအောင် ဆောင်ရွက်နိုင်မည်မဟုတ်သော ကတိကိုမထားရ”

ဒါကတော့ တို့က ပါးပြီးသား လုံးဝ ကတိမပေးဘူး။ အသေသတ်ချင်သတ်ပစ်လိုက် အဟက်ဟက်


“ကတိထားခြင်း၌ မလွယ်ကူအပ်”

အမှားကို ၀န်ချတောင်းပန်လွယ်တဲ့သူနဲ့ ကတိထားတာ လွယ်တဲ့သူက တမျိုးတစားတည်းလို့ လဲ ထင်ပါတယ်။


“ထားပြီးသော ကတိကိုလည်းတည်စေရမည်”

ယောက်ကျားကတိ မိန်းမကတိ မခွဲပဲ လူမှာကတိတည်ရင်တော့ နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်မတဲ့။


ဆရာကြီး ပီမိုးနင်း၏ “တိုးတက်အောင်မြင်ကြီးပွားလိုလျှင်” စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

Wednesday, December 12, 2007

သံယောဇဉ်မြစ်တစ်စင်း

ကမ္ဘာကြီးက ရွာကြီးတစ်ရွာ

တစ်နေရာနဲ့ တစ်နေရာ

ကွာဝေးနေတာ မရှိပါတဲ့…


ဒီလိုနီးကပ်စေတာ

အဖြေရှာစရာမလိုပါ

အင်တာနက်ဆိုတဲ့ မြစ်တစ်စင်းကြောင့်သာ..


ရင်ထဲမှာ အကြင်နာကမ္ဘာ

နှလုံးသားရပ်ဝန်းတစ်စုံမှာ

တွယ်တာနေတာကိုယ်စီအသိပါတဲ့..


အကြိမ်ကြိမ်အခါခါတွေ့ချင်တာ

အကြောင်းပြချက်ဖွေရှာ

သံယောဇဉ်ဆိုတဲ့ မြစ်တစ်စင်းကြောင့်သာ..

Monday, December 10, 2007

ရိုးရိုးလေးတွေးမိ..

ဆောင်းနှင်းဖွေးဖွေး
လေနုအေးသွေးလို့
စောင်ခြုံကွေးရင်း
ရိုးရိုးလေးတွေးမိ..
နင့်ကို..ငါ..ချစ်၏

Friday, December 7, 2007

အချစ်နှင့် သွေးအမျိုးအစား

သွေးအမျိုးအစားနဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းရေးဖူးတယ်။ ခုတခါကတော့ အချစ်နှင့် သွေးအမျိုးအစား။ ကဲ မှန်၊ မမှန် တိုက်ဆိုင် စစ်ဆေးလိုက်ကြဦးနော်။


နှုတ်ခွန်းဆက်ခြင်း

ကျမတို့ လူသားတွေသည် ဘ၀အတွက် နေ့စဉ် လုပ်ငန်းတာဝန်များဖြင့် ရုန်းကန်လှုပ်ရှားနေထိုင်ကြရင်း လူ့ဘောင် အဖွဲ့အစည်းအတွင်းပါဝင် ပါတ်သက်နေရသည်မှာ ဓမ္မတာဖြစ်သည်။ တစ်ယောက်တည်း အထီးကျန် နေထိုင်၍မသင့်တော်ချေ။ လူတစ်ယောက်သည် ရက်(၆၀)ခန့် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စကားပြောဆိုရခြင်းမရှိလျှင် ယင်းလူ၏ စိတ်၊ ဦးဏှောက်သည် ပုံမှန်မဟုတ်ပဲ ဖောက်ပြန်သွားနိုင်သည်ဟု ဖတ်ဖူးပါသည်။

