Tuesday, October 30, 2007

ကော်ကော်ခရေဇီ မီမီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

(ကော်ကော် ခရေဇီ မီမီ နဲ့ အတူ ကော်ဖီသောက်မယ်နော်)



ကော်ဖီဘယ်လောက်ကြိုက်သလဲဆိုရင် espreeso လဲသောက်နိုင်တယ်။ mocha နဲ့ cappucino ကတော့ favorite ပါ။ တနေ့ကို အနဲဆုံး 4ခွက်ကနေ 6ခွက် သောက်တယ်။ တပါတ်ကို 7ရက် မသောက်တဲ့ ရက်ကတော့ မရှိသလောက်ပဲ။ တောထဲသွားတောင် ကော်ဖီမစ်ကို ရေနွေးမရရင် လျက်ဆားလို လျက်စားပစ်တယ် အဟဲ။ ကော်ဖီဆိုတာနဲ့ အရသာကို အရောင်ကြည့်ပြီး သိတယ်။ အနံ့ခံပြီးလဲ စွဲတယ်။ အိမ်မှာလဲ မနက်စာ မစားလို့ ဖြစ်တယ်။ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီမသောက်လို့ မဖြစ်ဘူး။ မသောက်ရသေးရင် လျှာမှာရော ရင်ထဲမှာပါ တခုခုလိုနေသလိုမျိုး ဟာတာတာနဲ့။ ဘယ်နေရာရောက်ရောက် ဘယ်အချိန်ဖြစ်ဖြစ် ကော်ကော်နဲ့ အတူတူ နေဖို့ဆိုရင်... မေးဖို့ မလိုဘူးနော်။ အိမ်အလည်ခေါ်လဲ ကော်ကော်တိုက်ပြီး ဧည့်ခံတာနဲ့ ချောင်းပေါက်အောင် လာလည်မယ်နော်။ ပြီးတော့ ရှိသေးတယ် တိုးတိုးလေးပြောမယ် စိတ်ဆိုးစိတ်ကောက်နေလဲ ကော်ကော်တိုက်မယ်ဆိုရင် ပြန်ခေါ်တတ်တယ် အဟတ်ဟတ် :P

ကဲ ဒီလို ကော်ကော်ခရေဇီ မယ်လိုဒီ (သို့) မီမီ နဲ့ အတူ ဘယ်လောက် ကော်ဖီ စွဲလန်းလဲ ဆိုတာ ဒီမှာ သွားစစ်ကြည့် ရအောင်နော်။


Monday, October 29, 2007

လိုလျှင်ကြံဆ နည်းလမ်းရ

အားလုံးအတွက် myanmarbloggers.org ဒိုမိန်း ယူထားပါတယ်။
ကျမတို့ ဘလော့ဂါတွေအတွက် အနှောက်အယှက်တစ်ခု ဖြစ်တဲ့ ဘန်းကျော်ရတဲ့ဒုက္ခကို ကိုယ်ပိုင်ဒိုမိန်းတစ်ခုဆီကို လွှဲလိုက်ရင် ကြည့်တဲ့သူအားလုံး အတွက် အဆင်ပြေသွားပါတယ်။ အဲဒီအခါမှာ ဒိုမိန်းတွေ မွထနေအောင် ယူမဲ့အစား အရင် မိတင်းတွေတုန်းက portal ကိစ္စ အိုင်ဒီယာလေးကို အခြေခံပြီး အဲဒီ ဒိုမိန်းလေး ၀ယ်ထားလိုက်တယ်။

ကိုယ်တွေ အချင်းချင်းထဲက လိုချင်တဲ့သူတွေကို subdomain 200လောက် လုပ်ပေးမလို့ xxxxxx.myanmarbloggers.org ဆိုပြီးတော့ပါ။ လောလောဆယ်တော့ free of charges ပါပဲလေ။ နောက်မှ ပေါ်တယ်လို လုပ်တာအတွက် Hosting ကိစ္စက ပြန်စီစဉ်ပါမယ်။ လောလောဆယ် ဖတ်ဖို့ လို့သက်သက်ကတော့ ဘန်းကျော်စရာမလိုအောင်ရယ် စုစုစည်းစည်း unite ဖြစ်အောင်ရယ် အနေနဲ့ပဲ changing or relaying domain from blogspot ပါ။ အနည်းဆုံး ကျမတို့ စည်းလုံးစုစည်းနေဖို့ လိုပါတယ်။ ဒီလို စုစည်းနိုင်မယ့် အခွင့်အရေးအရ ဒိုမိန်းတစ်ခုတည်းမှာ ဘလော့ဂ်တွေ များနိုင်သလောက်များအောင် လက်တွဲပြီး နေလိုက်ကြရင် မကောင်းဘူးလား။ ဘလော့ဂ်ရွာလေးပေါ့။


ကိုယ့်ပို့စ်ကို ကိုယ်ရေးဖို့ကတော့ ကျော်ရေးဦးပေါ့ ပုံတွေကတော့ ဘလော့စပေါ့ကနေ မဟုတ်ပဲ တခြားတနေရာ ကနေ အပ်လုပ်(upload) လုပ်မှ ရမယ်။ ကွန့်မန့်အတွက်ကတော့ ဟဲလိုစကန်(Haloscan) သုံးရင် အဆင်ပြေမယ် ပြောတယ်။ စမ်းကြည့်ကြတာပေါ့။
တကယ်လို့ xxxxx. myanmarbloggers.org ပါ ဘန်းရင်တော့ နောက်ထပ် ဒိုမိန်း ထပ်ဝယ်ဦးမယ်လေ။ နောက်တစ်ရွာ နောက်ဒိုမိန်းတစ်ခုကို ပြောင်းကြတာပေါ့။


တကယ်တမ်း ဒီဒိုမိန်းကိစ္စက အရင်တုန်းက မိတင်းမှာဆွေးနွေးဖြစ်ကြတဲ့ စီမီနာမှာ မျက်လုံးပြောဖြစ်ခဲ့တဲ့ အိုင်ဒီယာလေးပေးရင်း သူငယ်ချင်း ပီကေ က ပိုက်ပိုက်စိုက်ပြီး သူဝယ်ပေးတယ်လေ။
အခုလက်ရှိတော့ မယ်လိုဒီမောင်၊ မျက်လုံးနဲ့ ပီကေကို အက်ဒမင်(Admin) ပေးထားတယ် ဆိုတော့ မယ်လိုဒီမောင်ကလဲ နီးစပ်ရာ သူငယ်ချင်းတွေကို တိုက်ရိုက်လုပ်ပေးမယ်။ ပီကေကလဲ သူ့သူငယ်ချင်းတွေကို တိုက်ရိုက်လုပ်ပေးမယ် ။ မျက်လုံးလဲ အဲဒီလိုပဲ ထိုနည်းလည်းကောင်းပေါ့နော်။


ဒါကြောင့် စိတ်ဝင်စားတဲ့သူ မည်သူမဆို bloggers@myanmarbloggers.org ကို email ပို့ပြီးတော့ပဲ ဖြစ်ဖြစ် ကွန့်မန့်ထဲမှာ ၀င်ရေးပြီးတော့ပဲဖြစ်ဖြစ် ကိုယ်နာမည် (nick name)ရယ်၊ ဘလော့လိပ်စာရယ်၊ လိုချင်တဲ့နာမည်ရယ် ကိုထည့်ရေး ပေးစေချင်ပါတယ်။ အခုလက်ရှိ subdomain အသစ်အနေနဲ့ ထည့်ပေးပြီးတဲ့ ဘလော့ဂါတွေကတော့
-ကိုတက်စ်လာ (tesla.myanmarbloggers.org)
-ဘာညာ (barnyarbarnyar.myanmarbloggers.org)
-နေဘုန်းလတ် (nayphonelatt.myanmarbloggers.org)
-တေဇာ (tayzar44.myanmarbloggers.org)
-ကဗျာလမ်း (modernpoemroad.myanmarbloggers.org)
-စိုင်းစိုင်း (saisai.myanmarbloggers.org)
-ပင့်ဂိုးလ် (cuttiepinkgold.myanmarbloggers.org) နဲ့
-မိုးလှိုင်ည (moehlaingnya.myanmarbloggers.org) တို့ဖြစ်ပါတယ်။

အဲဒီနေရာမှာ လိုချင်တဲ့ နာမည်ဆိုတာ ဥပမာ-ကိုတက်စ်လာက အရင်က teslanetblog အစား သူလိုချင်တဲ့ tesla အနေနဲ့ ထည့်ပေးဖို့ ပြောထားတာမျိုးပါ။ စိုင်းစိုင်းဆိုရင်လဲ အရင်က sailashio အစား saisai ပါတဲ့ဗျာ။ ကျန်တဲ့သူတွေကိုတော့ အရင်က ဘလော့စပေါ့ က နာမည်ကိုပဲ ပြန်ယူပေးထားတာမျိုးပါ။

ခုဆိုရင် လိပ်စာပိုင်ရှင်တွေဘက်ကလည်း ဒီ Setting လေးတွေ ၀င်ပြင်ရပါဦးမယ်။

Blogger.com မှာ Log in လုပ်လိုက်ပါ။
ကိုယ် နာမည်ပြောင်းချင်တဲ့ ဘလော့ဂ်ရဲ့ Setting ကို ၀င်လိုက်ပါ။

