Friday, November 30, 2007

နင်ဘယ်သူလဲ ..ငါဘယ်သူလဲ..


တက်ဂိမ်းထဲကမထွက်နိုင်သေးဘူးလေ
ခင်မင်သူတွေများလို့ပဲလို့ဖြေပါတယ် (ထင်ရတာကိုပြောတာနော် :P )
အာတာလွတ်မြို့စားကြီးဝင်စားသလားတော့ မသိပါဘူး။ 25ပြားစေ့ပုံ မျက်နှာပိုင်ရှင်(သူကိုယ်တိုင်ပြောသည်) ကဒေါင်းကထပ်တက်လာတယ် ကိုယ့်ကိုယ်ကို ဘယ်သူလဲပြောရမတဲ့

ပြောပြန်ရင် ယုံကြမှာလဲဟုတ်ပဲနဲ့ ခက်ပါတယ်လေ ပုံပဲပြတော့မယ်(ချက်ချာကြီး အဟိ)
ကဲ ဒီမှာကြည့်ကြ အဲဒါ နာ့ပုံကွ
ယုံချင်ယုံ မယုံချင်နေ(မြင်ဖူးတဲ့သူတွေ ကွန့်မန့် မရေးကြေး)

ပုံပန်းသဏ္ဌာန်တော့ ပြောပြီးပြီ။

အမူအကျင့်ကလဲ ဒီမှာရေးထားပီးသားပဲ ဖတ်လိုက်နော်။

လာထား စိတ်နေစိတ်ထားလေး
သဘောကောင်း အပြောချို ပညာတတ် ရုပ်ချော ဥစ္စာတော့ မပေါ အဟဲဟဲ

ဖြစ်ချင်တဲ့ အရည်အချင်းလေးကတော့
အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလ တို့လို ကိုယ်အပါအ၀င် တော်ငါးဝ ၀င်ချင်တာပါ။

တော်သင့်ပြီထင်တယ်နော်။ ကြာရင် ချောင်းရိုက်ခံထိမှာစိုးလို့။

အားလုံးပျော်ရွှင်ပါစေ။ ပျော်တတ်လို့ပါဗျို။

Wednesday, November 28, 2007

မောင်ပွတ်သို့ ကိန်းဂဏန်းများနှင့် တမ်းချင်း

ဘလော့တိုင်းမ် 3 ထွက်ပြီဆိုတော့ အလုပ်မအားတဲ့ကြားက အလုပ်တွေဘေးချ ပြုံးဖြီးဖြီးကြီးဖတ်ရင်း အလုပ်ပြုတ်ကိန်းနီးလို့ အမြင်ကတ်လောက်အောင် ရယ်ရတဲ့ စီစဉ်သူတွေကို ကြိတ်ပြီး မေတ္တာပို့ရင်း မောင်ပွတ်ကို သတိရမိလို့ပါ။

သို့ .. မောင်ပွတ်ရေ

တစ်နေ့တစ်ခြား ကြက်အရိုးအသားတွေချည်း အလကားရတိုင်းစားရင်း ကြက်ရုပ်တော့ မပေါက်စေနဲ့နော် (ဘလော့တိုင်းမ် 3 ပါ သတင်းအရ)
နှစ် ဂဏန်းပေးတဲ့ ခြူသစ်ကြောင့် ချဲထိုးကောင်းလို့ လောင်းကစားမှုနဲ့ သံတိုင်နောက် ရောက်ခဲ့ရလေသလားလို့ ဆက်စပ် တွေးတောမိပါရဲ့နော် (ဘလိုင်းတုတ် နှင့် ဘလော့တိုင်းမ် 3 ပါ သတင်း အရ)
သုံးအဖြုံးတွေလဲ လျှော့ဦးနော် ရန်ကုန်မှာ ကိုတက်စ်တို့ ကို ရှောင်လို့ လွတ်ခဲ့ပေမဲ့ စလုံးမှာက မလွယ်လောက်ဘူးကွ သိတဲ့ အတိုင်းပဲလေ
လေးစားရမဲ့ လူကြီး ငါ့ကိုလဲ ဘလော့တိုင်းမ် 3မှာ ဆိုခိုင်းကခိုင်း၊ ဆပ်ပြာပူဖောင်းမှုတ်ခိုင်းနဲ့ တကယ်မလိမ္မာတော့ ပါလားနော်
ဘာပဲဖြစ်ဖြစ် ပါတ်ဝန်းကျင်သစ်ကလူတွေနဲ့လဲ ရေလိုက်ငါးလိုက်နေတတ်ပါစေ။
ဒါနဲ့ ခုနေ စလုံးမှာ တစ်ယောက်တည်းအလုပ်လုပ်နေရတော့လဲ ခြောက်ခြောက်ကပ်ကပ် ဖြစ်နေဦးမလားကွာ
ခုနှစ်ရက် လုံးလဲ အလုပ်တွေချည်း ဖိလုပ်မနေနဲ့ဦးနော် ကျန်းမာရေးကို ဂရုစိုက်ဦး သိလား
ဟာ.. နာရီတောင် ထိုးနေပီ၊ ဗိုက်ဆာလာလို့ ထမင်းသွားစားတော့မယ်ဗျို
သွန်သင် ဆုံးမမဲ့ လူကြီးတွေ (ငါတို့ ) မမြင်ကွယ်ရာ ဆိုပြီးတော့ ကိုးရို့ကားယားတော့ နေ မနေနဲ့နော်
ကဲ..ကဲ ဘာမှ အားကိုးပြီး ရှင်းမပြနဲ့ ငါ့ကို တစ်ဆယ်ချေး အဟီး :P

ဘာရယ်မဟုတ်ပါဘူး သတိရလို့ အပျော်သဘောနဲ့ လွမ်းလိုက်တာပါ။ အမှတ်ရနေဆဲကတော့…
မြို့စားကြီးမွေးနေ့မှာ တိတ်တိတ်လေး ကိတ်ယူလာတာ မပြောပြဖို့ ကြိတ်ကြံတာလဲ သတိရတယ်။
နိုင်ဂန်ဂျားသွားဖို့ သတ်သတ်လွတ်စားလို့ ထည့်လာတဲ့ ထမင်းကြော်ချိုင့်လေးလဲ သတိရတယ်။
ငါ့ကို အင်တာဗျူးချင်လို့ Eleven က ကိုေ-း-ျမ်း ဆိုတဲ့ လူကြီးအနေနဲ့ လုပ်ကြံနောက်ပြောင်တဲ့ အသံကိုလဲ မှတ်မိသေးတယ်။
Blog day seminar မှာ ကိုယ်တိုင်မပါရလို့ ၀မ်းပန်းတနည်း အသံကြီးနဲ့ ဖုန်းပြောခဲ့တာလဲ သတိရတယ်။
ပြီးတော့ ပြီးတော့ … သတိရတယ်ပေါ့ကွာ။

> My dear: Some of us are apart even together with us. But, you are always be with us and we are always be with you forever.Cheers! စော်ကြည် အကြွေးကျေ အသက်ရှည် အလုပ်မလုပ်ပဲ ချမ်းသာပါစေပေါ့နော်။

Monday, November 26, 2007

Happy Birthday! Winkabar lay (on 25th November)

ညီမလေး ၀င်္ကဘာက အသက် 18နှစ်ပြည့်မွေးနေ့ ဆိုပဲ။
မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီမလေး။
မိဘရဲ့ ကျေးဇူးကိုဆပ် သမီးမြတ်ဖြစ်ပါစေကွယ်။
ဆုတောင်းလေးကတော့ နောက်ကျကောင်းနောက်ကျနေမယ် ထင်ပါရဲ့။
ဖတ်ဖူးတဲ့ ဟာသလေးနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ 18နှစ်ပြည့် မွေးနေ့တုန်းက အချိန်လေးကို သတိရမိလို့ ဒီပို့စ်လေး တင်လိုက်တယ်နော်။ စိတ်မဆိုးနဲ့ :P

England က ပန်းခြံတစ်ခုမှာ စုံတွဲတွေက ညဖက်ညဖက် လာလာသောင်းကျန်းသတဲ့။
အဲဒါကြောင့်မလို့ ည ၈နာနရီနောက်ပိုင်းဆိုရင် ရဲက အမြဲ ပတ္တရောင် လှည့်လေ့ရှိသတဲ့။
အဲဒီပန်းခြံမှာက ကန့်သက်ချက်တခု ရှိတယ်လေ။ အသက် ၁၈နှစ်မပြည့် ရင် မ၀င်ရဘူး။ ဘာမှလဲ လုပ်လို့ မရဘူးတဲ့။
တညမှာတော့ အဲဒီ ပန်းခြံအနားမှာ ကားတစင်းက ရပ်ထားရောတဲ့။ ကားထဲမှာက ကောင်မလေး တစ်ယောက်ရှိပြီး ကားခေါင်းရှေ့မှာက ကောင်လေးတစ်ယောက်ထိုင်နေသတဲ့။ အဲလိုနဲ့ ည၈နာရီကျ ရဲကရောက်လာလို့ တွေ့ပါရော။ သူတို့က ဒီလိုပဲ ပုံစံမပျက် ထိုင်နေလေရဲ့။ ကောင်မလေးကလဲ သိုးမွှေးချည်ကို ထိုးလို့ပေါ့။ ည၉နာရီကျလဲ ပုံစံက ဒီအတိုင်းပဲတဲ့။ ရဲက ကြည့်ပီး ပြန်လှည့်သွားပြန်ရော။ ဒီလိုနဲ့ ၁၀နာရီ ထိုးကာနီးကျ မနေနိုင် မထိုင်နိုင် ရဲကလာမေးတယ်တဲ့ ။ မင်းတို့ ဘာလုပ်နေကြတာလဲပေါ့။ ကောင်လေးက ပြန်ပြောလိုက်တယ် သူ့ကောင်မလေး နောက် ၁၀မိနစ်ဆို ၁၈နှစ်ပြည့်မှာကို စောင့်နေတာပါတဲ့ ။ အဟတ်ဟတ် :P

သူငယ်ချင်းကောင်လေးတုန်းကလဲ ၁၈နှစ်ပြည့်ရင် အဲဒီပန်းခြံသွားကြမလားလို့ မေးဖူးတယ်။
အဟဲဟဲ စတာပါ ညီမလေး။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ လိမ်မာတဲ့ ညီမငယ်လေး ဘ၀မှာ အများလေးစား အားကျရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါစေလို့ ထပ်မံ ဆန္ဒပြုလိုက်ပါတယ်ကွယ်။

