Monday, August 27, 2007

လှုပ်လို့ မရ လက်ရှိဘဝ

မယ်လိုဒီမောင် ခရီးသွားလာရေးလုပ်ငန်းနှင့် ပါတ်သက်သည့် သင်တန်းတစ်ခု သွားတက်နေပါသည်။
27-8-07 မှ 7-9-07 ထိဖြစ်၍ မနက် ၉နာရီ မှ ညနေ ၅နာရီ ထိ ဟန်းဖုန်းအားခေါ်ဆိုခြင်း မပြုရန် မေတ္တာရပ်ခံပါသည် ဘလော့ ဂါ အပေါင်းအသင်းများနှင့် ရောင်းရင်းများတို့ရေ။ :D
8-9-07 ကျမှ ပုံမှန်အတိုင်း အသက်ရှူချောင်ပါမည်။ :P

အလုပ်များလည်း ပစ်ထား၍မရပါ။ ထို့ကြောင့် ဘလော့ဂ်ရေးခြင်းကိုတော့ မဖြစ်မနေ နားထားရပါမည်။ :(
ပို့စ်အသစ်မတင်နိုင်သေးတာ နားလည်ပေးဖို့ မျှော်လင့်ပါသည်။ မှာချင်တာရှိရင် အီးမေးလ်ပဲပို့ ကြပါနော်..နော်။
1-9-07 MICT တွင် ကျင်းပမည့် seminar အတွက်တော့ မပျက်မကွက် ပါဝင်ဆောင်ရွက်ပါမည်။
အားလုံးကိုလဲ မပျက်မကွက် နေ့စဉ်ရက်ဆက် လွမ်းနေပါမည်။ :)

Friday, August 24, 2007

စာတိုပေစ(၂)

တစ်ဦးနဲ့ တစ်ဦး သိကျွမ်းကြတယ်
လေးစားကြတယ်
ချစ်ခင်စုံမက်ကြတယ်
ပြီးတော့ ကွေကွင်းကြတယ်
ဒီလိုနဲ့ ဘ၀ပုံပြင်ကို ကြေကွဲဝမ်းနည်းစေပါတယ်။

မိတ်ဆွေဖြစ်မှုဆိုတာ မေတ္တာတရားရဲ့ အမြင့်မားဆုံးပုံစံ ဖြစ်ပါတယ်။
လူနှစ်ဦးကို အစဉ်ထာဝရ ခိုင်မြဲညီညွှတ်အောင် အလှပဆုံးချည်နှောင်မှုပါပဲ။

အမျိုးသမီးတစ်ဦးရဲ့ မိတ်ဆွေဖြစ်မှုဟာ အချစ်မှာဆုံးခန်းတိုင်ပါတယ်။

မင်းဟာ ပျော်ရွှင်ခြင်း ဘုရင်မကြီးဖြစ်ခဲ့ ရင် ငါဟာ ဝေဒနာဘုရင်ကြီးဖြစ်မှာပါပဲ။

You live your life and I will live mine.
မင်းနဲ့ ငါ၊ ကံကြမ္မာ မတူမျှလို့ ဘ၀တွေ အနေကွဲသော်လည်း ရင်ထဲမှာ ဘယ်မမေ့ ၊ တွေ့ချင်နေဆဲ။

Anybody can be a poet because of love.
ကဗျာလဲ မရေးတတ်၊ ရင်မှာတော့ လွမ်းဆွေးတတ်။

ကဗျာဆန်တဲ့ နာကျင်မှု ဝေဒနာအတွင်းမှာ နှစ်သက်စရာ ရှိနေတယ်ဆိုတာကို ကဗျာဆရာတွေသာ သိကြပါတယ်။

Wednesday, August 22, 2007

Jညီမလေး ဖတ်ဖို့

မနေ့ကအရမ်းချစ်စရာကောင်းပြီး....ကလေးသံလေးနဲ့အစ်မတယောက်ရတယ်
သူကတော့ပြောတာပဲ..မီးငယ်လိုမွေးစားထားတာမရှိပါဘူးတဲ့

တကယ်ပြောတာပါတဲ့..ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်..

-------------------------------------------------------------
-------------------------------------------------------------

ဘာပဲဖြစ်ဖြစ်ပါ..
အဲဒီအစ်မကပြောတယ်…reflection ဆိုတာရှိပါတယ်တဲ့
ကိုယ်ကအရမ်းအလေးထားပြီးမျှော်လင့်နေတယ်ဆိုရင်..
တဆင့်လောက်မျှော်လင့်ချက်ကိုချလိုက်တဲ့
ဟုတ်တယ်နော်..မျှော်လင့်လေပင်ပန်းရလေပဲ..
စိတ်ညစ်ပါတယ်..ဘာဖြစ်လို့လဲတော့မသိဘူး..အလိုလိုကိုစိတ်ညစ်နေတာ..