အပေါ်ပုံမှာ တွေ့တဲ့အတိုင်း Publishing ဆိုတဲ့ Tab ကိုရွေးပါ။ နောက်ပြီး အဲဒီအထဲမှာ Switch to: Custom Domain (Point your own .....) ကိုတွေ့အောင်ရှာပါ။ တွေ့ရင် Custom Domain ကို ကလစ်နှိုတ်ပါ။

အပေါ်ပုံရဲ့ ညာဘက်အောက်ထောင့်မှာ Already own a domain? Switch to Advanced settings ကို တွေ့ပါလိမ့်မယ်။ တကယ့် page မှာတော့ ညာဘက်အောက်ထောင့် မဟုတ်ပါ။ တွေ့ရင် Switch to advanced settings ကို ကလစ်နှိုတ်ပါ။

ဒါဆို အပေါ်ပုံကို တွေ့ရပါမယ်။ အဲဒီအထဲက Your Domain http:// ဆိုပြီး ကွက်လပ်တွေ့ပါလိမ့်မယ်။ အဲဒီကွက်လပ်မှာ ကိုယ် တောင်းဆိုထားတဲ့နာမည်နဲ့ ဒိုမိန်းနာမည်ကို ထည့်ပါ။ yourname.myanmarbloggers.org ပေါ့။


ပီကေအနေနဲ့ ဆိုရင် pikay.myanmarbloggers.org လို့ ထည့်သလို ကျမနာမည်နဲ့ဆိုရင်တော့ အဲဒီနေရာမှာ melodymaungmm.myanmarbloggers.org လို့ ထည့်ရမှာပါ။ ဒါဆိုပြီးပါပြီ။ သူတို့ (Blogger.com) လွှဲလို့ အပြီးကို စောင့်ရုံပါပဲ။ နောက်ပြီး setting ၀င်ပြင်ပြီးပြီ ဆိုရင် blogger.com ကနေ .org လှမ်းညွန်ဖို့ သူတို့ ပြောင်းစရာရှိတာ ပြောင်းရပါတယ်။ ဒါသူတို့ဖာသာ လုပ်မှာပါ။ ကျနော်တို့ဖက်က အချိန် စောင့်ယုံပါပဲ။ ကိုယ့် setting ပြောင်းပြီးပြီးချင်း မပေါ်လို့ဆိုပြီး ပြန်မပြင်လိုက်ပါနဲ့။ သူတို့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဒီကိစ္စကို စီစဉ်ဖို့အတွက် အများဆုံးကြာချိန်က ၄၈ နာရီပါ။ ဒါပေမယ့် ကျမက ၅ မိနစ်တောင် မစောင့်လိုက်ရပါဘူး။ တချို့ သူငယ်ချင်းတွေကတော့ တစ်နာရီ နီးပါးလောက် စောင့်လိုက်ရပါတယ်။ ဒီလို လွှဲနေတဲ့ အတောအတွင်းမှာ blogspot.com နဲ့ ဆက်ပြီး အလုပ်လုပ်ပေးထားပါတယ်။ ဒါကြောင့် .org ကို မပြောင်းခင်ဆက်ခြားမှာ blogspot.com နဲ့လဲ ၀င်လို့ရနေဦးမှာပါ။ .org ကိုလွှဲပြီးသွားပြီဆိုရင်တော့ blogspot.com နဲ့ ရိုက်ထည့်ပေမယ့် Address Bar မှာ myanmarbloggers.org နဲ့ ပေါ်နေမှာပါ။ ဒါဆိုရင် .org ကို လွှဲပြီးသွားပြီလို့ ယူဆလို့ရပါပြီ။

လုပ်ကြည့်ပါ။ အဆင်မပြေတာရှိရင် bloggers@myanmarbloggers.org ကို အီးမေးပို့ပြီး ပြောနိုင်ပါတယ်။
နောက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အကူအညီတောင်းချင်ရင့် သူငယ်ချင်း မျက်လုံး နဲ့ ပီကေ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ ကျမကိုလည်း အချိန်မရွေး မေးမြန်း နိုင်ပါတယ်။

ပီကေရဲ့ မူရင်း ပို့စ်များကတော့ ဒီမှာ ဖတ်နိုင်ပါတယ်နော်။
ပြီးတော့ ဝေဖန်ဆွေးနွေးအကြံပေးစရာများနှင့် အတူ မေးလ် (သို့ ) ကွန့်မန့်များကို ကြိုဆိုလျှက်ပါ။

Saturday, October 27, 2007

ခေါင်းမာတဲ့ အကျင့်

တမူထူးခြားတဲ့ အမူအကျင့် ဆိုပြီး ပို့စ်တခုလဲ တင်ဖူးတယ်။ အဲဒီတုန်းကတော့ tag လုပ်ထားလို့ (၁၀)ချက်ဆိုပြီး ရေးလိုက်ဖူးတယ်။ နောက်ထပ် ကလေးဘ၀ အမှတ်တရ ဆိုပြီး ကျမ ငေးတတ်တဲ့ အကျင့် လေးအကြောင်းလဲ ပို့စ်တခု ရေးဖူးတယ်။ ခုတခါ သုံးစားမရတဲ့ အကျင့် တခုအကြောင်းရေးဦးမယ်။ အဲဒါက ခေါင်းမာတာပဲ။ ဘယ်လောက်ထိခေါင်းမာသလဲ မမေးနဲ့ ။(ခေါက်ကြည့် ဒေါင် ဒေါင် မြည်၏။ အဟိ စတာနော်)

ငယ်ငယ်တုန်းက ဆိုရင် အိမ်ရှေ့မှာ ဈေးသည်တွေ တသည်ပြီး တသည်အော်ပြီး ဖြတ်သွားတိုင်းလဲ တံမြက်စည်းသည်ကို သပြက်သီး(စပျစ်သီး) မှတ်လို့ ၀ယ်မကျွေးရကောင်းလားဆိုပြီး ဆိုဖာခုံအောက် မုံ့ပုံးဖွက်စားပြီး တနေကုန်ပုန်းလို့ စိတ်ကောက်ဖူးသကွ။

မုံ့ဖိုးပေးတိုင်းလဲ အဲဒီခေတ်တုန်းက ၁ကျပ်မှ လိုချင်တာ ငါးမူးပဲရရင် မကျေမချမ်းနိုင်ပဲ တံခါးကြားထဲ ၀င်ဝင်ပုန်းပြီး စိတ်ကောက်နေတတ်တာ။ ၁ကျပ်မပေးမချင်း ထွက်ကိုမလာတာလေ။

ထမင်းစားတိုင်းလဲ ဟင်းကို အသီးအရွက်စားဖို့ သေမလောက်ငြင်းတာ။ အသားပဲ ရွေးစားလို့ အသီးအရွက်မစားမချင်း ကျောင်းပေးမသွားလို့ ကျောင်းနောက်ကျတဲ့ ရက်တွေလဲ ရှိသဗျ။


ဒါပေသိ အဲဒါတွေက ငယ်တုန်းကလေ။ အသက်ကလေးကြီးလာတော့လဲ ခေါင်းမာမာနေတာထက် အားလုံးနဲ့ အလိုက်အထိုက် လိုက်လျောညီထွေ နေတတ်အောင် ပြုပြင်ပြောင်းလဲရင်း ကိုယ့်ခံယူချက်တွေ ဘယ်လောက်ပြင်းထန်နေပါစေ အလျှော့ပေးလို့ ပေါင်းသင်းဆက်ဆံတတ်ခဲ့တယ် လို့ ထင်ပါတယ်။

မနေ့ညကတော့ မီးပုံးပျံတွေလွှတ်ကြတယ်။ သူငယ်ချင်းတစ်ယောက်က မိတ်ဆွေကောင်းပီသစွာနဲ့ ဒီနေရာမှာ ဒီလို မလွှတ်ဖို့တားတယ်။ ငါက လက်နဲ့ ရေးတယ်။ နင်က ခြေနဲ့ ဖျက်တယ် (အဲ ခြေနဲ့ ဖျက်တာတော့ ဟုတ်ဘူးဟ)။ နောက်ဆုံးတော့ ကိုယ်ကလဲ ခေါင်းမာစွာနဲ့ လွှတ်ဖြစ်အောင် လွှတ်လိုက်တယ်။ ရန်ဖြစ်မလိုဖြစ်ခဲ့လို့ စိတ်မကောင်းပါဘူး။ တကယ်တော့ ငါတို့က ဘောလုံးကွင်း တခုထဲက သူငယ်ချင်းတွေလေ။ ငါ့ရဲ့ ခေါင်းမာတတ်တဲ့ အကျင့်ကို နင်နားလည်ခွင့်လွှတ်နိုင်ပါစေလို့။

တကယ်တော့ ဒီကဗျာလေး မဖတ်ခင်ထိ စိတ်ဆိုးနေဆဲပေမဲ့ ဒီကဗျာလေးဖတ်ပြီး ငါ့ဒေါသတွေလဲ ပြေသွားတယ်။ သူငယ်ချင်း ကဗျာဆရာကိုလဲ ကျေးဇူးဗျို။ (ရန်ဖြစ်ခဲ့တဲ့ သူငယ်ချင်းကတော့ တခြားတစ်ယောက်လေ။)