Saturday, November 24, 2007

ကြက်သားကာလသမီးချက်နဲ့ မယ်ဇလီဖူးဟင်းချို

ညကျ မယ်ဇလီဖူးသုတ်စားမယ်ဝေ့ ညနေမှာကတော့ ကြက်သားကာလသမီးချက်နဲ့ မယ်ဇလီဖူးဟင်းချိုနဲ့ သရက်ချဉ်သုပ် ငပိကြော်နဲ့ ပျော်ပွဲစားမယ်ဝေ့ ရှလွတ်လွတ်

ခုကတည်းက အဝေးရောက်ရော အနီးမှာမရှိရော မောင်နှမတွေ သူငယ်ချင်းတွေ အားလုံးကို ကြိုတင် သွားရည်ကျခိုင်းလိုက်မယ်နော်
လောလောဆယ် ဟင်းချက်နည်းနဲ့ ပုံတွေကတော့
လုလု မီးဖိုချောင်ကနေမလာပါတယ် လိုအပ်တာတွေကတော့

ကြက်သားကာလသမီးချက်အတွက်-(ကာလသားတွေချက်တာမှ မဟုတ်တာ အနော်တို့ ချက်တာပဲဟာနော်)
ကြက်သားအရိုးအသားရော၊ ကြက်သွန်ဖြူ၊
နီ၊ ဂျင်း၊ ငရုတ်သီးအခြောက်တောင့်၊ ဗူးသီး အားလုံးကို
အဆင်သင့်ပြင်ထားပါ။ ကြက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်၊
သကြားတို့နဲ့ ရောနယ်ပြီး နှပ်ထားပါ။ ကြက်သွန်ဖြူနီတို့ကို
အခွံနွှာထားပါ။ ပြီးတော့ ငရုတ်သီး ဂျင်းကြက်သွန်ဖြူနီတို့ကို
ရောထောင်းထားပါ။ ဗူးသီးကို အခွံနွှာထားပြီး အရွယ်တော်
အတုံးလေးတွေ တုံးထားပါ။
ဒီတစ်ခေါက်တော့ ဟင်းကို ဆီသတ်မချက်ဘဲ လုံးချက်ချက်မယ်လို့ပဲ
စိတ်ကူးပြီးတော့ အိုးထဲကို နယ်ထားတဲ့ ကြက်သား၊ ထောင်းထားတဲ့
ငရုတ်သီး၊ ငရုတ်သီးတောင့် စတာတွေကို သေချာရောနယ်၊ ပြီးတော့
ဆီလေး နည်းနည်းထည့်ပြီး မီးဖိုပေါ် တင်လိုက်ပါ။ မီးအသင့်အတင့်နဲ့
တည်ထားပြီးတော့ ၅ မိနစ်လောက်ကြာရင် တစ်ခါလောက် မွှေပေးပါ။
ပြီးရင်ရေနည်းနည်းထည့်ပြီး အဖုံးပိတ်ပြီး ပြန်တည်ထားပါ။
ရေခမ်းသလောက်ဖြစ်သွားရင် ဗူးသီးတုံးလေးတွေ ထည့်ပြီး မွှေ၊
ပြီးတော့မှရေလေးနည်းနည်းထည့်ပြီး ပြန်တည်ပါ။ ဟင်းအိုးပွက်လာပြီဆိုရင်
အပေါ့အငံလေးမြည်းပြီးတော့ မီးပိတ်လို့ ရပါပြီ။ ငရုတ်သီးတောင့်လေး
ထည့်ထားတော့ စပ်စပ်လေး၊ ဗူးသီးလေးက ချိုချိုလေးမို့
ချိုချိုစပ်စပ်လေး၊ ဆီကျန်ရေကျန်ဟင်းလေးတစ်ခွက်ပါ။
အချဉ်အတွက်ကတော့ သရက်ချဉ်သုပ်ပါ။
ကြက်သွန်နီပါးပါးလှီး၊ သရက်ချဉ်လေး ရေဆေး ပြီးတော့
သုပ်လိုက်ပါတယ်။ ပြီးတော့ ငပိကြော်နော်။ (သူငယ်ချင်းအိမ်က ပုလင်းလိုက် မလာတာ)

မယ်ဇလီဖူး ဟင်းချိုလေးက ဒီလိုချက်

မယ်ဇလီဟင်းချိုချက်ဖို့အတွက် မယ်ဇလီရွက်၊ ငါးခူ၊ ခရမ်းသီး၊ ပဲပြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ဆီအနည်းငယ်နဲ့ ဆား၊ ငံပြာရည်၊ အချိုမှုန့်တို့ပါနော်။
မယ်ဇလီရွက်ကိုတော့ အပင်ကနေခူးတာမို့ အခါးဓါတ်သက်သာသွားအောင် ပြုတ်ပစ်ရပါတယ်။ ဆူတဲ့အခါမှာ အရွက်တွေကို ရေနွေးအိုးထဲကနေဆယ်ပြီးတော့ ရေအေးနဲ့သေချာနယ်ဆေးပစ်ပြီးတော့ အခါးရည်တွေထွက်သွားအောင် ညှစ်ထုတ်ပစ်ရပါတယ်။ သိပ်ခါးရင်လည်း ဟင်းရည်သောက်ရတာ အဆင်မပြေသလို အခါးဓါတ်မကျန်ခဲ့ရင်လည်း ဆေးဘက်ဝင်တဲ့အာနိသင်လေးတွေ ပျောက်ပျက်သွားမှာစိုးတာမို့ အရွက်ပြုတ်တဲ့အခါမှာ အရမ်းကြီးနူးအိနေအောင် မပြုတ်ရပါဘူး။
ငါးခူကိုတော့ သေသေချာချာရေနဲ့ဆေး၊ အကျိအချွဲတွေကုန်အောင် မန်ကျည်းနှစ်လေးနဲ့ နယ်ဆေးပေး၊ နှုတ်ခမ်းမွှေးတွေဖြတ်တောက်ပြီး သန့်ရှင်းအောင်ကိုင်ပြီးတော့ ဆား၊အချိုမှုန့်နဲ့နယ်ထားပေး၊ ပြီးရင်တော့ အိုးတစ်အိုးထဲ နယ်ထားတဲ့ငါးတွေထည့်၊ နနွင်းမှုန့်လေးနည်းနည်းထည့်၊ ငံပြာရည်လေးနည်းနည်းထည့်ပြီးတော့ မီးဖိုပေါ်တင်ပြီး ပြုတ်လိုက်ပါနော်။ ငါးပြုတ်တဲ့အခါကျရင်လည်း အနူးညီရအောင် ဟိုဘက်ဒီလက်လှန်ပေးဖို့လည်း မမေ့နဲ့ဦးနော်။ ငါးပြုတ်ရပြီဆိုရင် ငါးကိုပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထည့်ပြီးတော့မှ အအေးခံပြီး အရိုးနွှင်ပေးပါနော်။ အရိုးတွေကိုလည်း ငရုတ်ဆုံထဲထည့်ထောင်း၊ ရေထည့်ပြီး ဇကာလေးနဲ့ ရေစစ်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ အရိုးထဲကနေ အချိုရည်တွေအများကြီးရလာပါပြီနော်။
ခရမ်းသီးကို ရေဆေးပြီး လက်တစ်လုံးလောက်အရွယ်လေးတွေဖြစ်အောင် လှီးထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလေးလှီးပါ။ ကြက်သွန်ဖြူနီကို အခွံသင် ရေဆေးပြီး မညက်တညက်လေးဖြစ်အောင် ထောင်းထားပေးပါနော်။ ပဲပြားကိုလည်း ရေဆေးပြီး အတုံးသေးသေးလေးတွေဖြစ်အောင်လှီးပြီး ဆား၊ အချိုမှုန့်လေးနည်းနည်း နယ်ထားပေးပါ။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီလေးနည်းနည်းထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးနည်းနည်းထည့်၊ ထောင်းထားတဲ့ ကြက်သွန်တွေထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ခရမ်းချဉ်သီးထည့်၊ ခရမ်းသီးထည့်၊ ဆား၊ အချိုမှုန့်နည်းနည်းရယ်၊ အရိုးနွှင်ထားတဲ့ ငါးတွေထည့်ပြီးမွှေပါ။ ပြီးရင် ပဲပြားလေးတွေကိုပါထည့်လိုက်ပါ။ အဲ့ဒါဆိုရင်တော့ ပဲပြားလေးလည်းမာသွားပြီး ငါးလည်းဆီသတ်ပြီးသားဖြစ်သွားပါပြီ။
ဟင်းရည်တည်မယ့်အိုးကိုယူ၊ ရေသန့်ထည့်ပြီး ပွက်ပွက်ဆူအောင် မီးဖိုပေါ် တည်ပေးပါနော်။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ဆီသတ်ထားတဲ့အနှစ်တွေထည့်ပါ။ ဆား၊ အချိုမှုန့်နဲ့ ငံပြာရည်အနည်းငယ်လည်း ထည့်ပေးပါ။ ပြီးရင်တော့ မယ်ဇလီရွက်ပြုတ်တွေထည့်ပါနော်။ မီးအသင့်အတင့်နဲ့ အချိန်ယူပြီး ပွက်ပွက်ဆူအောင်၊ ဟင်းရည်ကျအောင်ထိ တည်ပေးပါနော်။ ဟင်းရည်အိုးပွက်ပွက်ဆူပြီး အရည်ကျပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ ခါးဆိမ့်သက်အရသာလေးနဲ့ ပူပူနွေးနွေး မယ်ဇလီဟင်းချိုလေးရပါပြီနော်။

ကဲ.. ဘော်ဘော်တို့ရေ အတူတူ ပျော်ပွဲစားကြမယ်နော်..