သို့အတွက် လူဖြစ်လာလျှင် ပါတ်ဝန်းကျင်နှင့် ကင်းကွာ၍မရပဲ အချင်းချင်း ရင်းနှီးခင်မင်စွာ ပေါင်းသင်းဆက်ဆံရပါသည်။ ထိုသို့ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးလာသည့်အခါ နှုတ်ဆက်ခြင်းသည် အသုံးဝင်လာပါသည်။ နှုတ်ဆက်ခြင်းသည် ရင်းနှီးမှု အတိုင်းအတာပေါ်မူတည်၍ ကွဲပြားခြားနားပါသည်။ တစ်ခါတစ်ရံတွင်မူ ရင်းနှီးလွန်းသော်လည်း အခြေအနေ၊ အချိန်အခါ၊ ရာထူး၊ ဂုဏ်ထူးပေါ်တွင် မူတည်၍ နှုတ်ဆက်ခြင်းကို သင့်တော်သလို သုံးရသည်လည်း ရှိပါသည်။
ဥပမာ- လုပ်ငန်းခွင်ပြင်ပတွင် သူငယ်ချင်းဖြစ်၍ တရင်းတနှီး နှုတ်ဆက်၍ ရသော်လည်း (ဘာသာစကားအသုံးတွင် plain form) လုပ်ငန်းခွင်အတွင်းတွင်မူ မိမိ၏အထက်လူကြီး အနေနှင့် ဆက်ဆံရသောအခါတွင် (polite form) ယဉ်ကျေးသမှုဖြင့် နှုတ်ဆက်ရသည်မှာလည်း လူ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်ပါသည်။


နှုတ်ဆက်ခြင်းတွင် စကားအရာဖြင့် နှုတ်ဆက်၍သော်လည်းကောင်း၊ အမူအရာ ဟန်ပန်ဖြင့် သော်လည်းကောင်း နှုတ်ဆက်၍ ရနိုင်ပါသည်။ နိုင်ငံနှင့် လူမျိုးပေါ်မူတည်၍ နှုတ်ဆက်သည့် စကား၏ အဓိပ္ပါယ်သည် လည်းကောင်း၊ ဟန်ပန်အမူအရာသည်လည်းကောင်း ကွဲပြားခြားနားလှပါသည်။
ဥပမာအားဖြင့် အာရှနိုင်ငံများသည် လက်အုပ်ချီ၍ နှုတ်ဆက်သည့် အမူအရာမှာ တူညီ၍ အနောက် ဥရောပနိုင်ငံများတွင် နမ်းရှုံ့ ခြင်းဖြင့် နှုတ်ဆက်သည့် အမူအရာများ တူညီနေတတ်ကြသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။

ကျမတို့ မြန်မာနိုင်ငံ၏ နှုတ်ခွန်းဆက်စကားမှာ မင်္ဂလာပါ ဟူ၍ဖြစ်ပြီး အခမ်းအနားတွင် စာအရေးအသားတွင် သုံးလေ့ ရှိသော်လည်း လက်တွေ့ အပြင်ဘ၀တွင်မူ သုံးခဲပါသည်။ နေကောင်းလား၊ အဆင်ပြေလား၊ ဘယ်လဲ စသည်ဖြင့်သာ နှုတ်ဆက်လေ့ ရှိကြပါသည်။ အမူအရာမှာလည်း လက်အုပ်ချီသည့် ပုံစံဖြစ်၍ ကျောင်းစာသင်ခန်းနှင့် တချို့ နေရာများတွင်သာ တွေ့ရပါသည်။ အဓိပ္ပါယ်မှာ ကောင်းခြင်းများ ကျရောက်ပါစေဟူ၍ ဖြစ်ပါသည်။

ဤကဲ့သို့ နိုင်ငံအသီးသီး လူမျိုးအသီးသီး၏ နှုတ်ဆက်ခြင်း ဓလေ့ ထုံးစံများကို စိတ်ဝင်စားစွာဖြင့် လေ့လာထားရန် ကျမတို့ ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သူများအတွက် အင်မတန် လိုအပ်ပါသည်။

များသောအားဖြင့်မူ နိုင်ငံခြားသားဧည့်သည်များနှင့် လက်ဆွဲနှုတ်ဆက်သည့် အတွေ့အကြုံသာ ရှိထားဖူးသော ကျမအတွက် လွန်ခဲ့သော လအနည်းငယ်က ခရီးတခု၏် ညစာစားပွဲ တခု၌ ဤသို့ ဤပုံ ကြုံလာပါသည်။