Friday, October 26, 2007

ဟိုးတုန်းက အမှတ်တရ သီတင်းကျွတ်လပြည့်ည

အမှတ်ရဆဲပါ သူငယ်ချင်းတို့ရေ

အရင် 9နှစ်တုန်းက သီတင်းကျွတ်လပြည့်ညတညမှာ ငါတို့တွေ ပျော်ရွှင်ခဲ့ကြတာ ရင်သိမ့်တုန်ဖြစ်ခဲ့ ကြရတာတွေက မနေကတနေ့လိုပဲ အဖြစ်အပျက်တွေက လတ်ဆတ်ဆဲပေါ့။


အဲဒီအချိန်တုန်းက ငါက စဉ့်အိုးတန်းအလယ်လမ်းက မြေညီထပ် တိုက်ခန်းတခုရဲ့ ထပ်ခိုးလေးမှာ တစ်ယောက်တည်း နေခဲ့ တယ်လေ။
သီတင်းကျွတ် လပြည့်နေ့ ရဲ့ မနက် 6နာရီမှာ စာဒမ်နဲ့ သူ့ညီမ ချင်းချင်းက အိမ်က ကားနဲ့ ငါ့အိမ်ကို ရောက်လာပြီး နင်တို့ နှစ်ယောက်(KTY နဲ့ ဘိုကြီး ) အလာကို ငါ့အိမ်ကနေ စောင့်ခဲ့တာ။ နင်တို့ နှစ်ယောက်လဲ ရောက်ရော ငါတို့တွေကို ဘေးအိမ်တွေက ခရီးသွားမယ် အောက်မေ့နေပုံပဲ။ နှုတ်တောင်ဆက်သေး “သွားတော့မလားတဲ့ ” (သူတို့က ခရီးသွားမှာလားလဲ မမေးပဲ အထင်နဲ့ ရမ်းတုတ်တာကိုး)။ အားလုံးပေါင်း ငါတို့ 5ယောက်ပဲ ရှိတယ်နော်။ စိတ်ပုတ်တဲ့ ဟိုသုံးယောက်ကတော့ မန္တလေးနဲ့ မုံရွာကို ကိုယ်စီ ပြန်သွားကြတာလေ။

ငါတို့ရဲ့ သီတင်းကျွတ်လပြည့် holiday လေးစစချင်း မနက်စာ အရင် အတူသွားစားကြပြီး ဗျောက်အိုး၊ မီရှုးမီးပန်း နဲ့ မီးပုံးပျံတွေ တပွေ့တပိုက်ကြီး သွားဝယ်ကြတယ်နော်။ ပြီးတော့ ဘယ်သွားကြပါလိမ့်။ အယ်… သိပ်တောင် မမှတ်မိတော့ဘူးဟ။ (ပြန်ပြောကြပါဦး၊ ငါက အသက်နည်းနည်းကြီးလာလို့ မေ့တတ်နေပြီလေ :P ) ငါတို့တွေ တနေကုန် တနေခန်း မမောနိုင် မပန်း နိုင် ဘာတွေ လုပ်ကြပါလိမ့်နော်။ သြော် .. သီချင်းတွေ သွားဆိုကြသေးတယ် ထင်ပါရဲ့ (ထုံးစံအတိုင်းပေါ့ မဆုံလိုက်နဲ့ ဆုံတာနဲ့ ရေခဲမုံ့ စားမယ် ဆိုတာချည်းပဲ မိုက်ခဲတွေလေ အဟတ်ဟတ်) ဒါနဲ့ မြကျွန်းသာမှာ သွားဆိုကြတာ ထင်တယ်နော်။ ပျော်စရာကြီးလေ။ ညနေရောက်တော့ လူလဲ ညစ်ပတ်ပြီး ပင်ပန်းနေပြီ။ အိမ်ပြန်ပြီးတော့ ရေတော့ သွားမချိုးချင်ပါဘူး။ ပြန်ထွက်လို့ မရရင် ဘယ်လိုလုပ်ကြမလဲနော်။ ငါတို့ ရဲ့ မီးကစားမဲ့ ညပိုင်း အစီအစဉ်လေး ပျက်သွားမှာပေါ့ ။ ဒါနဲ့ တိုင်ပင်ကြပြီးတော့ IAD စာမေးပွဲ ( first term ) မဖြေခင် စာကျက်ဖို့ ငှားနေခဲ့ဖူးတဲ့ တက္ကသိုလ် ဆရာများ ရိပ်သာက အန်ကယ်ဦးဝင်းတို့ ဆီ သွားကြမယ်ဆိုပြီး တက္ကစီ ငှားပြီး သွားခဲ့ကြတာ။ စာဒမ်က သူ့ညီမလေး ပါလို့ အိမ်ကို ဖုန်းဆက်ရဦးမယ် ပြောပေမဲ့လဲ အပျော်တွေနဲ့ မေ့နေကြပြန်ရော။


အန်ကယ်လ် ဦးဝင်းတို့အိမ်ရောက်တော့ အန်တီခင်ကလဲ ကော်ဖီတိုက်ရုံတင်မက ထမင်းပွဲပါ ပြင်ကျွေးတော့ အဟင်းဟင်း.. ရေငတ်တုန်း ရေတွင်းထဲကျပေါ့။ အားပါးတရ စားကြ။ ရေချိုးကြ။ လန်းလန်းဆန်းဆန်းဖြစ်တော့ မီးပုံးပျံလွှတ်ဖို့ နေရာ စဉ်းစားကြတော့ အန်ကယ်လ်ဦးဝင်းက အာစီတူးထဲက ကွင်းပြင်ထဲကို လိုက်ပို့ပေးတယ်။ အဲဒီကွင်းကျယ်ကြီးထဲက အိမ်က သူစိမ်းဆိုရင်တော့ ပေးကစားမဲ့ ပုံမပေါ်ပေမဲ့ အန်ကယ်လ့် မျက်နှာနဲ့ တော့ ခွင့် ပြုပေးခဲ့တယ်။ ငါတို့ တွေ ငါးယောက်သား တပျော်တပါးကြီး ကစားခဲ့ ကြတာ။ ဒီပုံလေးတွေကြည့်တိုင်းပဲ ဖြစ်ဖြစ် သီတင်းကျွတ်လပြည့် ရောက်တိုင်းပဲ ဖြစ်ဖြစ် အမှတ်ရသတိရ တမ်းတမိဆဲ ငယ်ဘ၀လေးပါကွာ။



အစီအစဉ်က မပြီးသေးဘူးလေ။ တို့တွေ ပုဇွန်တောင် ရေကျော် ဘုရားပွဲကို ခြေလှမ်းဆက်ကြသေးတယ်။ အဲဒီမှာ လူတွေကလဲ ကြိတ်ကြိတ်တိုး။ လူမကွဲအောင် နင်တို့ ယောက်ကျားလေး နှစ်ယောက်က ရှေ့ပိတ်နောက်ပိတ် တိုးပေး စောင့်ရှောက်ပေးရတာပေါ့။ နောက် ငါတို့ ရဟတ်ကြီးစီးကြတယ်။ ချင်းချင်းက တော့ အောက်မှာ စောင့်ကျန်နေခဲ့တာ။ အမယ်လေး ရဟတ်ကြီး ကောင်းကင်မှာ အပေါ်ဆုံး အမြင့်ဆုံးကြီးရောက်တုန်း ငါတို့ ရဟတ်ကြီးရပ်သွားပီကွ။ အောက်မှာ ရန်ဖြစ်နေကြတယ်တဲ့ ။ စာဒမ်က သူ့ညီမလေးကိုလဲ စိတ်ပူနေရဲ့ ။ ညီမလေးက 9တန်းကျောင်းသူပဲရှိသေးတော့ ငယ်သေးတယ်လေ။ ပူရတာပေါ့။ ရန်ပွဲကို အထက်စီးကမြင်ရပေမဲ့ လူတွေများလွန်းလို့ ပုရွက်ဆိတ်တွေ ရန်ဖြစ်သလိုပါပဲ။
အဲဒါနဲ့ နှစ်ခေါက်မစီးတော့ ပဲ အောက်ရောက်တာနဲ့ အချိန်လဲ မရှိတော့ဘူး ည9နာရီကျော်ပြီဆိုပြီး အိမ်ပြန်ဖို့ ပွဲခင်းထဲက ထွက်ဖို့ ကြိုးစားကြတယ်။ ရန်ပွဲတွေကတော့ ဟိုနားတပွဲ ဒီနားတပွဲပါပဲနော်။ အရှေ့မှာ ရိုက်ပြီဟေ့ဆိုလို့ အနောက်ပြန်သွားရင် အနောက်မှာက နောက်ထပ် ရန်ပွဲတပွဲလေ။ မှတ်သွားပါပီ။ အဲဒီရေကျော်ပွဲကို နောက်တခါ ဘယ်တော့မှ မသွားတော့ဘူးလို့။