ကြင်နာသူအချစ်များဆေးဖက်ဝင်တဲ့ ဆေးပေါင်းခတဲ့ ည

ခေါင်းစဉ်ကြည့်ပြီး ကြွေတော့ မသွားနဲ့ လေ အဟဲဟဲ
ကိုညီထွဋ်ရဲ့ သီချင်းခေါင်းစဉ်ထဲက စာသားလေး ဆိုလိုက်တာပါ။

မြန်မာ့ရိုးရာ ပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်၊ သီတင်းကျွတ် မီးထွန်းပွဲတော် ပြီးရင် တတိယမြောက် အပျော်ရွှင်ရဆုံးပွဲတော်ကတော့ တန်ဆောင်တိုင် ပွဲတော်လို့ပဲ ခံစားမိပါတယ်။
သိတတ်တဲ့ အရွယ်ကစလို့ ကနေ့ထက်တိုင် တစ်နှစ်ပြီး တစ်နှစ် ပုံစံမျိုးစုံနဲ့ ပျော်ရွှင် သောင်းကျန်းခဲ့သမျှလေးတွေထဲက မှတ်မှတ်ရရ ရှိတာလေးတွေ ပြန်ပြောင်းအောက်မေ့ချင်ပါသေးတယ်။

သုံးလေးနှစ်တုန်းကတော့ တန်ဆောင်မုန်းလပြည့်နေဆိုရင် အိမ်ပေါ်ကနေ အဘွားက ပိုက်ပိုက်တွေကြဲတာ မှတ်မိသေးသလိုလို ရေးတေးတေး အတွေးထဲမှာ
၅နှစ်၆နှစ်ကနေ ၁၂နှစ်၁၃နှစ်ထိကျတော့ အရပ်ထဲက သက်တူရွယ်တူကလေးတွေနဲ့ အတူ အိမ်မှာရှိတဲ့ ဆန်ဝိုင်းတဲ့ စကောဗန်းသေးသေးလေးထဲ ကြက်သွန်နီ တစ်ဥနှစ်ဥထည့်လို့ ကိုယ့်ရပ်ကွက်ထဲမှာတင် “ပျော်ပွဲစားချင်လို့ပါခင်ဗျ” လို့ အိမ်ပေါက်စေ့လိုက်ပြိး အလှူခံကြတာ ပျော်စရာကောင်းသဗျ။
ညနေကျတော့ ရလာတဲ့ ဆန်တွေ အသီးအရွက်တွေကို ရေဆေးပြီး ဒန်အိုးဒန်ခွက်တွေ အပါအ၀င် လိုတာတွေကို ကိုယ့်အိမ်ကနေ ကိုယ်ပြန်ယူကြလို့ အုတ်နီခဲ သုံးလုံး ဖိုခနောက်ဆိုင်ပြီး ထမင်းတွေတည် ဟင်းတွေချက် ပျော်ပွဲစားကြတာလဲ ပျော်စရာဗျာ။
ညကျရင်တော့ ပိုက်ဆံကြဲတဲ့ အိမ်တွေရှေ့မှာ သွားလုကြ။ အိပ်ကပ်ထဲ စုထည့်ထား။ အိမ်ပြန်ကာနီးကြတော့ နင်ဘယ်လောက်ရလဲ ငါဘယ်လောက်တောင်ရလဲ ပျော်ရွှင်စွာနဲ့ အပြိုင်အဆိုင် ရေတွက်ကြ။ ပြီးတော့ သူ့အိမ် ကိုယ့်အိမ်က လူကြီးတွေက အိမ်တွေထဲမှာ ပိုက်ဆံဖွက်ပြီး လိုက်ရှာခိုင်းရင် ရှာလို့ ရပြီဆိုတာနဲ့ သူ့ထက်ငါ ဦးအောင် ခိုးကြည့်ထားတဲ့ နေရာတွေဆီ အပြေးအလွှားသွားရှာကြ။
ညကြီးရောက်လို့ အဘွားက လမ်းထဲမှာ ပံ့သကူ ပစ်ရင်လဲ လိုက်သွားပီး ဟိုနားလေး ထားပါလား ဒီနားလေး ထားပါလား ဆိုပြီး ဆရာကြီးလုပ် အကြံပေးရတာလဲ အမောပေါ့။ ဒါနဲ့တင် ပြိးသွားပီလား မမေးပါနဲ့ ည ၁၂ နာရီကျော်ရင် အိမ်ထဲကနေ ခိုးထွက်လာပြီး လမ်းထဲက ဟိုအိမ် ဒီအိမ်က ဆိုင်းဘုတ်တို့ ပန်းအိုးတို့ ခုံတို့ ကို ဒီကဟာ ဟိုပို့ ဟိုကဟာ ဒီပို့ နဲ့ သူခိုးကာလကို ကျော်ဖြတ်ရတာကလဲ အမော။ ညဦးပိုင်း လူကြီးတွေ အိပ်ကာနီးက ကျွေးတုန်းက ခါးလို့ မကြိုက်လို့ ဆေးဖက်ဝင်တယ်ဆိုပြီး ကျွေးတိုင်း ခေါင်းတခါခါ လည်တခါခါနဲ့ ငြင်းပြိး တဇွန်းထက်ပိုမစားခဲ့ တဲ့ မယ်ဇလီဖူးသုတ်ကလဲ ကြွတ်ကြွတ်အိတ် ဒါမှမဟုတ် ဇလုံနဲ့ ထည့်ယူလာတာကလဲ အဲဒီ လို မောမောကြီး အချိန်ကျတော့ မှ သူငယ်ချင်းတွေနဲ့ လုစားလို့ အရသာ ရှိမှရှိ မခါးနိုင် စားလို့မ၀နိုင်ဖြစ်တော့တာပဲ။

အသက်လေးရလာလို့ ၁၄နှစ် ၁၅နှစ်ကျ ရှက်တတ်လာတော့ ပျော်ပွဲစားခံထွက်တာမျိုးတွေ မလုပ်ကြတော့ဘူး။ ဒါပေသိ သူငယ်ချင်းတွေစုပြီး ဆိုင်ကယ်ကိုယ်စီနဲ့ ညနေဖက်တွေဆို မြောက်ပြင်မှာသွားပီး အလကားကျွေးတာတွေ စားကြသဗျ။ မန္တလေးမှာက အလှူအတန်း ရက်ရောသဗျ။ သိသိမသိသိ အဲလိုပဲ စတုဒိသာစားကြတာ ရှက်စရာမဖြစ်ပဲ ပျော်စရာကြီးဗျ။ မုံ့လုံးရေပေါ်၊ မုံ့ပစ်သလက်၊ ကြာဇံချက်၊ အသုပ်စုံ စသဖြင့် ရပ်ကွက်တော်တော်များများမှာ ကျွေးလေ့ ရှိကြတာပါ။ သွားစားပီး အဲဒီစားတဲ့ သူတွေအတွက် မုံ့ပြင်တဲ့ နေရာတွေနားက အပျိုကြီး အုပ်စုတွေနား ပိုက်ဆံတွေကြဲပေးခဲ့တာမျိုး၊ လမ်းတလျှောက်မှာ ဆိုင်ကယ်မောင်းရင်း လမ်းလျှောက်ထွက်ပြီး ပဲများများပေးနေကြတဲ့ အပျိုတွေနား ပိုက်ဆံတွေကြဲတော့ ကောက်လဲကောက်ချင် ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ သူတို့အနားက ရယ်သွားရတဲ့ ဖီလင်းတွေ ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး၊ ပျော်သဗျို။ သွားတာက အစ်ကိုတွေ မောင်တွေ သို့မဟုတ် သူငယ်ချင်းယောက်ကျားလေးတွေ များတော့ ကိုယ်ကလဲ မိန်းကလေးစတိုင်လ် မဟုတ်တော့ ၀ဋ်လည်ကာမှ လည်စေရောပေါ့နော် :P
ညပိုင်းတွေ ဆိုရင်တော့ ပစ္စည်းတွေ အပင်ပန်းခံရွှေ့ပြီး သူခိုးကာလကို မကျော်ဖြတ်တော့ဘူးဗျ။ နဲနဲ ပါးလာပီ ဆိုရမယ်လေ။ ဘာလုပ်လဲ ဆိုတော့ spray ဘူးတွေ ၀ယ်ထားပြီး ဟိုအိမ်မှာ သွားဖြန်း ဒီအိမ်မှာသွားဖြန်းလုပ်တာ။ သိပ်တော့ မကောင်းဘူးပေါ့နော်။ ဒါပေသိ ရယ်တော့ ရယ်ရတယ်။ တခါကဆို သူငယ်ချင်း ညီအစ်မနှစ်ယောက်အိမ်က ထုံးတွေ သဲတွေ ရောင်းတာကိုး၊ အဲဒီအိမ်သွားပြိး ညီမနှစ်ယောက်နာမည်နဲ့ ထုံး တစ်ပိဿာ ၅၀ကျပ် သဲတစ်ပိဿာ ၅၀ကျပ် ဆိုတဲ့ အစား ပပ တစ်ပိဿာ ၅၀ကျပ် စုစု တစ်ပိဿာ ၅၀ကျပ် ဆိုပြီး အရေးကောင်းလို့ သူ့အဖေကြီး မိသွားတာနဲ့ ထိုင်ထ အခါ ၅၀တောင် လုပ်ခဲ့ ရဘူးတယ်။ (မဟုတ်ရင် အိမ်မှာ လာတိုင်ပြောမယ်တဲ့ )

ဒီလိုနဲ့ ၂၀ကျော်သက်ရောက်တော့ ရန်ကုန်ရောက်လာပါရော။ ဘာတဲ့ ကျီးမနိုးပွဲတဲ့ အဟိ ဘယ်လိုနာမည်တပ်တပ် တို့ကတော့ ကဲမှာပဲ။
ဘာရမလဲ ကိုယ့် မန်းလေးကလို မှတ်လို့ ဦးပွကြီး အိမ်က ပန်းအိုးသွားမမိပါတယ် ရပ်ကွက်ရုံးရောက်သွားသဗျ။
ပြောမယ်ဆိုရင် အဲဒီလူကြီးက တလမ်းလုံးနဲ့ ဘယ်သူမှ မတည့်လို့ ပွကြီး အမည်တွင်သတတ် :P
အဲတော့ တော်ပါပီ ရွှေရန်ကုန်ရယ်။ 1998 မှာတော့ စတိတ်ရှိုးပဲသွားတော့မယ်။ ဒါနဲ့ ပဲ စတိတ်ရှိုးမှာ တိတ်တခိုးနဲ့ ကြင်နာသူ အချစ်များနဲ့ ဆေးဖက်ဝင်ဖူးတာ။
ဒန်တန့်ဒန် ခုမှ ဇာတ်လမ်းစတာ။ (-လို့မထင်ပါနဲ့ အဟတ်ဟတ်) ချစ်ချစ်က ကြိုမပြောလို့တဲ့ သူ့သူငယ်ချင်းတွေနဲ့ လစ်သွားတော့ ဘာရမလဲ သူငယ်ချင်းတွေနဲ့ စတိတ်ရှိုးကိုပဲ ဒိုးလိုက်တော့တယ်။ ဒီတော့ ကိုညီထွဋ်ကြီးနဲ့ ပဲ ဆေးပေါင်းခခဲ့ရသဗျ။ (ဒီပုံလေ ငယ်ငယ်တုန်းက နုစဉ်အခါက ကဲကဲတုန်းက)
ပြန်ကာကျတော့ ဗိုက်ဆာတာနဲ့ တရုတ်တန်းမှာတင် ထမင်းပေါင်းစားပြီး ပြန်လာခဲ့သဗျို။ (ထမင်းပေါင်းစားတဲ့ညပေါ့ )

ဆက်ရန်တော့ ကျန်သေးတယ်။ နောက်မှပဲ ထပ်ပြောတော့မယ်နော်..နော် မျှော်………

Friday, November 23, 2007

Happy Tazaung Daing!