ဂျာမန်လူမျိုး GM တစ်ဦးနှင့် ကျမ၏အခန်းဖေါ် အန်တီတို့ နှုတ်ဆက်ကြသည်။
Hi …
Hi.. Mr.
လက်ဆွဲနှုတ်ဆက်ခြင်းမဟုတ်။ အန်တီ့ ပုခုံးကိုဖက် လူချင်းကပ်၍ မျက်နှာချင်းနီးသွားတာပဲ တွေ့လိုက်သည်။
အန်တီပြီးတော့ ကိုယ့်အလှည့် ။ သေပြီဆရာ။
ဘာလုပ်ရမှာပါလိမ့်။
Hi.., nice to meet you.
Hi.. Mr. nice to meet you too.
ကဲ.. လုပ်ချင်ရာသာလုပ်တော့ ..လူချင်းကပ်သွားပီးမှတော့ မျက်နှာကို ထိုးပေးလိုက်တယ်။ ပါးချင်းကပ်..ဘယ်တစ်ချက်၊ ညာတစ်ချက်။
အမလေး..တော်ပါသေးရဲ့။
ဒါက အန်တီဘေးမှာ ရှိနေလို့။
အန်တီသာ ရှိမနေရင် ဘယ်လို လုပ်ရပါ့။
Hi.. nice to meet you. Don't touch me, please. Or I don't like to do it.
ပြောမိမလားမသိဘူးလို့ အန်တီ့ကို ပြောပြမိတယ် (နောက်တော့မှနော်)
အန်တီက ပြန်သင်ပေးတယ်၊ အဲလို မပြောရပါဘူးတဲ့ ။ အဲလို ပြောမိရင် အင်မတန် ရိုင်းသွားပါပီတဲ့။ သူတို့က သူတို့ ယဉ်ကျေးမှုအရ (နှာဘူးထတဲ့ ပုံစံမဟုတ်ပဲ) အဲလို နှုတ်ဆက်တာကို ကိုယ့်ဘက်က ငြင်းတာမျိုးပြောပြီးလုပ်လိုက်ရင် အရမ်း နားမလည်တဲ့ သူလို ဖြစ်ပြီး ဆက်ဆံရေးမှာ အဖုအထစ်ရှိသွားနိုင်ပါတယ်တဲ့။
ကိုယ်က အဲဒီ အပြုအမူမျိုး မနှစ်သက်ရင်တော့ နောက်ကို တလှမ်းဆုတ်ပြီး လက်ကိုသာ လက်ဆွဲနှုတ်ဆက်ဖို့ ရာ ထိုးထည့် ပေးလိုက်ပါတဲ့။ ဒါဆို သူ့ဘက်ကလဲ သဘောပေါက်ပြီး လက်ဆွဲနှုတ်ဆက်ပါလိမ့်မယ်တဲ့။

ကျမက စာတွေ့မှာတော့ အဲဒီအကြောင်းတွေ လေ့လာမှတ်သားဖူးပါတယ်။ နဖူးတွေ့ ဒူးတွေ့ကတော့ ဒီတခေါက်မှ ကြုံဖူးလို့ တော်တော်လေး အတွေ့အကြုံရသွားပါတယ်။
သင်ပေးတဲ့ အန်တီကိုလဲ ကျေးဇူးတင်မိပါတယ်။ သူ့ရဲ့ ဟိုတယ် ၀န်ထမ်းတွေကိုလဲ သူက ကောင်းကောင်း သင်ကြားသွန်သင်ပေးနိုင်တဲ့သူပါ။

ပြောချင်တာက ခုလို နှုတ်ခွန်းဆက်ခြင်းအတွေ့အကြုံကို သိပြီးသား ကျွမ်းကျင်ပြီးသားသူတွေပဲဖြစ်ဖြစ် မသိသေးတဲ့ ညီမငယ်လေးတွေကိုပဲ ဖြစ်ဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ နှုတ်ခွန်းဆက်ကြရင်း လောကကြီးကို အလှဆင်နိုင်ကြပါစေလို့..

Tuesday, December 4, 2007

ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား … တဲ့

သူငယ်ချင်းနေဘုန်းလတ်က သူ့ပို့စ်မှာ ( http://www.nayphonelatt.net/2007/12/blog-post.html) ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လားဆိုပြီး ပို့စ်တင်ထားတာ။ သွားဖတ်မိရင်းနဲ့  ကွန့်မန့်ရေးမလို့သက်သက်ပါပဲ။ ဒီရက်ပိုင်း ကော်နက်စုတ်နေသည် ရုံးမှာ hub ရော broad band indoor unit ကပါ ဂိန်ချင်နေတာ။  ဒေါ့ အိုအာဂျီမဟုတ်သော ဘန်းကျော်မှ ဖတ်၍ရသော ဘလော့များအား မဖတ်ရ၍ လွမ်းနေပါသည်။ ကိုယ့်ဘလော့ကိုလဲ sign in ၀င်မရပါ။ mail to blogger နှင့် ပို့စ်တင်နေရတယ်။ အဲတော့ ကွန့်မန့်ကလဲ ရေးမရလို့ ဒီပို့စ်လေးနဲ့ သူငယ်ချင်းရေ အိတ်ဖွင့်ပေးလိုက်တယ်လေ။