ဒီလိုနဲ့ လူရှင်းတဲ့ဘက်လမ်းတွေရွေးပြီး မြောင်းကြီးဘက်က ပတ်လျှောက်ပြီး တက္ကစီ ငှားပြီး ငါ့အိမ်ကို ပြန်လာကြတယ်။ လမ်းမှာ သတိရလိုက်ပါတယ်။ အိမ်တွေကိုလဲ ဖုန်းမဆက်ဖြစ်ကြတော့ ညကြီး 10နာရီကျော်ထိ အိမ်ပြန်မလာသေးတဲ့ ငါတို့ကို စိတ်ပူနေပြီ နေမှာပဲဆိုတာ။ ငါ့အိမ်လဲ ရောက်ရော ထင်တဲ့ အတိုင်းပါပဲ။ စာဒမ့် အိမ်က လိုက်လာတယ်။ သူတို့ သမီးငယ်ကို သွေးဆောင်ဖြားယောင်းပြီး ခေါ်သွားလို့ ရဲစခန်းမှာ အမှုဖွင့်ပြီး ငါတို့ကို ဖမ်းခိုင်းတယ် ဆိုပဲ။ ရောက်ရောက်ချင်းဆီးပြီး ဘေးအိမ်က လူတွေက အဲလိုပြောတော့ ငါတို့တွေ ဘယ်နေရာ ထွက်ပြေးပုန်းရမှန်း မသိအောင် ကြောက်လိုက်ရတာဟာ။ (တကယ်လို့သာ ကြောက်ကြောက်လန့်လန့်နဲ့ တို့တွေ တနေရာ ရှောင်ပုန်းကြမယ်ဆိုရင်တော့ အဟဲဟဲ….KTY ရေ နင်လဲ အော်စီရောက်နေမှာ မဟုတ်ဘူး။ ဘိုကြီးလဲ စလုံးမှာ နေနေရမှာ မဟုတ်ဘူးကွ။) နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ဘာလုပ်ရင်ကောင်းမလဲဆိုပြီး စာဒမ့်ရဲ့ နံပါတ်သုံး အဒေါ်ဆီ ဖုန်းဆက်မေးတော့ အမှုမဖွင့် ရသေးဘူး။ သူအာမခံပါတယ်။ သူ့အိမ်ပဲ ပြန်လာပါတဲ့။ အဟီး စန်ကော ကယ်လို့ ။ မနက်ကျမှ စာဒမ်တို့ သူ့အိမ်သူပြန်ကျတယ်။ အမယ်လေး ရင်ခုန်ရသော သီတင်းကျွတ်လပြည့်ည ပါပဲနော်။

အဲဒါ အရင် 9နှစ်တုန်းကလေ။
တခြားနှစ်တွေကတော့ ဒီထက်ပိုပြီး ပျော်ရွှင်ကြည်နူး ရင်ခုန်ရတာမျိုးမရှိခဲ့ဘူးလေ။

ဒီနေ့ညတော့ မသမာသူ လူတချို့ အဲလေ.. ခင်မင်သူ လူတချို့နဲ့ စုပြီး မီးပုံးပျံတွေ လွှတ်ကြဦးမယ်။
ဘယ်သူတွေနဲ့ ဘယ်နေရာလဲဆိုတာတော့ … မျှော်………

သီတင်းကျွတ်လပြည့်ညမှာ အဖေါ်စုံသူတွေရော မစုံသူတွေပါ မယ်လိုဒီတို့နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ပါစေလို့….

Wednesday, October 24, 2007

ကိုယ်ပိုင်ခံယူချက်

လူတိုင်းမှာ ကိုယ်ပိုင်သဘောထား၊ ကိုယ်ပိုင်ခံယူချက်တွေ ရှိတတ်တယ်လို့ ထင်ရပေမဲ့ တချို့တချို့သောလူတွေက ကိုယ့်မိသားစု အသိုင်းအ၀ိုင်းသော်လည်းကောင်း၊ ကိုယ်ချစ်ခင်လေးစားရတဲ့သူ တစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုအောက်မှာသော်လည်းကောင်း သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ကိုယ်ပိုင်ခံယူချက်၊ အတွေးအခေါ် အယူအဆ သဘောထားတွေ ပြောင်းသွားတာမျိုးတွေလဲ ရှိတတ်တယ်။ ကျမအနေနဲ့ကတော့ ကိုယ်မှန်တယ်ထင်တာဆိုရင် ကိုယ့်ခံယူချက်၊ သဘောထားတွေအတိုင်း စဉ်းစားဆုံးဖြတ်လုပ်ကိုင်လေ့ရှိသလို ကိုယ်ဖြစ်ကိုယ်ခံ၊ ကောင်းလဲစံ မကောင်းလဲခံရမှာကို ကြိုက်နှစ်သက်သူပါ။ ဒါပေသိ တခါတခါမှာတော့ ကိစ္စတချို့မှာ ကိုယ့်အမြင်သဘောထားအရ မကြိုက်လို့ မလုပ်တာ ရှိပေမဲ့ ဖွင့်ဟမပြောပြဖြစ်တာ(မပြောသင့်ဘူးထင်လို့ဖြစ်ဖြစ်၊ မပြောရဲလို့ပဲဖြစ်ဖြစ်) အဲလိုအခြေအနေတွေ ရှိပါတယ်။ ပြောမယ်ဆိုရင် ခုလက်ရှိအခြေအနေအရပ်ရပ်မှာ ကမ္ဘာ့နိုင်ငံ နေရာအနှံ့အပြားက ရွှေမြန်မာတွေ ကန်ပိန်းအမျိုးမျိုး ဆင်နွှဲနေကြတဲ့အခိုက်မှာ ဒီကန်ပိန်းတခုနဲ့ ပါတ်သက်ပြီး ဘ၀င်မကျမိပါဘူး။

ခြင်္သေ့ကျွန်းက ဒီညီမလေးကတော့ သူ့စိတ်၊ သူ့ခံယူချက်၊ သူ့အမြင်နဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းရေးထားတာ တွေ့လို့ သွားဖတ်ရင်း အတွေးတူပေမဲ့ ကိုယ်တိုင်မရေးဖြစ်တာကို (မရေးတတ်တာပဲဆိုဆို) သူရေးထားတာလေး ကြိုက်လို့ ပို့စ်လေး မလာပါတယ်။

Related Link

ဒီသတင်းနဲ့ပတ်သတ် ကျွန်မစိတ်ထဲဖြစ်ပေါ်လာတာ ရေးသင့်လား ၊ မရေးသင့်လား တော်တော်လေး စဉ်းစားနေမိတယ် .. ။ နောက်တော့ ရေးမယ်ကွာ .. ဘာဖြစ်လဲ .. ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ် .. ။

အမိမြေ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ဘ၀တွေ အသက်တွေပေး တကယ်လုပ်နေကြသူတွေ ရှိတာကို ကျွန်မ သိပ်ပြီးလေးစားပါတယ် .. ။ အချို့ကတော့ တက်ကြွစွာ ကူညီသူ ၊ ပါဝင်သူ ၊ ဦးဆောင်သူတွေ .. ။ အချို့ကတော့ ထောက်ခံအားပေးသူတွေ ၊ ရင်ဖွင့်သူတွေ အစရှိသဖြင့် ကိုယ်နိုင်ရာပါဝင်ကူညီရင်း ဒီတိုက်ပွဲကြီးက ရှေ့ဆက်နေပါတယ် .. ။ ကန်ပိန်းတွေလည်း ကိုယ်နဲ့လက်လှမ်းမှီရာ လုပ်ကြ ၊ ရင်ဖွင့်သံတွေ ပြုလုပ်ကြ ၊ တကယ့်ထိရောက်စွာ လုပ်နိုင်ဖို့ စတင်လုပ်ကိုင်နေကြ …. တကယ်ကို စုံလင်လှပါတယ် .. ။

ကန်ပိန်းတော်တော်များများကို ကိုယ်တိုင်ထောက်ခံအားပေး ကျွန်မ သွားရောက်လေ့ရှိပါတယ် .. ။ အခုခပ်ဟော့ဟော့လေးဖြစ်နေတဲ့ ကိစ္စတစ်ခုကို ကျွန်မကို လူတွေက မြင်တိုင်း မေးနေကြတာ ကျွန်မလည်း ရှက်လွန်းလှပါတယ် .. ။


“လင်းလက်ရေ panties တွေ ပို့ပြီးပြီလား”တဲ့ .. ။


ဒါချည်းပဲ လာလာ မေးနေကြတယ် .. ။ သူများတော့ မသိဘူး .. ။ ကျွန်မတော့ အမေးခံရတိုင်း

စိတ်ထဲကသိကအောင့်ဖြစ်သလို စိတ်လဲတိုမိသလို ရှိန်းခနဲ ရှိန်းခနဲပဲ။

လူသားတိုင်း ၊ လူသားတိုင်းက မိမိစိတ်ထဲ ခံစားနေရတဲ့ မတရားမှုကို လွတ်လပ်စွာ ဖော်ကျူးခွင့်ရှိတာမို့ ကျွန်မက သိပ်ပြီးတော့ မပြောလိုပါဘူး .. ။ ဒါပေမယ့် မြန်မာအမျိုးသမီးတွေ အားလုံးကို တစ်ခုပဲ အကြံပြုချင်ပါတယ်ရှင် .. ။