နက်ဖန်ကစပြီး အလည်ထွက်လို့ ဘလော့အိမ်လေးမှာ အိမ်ကပ်နိုင်မယ် မထင်သေးဘူး 26ရက်နေ့မှ ပြန်လာမယ်ဗျို
မောင်နှမတွေ သူငယ်ချင်းတွေရေ တန်ဆောင်တိုင်ပွဲတော်မှာ ဆေးပေါင်းခလို့ ပျော်ရွှင်ကြပါစေနော်
Happy Tazaung Daing!
Wish you all enjoy together with your beloved one!

Wednesday, November 21, 2007

ဗုဒ္ဓဘာသာ နဲ့ တန်ဆောင်တိုင်ပွဲတော်

ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် မိမိတို့ ယုံကြည်ကိုးကွယ်မှု အလိုက် ဘာသာရေး ကွဲပြားခြားနားကြသည်။ ဘာသာကြီးလေးခုအနေဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူ တို့ ဖြစ်ကြသည်။

ကျမတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ပါသည်။ ထို့ ကြောင့် နိုင်ငံ၏ လူဦးရေ ၈၉% ခန့်သည် ဗုဒ္ဓဘာသာ ဖြစ်၍ ခရစ်ယာန် ၄%၊ အစ္စလာမ် ၄%၊ ဘာသာမဲ့ ၁% နှင့် အခြားကိုးကွယ်ယုံကြည်မှုမှာ ၂% ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံများတွင်မှ ထပ်မံ ကွဲပြားခြားနားမှုလည်း ရှိပါသေးသည်။ ယင်းမှာ ထေရ၀ါဒနှင့် မဟာယန ဟူ၍ ကွဲပြားမှုပင် ဖြစ်သည်။
ထေရ၀ါဒ ဟူသည် - မြတ်စွာဘုရား၏ တရားတော်ကို မပြုမပြင်ပဲ မဖြည့်မစွက် လိုက်နာခြင်း
-သဗ္ဗညုတဥာဏ်ကို ဘုရားဖြစ်မှ ရနိုင်သည်ဟု လက်ခံ ယုံကြည်ခြင်း
-သပိတ်နှင့် ဆွမ်းခံထွက်၍ ညစာလည်း မစားရပါ။
-ဆွမ်းအမျိုးအစား သတ်မှတ်ထားခြင်း မရှိပါ။
မဟာယန ဟူသည် - မြတ်စွာဘုရား၏ တရားတော်ကို ကာလဒေသပေါ်လိုက်ပြီး ပြောင်းလဲ လိုက်နာခြင်း
-ဆွမ်းခံမထွက်ပဲ ကိုယ်တိုင် ချက်စားခြင်း
-ဆွမ်းအမျိုးအစားကို သတ်သတ်လွတ် အဖြစ်သတ်မှတ်ထားခြင်း
စသည်ဖြင့် ကွဲပြားခြားနားပါသည်။

ထေရ၀ါဒ ကိုးကွယ်သော နိုင်ငံများမှာ မြန်မာ၊ ကမ္ဗောဒီးယား၊ ထိုင်း နှင့် သီရိလင်္ကာ တို့ ဖြစ်၍ မဟာယန ကိုးကွယ်သော နိုင်ငံများမှာ ဂျပန်၊ ကိုရီးယား၊ လော နှင့် တရုတ်နိုင်ငံတို့ ဖြစ်ပါသည်။

ဝိနည်းတော်လာ ပရိက္ခရာ (၈) ပါး

သင်းပိုင်၊ သပိတ်၊ ဧကသီ၊ သင်တုံးဓား၊ ဒုကုဋ်၊ အပ် + ချည် ၊ ခါးပန်းကြိုး၊ ရေစစ်

တန်ဆောင်တိုင် ပွဲတော် နှင့် ကထိန် သင်္ကန်း လှူဒါန်းရခြင်း သမိုင်း
သုံးလောက ထွဋ်တင် သဗ္ဗညု ဘုရားသခင်သည် ဇေတ၀န် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ် ပါးရှား ပါဝေယျကရဠတိုင်းသား ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့ အား အကြောင်းပြု၍
၁။ ၀ါဆို ၀ါကပ်တော်မူကြသည့် ရဟန်းသံဃာတော်များအား သင်္ကန်းကိစ္စနှင့် ပတ်သက်၍ ပူပင်ကြောင့် ကြမှု မရှိစေပဲ သင်္ကန်းရစေမှု၊
၂။ ကထိန် အာနိသင် (၅) ပါး ခံစားရမှု၊
၃။ ကထိန်သင်္ကန်းလှူသူ အကျိုးများမှု၊
ဤ အချက်ကြီး (၃) ချက်ကို ရည်မှတ်တော်မူလျက် “အနုဇာနာမိ ဘက္ခဝေ ၀သ်သံ ၀ုတ္တာနံဘိက္ခူနံ ကထိန် အတ္ထရံတုံ ” အစရှိသဖြင့် ၀ိနည်း မဟာဝါ ကထိနက္ခန္ဓက၌ လာသည့် အတိုင်း ၀ါကျွတ် မိုးနှောင်း အချိန်ကောင်းတွင် ကထိန်ခင်းမှုကို ခွင့်ပြု သတ်မှတ် ပညတ်တော်မူခဲ့လေသည်။

ကထိန်သင်္ကန်းအား ညတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
ကထိန် ညတ်သင်္ကန်းဆိုသည်မှာ..
ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို ညတ္တိဒုတိယ ကမ္မ၀ါစာဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန် ညတ်သင်္ကန်းကြီးဟု ခေါ်ကြပါသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ ညတ်သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့် လည်း လှူဒါန်း နိုင်ပါသည်။ (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ က-၀ဂ်၊ အတွဲ-၅၊ ၁၉၉။)

ဒီနှစ်တော့ လမ်းထဲက ဓမ္မောဝါဒ ဓမ္မာရုံမှာ (၁၅) ကြိမ်မြောက်လမ်းသူလမ်းသားများ၏ စုပေါင်းဘုံကထိန်အတွက် ဒွိစုံ သင်္ကန်း တစ်စုံနှင့် ရုံးတည်ရှိရာ ဘုန်းကြီးလမ်းက ဘုံကထိန်အတွက် ဒွိစုံ သင်္ကန်း တစ်စုံ ၀ယ်ပြီး လှူဖြစ်ပါတယ်။
စနေနေ့ တန်ဆောင်မုန်းလပြည့် နေ့ အစီအစဉ်ကတော့ ဆွမ်းကြီးလောင်းလှူပြီးရင် သူငယ်ချင်းတွေနဲ့ အတူ ပွဲဈေးလျှောက်မယ်လို့ စိတ်ကူးထားပါတယ်။ ညပိုင်း အစီအစဉ်ကိုတော့ ဒီပို့စ်မှာ ပြောပြသေးဘူးဗျာ။

ကထိန်နဲ့ ပါတ်သက်ပြီး ဗဟုသုတရမဲ့ ပို့စ်လေးတွေကိုတော့ ဒီမှာ ထပ်မံ ဖတ်ရှုနိုင်ပါတယ်လို့ လက်တို့ ပြီး ပြောလိုက်ပါရစေ။
ကထိန်အကြောင်း တစေ့တစောင်း
ကထိန်ပွဲ ကျင်းပကြရာဝယ်
ကထိန်အာနိသင်ငါးမျိုး...

အချစ်ဟောင်းကို အိတ်ဖွင့်ပေးရမတဲ့

Tag ရာသီက မကုန်နိုင် အလုပ်တွေလဲများလို့မှိုင်
မရေးရင်လဲ မခင်လို့ လို့ ပြောမဲ့ ကိုဝေ ရေ
မကျေနပ်ရင်တော့ ရပ်ကွက်ရုံးကိုတိုင်
မယ်လိုဒီ ဆားချက် စတိုင်လ် အဟတ်ဟတ်

အချစ်ဟောင်းကို အိတ်ဖွင့်ပေးရမတဲ့

ဟိုး ဆယ်ကျော်သက်ကနေ ချစ်ခဲ့ တဲ့ အချစ်ဟောင်းပဲ ပေးရမလား
ဒီနှစ်ထဲမှာမှ အသည်းကွဲကျန်ခဲ့စေတဲ့ အချစ် မဟောင်း တဟောင်းကိုပဲ ပေးရမလား
ကြားထဲမှာ အစားထိုးရမလား တွဲကြည့်ဖူးတဲ့ ရည်းစားဟောင်းတွေကိုပဲ ပေးရမလား
ဟူးးးးးးးးးးးးးးးး အချစ်ဟောင်းတွေက များလွန်းသလား မသိ
ကဲ..ကဲ ရောချလိုက်ပီ လာလေရော့


အချစ်ဟောင်းရေ..
ရာသီတွေပြောင်း နှစ်တွေဟောင်းလဲ
နင့်ကိုတော့ မေ့မရပါ
ငယ်ကချစ်တော့ အနှစ်တရာ မမေ့သာ
အချိန်နဲ့ အမျှ သတိရခဲ့တာ..