 

သူငယ်ချင်းရေ နင်အာပေါက်အောင်ပြောလဲ အဆိပ်ခွက်တွေပဲ ချပေးထားတာလေ ဆေးခွက်တွေက ဘန်းခံထိထားတယ်ဟ လောလောဆယ် ငါစိတ်နာနေမိတာက မြန်မာပြည်နဲ့ ပါတ်သက်ပြီး ပွဲတော်၊ ယဉ်ကျေးမှု၊ နိုင်ငံခြား ခရီးသွားမြှင့်တင်ဖို့ ရည်ရွယ်ရေးထားတဲ့ ငါ့အတွက်ဆို ဆေးတခွက်၊ ငါတို့ ခရီးသွားလုပ်ငန်းကုမ္ပဏီ industry ထဲက ၀န်ထမ်းတွေ stakeholder တွေပါဝင်ပါတ်သက် အသက်မွေးဝမ်းကျောင်း ပြုမဲ့သူတွေအတွက် လည်း ဆေးတခွက် ဖြစ်ကောင်းဖြစ်မယ်လေ။ ဒီမှာ (http://topics192.blogspot.com/search/label/Myanmar) အဲဒီလင့်ခ်လေးလဲ ဘန်းခံထိလိုက်တော့  ငါ့ဆေးခွက်လေး မှောက်သွန်ခံရသလိုပဲ ချက်ချင်း ခံစားမိတယ်။ ဆိုလိုတာကလေ ဒီမှာရေးသမျှက positive thinking တွေချည်းပဲဆိုတော့  ဘာအကျိုးမှ မထိခိုက်ဘူးလို့ ထင်တာပဲ။

 

ပြန်စစ်ကြည့်တော့မှ တော်သေးတာပေါ့ အဲဒီ ဆိုဒ်တခုလုံးကို ဘန်းထားတာ မဟုတ်ပါဘူး။ ဘလော့စပေါ့ကိုဘန်းထားတာပါ။ MPT ကလည်း ဘလော့တွေကို ဘန်းလိုက်တာကို rapster88(http://blog.atomicdevelopment.net/2007/11/mpt-blog-ban.html ) ဆီမှာ (၂၇.၁၁.၀၇) မနက်ကပဲ Ban လိုက်တယ် ဖတ်မိလိုက်တော့  လူက ထူပူခံစားသွားတာပါ။ ဘန်းသွားသမျှတော့ မည်သူ့ကိုမျှလဲ အပြစ်မတင်လိုပါဘူး။ ဒါပေသိ စေ့စေ့ကြည့်တော့ ရေးရေးပေါ် ဆိုသလိုပဲ အမှန်မှာက အစကတည်းက ဘလော့စပေါ့တွေ ဘန်းထားလျက်နဲ့တောင် ဘန်းကျော်ဖတ်တာ၊ ဘန်းကျော်ပီး ပို့စ်တင်တာ အခုလို ခက်ခက်ခဲခဲ လုပ်ရတဲ့ အခြေအနေ၊ အချိန်တွေကို အကျိုးရှိရှိ အဆိပ်ခွက်တွေ ဘယ်လိုချထားချထား ဆေးခွက်တွေသာ ရှာဖွေသောက်ကြဖို့  အကျိုးရှိမဲ့စာပေတွေလိုမျိုး ဆေးခွက်တွေသာ များများတိုက်နိုင်ဖို့ ကြိုးစားကြရင်း မြန်မာဘလော့ဂါ အသိုက်အမြုံလေး ရှေ့ဆက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်လေးတင်လိုက်တယ်နော်။

Monday, December 3, 2007

လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှုနှင့် မြန်မာကျူးပစ်လ္ဘက်ရည်ဆိုင်

လ္ဘက်ရည်နဲ့ ပါတ်သက်ပြီး သိသမျှ အခေါ်အဝေါ်လေးတွေက-

၁- ချိုကျ

၂- ချိုပေါ့

၃- ချိုပေါ့ကျ

၎- ချိုစိမ့်

၅- ကျောက်ပန်းတောင်း

၆- ပေါ့စိမ့်

၇- ကျစိမ့်

၈- လဲသေ(ချိုလွန်းလို့)