ကျွန်မတို့က ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေပါ .. ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာဝင် မြန်မာလူမျိုးတွေလဲ မြန်မာ့ယဉ်ကျေးမှုဆိုတာကိုတော့ နားလည်သိရှိကြပါတယ် .. ။ ကျွန်မတို့က နအဖအစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နှလုံးသားတွေလဲ ကွဲကြေနေရပါတယ် .. ။ ကျွန်မတို့ မြန်မာလူမျိုးတွေသာမက အခြားလူမျိုးတွေကပါ ဘာသာတရားကို စော်ကားခြင်းကို ခါးသီးပြင်းရှစွာ ခံစားနေရပါတယ် .. ။ ကျွန်မတို့ ရင်ထဲမှာ နအဖရဲ့လုပ်ရပ်ကို ဘယ်လောက်ထိ မုန်းတီးစက်ဆုပ်သွားမလဲဆိုတာ ကျွန်မ ကောင်းကောင်း သိပါတယ် .. ။

ဒါပေမယ့် ကျွန်မတို့ရဲ့ တုံ့ပြန်မှုက ညစ်ညမ်းမှုတွေ မဖြစ်သင့်ဘူး .. ။ ကျွန်မတို့ မိန်းမတွေက မိန်းမတွေ လုပ်နိုင်တဲ့ ပါဝါကို ပြတယ်ဆိုရာမှာ ညစ်ပတ်တဲ့အမည်ကြီး မဖြစ်သွားစေဖို့အတွက် အားလုံး သတိပြုဖို့လောက်ပဲ ကျွန်မ အကြံပြုပါရစေ .. ။


ကျွန်မတို့ မိန်းမတွေ လုပ်နိုင်တဲ့ အခြားနည်းလမ်းတွေ အများကြီးပါ .. ။ ကျွန်မက သံရုံးအသိုင်းဝိုင်းကို ကျဉ်ထားတဲ့ မိန်းကလေးပါ .. ။ ဒါပေမယ့် ဘယ်သူ့ကိုမှ ရိုင်းစိုင်းစွာ မဆက်ဆံပါဘူး .. ။ သူတို့က နအဖရဲ့ အမှုထမ်းတွေဖြစ်ပေမယ့် သူတို့တွေက နအဖရဲ့ စစ်သားတွေ မဟုတ်ပါဘူး .. ။ သူတို့ဘက်က ကျွန်မ ဘက်လိုက်ပြောနေတာ မဟုတ်ပါဘူး .. ။ မဆိုင်တဲ့လူတွေကို သွားရမ်းတာမျိုး မဖြစ်စေချင်လို့ပါ .. ။

လူသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ပြခွင့်က လူသားတိုင်းရဲ့ လွတ်လပ်ခွင့်မို့ စင်္ကာပူ မြန်မာသံရုံးရှေ့မှာ ဟိုတစ်လောက ပြုလုပ်တဲ့ သံရုံးရှေ့မှာ ရေးချင်ရာရေးပြီး ကပ်ထားတဲ့ စာသားတွေကို ကျွန်မ ကန့်ကွက်ခြင်း မရှိသလို အားပေးခြင်းလည်း မပြောခဲ့ပါဘူး ။

ဒါပေမယ့် panties တွေပို့တယ်ဆိုတာကတော့ လူအချင်းချင်း အပြန်အလှန် စော်ကားခြင်းအဆင့်ကို ရောက်နေတဲ့အတွက် မသင့်တော်လှပါဘူး .. ။

စစ်မှန်သောဒီမိုကရေစီစနစ်ကို လိုလားပြီး အားပေးထောက်ခံတဲ့ အာရှတိုက်က မိန်းမတွေရဲ့ လုပ်ရပ်က ဒီလိုကြီးလားဆိုပြီး သမိုင်းမှာ အမည်မကျန်ခဲ့ကြပါစေနဲ့ရှင် .. ။


ဖြည့်စွက်ချက် ။ ကျွန်မ ဒီစာကို သေသေချာချာ လေးရေးထားတာပါ ။ ပြင်းထန်စွာ ရှုံ့ချခြင်း သဘော လုံးဝ မသက်ရောက်မိအောင် စဉ်းစားရေးထားတာပါ ။ မြန်မာပြည်အတွက် စိတ်စေတနာရှိတဲ့လူမျိုးအားလုံးကို အသိမှတ်ပြုပါတယ် ။ အခုက ကျွန်မဘက်က ခံစားမှုကိုပဲ လွတ်လပ်စွာ ရေးထားတာပါ ။ ဒီလိုကန်ပိန်းမျိုးကို မကြိုက်ဘူး ကြိုက်တယ်ဆိုတာက စာဖတ်သူ သဘောပါ ။ ကျွန်မကတော့ ရှင်းရှင်းပဲ ။ စိတ်စေတနာကို အသိမှတ်ပြုတယ် ။ ကျွန်မကိုယ်တိုင်တော့ အားမပေးဘူး ။ မကြိုက်ဘူး ။ လွတ်လပ်စွာ အမြင်ကွဲနိုင်ပါတယ် ။

ကျွန်မတို့ မြန်မာပြည်အတွက် ရင်ဖွင့်သံတွေပဲဖြစ်ဖြစ် ၊ ထိရောက်တဲ့ လုပ်ဆောင်ချက် ကြိုးစားမှုတွေပဲဖြစ်ဖြစ် ၊ ဆုတောင်းပွဲတွေပဲဖြစ်ဖြစ် ၊ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ ခံစားချက်ပဲဖြစ်ဖြစ် အားလုံး တက်ညီလက်ညီ လုပ်ကိုင်ကြပြီး ညစ်တီးညစ်ပတ်လုပ်ရပ်တွေကိုတော့ နအဖလူတန်းစားတွေမရှောင်ပေမယ့် အမျိုးကောင်းသားသမီးပီသစွာ ကျွန်မတို့ ရှောင်ရှားကြပါစို့ .. ။

မူရင်း ဒီမှာ ဖတ်ပါနော်။

Tuesday, October 23, 2007

ငွေဆောင် ခရီးစဉ် အမှတ်တရ

မမျှော်လင့်ပဲ ငွေဆောင်ကမ်းခြေကို အလုပ်နဲ့အတူ ခရီးထွက်ခဲ့ရတာ ပျော်စရာကောင်းပြီး နဲနဲတော့ ပင်ပန်းလာပါတယ်။ မသွားခင်ကတည်းက ၀ိုင်းပြီး မှာကြားကြတဲ့ သူငယ်ချင်းတွေရဲ့ ဆန္ဒအသီးသီးကတော့
-ကမ်းခြေမှာ ဓါတ်ပုံတွေ အများကြီး ရိုက်ခဲ့တဲ့ (မမီပုံ မပါလဲရတယ်ဆိုပဲ  )
-ငါးအရေခွံ ၀ယ်ခဲ့တဲ့ (ဘီယာတို့ အရက်တို့နဲ့ မြည်းရင် ကောင်းမှကောင်းဆိုပဲ)
-ရွှေမြင်းပျံ ပုသိမ် ဟာလ၀ါလဲ မစားရတာကြာပြီတဲ့

-ငွေဆောင်ကို အတူပါလိုက်ချင်သတဲ့ (ချောင်းသာကိုပဲ ရောက်ဖူးလို့တဲ့)

-ပင်လယ်ကိုတောင် မမြင်ဖူးသေးလို့ ဘလော့မှာတင်တာပဲ လာဖတ်ဦးမယ်တဲ့

-ဘီကီနီနဲ့ ကဲရင် ရေအောက်ထဲက web cam တွေ သတိထားတဲ့

-မုံ့ မုံ့ ၀ယ်လာခဲ့တဲ့

-လူကြီးတွေ ရှေ့မှာ လိမ်လိမ်မာမာနေတဲ့ (ရာထူးမြန်မြန်တက်အောင်)

-ချောင်းသာမှာတော့ မကောင်းတာတွေ မလုပ်နဲ့ဆိုတော့ (ငွေဆောင်ဆိုတော့ လုပ်လို့ ရတယ် ထင်ပါရဲ့)


အဲဒီအမှာစာတွေကို သေချာမှတ်သားပြီးတော့ 20ရက်နေ့ မနက် 6နာရီ20မှာ ကားစထွက်ပါတယ်။
ပုံမှန် 5နာရီလောက်ပဲ မောင်းရမှာပေမဲ့ လူကြီးတွေပါတော့ ဖြည်းဖြည်းမောင်းသလားမသိ။ 8နာရီမှ ညောင်တုန်းရောက်လို့ မနက်စာစားတယ်။ ကင်မရာ ပါမသွားလေတော့ လမ်းမှာ ရှိတဲ့ မြင်ကွင်းမှန်သမျှ စိတ်ထဲမှာပဲ ဓါတ်ပုံရိုက်ရတယ်ဗျာ (စိတ်တောင်မကောင်းဘူး)။
11 နာရီလောက်မှာ ပုသိမ်ရောက်ပြီး ပုသိမ်ဟိုတယ်ကို inspection လုပ်ပါသေးတယ်။
နေ့လည် 1နာရီ 15လောက်မှ ငွေဆောင်ကိုရောက်ပါတယ်။ ရောက်ရောက်ချင်း ရေထဲ မဆင်းရပဲ လှိုင်းပုတ်သံတွေ နားထောင်ပြီး စိတ်ထဲမှာ လွမ်းသလိုလို မနေနိုင်မထိုင်နိုင် ဂယောက်ဂယက်ဖြစ်လို့ ဖုန်းပြောဖြစ်သေးတယ်။ (ဘယ်သူလဲလို့ မေးပါနဲ့ ) (တခြားမပြောချင်ပဲ ပြောဖြစ်တဲ့ သူတွေကတော့ အုန်းသီး(ကင်မရာ) မပါရင် အုန်းပင်ပေါ်တက်ခူးတဲ့ ။ သူများက စကတ် အတိုနဲ့ပါဆို၊ အင်မတန် စိတ်ပုတ် ရက်စက်တဲ့သူတွေပါပဲ)