နင့် အသည်းထဲမှာ ကွန်ဒိုဆောက်ပီး ငါ့အတွက် တနေရာ ချန်ထားရင် ကျေနပ်နေမယ် နောက်ပြောင်ပြောလဲ
နင်ပြန်ပြောတော့ နင့်အသည်းက ဇရပ်ပျက်လား
ဘာပဲဖြစ်ဖြစ် တခဏတာ နားခိုခွင့် ရခဲ့တာကိုပဲ ကြံဖန်ကျေနပ်ခဲ့သူပဲ

ဒီဘ၀မှာ ပေါင်းစပ်ခွင့် မကြုံလို့
တို့တွေ ဘ၀ကိုယ်စီမှာ နေနေရလဲ
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်ခဲ့ဖူးတာ သတိရနေရင်
အထီးကျန်ဘ၀ထဲမှာ ငါနေပျော်ပါပြီ အချစ်ဟောင်းရေ…

Tuesday, November 20, 2007

Happy Birthday ပါ ဟိုလိုလူရေ

မွေးနှေ့မှာ ပျော်ရွှင်ပါစေကွာ
မွေးနေ့မတိုင်ခင်မှာ ကြုံတွေ့ရသမျှ အဆိုးတွေအားလုံး ပိန်းကြာဖက်ပေါ်ရေမတင်သလို လျှောကျပျောက်ကင်းလို့
ခုလာမဲ့ နှစ်အတွက် အနာဂတ်ရဲ့ ရွှေရောင်နေ့သစ် မျှော်လင့် ချက် အိမ်မက်တွေနဲ့ အစစအရာရာ လုပ်သမျှ အဆင်ပြေပါစေ။
မွေးနေ့မှာ သူငယ်ချင်းတွေကို စားချင်တာကျွေးမယ်ဆိုလို့လဲ ကြားရတာနဲ့တင် ၀သွားပါပီဗျို
တကယ်ကျွေးချင်သပဆိုရင်တော့ ဟို flyer ကြီးက capsule ထဲမှာ မှာလို့ ရတာ စားမယ်ကွာ
မွေးနေ့မှန်းကြိုမသိလိုက်ဘူး ကြိုသိရင်တော့ မွေးနေ့လက်ဆောင် အထုပ်အကြီးကြီး ပို့ပေးလိုက်ပါတယ်။
(ဘာပါမလဲဆိုတာတော့ နောက်နှစ်မွေးနေ့ကျမှပဲ စောင့်ကြည့်တော့နော် ဒီနှစ်က မမီတော့ဘူးလေ ဟုတ်တယ်မလား :P )
ဖြစ်နိုင်ရင် Sedonaမှာ ဒင်နာလိုက်ကျွေးချင်တာ ဆိုတဲ့ မွေးနေ့ရှင်ကြီးရေ နောက်နှစ်မှာ အဲဒီဆန္ဒလဲ ပြည့်ပါစေနော်

အော် မေ့နေလိုက်တာ ဒီနှစ်မွေးနေ့တော့ ငါ က နင့်အတွက် ကားလေး ၀ယ်ပို့လိုက်တယ် သိလား :)

Thursday, November 15, 2007

ပို့စ် တစ်ရာမြောက်ပို့စ်

သူများတွေ ဘလော့ဂ်ရေးတာ တစ်နှစ်မြောက် နှစ်နှစ်မြောက်တွေ ပို့စ်တင်တုန်းက သွားပြီး ကြည်နူးပြီး ဆုတောင်းတွေခြွေဖူးတယ်ဗျ။
ကိုယ့်မှာတော့ ဘလော့ဂ်နှစ်ခုရှိတယ်။ တစ်ခုက English လိုရေးပြီး တစ်ခုက မြန်မာလိုရေးခဲ့တာ။ အဲဒီ ဘလော့ ဂ်နှစ်ခုလုံးက တပြိုင်နက်မွေးဖွားလာတဲ့ အမွှာ မဟုတ်ပေမဲ့လဲ ပိုင်ရှင်က တစ်ယောက်တည်းမလို့လား မသိဘူး မရည်ရွယ်ပါပဲ ထူးဆန်းစွာနဲ့ ဘလော့ ဂ်နှစ်ခုလုံးမှာ တပြိုင်နက်တည်း ပို့စ်တစ်ရာမြောက်ပို့စ်ကို ရေးဖို့ ကြုံလာတော့လဲ မယုံကြည်နိုင်စွာနဲ့ပဲ ထူးထူးခြားခြား ဘာပို့စ်လေး တင်ရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ပဲ ဒီပို့စ်လေးကိုပဲ English လိုရော မြန်မာလိုပဲ တင်ချင်မိတော့တယ်။

လူ့အသက်တစ်ချောင်းကို မွေးဖွားပြီး ကြီးထွားအောင် ပြုစုပျိုးထောင်ခဲ့တဲ့ မွေးမေမေကို ကျေးဇူးအနန္တ တင်သလိုမျိုး ဒီဘလော့ဂ်နှစ်ခုလုံး အဓွန့်ရှည်ရပ်တည်အောင် ထူမတ် စောင့်ရှောက်ပေးခဲ့တဲ့ ဘလော့ဂါရပ်ဝန်းက မောင်နှမ အပေါင်းအသင်း သူငယ်ချင်းအားလုံးကိုပဲ ကျေးဇူးတင်ကြောင်းပြောပါရစေ။
ကျေးဇူးရှင်ဆိုတာမှာ ကောင်းတာပြောပြီး ဖေးမပေးတဲ့ သူရှိသလို မကောင်းတာ အပြစ်ပြောပြီး ဖိနှိပ်သွားတဲ့သူတွေလဲ ရှိတာပဲ။ အဲတော့ ဒုတိယတစ်မျိုးကိုတော့ စိတ်ထဲမှာထားပြီးပဲ ကျေးဇူးတင်ပါရစေ။ ပထမတန်းစား ကျေးဇူးရှင်တွေကိုတော့ နာမည်နဲ့တကွ ဖေါ်ပြပြီး ကျေးဇူးတင်ပါရစေနော်။

28 Feb ကျမမွေးနေ့မှာပဲ ဘလော့ဂ်တစ်ခု ဖန်တီးဖြစ်ပါတယ်။ ဘလော့ဂ်ဆိုတာကို သိမိလိုက်တာကတော့ မြန်မာကျူးပစ် ဖိုရမ်ထဲမှာ ကိုမောင်လှ ဘလော့ကို တွေ့မိရာက စပါတယ်။ ဘလော့ဂ်တခု ရှိပေမဲ့လဲ ဘယ်ကစလို့ ဘာအကြောင်းရေးရမှန်း မသိသေးလို့ နှစ်ပါတ်လောက်ကြာအောင် သူများ ဘလော့ဂ်တွေမှာပဲ လျှောက်လည်ရင်း ဖတ်ဖြစ်ပါတယ်။
အဲဒီလိုနဲ့ 13 March မှာတော့ ပထမဆုံး ပို့စ်လေး စတင်ဖြစ်ပြီး ကျမရဲ့ English Blog လေး အသက်ဝင်လာတာပါ။ ရေးချင်တာလေးတွေ လက်တည့်စမ်းရေးရင်းနဲ့ပဲ မြန်မာဘလော့ဂါ ဖိုရမ်လေး ထဲမှာလဲ မင်ဘာဖြစ်ပြီး လျှောက်မေးလျှောက်နှုတ်ဆက်ရင်း ဘလော့ဂါတွေ တော်တော်များများ ပိုသိလာပါတယ်။ English Blog လေးမှာ ပင်တိုင် လာအားပေးတာကတော့ ကိုရန်အောင်၊ ဘာညာ၊ မဟေမာ၊ မိုက်ကယ်ဆင့် နဲ့ လင်းလက်တို့ပါပဲ။ ဖိုရမ်မှာတော့ ဘလော့ဂါတွေစုစည်းထုတ်ဝေမဲ့ စာအုပ်အစီအစဉ်လေး ဖတ်မိ သိရှိရာကစလို့ အလှူငွေ ထည့်ဝင်ဖို့ ပါဝင်ကူညီဖို့ စိတ်ကူးမိတဲ့အတိုင်း ဆက်သွယ်မိရာက ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုစေတန်ဂေါ့ တို့နဲ့ ခင်မင်ရင်းနှီးလာပါတယ်။ ပထမဆုံးတွေ့ဖူးတဲ့ ဘလော့ဂါကတော့ အလှူငွေ လာကောက်ပေးတဲ့ စေတန်ဂေါ့ပါ။ အွန်လိုင်းကနေ စကားပြောဖြစ်တဲ့ ပထမဆုံး ဘလော့ဂါကတော့ ဟိုလိုလူ(ဇင်ကိုလတ်)ပါ။ ဂျီတော့ခ်မှာ အက်လိုက်ပေမဲ့ ဟိုလိုလူက ဘယ်သူမှန်း စစချင်းမသိလို့ အဆဲခံရတာ အမှတ်တရပါ။ အပြင်မှာ ဘလော့ဂါတွေစုဆုံဖို့ မတိုင်ခင် ရင်းရင်းနှီးနှီး စကားပြောဖူးရာက ယနေ့ထိ ဘလော့ဂါ လှုပ်ရှားမှု မှန်သမျှအတွက် အရင်းနှီးဆုံး တိုင်ပင်ဆွေးနွေးဖြစ်တဲ့ ဘလော့ဂါက မြို့စားကြီး နေဘုန်းလတ်ပါ။

ဒီလိုနဲ့ ဘလော့ဂ်ရေးတာ နှစ်လခွဲလောက်ကြာလို့ 22 May ကျမှ မြန်မာ ဘလော့ဂ်တခု ထပ်ရေးဖြစ်ပါတယ်။ အဲဒီမှာလဲ ညီမလေး အိမွန်စိုးကနေ အများနဲ့ မတူ တမူထူးခြားတဲ့ အမူအကျင့် (၁၀) ခု ရေးရမယ်ဆိုပြီး တက်လာတာနဲ့ ကြိုးစားပြီး ၀င်းဖွန့်နဲ့ ရိုက်ပြီးမှ ကိုရန်အောင်က ဇော်ဂျီဖွန့် ကူညီပြောင်းပေးတာကို ပို့စ်ပြန်တင်ခဲ့ရတာလေ။ အဲဒီ မြန်မာဘလော့ဂ်လေး ရေးဖြစ်အောင် တတွတ်တွတ်ပြောပြီး အားပေးကူညီခဲ့တာ ကိုရန်အောင်၊ ဆီဗုံးမှာ နှုတ်ဆက်အားပေးစကားတွေ လာပြောပေးခဲ့တာ နိုင်းနိုင်းစနေ၊ ကွန့်မန့်တွေကို မကြာမကြာ လာရေးပေးကြတဲ့ ကိုစေးထူး၊ ကိုချမ်းမြစိုး၊ Mayvelous ၊ သမုဒယ၊ ကိုသန့်ဇော်မင်း နဲ့ ကိုတိုး တို့ပါ။

ဘလော့ဂ်မှာ ကလိချင်တိုင်း ကလိလို့ လိုအပ်သမျှ မညီးမညူ ကူညီ ပြင်ဆင် ပြောကြားပေးတာကတော့ ကိုရန်အောင် နဲ့ ကိုချမ်းမြစိုးပါ။