၉- ပုံမှန်

အဲလိုပြောတော့ လဲသေဆိုတာကို ဘယ်ဒေသက အခေါ်လဲတဲ့ ။ အဲဒါ မိုးကုတ်ကသူတွေ သောက်တာလေ။ (အအေးကိုကျ ခဲသေ- အေးလွန်းလို့ )

အခေါ်အဝေါ်တွေကွဲပြားများပြားသလို လ္ဘက်ရည်ဆိုင်မှာ လာထိုင်တဲ့သူတွေကလဲ ပုံစံအမျိုးမျိုးပါ။ ကြီး၊ငယ်၊ ရွယ်လတ်မရွေး ကျားမ မရွေးဆိုသလို ပုံစံအမျိုးမျိုးနဲ့ လာကြတာဟာ မထူးဆန်းတဲ့ အပြင် မြန်မာ ကျူးပစ် ဖိုရမ်ထဲမှာတောင်မှ လ္ဘက်ရည်ဆိုင်ဖွင့်ထားသေးသဗျ။

အဲဒီ လ္ဘက်ရည်ဆိုင်လေးကို အကြောင်းပြုပြီး မြန်မာကျူးပစ် မင်ဘာ မိမီ အပါအ၀င် တခြား နှစ်ယောက် လက်စွမ်းပြထားတဲ့ လုပ်ကြံဇာတ်လမ်းတိုလေးကို ဒီမှာ ပို့စ်အနေနဲ့ ပြန်တင်လိုက်တာပါ။ (မင်ဘာနာမည်တွေအတိုင်း မပြင်ထားဘူးနော်)

ဇတ်လမ်းအစ-

အပြင်မှာ မိုးလေးဖွဲဖွဲ ရွာနေတာနဲ့ လက်ဖက်ရည်သောက်ချင်စိတ်ပေါ်လာလို့ ကိုဇာနည့် လက်ဖက်ရည်ဆိုင်ဝင်ထိုင်ဖြစ်သွားတယ်။

ဆိုင်ထဲကြည့်လိုက်တော့ စားပွဲထိုးလဲ မတွေ့ ၊ အတင်းပြောတဲ့လူတွေလဲ မတွေ့ (အဲလေ) သတင်းလေး ဘာလေး ဆွေးနွေးနေကြတဲ့ လူတွေလဲ မတွေ့နဲ့ လက်ဖက်ရည်တောင် ဘယ်လိုမှာရမှန်းမသိဘူး ။မဟုတ်မှလွဲရော (မဟုတ်ရင်တော့လွဲပြီပေါ့နော်) သိုင်းလောကသားတွေ လာသောင်းကျန်းထားလို့ထင်ပါရဲ့။

ခနနေတော့ မဲမဲ မဲမဲနဲ့ သရဲထက်တောင် ရုပ်ဆိုးတဲ့ မန်းသရဲဆိုတဲ့ စားပွဲထိုး ရောက်လာပါလေရော။

မန်းသရဲ။ ။ အကိုဘာသောက်မလဲဗျ။

စီတီယူ။ ။ ရေနွေးအိုး (၁)အိုးလောက်ကွာ။

မန်းသရဲ။ ။ဟမ်....

စီတီယူ။ ။ သြော်..ဒီလိုပါ...မြန်မာပြည်က လက်ဖက်ရည်ဆိုင်တွေမှာလဲ ရေနွေးမှာပြီး ပွားကြတာမို့လား အလွမ်းပြေလေးပေါ့...ဟဲဟဲ

ပြီးမှ ထပ်မှာမယ်ကွာ။

မန်းသရဲ။ ။(ဒီကောင် လက်ဖက်ရည်ဖိုးပေးဖို့ ပိုက်ဆံတောင်ပါရဲ့လားမသိဘူး ၊ ပုံစံကတော့ လူရည်သန့်လေးပါ) မန်းသရဲ စိတ်ထဲ တွေးနေပုံ ( အဟိ)