ငွေဆောင်က ရန်ကုန်ကနေ 40ကီလိုမီတာလောက်ပဲ ဝေးပါတယ်။ အရင်တုန်းက အဲဒီရွာနာမည်က “ငဆော ” ပါတဲ့။ နေ့လည် 3နာရီမှာ ဟိုတယ်၇ခုလောက်ဆီကို inspection ထွက်ကြပါတယ်။ ရောက်ခဲ့တဲ့ ဟိုတယ် တော်တော်များများကတော့ အုန်းရှာလပတ်ရည်ဆိုပြီး အုန်းသီးဇွန်းခြစ်နုနုလေးတွေထည့်ထားတဲ့ အုန်းရည် နဲ့ ဧည့်ခံတာကတော့ အ၀ပဲ။ ညနေ 6နာရီခွဲမှ အခန်းကို ပြန်ရောက်ပါတယ်။ ည7နာရီခွဲမှာတော့ cocktail party နဲ့ အတူ ပုသိမ်ထီးအက၊ ဟာဝိုင်ယီ ကျွန်းအကတွေနဲ့ ဖြေဖျော်ပါတယ်။ ဧည့်သည်တွေထဲမှာ နိုင်ငံခြားသား G.M တွေလဲ ပါတယ်လေ။
ညစာ ကိုတော့ ကမ်းခြေမှာ စားပွဲခင်းပြီး seafood grilled နဲ့ ထမင်းကြော်တွေ ကျွေးတာပေါ့ (မြင်မှ မမြင်ရတာ ယုံလိုက်နော် အဟိ ) အခန်းကိုတော့ 10နာရီ 15လောက်မှ ပြန်ရောက်တယ်။ ခုထိ ရေလဲ မထိရသေးဘူး(ရေတော့ ချိုးပြီးသားပါနော် :P )

21ရက်နေ့ မနက်မှာ 6နာရီထပြီး 6နာရီခွဲကနေ 7နာရီခွဲထိ ပင်လယ်ထဲဆင်းတယ် ပျော်စရာကြီး (ဒါပေသိ တစ်ယောက်တည်း အဟင့်  ) ပြီးတော့ ရေချိုး ရှိုးပြင်ပေါ့။
8နာရီမှာ မနက်စာစား 8နာရီ 45လောက်ကျ ဓါတ်ပုံ ရိုက်ချင်လို့ ကမ်းစပ်သွားပီး ဓါတ်ပုံ ဆရာချောင်းတာလဲ မတွေ့လို့ ခရုတွေပဲ ကောက်ပြီး ပြန်လာတယ်။ (၀င်ကစွပ် ပုံပြင်တပုဒ်ရှိတယ် ပြီးမှ ပြောပြမယ်လေ)
ဟိုတယ်ရောက်တော့ ကံကောင်းပြီး living color က ကို.. နဲ့ တွေ့ပြီး ဓါတ်ပုံရိုက်ပေးလို့ ဒီပုံလေး တပုံ ရှားရှားပါးပါး အမှတ်တရ ရိုက်လာရတယ် ( ရုပ်ဆိုးလိုက်တာနော် မဲတုန်းနေတာပဲ အဟိ)

9ခွဲတော့ ဟိုတယ်ကထွက်ပြီး presentation လုပ်မဲ့ ဟိုတယ်ဆီကိုသွား။ လာတဲ့ လူတွေတချို့ကို လိုက်နှုတ်ဆက်ပြီး အဲဒီမှာ presentation လုပ်ဖို့ projector နဲ့ laptop တွဲတာ အဆင်မပြေလို့ ကိုနေဘုန်းလတ်ဆီ ဖုန်းဆက်။ ကိုကြီးကျော်က လေဆိပ်မသွားခင် ကပျာကယာ ပြောပြ။ အဲဒီတော့မှ အဆင်ပြေပြေ ရသွားလို့ တော်ပါသေးရဲ့ ။ သိုင်းခရုပါ ဗျို။
အစီအစဉ်တွေ ပြီးတော့ 12ထိုးပြီး ဟိုတယ်ပြန်လာ နေ့လည်စာစား ပစ္စည်းတွေ သိမ်း။ မှာထားတဲ့ ငွေဆောင် ဘိန်းမုံ့ (သရက်တော ထိုးမုံ့) တွေ သေချာထည့် ။ 2နာရီမှာ ဟိုတယ်က စထွက်ခွာပြီး ကားပေါ်မှာ လူကြီးတွေ နားမခံသာအောင် သီချင်းတွေဆိုပြီး ရန်ကုန်ကို ည8နာရီမှာ ပြန်ရောက်ပါတယ်ဗျာ။ ဒီတခေါက် ခရီးက ချစ်သူများကျွန်း(နဂိုနာမည်က ဘူးကွဲကျွန်းပါတဲ့ )လဲ မရောက်ပါဘူး။ မြင်းလဲ မစီးခဲ့ရဘူးပေါ့နော်။


နောက်ရက်မှာတော့ “ဘာပါလဲဗျ” လို့ မေးကြပါတယ်။
ငွေဆောင်ဘိန်းမုံ့ နဲ့ ပုသိမ်ဟာလ၀ါတွေ ပါပါတယ်။ မနားရပဲ ရုံးတက်ရတာဆိုတော့ ရုံးက လူတွေ ၀ိုင်းစားလို့ ကုန်သွားပါပြီ။
အဲတော့ မုံ့ မကျွေးလိုက်ရတဲ့ သူငယ်ချင်းတွေအတွက် ကောက်လာတဲ့ ခရုတွေပဲ ပေးစရာကျန်တော့တယ်။ လာယူလှည့်နော်။ (အဲဒီ ခရုလေးတွေ ဓါတ်ပုံကိုလဲ တင်ဖို့ ကြိုးစားရဦးမယ်)

Thursday, October 18, 2007

ငွေဆောင်ကမ်းခြေကို လေ့လာရေးခရီးသွားဦးမယ်ဗျို


ဒီပုံလေးက အရင်သုံးနှစ်က ငွေဆောင်ကို သွားတုန်းက ရိုက်ထားတာ။ ဗမာအမျိုးသမီးမြင်းစီးအဖွဲ့ချုပ် ရဲ့ ဥက္ကဌရာထူးကို အလကားမူးတင်းမတ်တင်းရစေခဲ့တဲ့ ပုံပါ။(ဘလော့တိုင်းမ်မှာတုန်းကပေါ့ ) ချစ်ကိုကြီးတစ်ယောက်ကတော့ ပြောတယ်။ ဒီပုံလေးက အသက်ဝင်တယ်တဲ့။ ဒါပေသိ ပြန်ပြောပြလိုက်တယ်။ အဲဒီပုံက မြင်းပေါ်က ပြုတ်မကျခင်ရိုက်ထားလို့။ မဟုတ်ရင် အသက်ဝင်တယ် အစား အသက်မထွက်ခင်ပုံဖြစ်မယ်။ ဖြစ်ပုံက နတ်သမီးကျွန်း(သို့) ချစ်သူများကျွန်းကိုအသွား သဲလမ်းလေးက ရေတွေဖုံးနေတော့ မြင်းက ကြောက်ပြီး ပတတ်ရပ်လို့ ခါချသလိုဖြစ်ပြီး ကိုယ်တိုင်ကလဲ ပဲများပြီး သတိလက်လွတ်ဖြစ်လို့ လိမ့်ကျပါလေရော။ အီးဟီး မြီးညှောက်ရိုးနာပီး တော်တော် အီစိမ့်သွားတာပဲ။ တော်ပါသေးရဲ့ မြင်းနင်းတာမခံလိုက်ရပဲ ပြုတ်ကျတဲ့ဒဏ်ကလဲ ခဏပဲခံလိုက်ရတာမလို့။

ဒီတပါတ် စနေ၊ တနင်္ဂနွေ ၂ရက်လဲ ငွေဆောင်ကို လေ့လာရေး ခရီးသွားရဦးမယ်ဗျို။
အဲဒီမှာရှိတဲ့ ဟိုတယ်တချို့ကို inspection လုပ်၊ အလကားရတာတွေ (brochure) အကုန်ယူလာ။
ခရီးစဉ်က ဒီအတိုင်းလေးတဲ့။ (ယင်းဂလိပ်လိုပဲ ဖတ်လိုက်တော့နော် :P)
Venue:
Myanmar Treasure Resort, Ngwe Saung Beach