ဘလော့ဂါ လိပ်စာတွေလိုတိုင်း ဘလော့ထဲမှာ ဟိုဟာလေး ဒီဟာလေးတွေ ထည့်ချင်တိုင်း သွားသွားဖတ်ရင်း လူချင်းမတွေ့ခင်ကတည်းက ရင်းနှီးနေမိတာကတော့ ဘလော့ဂါဘိုးအေကြီး ညီလင်းဆက်ပါ။

မြန်မာဘလော့ဂ်လေးလဲ အရှိန်ရလာတော့ ရော ခုနောက်ပိုင်းမှာမှပါ ဘလော့ဂါရပ်ဝန်းထဲကို အသစ်ဝင်လာရင်း ခင်မင် ရင်းနှီးခွင့်ရလို့ လာလည်အားပေးဖတ်ရှုကြတဲ့ ဒီဘလော့နှစ်ခုလုံးမှာ မပျင်းမရိ မငြီးမငွေ့ ဆီဗုံးတွေမှာ နှုတ်ဆက် ကျီစယ်နောက်ပြောင်သွားကြတဲ့ ဘလော့ဂါ မောင်နှမ သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူး တင်ရှိပါကြောင်းဗျို။

အဲတော့ ဒီပို့စ်ထဲမှာ နာမည် ပါသူအားလုံးရော မမှတ်မိလို့ ကျန်ခဲ့ပေမဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရင်း မှတ်တမ်းမှတ်ရာနဲ့ တကွ ကျေးဇူးတင်လိုက်ပါတယ်နော်။

Wednesday, November 14, 2007

အမျိုးသား ကန်တော်ကြီး ဥယျာဉ်

မန်းမှာ ရာသီဥတု ပူတိုင်း မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်ကို အပါတ်တိုင်းနီးပါးသွားလည်နေကြ။ သွားရင်လဲ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ထဲသွားပြီး ပျော်ပါး ဆော့ကစား အနားယူပြီး ပြန်လာနေကြ။ သူငယ်ချင်းတွေကို ခုတော့ သိပ်သတိရသဗျ။

အိမ်ကနေ ဆိုယ်ကယ်ကိုယ်စီနဲ့ ဖြစ်ဖြစ် ကားနဲ့ပဲ ဖြစ်ဖြစ် မနက် 7နာရီလောက်မှာ စထွက်။ 45မိနစ်၊ 1နာရီလောက်မောင်းပြီးရင် 5ထပ်၊ 6ထပ်ကွေ့ view point မှာ ခဏနား။ ဆက်သွားတော့ 21မိုင်ကိုရောက်။ အဲဒီက ဒေါ်ထားရီဆိုင်မှာ ကြာဇံချက်သောက်၊ ကော်ဖီသောက်။ ပြီးရင် ဆက်တက် မေမြို့ ရောက်။ ကန်တော်ကြီးထဲသွား နား။
နေ့လည်စာ ကို အဲဒီထဲမှာတင် စား (၀ယ်စား သို့မဟုတ် မန်းမှာကတည်းက ပါဆယ်ဝယ်လာတာစား)၊ ဟိုနားဒီနားသွားအိပ်။ 3နာရီထိုးတော့ ပြန်ဖို့ပြင်။ အချိန်စောသေးရင် ဈေးထဲသွား။ မြို့ထဲက စတော်ဘယ်ရီခြံမှာ အသီးတွေ ကိုယ်တိုင်ခုးပြီး စတော်ဘယ်ရီ ဖျော်ရည်သောက်။ မေမြို့ ကဆင်းတော့ အောင်ချမ်းသာကို အမြဲဝင်။ အသီးအရွက်နဲ့ ပန်းပင်တွေ ၀ယ်ချင်လဲဝယ်၊ ပဲကြော်တွေလဲဝယ်။ တခါတလေ ဒိုးကွင်က ခြံထဲဝင်ပြီး တညင်းသီးဝင်ခူး။ view point မှာ sunset ကြည့် ဓာတ်ပုံရိုက်။ ဒီလိုနဲ့ အကွေ့တွေကို ဆက်ဆင်းပြီး မန်းလေးပြန်ရောက်။ အိမ်ပြန်ကြ။ ဒီခရီးကတော့ အိမ်ဦးနဲ ကြမ်းပြင် ဖြစ်ခဲ့တာပါပဲ။ ကြုံရင်တော့ ပုံတွေနဲ့ ပို့စ်သီးသန့် ထပ်တင်ချင်ပါသေးရဲ့။

လောလောဆယ်တော့ ကြော်ငြာလေးတခုတွေ့လို့ တင်ပေးလိုက်ပါရစေ။

Tuesday, November 13, 2007

အိတ်ထဲမှာ ဘာပါသလဲ ဆိုတော့

စိုင်းစိုင်းက တက်ထားတယ်။ မမီ အိတ်ကို သွန်ချကြည့်ရင် ဘာပါမလဲတဲ့။
သွန်ချချင်ပါဘူး။ အဲလိုလုပ်ရမှာလဲ ရှက်စရာကြီး။

အဲတော့ ချောင်းပဲကြည့်လိုက်တယ်။ ပြန်ပြောပြမယ်။

လွယ်တဲ့ အိတ်က ငယ်ငယ်ကတော့ ဘေးလွယ်အိတ် ခပ်ကြီးကြီး (သို့မဟုတ်) ကျောပိုးအိတ် တောင်တက်အိတ်မျိုး လွယ်တာကြိုက်ပေမဲ့ အသက်ကြီးလာတော့ ရုံးအလုပ်နဲ့ ကိုက်အောင် အမျိုးသမီးလွယ် စလင်းဘက်အိတ် မကြီးမသေးပဲ လွယ်ရတော့တယ်ကွ။
အိတ်ထဲမှာက နှစ်ပိုင်းခွဲထားတယ်ဗျ။ ရှေ့တပိုင်းမှာ visiting card တွေထည့်ထားတဲ့ လိပ်စာ စာအုပ် 3အုပ်၊ ရုံးတံဆိပ်ပါ နာမည်နဲ့ ရင်ထိုးတခု၊ ရုံးသော့ တတွဲ၊ အကြမ်းရေးဖို့ note pad သေးသေးလေးတအုပ် နဲ့ ဖုံးပြောတဲ့အခါ သုံးဖို့ လိုလိုမယ်မယ် hand free တခု ပါတယ်ကွ။
နောက်တပိုင်းမှာကတော့ အကြွေးစာရင်း(အဟဲ အသုံးစာရင်း)မှတ်ထားတဲ့ စာအုပ်သေးတအုပ်၊ tissue တထုတ်၊ မိတ်ကပ်(2way) နဲ့ နှုတ်ခမ်းနီ တစ်စုံပါတဲ့ အိတ်လေးတခု၊ hand cream cube တစ်တောင့်( keyboard ကိုင်တော့ လက်ညစ်ပတ်တယ်ခံစားရင်လိမ်းဖို့ )၊ တွေ့ကရာ ကောက်သိမ်းထားတဲ့ လက်ကမ်းစာရွက်၊ ဆေးစစ်ချက်တွေ၊ ဟို ဘောင်ချာ (ဒီဘောင်ညာ)တွေ :P ပြီးတော့ wallet တခု(အထဲမှာက ဟိုကဒ်ဒီကဒ်တွေနဲ့ သုံးစရာ ပိုက်ပိုက်အနည်းငယ် ပါပါတယ်ဗျ)။
အိတ်နောက်ဘက်က ဇစ်အိတ်အသေးထဲမှာတော့ ဘောလ်ပင်နဲ့ အိမ်သော့ ထည့်ထားလေ့ ရှိပါတယ် (ဖွက်မထားကြေးနော်)။

ကဲ.. ထွေလီကာလီ သိပ်မထည့်ထားပါဘူးနော်။ အိတ်အရောင်ကတော့ အသစ်တုန်းက အဖြူရောင်ဗျာ။ ခုတော့ သုံးရင်းနဲ့ပဲ မီးခိုးရောင်လိုလို မန်ကျည်းမှည့်ရောင်လိုလို ဖြစ်လာသလိုပဲ အဟဲ (တို့က ညစ်ပတ်တယ်နော် အချစ် အဟတ်ဟတ်)

စာကြွင်း။ ။ စာရွက်စုတ်လေးတွေနဲ့ မှတ်ထားတဲ့ အကြွေးစာရင်း(အသုံးစာရင်း ဂဏန်းအတိုလေးတွေ)ကိုတော့ သူငယ်ချင်းတွေက ဖုန်းနံပါတ်တွေမှတ်ထားတယ်လို့ ထင်ဖူးသဗျ :P

Monday, November 12, 2007

ကျွန်မကြောက်သော သတ္တ၀ါအပေါင်း

Chaos လေးက တက်ထားတယ်ဗျာ။ ဘာကောင်တွေကြောက်လဲ ပြောပြတဲ့။ Chaos ရေ စာတတန်ပေတဖွဲ့ ကြီးပြောရမှာလားဟင် ။ အားပါဘူး ပျင်းပါတယ်ဆိုမှ။
ဘာပဲဖြစ်ဖြစ် ၀တ္တရားမကင်းတော့လဲ လာလေရော့ ။ ကြောက်တာက မြွေ၊ တီကောင်၊ မျှော့၊ ကျွတ်၊ ခရု၊ ပက်ကျိ ပြောမယ်ဆိုရင် တွန့်လိမ်တွန့်လိမ် ယားကျိကျိကို ကြောက်၏။ ဒါပေသိ သူတို့ထက် ပိုကြောက်ရတဲ့သူ နောက်ထပ် ၃မျိုးရှိသေးတယ်။

နံပါတ်(၁) ပုရွက်ဆိတ်
ကန်တော်ကြီးထဲက သစ်ပင်အောက်မှာ ညောင်းလို့ ထိုင်ပြီးမှ အိမ်ပြန်လာတော့ တက်စီ ကားပေါ်မှာတင် ဒုက္ခနဲ့ လှလှနဲ့ တွေ့ဖူးတယ်။
သူက ဘောင်းဘောင်းထဲ ၀င်ပြီး နှိပ်စက်လို့ အောင့်ခံပြီး ကားရပ်တာနဲ့ အိမ်ထဲအမြန် ပြေးဝင်ပြီး သူနဲ့ ဖိုက်တင် ပလေးဖူးလို့ ကြောက်တယ်။

နံပါတ်(၂) လင်းနို့
သူငယ်ချင်းအိမ်ထဲ လင်းနို့ ၀င်တော့ မကြောက်နဲ့ မကြောက်နဲ့ ငါ ခြောက်ပေးမယ်ဆိုပြီး ကြက်မွေးနဲ့ ရိုက်ပြီး သူရဲကောင်းဝင်လုပ်တာ။ လင်းနို့က ကိုယ့်မျက်နှာဆီ တည့် တည့် ၀င်တိုးလာလို့ “အမေရေ” အော်ပြီး ကြမ်းပြင်မှာ ပြားပြားဝပ် ငိုခဲ့ ရဘူးလို့ လဲ ကြောက်တယ်။