PS>>>MMရေသမီးဆီအားရင်ဖုန်းဆက်နော်…ဖုန်းဆက်မယ်လို့မျှော်လင့်ချက်တော့မပေးနဲ့
ဒါပေမဲ့ရပါတယ်..မျှော်လင့်ချက်ကိုတဆင့်ချထားလိုက်မယ်လေ..
အရမ်းမျှော်မနေပဲ…အင်း..ဆက်ချင်မှလည်းဆက်မှာပါဆိုပြီးတော့ပေါ့..ဟုတ်တယ်မလား…
:D

အဲဒီစာလေးက အားငယ်နေတတ်တဲ့ အမြဲတမ်းအထီးကျန်တယ်လို့ ခံစားနေတဲ့ သူများတွေထက်ပိုပြီးသူ့ကို ဂရုစိုက်ပြီးချစ်စေချင်လို့ Jealous တွေဝင်နေတတ်တဲ့ Jညီမလေးတစ်ယောက်ရဲ့ ဘလော့ဂ်ကစာလေးပါ။
သူ့ရဲ့ ဘလော့ဂ်ကပို့စ်လေးကို ဖတ်ပြီး သူပို့ထားတဲ့ အီးမေးလ်လေးကိုဖတ်ပြီး ဒီ Jညီမလေးသိဖို့ ဖတ်စေချင်လို့ ဒီပို့စ်လေးကို reply အနေနဲ့ ပြန်ရေးပေးလိုက်တာပါ။

မီးငယ်လေးရေ

အီးမေးလ်လဲဖတ်ပြီးပြီ
ပြီးတော့ ဘလော့ မှာလဲ သွားဖတ်ပြီးပြီ
တကယ်ပဲ တော်တီးတီးတော်
>>အားရင်ဖုန်းဆက်မယ် …ဖုန်းဆက်မယ်လို့မျှော်လင့်ချက်တော့မပေးနဲ့ ဆိုလဲ
ထပ်မပြောတော့ဘူး
>>ဒါပေမဲ့ရပါတယ်..မျှော်လင့်ချက်ကိုတဆင့်ချထားလိုက်မယ်လေ..ဆိုတော့
လိမ်မာလာပြီ အဟီး
>>အရမ်းမျှော်မနေပဲ…အင်း..ဆက်ချင်မှလည်းဆက်မှာပါဆိုပြီးတော့ပေါ့..
အဲဒါဟုတ်တယ်။ ဘ၀ဆိုတာ အဲဒီလိုပဲ ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပါဘူး
လူတိုင်းကိုယ်မျှော်လင့်တဲ့ အတိုင်းသာ ဖြစ်ရင် စိတ်ဆင်းရဲ စိတ်ညစ်နေတဲ့ လူသားဆိုတာ ရှိမှာ မဟုတ်ဘူးတဲ့
အဲဒီတော့ မျှော်လင့်သလောက်ဖြစ်မလာတဲ့ သောကအတုတွေကို အတုမှန်းသိပြီး ဖယ်ရှားနိုင်ရင် ပျော်ပျော်နေတတ်တဲ့သူဖြစ်လာမယ်လေ

>> မေးလိုက်ဖို့မေ့သွားတယ်..အစ်မမှာစိတ်ညစ်တဲ့အချိန်ရောရှိရဲ့လားလို့
ဟုတ်လား မီးငယ်လေးရေ စိတ်ညစ်စရာ အကြောင်းအရာတွေကတော့ အများသားကွ ပြောရင်ယုံကြမှာတောင် မဟုတ်ဘူး
ဒါပေသိ အဲဒီ စိတ်ညစ်ရတာတွေကို စိတ်ထဲဝင်မလာအောင် တံခါးပိတ်ထားလိုက်သကွ ပြောမယ်ဆိုရင် ကိုယ်ရော သူများရော အကျိုးရှိမဲ့ အလုပ်တွေ စကားတွေပြောရင်းနဲ့ အချိန်တွေ ကုန်လွန်စေလိုက်တော့ စိတ်ညစ်တဲ့ ကိစ္စတွေကို အချိန်မပေးလိုက်နိုင်တော့ဘူးလို့ ပြောတာပါကွာ