စီတီယူ။ ။ ဒါနဲ့ မင်းတို့ဆိုင်ရှင်ကော မတွေ့မိပါလား။ ဘယ်ပျောက်နေလဲ။

မန်းသရဲ။ ။ ပြော မပြောချင်တော့ပါဘူးဗျ(စိတ်ပျက်တဲ့ လေသံနဲ့)။

စီတီယူ။ ။ မပြောချင်လဲ မပြောနဲ့တော့လေ ။

မန်းသရဲ။ ။အဲလိုတော့ လုပ်နဲ့လေ...ပြောမှာပေါ့ဗျ။ ဒီလူလေ သူ့မဒီလေးနဲ့ အိုကေတယ်ဆိုပြီး ဆိုင်ကိုပစ်ထားတာကြာပေါ့။ ဆိုင်မှာလည်း သူမရှိတော့ ဆိုင်ကကောင်တွေလည်း နေချင်သလိုနေ ကြတော့ တာပဲ။

စီတီယူ။ ။တခြားဘယ်သူတွေ ရှိသေးလို့လဲ။

မန်းသရဲ။ ။ အဖျော်ဆရာ ကိုရင်အုန်းလေ။ ဒီလူလဲ မူးရူးပြီးတော့ အရက်ဆိုင်ပဲ ရောက်နေတာ။ တွေ့တယ်မို့လား ကျူးပစ်ဘားခန်းထဲမှာ။

ဆိုင်ရှင်က အစဂရုမှ မစိုက်တာ..ကုန်မှာပါပဲ။

ထိုအချိန်တွင် ဆိုင်ရှင် ဇာနည် အပြင်မှ သူ့ဟာလေး( အများပြောပြောနေတဲ့ မချစ်ခလုပ်တိုက် (မချစ်=မုန်း ခလုပ်တိုက်=လဲ) မုန်းလဲ=မဲလုံး လေး ချစ်နှင်းဆီနှင့် ) ပြုံးဖြီးဖြီးကြီးလုပ်ပြီး ပြန်ရောက်လာသည်။

ဆိုင်ရှင်။ ။ဟေ့ ရုပ်ဆိုးဆိုးနဲ့ သရဲ...ငါ့အတင်းချနေတာလား။

မန်းသရဲ။ ။ဟာ..မဟုတ်ပါဘူး ဆရာရယ်..ဆရာနဲ့ ဆရာ့မဒီလေးအကြောင်း ပြောပြနေတာပါ။ ဟဲဟဲ ဟဲ(သွား ၃၂ ချောင်း အကုန်ဖော်ပြီး ရီပြလိုက်သည်။)

ဆိုင်ရှင်။ ။သြော်..ဂလိုလား..အေး အေး (ကျေနပ်နေတဲ့ လေသံကြီးနဲ့)

လိုတာရှိရင်ပြောနော် ကိုစီတီယူ ၊ ဆိုင်ကတော့မြင်တဲ့ အတိုင်းပဲ ဟိုကောင် ကျင်ဆန်းဖုန်း လာမွှေသွားလို့။

စီတီယူ။ ။ သြော်..။

(ရေးသူ – စီတီယူ)

ဟင် . . . နာမည်တော့ ပျက်ပါပြီ။

ကျန်ဆန်းဖုန်း ပါဗျာ။

ဆရာသမား လုပ်တာနဲ့ လူတောင် ကျင်တင်တင် ဖြစ်သွားပြီ။

"ကဲကွာ"

ကျန်ဆန်းဖုန်း မှ ပြောပြောဆိုဆို ဒေါသတကြီးဖြင့်ဃွှ့ ထိုင်နေသော စားပွဲကို လက်ဝါးနှင့် ရိုက်လိုက်ရာ စားပွဲခုံ အပိုင်းပိုင်း ကျိုးသွားလေ၏။ ဃွှ့ လည်းကြောက်လန့်တကြား ထွက်ပြေးသွားလေ၏။ ( မှတ်ပြီလား )

"ရွှပ်"

"အမလေး"

ကျန်ဆန်းဖုန်း မှ ဓားကို ဆွဲထုတ်ကာ ဇာနည် ၏ စက်ကတ်ကြေး မီးမီး အား ဓားဖြင့် လှမ်းထောက်လိုက်သည်။

ကျန်ဆန်းဖုန်း ။ ။ ကောင်တာ အံဆွဲထဲက ပိုက်ဆံတွေ ကျွန်တော့်ကို ပေးပါ။

မီးမီး ။ ။ ဟုတ် . . . ဟုတ် အကုန်သာယူသွားပါရှင်။ ကျွန်မ ပိုက်ဆံလည်း မဟုတ်ပါဘူး။ ဇာနည့် ပိုက်ဆံတွေပါ။ ဆိုင်ပြုတ်တာပဲ အေးပါတယ်။ အကုန်သာ ယူသွားပါ။ ဒါနဲ့ ၀ူတန်းက အဖြူရောင်ဂိုဏ်းဆို။ ဘာလို့ ပိုက်ဆံလာလုနေတာလဲ။