နံပါတ်(၃) ခွေးစုတ်ဖွား
သွားနေကျ ဆရာမအိမ်ကို စကတ်တိုတိုဝတ်ပြီး ဒန်းအောက်မှာ အိပ်နေတဲ့ ခွေးစုတ်ဖွားကို မမြင်ပဲ ဒန်းပေါ်ကနေ ခြေထောက်လေးရမ်းပြီး သီချင်းလေးညီးလို့ ဆရာမကို စောင့်နေတုန်း သကောင့်သားက နိုးလာပြီး ခြေသလုံးကို နှစ်ချက်တောင် ကိုက်ခဲလို့ သွားရာ ၀နှစ်လုံးပူး ဖြစ်ပြီး ဆေးခန်းမှာလဲ မေးခိုင်ကာကွယ်ဆေးထိုးလိုက်ရလို့ သူတို့ ကို လဲကြောက်တယ်ဗျို။

ကဲ.. အကြမ်းဖျဉ်းလေး ပြောပြလိုက်ပြီ။ အသေးစိတ် ပြောပြရင် ရှက်စရာကြီးမလို့ ဒီလောက်နဲ့ ပဲ ကျေနပ်တော့နော်..နော်။

Saturday, November 10, 2007

အာဆီယံခရီးသွားလမ်းညွှန်


သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းပါ။
သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမည် ဟူသော မူဝါဒကို လက်ကိုင်ထားရှိသည့် ခရီးသွား ကိုယ်စားလှယ်များနှင့် ခရီးသွား ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်းများကိုသာ ဆက်သွယ် အသုံးပြုပါ။
အမှိုက်စွန့်ပစ်ရာတွင် ဂရုပြုပါ။ ခြေရာများသာကျန်ရစ်ပြီး အမှိုက်များ မကျန်ရစ်ပါစေနှင့်။ အမျိုးသားဥယျာဉ်များနှင့် ပင်လယ်သဘာဝ ပတ်ဝန်းကျင်ကဲ့သို့သော နယ်မြေများ ကာကွယ်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ စည်းကမ်းများကို လိုက်နာပါ။

တောရိုင်း တိရစ္ဆာန်များနှင့် ကျက်စားရာဒေသများကို ထိန်းသိမ်းပါ။
တောရိုင်း တိရစ္ဆာန်များနှင့် ကျက်စားရာဒေသများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးကြီးသော အခန်းကဏမှ ပါဝင်ဆောင်ရွက်ပါ။ အမျိုးသားဥယျာဉ်၊ ပင်လယ်သဘာဝ ပတ်ဝန်းကျင်တို့ ကဲ့သို့သော နယ်မြေများသို့ သွားရောက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပါ။
မျိုးတုန်းလုဖြစ်နေသော အပင်နှင့် တိရစ္ဆာန်များဖြင့် ပြုလုပ်သော အမှတ်တရ ပစ္စည်းများကို လုံးဝ ၀ယ်ယူ အားပေးခြင်း မပြုပါနှင့်။

မလျော်မကန်ပြုခြင်း၊ အမြတ်ထုတ်ခြင်းကို တားဆီးရန် ကူညီပါ။
မလျော်မကန်ပြုခြင်း၊ အမြတ်ထုတ်ခြင်းမှ လူသားတိုင်း အကာအကွယ်ရရှိခွင့် ရှိပါသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များကို ကာကွယ်စောင့် ရှောက်ပါ။ မိမိကိုယ်တိုင် မည်သည်တို့ကို ပြုလုပ်၍ မည်သည့် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးသုံးစွဲခဲ့သည်ကို ဆင်ခြင်သုံးသပ်ပါ။
အာဆီယံနိုင်ငံများတွင် ကလေးသူငယ်များကို လိင်မှုကိစ္စ မလျော်မကန်ပြုခြင်းသည် တရားဥပဒေနှင့် ဆန့်ကျင် ပါသည်။ ပင်လယ်ရပ်ခြားတွင် ကလေးသူငယ်များကို လိင်မှုကိစ္စ အမြတ်ထုတ်သည့် ခရီးသွားများကို နေရပ်ပြန်ရောက်လျှင် အရေးယူရန် ဥပဒေများ တင်းကြပ်စွာ ချမှတ်ထားပါသည်။

ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကို လေးစားပါ။
အရှေ့တောင် အာရှတွင် ဒေသခံတို့၏သဘောထားနှင့် ယဉ်ကျေးမှုများမှာ မိမိတို့ နိုင်ငံနှင့် မတူညီနိုင်ပါ။ ဒေသခံများ၏ ယဉ်ကျေးမှု နှင့် ထုံးတမ်းစဉ်လာများကို လေးစား ဂရုပြုလျှင် ဒေသခံများကို ထိခိုက်စေသည့် အပြုအမူမျိုးကို ရှောင်ရှားနိုင်ပါမည်။
အရှေ့တောင် အာရှတွင် အ၀တ်အစားကို အိနြေ္ဒရစွာ ၀တ်ဆင်ရန် အရေးကြီးပါသည်။ ဒေသခံထုံးစံများကို မေးမြန်းပြီး အလားတူ ၀တ်စားဆင်ယင်နိုင်ပါသည်။ ဘာသာရေး အထွဋ်အမြတ်နေရာများ၊ ဘုရားရှိခိုးဝတ်ပြုရာနေရာများသို့ မသွားရောက်မီ မည်သို့သော အ၀တ်အစား ၀တ်ဆင်သင့်သည်ကို စုံစမ်းမေးမြန်းပါ။
ဓာတ်ပုံ သို့မဟုတ် ဗွီဒီယို ရိုက်ကူးရာတွင် ရိုက်ကူးသည့် နေရာ၊ နည်းလမ်းနှင့် အချိန်တို့ကို သတိထားရပါမည်။ မရိုက်ကူးမီ မေးမြန်းပါ။

သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းပါ။
ဧည့်သည်များ သွားရောက်ခွင့်ပြုသော နေရာများသို့သာ သွားရောက်လေ့လာခြင်းဖြင့် သမိုင်းဝင်နေရာများကို ထိန်းသိမ်းရေး ကူညီပါ။ အချို့နေရာများတွင် ၀င်ကြေးကောက်ခံခြင်းမှာ ဒေသခံများအနေဖြင့် နယ်မြေတ၀ိုက် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖြစ်ပါသည်။ သို့မှသာ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ဧည့်သည်များ လာရောက် ကြည့်ရှု ခံစားနိုင်ကြမည် ဖြစ်ပါသည်။

ဝယ်ယူအားပေးခြင်းဖြင့် စီးပွားလမ်း ဖြောင့်ဖြူးပါစေ။
ခရီးသွားများသုံးစွဲသည့် ငွေကြေးမှာ ဒေသခံများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရပ်ရွာများအတွက် အကျိုးထူးများစွာ ဖြစ်စေနိုင်ပါသည်။ သုံးစွဲလိုက်သောငွေသည် မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို စဉ်းစားပါ။ ဒေသထွက်ပစ္စည်းများ၊ ဒေသခံ လက်မှု အနုပညာရှင်များ၏ လက်ရာများ၊ မိရိုးဖလာ လက်မှုပညာရှင်များ ထုတ်လုပ်သော ပစ္စည်းများကို ၀ယ်ယူအားပေးပါ။ များသောအားဖြင့် ဈေးဆစ်လေ့ ရှိကြသည်မှန်သော်လည်း မျှတသောဈေးနှုန်းကို ပေးရန် မမေ့ပါနှင့်။

ဤမူများကို လေးစားသော ခရီးသွား ကိုယ်စားလှယ်များနှင့် ခရီးသွား ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်းများကိုသာ ဆက်သွယ်အသုံးပြုပါ။

ကလေးသူငယ်များကို လိင်မှုကိစ္စ မလျော်မကန်ပြုခြင်း သံသယရှိပါက ဖော်ပြပါ ဖုံးနံပါတ်များသို့ ဆက်သွယ်ပါရန်..
ဖုံးနံပါတ်။ ။ ရန်ကုန် ၀၁ ၅၁၃ ၂၂၇၊ ၀၁ ၅၁၃ ၁၇၅၊ ၀၁ ၅၅၅ ၉၅၂။
နေပြည်တော် ၀၆၇ ၄၁၂ ၁၈၈၊ ၀၆၇ ၄၁၂ ၀၃၄၊ ၀၆၇ ၄၁၂ ၁၃၉။

Friday, November 9, 2007

စကားအရာအင်္ဂါ(၅) တန်

(၁) ကာလ - ပြောသင့်သော အခါမှ ပြောဆိုရာ၏။ အချိန်မတန်လျှင် မပြောဆိုရာ။
(၂) သစ္စာ - အမှန်ကိုသာ ပြောဆိုရာ၏။ မမှန်မကန် လုပ်ကြံမပြောဆိုရာ။
(၃) သဏု - နူးညံ့ ချိုသာစွာ ပြောဆိုရာ၏။ ခက်ထန် ရင့်သီးစွား မပြောဆိုရာ။
(၄) အတ္တသံဟိတ - အကျိုးစီးပွါးဖြစ်မည့်စကားကိုသာ ပြောဆိုရာ၏။ အကျိုးယုတ်စေမည့်စကားကို မပြောဆိုရာ။
(၅) မေတ္တာစိတ္တ - မေတ္တာရှေ့ထား ပြောဆိုရာ၏။ ဒေါသမောင်းတင်၍ မပြောဆိုရာ။

(အင်္ဂုတ္ထိုရ် ပါဠိတော်)


စကားနဲ့ ပါတ်သက်ပြီး ရေးချင်တာတွေရှိပါသေးတယ်။ ဒါပေသိ ကိုရန်အောင် ပြောထားတာလေးတွေ ဖတ်လိုက်ရတယ်။

“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုသလို မှန်တိုင်းပြောလို့မရတဲ့ စကားတွေ ရှိနေပါတယ်. ဘာတွေလဲ ဆိုတော့(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း(၂) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း(၃) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း(၄) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၍ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း(၅) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူမနှစ်သက်စေကာမူ ပြောသင့်တစ်ခွန်း(၆) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူနှစ်သက်သဖြင့် ပြောဆိုသင့်တစ်ခွန်း(နှာ-၁၃၆၊ စံမြင့်မှတ်စု၊ မင်းလှစံမြင့်)နံပါတ် (၅) နဲ့ (၆) ကိုပဲ ပြောသင့်ပါတယ်. ဒါပေမယ့် ပြောရမယ့် အချိန်အခါကို သိတတ်ဖို့လည်း သိပ်အရေးကြီးပါတယ်.