Itinerary & Programme:
Saturday, 20th October 2007
6 am Departure from Yangon at 6 am from Espace Avenir by Coach
3 pm Inspection of Hotels in Ngwe Saung Beach

Sunday, 21st October 2007
10 am Registration
10:30 am Opening Remarks
10:45 am Presentation by MMC - EXCOM
11:30 am Discussion on Development of Ngwe Saung Beach Destination
12 Noon Lunch hosted by Myanmar Treasure Resort
1:30 pm Departure from Ngwe Saung

ကောင်းတယ်နော် ဟီဟိ။ ဒီတခါတော့ မြင်းစီးတော့ဘူး။ ခရီးသွားလုပ်ငန်းတွေက လူကြီးတွေလဲ ပါမှာဆိုတော့လဲ အလိမ္မာလေးနဲ့ နေရဦးမယ်လေနော်။
ဒါနဲ့ စကားမစပ် အတင်းပြောဦးမယ်။
တချို့က ချောင်းသာသွားတော့ ပိုက်ပိုက်ချေးပြီး ထမင်းစားလာရတာ(ဖဲရှုံးလို့တဲ့ ) ပြီးတော့ ကမ်းခြေမှာ ဘီကီနီနဲ့ ကောင်မလေးတွေကြည့်ပြီး သဲတွေစားပြီး ပြန်လာတာ။ နားကားကားနဲ့ ပိန်ပိန်ပါးပါး ၀က်ချမ်းတက်စ်တို့ ဆိုရင် ချောင်းသာသွားတုန်းက အဲဒီလိုဖြစ်ခဲ့တာတဲ့။
တို့ ကတော့ အေးဆေးပါ။ တနင်္လာနေ့ ပြန်လာမှ အတွေ့အကြုံတွေ ပြောဦးမယ်။
ခုတော့ ဘလော့ဂ် ဗကေးရှင်း ယူပီဗျို။

Tuesday, October 16, 2007

အထွေထွေဗဟုသုတ

၁. အကယ်၍ သင်ဟာ ၈ နှစ် ၇ လ နဲ့ ၆ ရက်တိတိသာ အော်ခဲ့မယ်ဆိုရင် ကော်ဖီတစ်ခွက်ကို အပူပေးနိုင်သော လုံလောက်တဲ့ အသံစွမ်းအင်ကို ထုတ်လုပ်နိုင်ပါတယ်။

၂. Atomic ဗုံး စွမ်းအင်ကို ဖန်တီးရန် လုံလောက်သော Gas ကို ၆ နှစ် နဲ့ ၉ လ မရပ်မနား အီးပေါက်ခြင်းအားဖြင့် ရနိုင်ပါတယ်။

၃. လူရဲ့ နှလုံးဟာ သွေးကို အမြင့်ပေ ၃၀ ထိအောင် ပန်းထုတ်နိုင်တဲ့ pressure ကို ထုတ်လုပ်နေပါတယ်။

၎. ၀က်တစ်ကောင်ရဲ့ လိင်ခံစားမှု အမြင့်ဆုံးအချိန်ဟာ မိနစ် ၃၀ ကြာပါတယ်။

၅. ငါးသိုင်းငါးတစ်ကောင်ဟာ ခေါင်းမရှိပဲနဲ့ အစာငတ်လို့ မသေခင် ၉ ရက်ခန့် အသက်ရှင်နေနိုင်ပါတယ်။

၆. တိုင်ကို ခေါင်းနဲ့ ဆောင့်ခြင်းသည် တစ်နာရီကို ၁၅၀ ကယ်လိုရီ ကုန်ပါတယ်။

၇. Praying Mantis လို့ ခေါ်တဲ့ အစိမ်းရောင် အင်းဆက်အထီးဟာ သူ့ရဲ့ ခေါင်းက သူ့ရဲ့ ကိုယ်မှာ ရှိနေရင် မိတ်လိုက်လို့ မရပါဘူး။ အမက အထီးရဲ့ ခေါင်းကို မိတ်လိုက်ရန် အလို့ငှာ ဖြုတ်ပေးရပါတယ်။

၈. သန်းတစ်ကောင်ဟာ သူ့ ခန္ဓာကိုယ်အရှည်ရဲ့ အဆပေါင်း ၃၅၀ အကွာအဝေးကို ခုန်နိုင်ပါတယ်။ လူတစ်ယောက်အတွက် ဆိုရင်တော့ ဘောလုံးကွင်းတစ်ကွင်းလုံးကို ခုန်ရမယ့် အကွာအဝေးနဲ့ အတူတူပင် ဖြစ်ပါတယ်။

၉. ပါးစပ်နားမှာ မာပြီးရှည်တဲ့ အမွေးတွေပါသော ငါးအကြီးတစ်မျိုး Catfish မှာ အရသာကို ခံစားနိုင်တဲ့ ရသာဖူးပေါင်း ၂၇၀၀၀ ကျော် ပါဝင်ပါတယ်။

၁၀. အချို့ ခြင်္သေ့များဟာ တစ်ရက်ကို အကြိမ်ပေါင်း ၅၀ ကျော် မိတ်လိုက်ကြပါတယ်။

၁၁. လိပ်ပြာတွေဟာ အရသာကို သူတို့ရဲ့ ခြေဖ၀ါးတွေနဲ့ အရသာခံနိုင်ကြပါတယ်။

၁၂. လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံး ကြွက်သားဟာ လျှာဖြစ်ပါတယ်။

၁၃. ပျှမ်းမျှအားဖြင့် ညာသန်သောသူများသည် ဘယ်သန်များထက် ၉ နှစ်ခန့် ပို၍ အသက်ရှည်ကြပါတယ်။

၁၄. ဆင်တွေဟာ မခုန်နိုင်သော တစ်ခုတည်းသော တိရိစ္ဆာန် ဖြစ်ပါတယ်။

၁၅. ကြောင်တွေဟာ ဆီးကို မဲမှောင်နေစဉ်အတွင်းမှသာ စွန့်ကြပါတယ်။

၁၆. ငှက်ကုလားအုတ်တစ်ကောင်ရဲ့ မျက်လုံးဟာ သူ့ရဲ့ ဦးနှောက်ထက်ကို ပိုကြီးပါတယ်။

၁၇. လက်ငါးဖက်ပါပြီး ကြယ်ပုံစံရှိတဲ့ ပင်လယ်သတ္တ၀ါတစ်မျိုး starfish မှာ ဦးနှောက် မရှိပါဘူး။

၁၈. ပိုလာ ၀က်ဝံတွေအားလုံးဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။

၁၉. လူသား နှင့် လင်းပိုင်တို့သာလျှင် လိင်ကိစ္စကို သာယာမှုအတွက် ခံစားကြပါသည်။

All credit goes to Frank1500's sharing post.

Saturday, October 13, 2007

လက်ရှိဘ၀ရဲ့ တနေ့တာ အတွေးနဲ့ အလုပ်(၂)

ညနေ ၄နာရီကျော်လို့ ကော်နက်ရှင်းပြုတ်သွားပြီးတော့ မပီးသေးတဲ့ လုပ်လက်စတွေ လက်စသတ်ရင်း ပလန်းနက်ဖိုရမ်ထဲဝင်ကလိ ဟိုကြည့်ဒီကြည့် ဟိုဖတ်ဒီဖတ် ဟိုရွှီးဒီရွှီး အဟီးဟီး


အလုပ်တွေလဲပီး ပလန်းနက်ထဲကထွက်တော့ ညနေ ၅နာရီခွဲပေါ့။ အိမ်ပြန်ဖို့ပြင်ပေမဲ့ အချိန်က စောနေသေးသဗျ။ အရင်က ခုလို အောက်တိုဘာ peak season ဆိုရင် အစောဆုံး ညနေ ၇နာရီ ၈နာရီမှ အိမ်ပြန်ရတာလေ။ ခုတော့ အဟင့် ရွှတ် (ရေးရင်း ၀မ်းနည်းလာပီ)။
အိမ်ပြန်ရောက်တော့ ၆နရာရီလောက်ပဲရှိသေးတယ်။ ရေချိုး ထမင်းစားပေါ့ (အေးအေးဆေးဆေးပဲ) ဘ၀မှာ ရခဲတဲ့ စည်းစိမ်ပါပဲ ဒီလို မနေဖြစ်တာကြာပေါ့။ ပြီးတော့ ကြောက်စာ (သူငယ်ချင်းတယောက်ပြောတာ၊ ဘယ်သူလဲလို့မေးနဲ့) တွေဖတ်တယ်။ နေ့စဉ်ထုတ်လေ။ ဖတ်ရင်းနဲ့ ကြောက်ကြောက်လာလို့ပါ။ ကြောက်ခေတ်မှာ လူဖြစ်ရတဲ့ဘ၀။ အဲလေ.. ဘာတွေပြောမိကုန်ပါလိမ့်။