ကျန်ဆန်းဖုန်း ။ ။ သိုင်းလောက၏ စိန်ခေါ် သံ အောင်မြင်စွာ ပြီးမြောက်ခြင်း အခမ်းအနား အတွက် ပိုက်ဆံလိုလို့။

ထို့နောက် ကျန်ဆန်းဖုန်း သည် ဇာနည့် လက်ဖက်ရည်ဆိုင်မှ ရောင်းရငွေများအား ကျန်ကျောင်းအိတ်ဖြင့် ထည့်ကာ ထွက်သွားလေ၏။

(ရေးသူ – ဗီးနပ်စ် ၀၀၀၀၀၆)

သိုင်းလောက က ကျန်ဆန်းဖုန်း လုပ်လို့ ဇာနည့် ဆိုင် ပြုတ်သွား လို့ တော့ မဖြစ်ချေဘူး။

ကဲဒီတော့ .....

ဇာနည့် လက်ဖက်ရည်ဆိုင်မှ ရောင်းရငွေများအား ကျန်ကျောင်းအိတ်ဖြင့် ထည့်ကာထွက်လာသော

ကျန်ဆန်းဖုန်း လဲ အပေါက်ဝအရောက်

ရွှီ....၀ှစ်..၀ှစ် ဓါးပျံ တလက်က ကျည်ဆန်ထက်မြန်သောအရှိန်နှုံးဖြင့် တနေရာမှ ပြေးထွက်လာကာ ကျန်ဆန်းဖုန်း ၏လက်ထဲမှ ကျန်ကျောင်းအိတ်ကို ဖေါက်ထွက်ယူငင်ပြီး

ဆိုင်နံရံတွင် သွားစိုက်နေလေ၏။

ဟေ့ ဘယ်ကောင်လဲကွ ငါတို့ ရဲ့ ငြိမ်းချမ်းတဲ့ ကျူးပစ်ကမ္ဘာထဲက ကျူးပစ်မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင် ဆုံစည်းရာ ဒီကျူးပစ်လ္ဘက်ရည်ဆိုင်လေး ပြုတ်အောင် ပိုက်ဆံလိုတိုင်း လုပ်ချင်ရာလုပ်ရအောင် ဘယ်သူ့ ခွင့်ပြုချက် ရထားတယ်များမှတ်နေလား

အသက်ပါမသွားချင်ရင် အသာတကြည်နဲ့ လာရာလမ်းကို ခြေလွတ်လက်လွတ်သာပြန်ကြွလေတော့ အသင်သိုင်းလောကသား ကျန်ဆန်းဖုန်းချင်ဖုန်း မဖုန်းချင်နေရေ

ကျန်ဆန်းဖုန်း။ ။နီဟောင် ၀ဟောင် နီမဟောင်ရင် ဟောင်ချင်တဲ့ သူဟောင်

ဝူတန်းဂိုဏ်းက သိုင်းလောကရဲ့ သူရဲကောင်း ကျန်ဆန်းဖုန်း ဆိုတာမကြားဖူးလို့ ဒီလိုနှောက်ယှက်ဝံ့ တယ် ထင်ပါရဲ့။ ယိစ်....(ကီသွင်းခြင်းမဟုတ်ပါ မနက်က ကောက်ညှင်းပေါင်းစာထား၍ အီးညှစ်ပေါက်ရာမှ ထွက်လာသော အသံသာဖြစ်ပါသည်)

ဒိုင်း ဒိုင်း

လာကယ်သော ကယ်တင်ရှင်လူစွမ်းကောင်းမှ ပစ်ဖေါက်လိုက်သော သေနတ်သံဖြစ်သည်။

တချက်မှာ ကျန်ဆန်းဖုန်း၏ ဦးခေါင်းထက်မှ ဦးလျှောင်ဆံထုံးကို ထိမှန်လွင့်စင်စေပြီး နောက်တချက်မှာ မိုးပေါ် သို့ ထောင်ပစ်လိုက်ခြင်းဖြစ်သည်။