ဒါနဲ့ထပ်မရေးတော့ပဲ အချောင်ခိုလိုက်တာ။ သူရေးထားတာလေးတွေလဲ ဒီမှာ သွားဖတ်လို့ ရပါတယ်။

Monday, November 5, 2007

ကွန်ပျူတာ password ရွေးချယ်ရန် နည်းလမ်းကောင်းများ

အင်တာနက်ကလဲမရ ရခိုက်လေးမှာလဲ ကော်နက်ရှင်က ဖုတ်လှိုက်ဖုတ်လှိုက် နဲ့ အင်မတန်ဆိုးမှဆိုးပဲ။
မွေးနေ့ပို့စ်လေး တင်ဖို့ ကြိုးစားပါတယ်။ ဘယ်လိုမှလဲ ခွေးတိုးပေါက် မပြောနဲ့ ကျော်ခွလို့ မရတဲ့ အပြင် ငါးဖယ်တိုးလေးတောင် တိုးမရလို့ နောက်ဆုံးတော့ အကြံကုန် မီမီ ဆားချက် အဟက်ဟက်
Mail to blogger အနေနဲ့ ပဲ ပို့ မယ်ဆိုတော့မှ ပို့ရတဲ့ မေးလ်က မေ့နေလို့ ဘာညာပိစိ ဆီက hint လေးမေးတော့ သူက ပြောပြတော့ ကိုယ့်ဘလော့ထဲဝင်တဲ့ အကောင့်မေးလ်နဲ့ password ပုံစံမျိုး နောက်ထပ်စာလုံးတွေထည့်ရတယ်ဆိုတော့ အဓိပ္ပါယ်တော့ မှတ်မိတယ်။ တကယ့်တကယ် စာလုံးပေါင်းမှာ သတိရတော့ဘူး။ အဲဒီမှ ဒုက္ခနဲ့ လှလှတွေ့ပါရော။
ကဲကွာ လာလေရော့ '-' ပါတာရော မပါတာရော 'ed' ပါတာရော မပါတာရော မေးလ်သုံးခုလုံးနဲ့ ပို့ပစ်လိုက်တယ် လာထား။ ဘာညာပိစိကို broadband connection မရလဲ ADSL က ရတယ်ဆိုရင် ကြည့်ပေးဆိုပြီး ဘလော့ဂ်ကိုကြည့်ခိုင်းလိုက်တော့လဲ “ဟေး.. မမီစိ.. ဘိုလိုဖြစ်တာလည်း.. ပိုစ့်တင်တယ်လည်းပြောသေးတယ်.. ရှိပြီးသားပိုစ့်တွေတောင်ပျောင်တွားတယ်.. အိအိ
အော် ဒါနဲ့ delay ဖြစ်နေတာလားမှတ်နေတယ်။ ဟိဟိ ဒါပေသိ ဒီနေ့ ကြည့်လိုက်တော့လဲ အဲဒီပို့စ်က မတက်ဘူးဗျို။ ဒါနဲ့ ဒီနေ့ မနက်မှ ရက်စွဲလေးပြင်ပြီး တင်ပေးလိုက်ရတယ်။ ပြောမယ်ဆိုရင် password မမှတ်မိတာဗျို။ အဲတော့ Passoword နဲ့ ပါတ်သက်ပြီး ရွေးချယ်ရန် နည်းလမ်းကောင်းများ ဆိုတာလေးကို မှတ်စုမှတ်ဖူးတာ မသုံးမိတာ ကိုယ့်အပြစ်ပေါ့နော်။ ပြန်ရှာဖတ်ရင်းနဲ့ အားလုံးအတွက် မသိသေးရင် သိရအောင် ရိုက်တင်ပေးလိုက်ပါတယ်ဗျာ။


အီးမေးလ် အတွက် (သို့ ) အွန်လိုင်း banking အတွက်ပဲဖြစ်ဖြစ် password ကောင်းတစ်ခုဟာ အလွယ်တကူ မှတ်မိသိရှိသင့်ပါတယ်။ အောက်ပါအဆင့်များ အတိုင်း လက်တွေ့ စမ်းသပ်ကြည့်နိုင်ပါတယ်။
(၁) စာများလိုပဲ ဂဏန်းနံပါတ်များကို သုံးစွဲပါ။ ဖြစ်နိုင်လျှင် $ * နှင့် 2 ကဲ့သို့သော သင်္ကေတတွေကို သုံးကြည့်ပါ။
(၂) password က case sensitive ဖြစ်ခဲ့လျှင် စာလုံးတွေကို စာလုံးကြီးနဲ့ ကျပန်းရေးသားပါ။
(၃) တတ်နိုင်သမျှ character များများ (အနည်းဆုံး 6ခု) သုံးစွဲပါ။
(၄) ကီးဘုတ်ကို မကြည့်ပဲ မြန်မြန်ဆန်ဆန် Type ရိုက်နိုင်တဲ့ character string တွေကို အသုံးပြု ရွေးချယ်ပါ။
(၅) သင့် ရဲ့ user name သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ အဲဒီအပြင် သင့် အကြောင်းကို လူတွေ သိရှိနိုင်တဲ့ အခြားကိစ္စ မွေးနေ့ ၊ သင့် ရဲ့ သူငယ်ချင်း မိတ်ဆွေ နာမည်များ (သို့ ) မိသားစုဝင်များရဲ့ ပုဂ္ဂလိက နာမည်များ သုံးစွဲခြင်းကို မပြုလုပ်သင့်ပါ။
(၆) မည်သို့သော ဘာသာ စကားမျိုးမှ ဖြစ်ဖြစ် Actual word တစ်လုံးတစ်လေမျှ မသုံးစွဲရပါ။ သင့်ရဲ့ password ကို တစ်စုံတစ်ဦးက cracking ပြုလုပ်ခဲ့ပါက ဘာသာ စကားမျိုးစုံမှ dictionaries တွေကို ၄င်းက run နိုင်ပါလိမ့်မည်။ ဗန်းစကားနဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရများ သုံးစွဲခြင်းကိုလည်း ရှောင်ကြည်ပါ။ Password စကားလုံးဟာ သိသာ ထင်ရှားမှု လုံးဝ မရှိရပါဘူး။
(၇) သင့် ရဲ့ password ကို အလွယ်တကူ မှတ်မိသိရှိနိုင်တဲ့ နည်းလမ်းတစ်ခု ရှာဖွေပါ။ password ချရေးခြင်းကို ရှောင်ကြဉ်ပါ။
(၈) ၃လ နှင့် ၄လ အတွင်း သင့်ရဲ့ password ကိုပြောင်းလဲပါ။
(၉) ကွဲပြားခြားနားတဲ့ တစ်ခြား account တွေ ရှိခဲ့ပါက အဲဒီ accounts တွေကို သတိရ သိရှိဖို့ လိုအပ်ပါတယ်။ တစ်ခုချင်းစီ အတွက် password တစ်ခုစီ သုံးစွဲဖို့ လိမ္မာ ပါးနပ်ရပါမယ်။


Tips အလွယ်တကူ မှတ်မိ သတိရဖို့ စကားလုံးအစတွေကို သုံးစွဲသင့်ပါတယ်။ (ဥပမာ "EGBDF" Every good boy does fine ) အဲဒီထက် ပိုမိုကောင်းမွန်တဲ့ password အသုံးကတော့ နံပါတ် (သို့ ) သင်္ကေတတွေ ထည့်သုံးခြင်းပါပဲ။ (ဥပမာ "MMNIS3" My mother's name is susan နံပါတ် ၃ ကတော့ ကျပန်း ထည့်သုံးထားခြင်းပါ။)

ဖတ်မှတ်ခဲ့ဖူးတဲ့ မှတ်စုလေးကို ပြန်လည် မျှဝေခြင်းပါ။ ဘယ်နေရာက ရခဲ့မှန်း မမှတ်မိတော့ပါဘူး။
Creating strong passwords နဲ့ မဖြစ်စလောက် passwords အကြောင်းကို စိုင်းစိုင်းပို့စ်ထဲမှာလဲ သွားဖတ်ကြဦးနော် သိလား။
သူငယ်ချင်းအားလုံး ကျွမ်းကျင်ပါးနပ်စွာ password တွေ အသုံးပြုနိုင်ပါစေနော်။

Sunday, November 4, 2007

ဟတ်ပီးဘတ်ဒေးပါ ကောင်ဆိုးပေလေးရေ

4th November မွေးနေ့ မွေးရက် တထပ်တည်းကျတဲ့ ဒီမွေးနေ့မှာ

နင် ချစ်တဲ့သူနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့စွာနဲ့

မွေးနေ့ပွဲ ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကောင်ဆိုးပေလေးရဲ့ ဘ၀နဲ့ ဆန္ဒတွေလဲ အမြန်ဆုံး တထပ်တည်းကျပါစေလို့

နင့်ရဲ့ ထာဝရ ကြောင်ကလေးပိုင်ရှင် မီမီ

(3 ရက်နေ့ကတည်းက နည်းလမ်းပေါင်းစုံနဲ့ ရအောင်တင်ဖို့ ကြိုးစားလိုက်တာ ခုမှပဲ တင်လို့ ရတယ် belated wish ဖြစ်သွားပီ ဆောတီး ဟီးဟီး :P)

Saturday, November 3, 2007

“ငိုင်..ငေး..ငူ..ငေါင်”

မေ့လို့မရတဲ့ အလွမ်းနေ့ညတွေပေး

အတူရှိခဲ့ဖူးတဲ့

တို့ နှစ်ယောက်ရဲ့ အချိန်လေးတွေ ပြန်တွေးရင်း

မနေ့တနေ့ကလိုပဲ သတိရနေဆဲပါ..


ရင်မှာအဖြေရှာ

ဒီဝေဒနာ မဖြေသာပါဘူး

ရက်တွေလတွေ အကြိမ်ကြိမ် ပြောင်းလဲ

အချိန်ဆိုတဲ့ သမားတော်လဲ ကုစားဆဲ..


အစားထိုးမရတဲ့ အချစ်အတွက်

မသာယာတဲ့ အလွမ်းများက နှိပ်စက်

မှိုင်တွေးအပူဆောင်

ငိုင်..ငေး..ငူ..ငေါင်..