၇နာရီထိုးတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်ကြိုက်မကြိုက်ကြိုက် ထိုင်ကြည့်။ ၈နာရီထိုးတော့ လမ်းထဲက အသုတ်ဆိုင်မှာ လမ်းထဲကသူငယ်ချင်းတွေနဲ့ သွားထိုင် လေပေါ။ ဘေးထိုင်ဘုပြော။ မိုးလုံးပြည့်လား မိုးလုံးလျှံလား ဝေဖန် သုံးသတ် အဟတ်ဟတ် (အားနေတာကိုး)။ ၉နာရီ ဆိုင်ပိတ်တော့ အိမ်ပေါ်ပြန်တက်။ အိမ်ပေါ်က အဆောင်သူ သူငယ်ချင်းတွေကို တနေ့တာ ကြားသမျှ သိသမျှ ပြန်ဖွ (တစရ အကုန်ဖွ၊ ဘလော့တိုင်းမ်ရဲ့ စာလုံး ယူသုံးတာ) ၁၀နာရီထိုးတော့ ဘုရားရှိခိုး၊ ပြီးတော့ မေတ္တာသုတ်ရွတ်။ အမျှပေး။ မေတ္တာပို့ (+@*#$ ) မသူတော်တွေကိုတမျိုး သူတော်ကောင်းတွေကို တမျိုး အဟဲဟဲ (တကယ်ပြောတာ၊ သိချင်လား လာနားထောင်လေ)။ ပြီးတော့ အိပ်ယာဝင်။ ချစ်တဲ့ ခင်တဲ့ သူတွေကို သတိရ။ အိပ်ပျော်သွားးးးးးး zzzzzzz zzzzzzzzzz

(ဘာတွေတွေးနေလဲဆိုတာတော့ top secret မလို့ ပြောပြတော့ဘူး အဟီး)

လက်ရှိဘ၀ရဲ့ တနေ့တာ အတွေးနဲ့ အလုပ်(၁)

မနက်လင်းတာနဲ့ ရုံးသွားဖို့ပြင်

ရုံးကို ၉နာရီရောက်တာနဲ့ မရှိရှိတဲ့ အလုပ်တွေကို မြန်မြန်လုပ်

အလုပ်ကတော့ ဘယ်လောက်မရှိသလဲဆိုရင် မြန်မာကို လာလည်မဲ့ ဧည့်သည် ၁၀၀မှာ ၁ယောက်ပဲလာဖြစ်သဗျ(ဒီအောက်တိုဘာလအတွက်နော်)

နိုဝင်ဘာကတော့ ဒီထက်များတယ် ၂ယောက်တောင်ပဲ အဟက်ဟက်

မမှုပါဘူး ဆင်ပိန်တော့ ပုရွက်ဆိတ်ပေါ့

ဧည့်သည်မလာလဲ သူဌေးက လခတော့ ပေးနိုင်မဲ့ပုံပါ။ (အားတော့ အနာသားပဲ)

သန့်ရှင်းရေး အမကြီးရဲ့ သမီး အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀၀ ကတော့ အလုပ်လက်မဲ့ ဖြစ်သွားပီး အိမ်ပြန်ဖို့ စရိတ်လဲ မရှိဘူးဆိုပဲ။

သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းလေး ဖန်တီးပေးချင်ပေမဲ့လဲ ကိုယ်ကလဲ ခါချဉ်ကောင်လေ။ မာန်ကြီးလို့ မရမှန်းသိတော့လဲ သဗ္ဗေသတ္တာ ကမ္မသကာပဲ ဖြေရမလားနော်။ ကျမတို့ရဲ့ ဒီခရီးသွားလုပ်ငန်းနဲ့ ပါတ်သက်လို့ ကတော့ မြန်မာပြည်ကို ပြည်ဝင်ခွင့် ဗီဇာမရလို့ ဘယ်ဧည့်သည်မှ မလာလို့ကတော့ ဒီ၁လ၂လကနေ အချိန်အကန့်အသတ်မရှိ ဟိုတယ်၊ စားသောက်ဆိုင်၊ လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်းက ၀န်ထမ်းတွေ ဘယ်လို စခန်းသွားရပါ့။ အော်..ဘ၀..ဘ၀။

ပြောရင်းနဲ့ လမ်းကြောင်းကလွဲပြီ။ ပြန်တည့်ဦးမှ။


လုပ်စရာမရှိရှိတာလေးတွေရှာကြံလုပ်ပြီး ၁၁နာရီကျော်ရင် အားလုံး ပြိုင်တူ မြန်မြန် ထမင်းစားကြ။ မထူးဆန်းပါဘူးလေ။ ၁၂နာရီကစပြီး အင်တာနက် ရမရ ကြိုးစားပမ်းစား စမ်းကြ။ ၁၂ခွဲလောက် အင်တာနက်ရပြီဆိုတာနဲ့ အချင်းချင်းအချက်ပေးလို့ ပို့စရာရှိတဲ့ အလုပ်နဲ့ ပါတ်သက်တဲ့ မေးလ်တွေ personal mail တွေ အသီးသီးအသက ကိုယ်စီကိုယ်ငှ အင်တိုက်အားတိုက်ပို့ကြ။ ဂျီတော့ခ်လေးနဲ့ ချက်စရာရှိတာလေးတွေ တပျော်တပါးချက်ကြ။ မတွေ့ရတာကြာပီဖြစ်သော ချစ်သူရည်းစား (သို့) အွန်လိုင်း သူငယ်ချင်းများနဲ့ အူယားဖားယား ဆက်သွယ်ကြ။ ၄နာရီ အထိပဲ ဒီအခွင့်အရေးကရတာဆိုတော့ မလိမ်မညာတမ်းပြောရင် အိမ်သာတောင် မသွားအားဘူး။(အောင့်ထားတယ် အဟဲဟဲ)။ စိန်စီထားသော အချိန်နာရီလေးများပေါ့လေ။ အလုပ်နဲ့ ပါတ်သက်တဲ့ မေးလ်တွေကလဲ ဒီအချိန်မှာ မြန်မြန်ပို့မှ။ မဟုတ်ရင် Bagan mail server မှာ သိမ်းထားခံရလို့ ရှိရင် ကြန့်ကြာပြီး ခုထိ reply မပြန်နိုင်သေးဘူးလားဆိုပြီး ဖုန်းတွေ ဖက်စ်တွေ ၀င်လာလွန်းလို့ စိတ်ညစ်စရာ။

ခုလဲ ဒီစာရိုက်ရင်း ၄နာရီထိုးတော့မယ်။ အော်..ဘ၀..ဘ၀။


နောက်ရက်မှ ဆက်ပြောတော့မယ်နော်။ လာလည်တဲ့သူအားလုံး ကိုယ်စိတ်နှလုံး ၃ပါးလုံး ကျန်းမာချမ်းသာ လန်းဖြာပါစေလို့။


မနေ့က ဒီပို့စ်တင်ရင်း ၄နာရီထိုးဖို့ ၁၀မိနစ်အလိုမှာတင် ကော်နက်ပြုတ်သွားလို့ မတက်သွားဘူး အဟင့် ခုမှပဲ တင်လိုက်ရတော့တယ် အော်..ဘ၀..ဘဝ

Wednesday, October 10, 2007

ခွဲနေရလို့ လွမ်းနေရတာ နှစ်ပေါင်း၂၀၀ ကြာ

ဒီဘလော့ဂ်လေးနဲ့ ဝေးနေရတာ ရက်ပေါင်း 20နီးပါး။

ဘယ်လောက်ကြာလဲ ခံစားမိတာက နှစ်ပေါင်း 200လောက်။

အင်တာနက်နဲ့လဲဝေး ဘလော့ဂ်နဲ့လဲဝေး အွန်လိုင်းမှာ တွေ့နေပြောနေ ရင်းနှီးနေကြတဲ့ သူငယ်ချင်းမောင်နှမတွေနဲ့လဲ ဝေး

အမလေး ဟစိဟစိနဲ့ ကုန်းပေါ်ရောက်တဲ့ ရွှေငါးလေး ကိုယ့်ဘ၀ပါကွယ် အဟိ

ဘယ်သူ့မှ မသနားလဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားပါးတရ သနားလိုက်တယ်

ဘ၀ ဘ၀ ဒီလိုနဲ့ ဒီလိုအမြဲ အသက်တွေလဲ ကြီးသထက်ကြီးလို့


အင်တာနက် ဝေး ဝေး ဝေးတဲ့ နယ်မြေ

ဘယ်လိုပင် တွေးတွေး စိတ်ညစ်ခဲ့တယ်လေ

အဲဒါတွေ ပြန်မပြောတော့ ပါဘူး။

မယ်လိုဒီမောင် ငြိမ်းချမ်းရေးသံစဉ်တွေ ဆက်လက်သီကြူးဖို့ မကြာခင် ပြန်လာနိုင်ပါတော့မယ်လေ

(ဒါပေသိ အင်တာနက် ဒီနေ့လိုကနေ လျှပ်စစ်မီးလိုခွဲတမ်းနဲ့ မဟုတ်ပဲ နေ့စဉ်ပုံမှန် ပြန်ရဖို့တော့ ဆုတောင်းပေးကြနော်..နော်)

အော် ခုမှ သတိရတယ် ဘလော့ ဂ်တွေက ဘန်းထားတယ်လေဗျာ ဘယ်လိုလုပ်မလဲ ရှုးတိုးတိုး နော်