ဒုတိယတချက်ပစ်ဖေါက်သံနှင့်အတူ သိုင်းလောကရဲ့ သူရဲကောင်း ကျန်ဆန်းဖုန်းလဲ အခြေအနေမဟန်မှန်းသိသည်နှင့် နှစ်တထောင်ခွေးချေးစား၍ ရရှိထားသော နှစ်တထောင်အတွင်းအားကို အစွမ်းကုန်ညှစ်ထုတ်ကာ တရုတ်ပြည် ၀ူတန်းတောင်ဆီသို့ ကိုယ်ဖော့ ကာ အပြေးပြန်လေသတည်း။

စက်ကတ်ကြေး မီမီ။ ။ ကျေးဇူးတင်လိုက်တာ ဒီက ကယ်တင်ရှင်လူစွမ်းကောင်းကြီးကို။

သူသာမကယ်ရင် မီမီတို့ ဆိုင်လဲ အပြုတ်ပဲ။ မမနှင်းဆီ ရဲ့လူ ကိုဇာနည် တော့ ခါလီ ဖြစ်သွားပြီပေါ့။ မီမီလဲ အလုပ်ပြုတ်တော့ သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာလေးဖြစ်ရဦးမယ်။ တကယ်ကြီးကျေးဇူးတင်လွန်းလို့ လူစွမ်းကောင်းကြီးကို ကျေးဇူးဆပ်ဖို့ မနစသမအ တင်ချင်လို့ နာမည်လေးတဆိတ်လောက် သိပါရစေရှင်။

လူစွမ်းကောင်း။ ။ဟာ ရပါတယ်၊ ကျုပ်ကမတရားတာဆို လက်ပိုက်ကြည့် နေတတ်တဲ့ သူမဟုတ်လေတော့ ခုလို ကြုံကြိုက်တုန်း မိန်းမချောလေးတစ်ယောက် အနိုင်ကျင့် ခံရတာကို ၀င်ကူညီရုံသက်သက်ပါ။ ကျေးဇူးဆပ်ဖို့ လဲ မလိုပါဘူး။ ဒါပေသိ နာမည်လေးတော့ ပြောပြခဲ့မယ်။ ကျွန်တော့ နာမည် "ဘခက်" ၊ တချို့ ကလဲ "ဓါး၊ ဓါးဘခက်" လို့ ခေါ်ကြပါတယ်။ ခုကတော့ တိုးတက်လာတဲ့ ခေတ်ကြီးနဲ့ အညီ သေနတ်ကိုလဲ လေ့ကျင့်ထားလို့ မန်းလေးတိုင်း အပျော်တမ်းလေသေနတ်ပစ် ပြိုင်ပွဲမှာတောင် ရွှေတံဆိပ်ဆုရလိုက်သေး။ ကြွားတာမဟုတ်ဘူး ကျွန်တော်က ကြုံလို့ ပြောပြတာနော်.. ကဲ သွားလိုက်ပါဦးမယ်။ နောက် ခဏခဏ ကြုံသလိုလေးတော့ ဒီလက်ဘက်ရည်ဆိုင် လာထိုင်ပါဦးမယ်။။

ကဲ... ကဲ လာကြနော် တခွက် ၁၀၀ ထဲ။ ကျူးပစ်လက်ဘက်ရည်ဆိုင်ကြီး အရင်လို ပြန်လည် ဖွင့် လှစ်နေပါပြီ။

စာကြွင်း။ ။ကျူးပစ်လက်ဘက်ရည်ဆိုင်လေးမပိတ်စေချင်၍ စိတ်ကူးယဉ်ဆက်လက်ရေးသားခြင်းသာဖြစ်ပြီး ဆွေလှိုင်ဦး ဇာတ်ကောင်အား ရောချ ယူသုံးခြင်းကို ခွေးလွှတ်သီးခံကြပါရန်။

ဘ၀အမောတွေကို ပျော်ရွှင်ရယ်မောရင်း ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေထိုင်ရင်း ပေါရဲတယ်လို့ အပြောခံရလဲ ပျော်ရွှင်သွားတဲ့ သူတွေကို ငေးမောကြည်နူးရင်း ဒီလို မျိုးတွေ လက်စွမ်းပြဆဲပါ။

လ္ဘက်ရည်ဆိုင်နဲ့ ပါတ်သက်ပြီး အတည်အတံ့ ပို့စ်လေးကို ဖတ်ချင်တယ်ဆိုရင်တော့ မင်းတစေရဲ့ ပို့စ်မှာ သွားဖတ်လိုက်ပါဦးနော်။