>>စိတ်ညစ်ပါတယ်..ဘာဖြစ်လို့လဲတော့မသိဘူး..အလိုလိုကိုစိတ်ညစ်နေတာ..
အဲဒါ စိတ်ညစ်ရတဲ့ အကြောင်းအရာကို သေချာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုနေတာပေါ့ ။ နံပါတ်တပ်ပြီး စာရွက်ပေါ်ချရေးကြည့်ပါလား။ ဘယ်လောက်များလဲ။ ရေးထားတဲ့ အကြောင်းအရာ တခုချင်းပြန်ဆန်းစစ်ကြည့်ပါလား။ အဲဒါ ဖြေရှင်းလို့ မရနိုင်လို့ နောက်ဆုံးသတ်သေလောက်လား။ (စကားကြမ်းသွားလားမသိဘူး ဆောတီးနော်) အဲဒီလို ပြန်စဉ်းစားလိုက်ရင် သောကအတုလား အစစ်လားဆိုတာ ပေါ်လာမယ်။ ဒီနေရာမှာ သောကအစစ်နဲ့ အတု ဘယ်လိုခွဲကြမလဲ သိလား။ ဥပမာ- mp3 ရှိထားတာကို mp4 ထပ်ဝယ်ချင်တာမရတာက စိတ်ညစ်စရာ၊ စိတ်အလိုမကျစရာပါပဲ။ ဒါပေသိ ဒါက ဇိမ်ခံပစ္စည်းပါ။ ပြီးတော့ ကိုယ်စားချင်တာက ကြက်ကြော်၊ အိမ်မှာ ချက်ထားတာက တခြားအသားဟင်း။ ငါးဟင်းဖြစ်ဖြစ်ပေါ့။ အဲဒါ ရှိတာနဲ့ မစားပဲ စိတ်ကောက် စိတ်ညစ်နေမလား။ တကယ်လို့ ထမင်းနပ်မှန်အောင်တောင်စားဖို့ မတတ်နိုင်လို့ ထမင်းရည်တောင် သောက်နေရတာ စိတ်ညစ်စရာပဲဆိုရင် ဘယ်ဟာက သောကအတုလဲ ဘယ်ဟာက သောက အစစ်လဲဆိုတာ နားလည်နိုင်ပါတယ်။
ဒါကို အပျော်သဘောမျိုးနဲ့ စိတ်ညစ်တတ်တဲ့ သူငယ်ချင်းတွေကို စနောက်နေကြ စကားတစ်ခွန်းရှိတယ်။ "စိတ်ညစ်တယ် စိတ်ညစ်တယ်၊ လိပ်ဖြစ်ရတာ အခွန်ထူသကွဲ့။ နာ့မှာ စီးစရာ မာစီးဒီးလဲ မရှိ။ ဆီဒိုးနားမှာ သွားအိပ်ဖို့ ပိုက်ပိုက်လဲမရှိ။ ချစ်ချစ်နဲ့ စကားပြောဖို့ ဂျီလေးတောင်မရှိလို့ " အဲတော့ သူငယ်ချင်းတွေက ပြောတယ် တော်တော်သနားဖို့ ကောင်းတာပဲတဲ့ ။ အဲဒါက စတာပါ။ မမီကတော့ ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့ ။ ပျော်ပျော်သာနေ ကိုယ့်လူရေလို့။

စာလဲ ရှည်သင့်သလောက်ရှည် နေပါပြီ။ စာတွေ အများကြီးရေးချင်သေးတယ်။ ဒါပေသိ အလုပ်လုပ်ရဦးမယ်လေ။
အားရင် စာရှည်ရှည်ထပ်ပို့ဦးမယ်နော်

အာဘွားးးး(ဖက်ရှင်မဟုတ်ပါ၊ ချစ်လို့ )

ချစ်တဲ့ မမီ

Monday, August 20, 2007

အကြိုက်ဆုံး (၅) ပို့စ်

တက်... တက်... တက်...
ဒီ.. တက်တယ်ဆိုတဲ့ ဇာတ်လမ်းလေးက ကိုတက်ကြီးက စလိုက်တယ်ဆိုပဲတဲ့ ခုတခေါက်တော့ ကိုယ်ရေးပြီးသားတွေထဲက အကြိုက်ဆုံး ၅ခု ကိုရွေးပေးပါတဲ့။ မောင်လေး စိုင်းစိုင်း နဲ့ သူငယ်ချင်းလေး ကိုသန့် တို့က တက်ပါတယ်။ စာဖတ်သူအကြိုက်ကတော့ တိုက်ဆိုင်ပါ့မလားမသိပါဘူး။ ကိုယ့် အနေနဲ့ကတော့ ကာရံညီအောင် မစပ်တတ်ပေမဲ့ ခံစားပြီးထွက်ကျလာတဲ့ စကားလုံးလေးတွေကို စီထားဖြစ်တဲ့ ကဗျာမဆန် ကာရံမဲ့လေးတွေကို ပိုကြိုက်တာပါ။ ဒါပေသိ ကဗျာဆရာမပြောပါနဲ့ တခြားကဗျာဝါသနာပါတဲ့ ဘလော့ဂါရောင်းရင်းတွေကို အားနာလို့ ကဗျာ(၃)ပုဒ်ပဲ ရွေးလိုက်ပါတော့တယ်။

ကဲ..ဒီနေ့အထိ ရေးပြီးသမျှ ပို့စ်(၆၅)ခုထဲက အကြိုက်ဆုံး (၅) ပို့စ်ကတော့
(၁) အမည်မသိဝေဒနာ
(၂) အသည်းကွဲနတ်သမီး
(၃) အချစ်ဆိုသည်မှာ(၁) နှင့် အချစ်ဆိုသည်မှာ(၂)
(၄) “မန္တလေးအချဉ်ပေါင်း”
(၅) ကြင်နာလာမဲ့ တနေ့ နေ့ အတွက်


ထပ်ပြီး တက်ချင်တဲ့သူတွေကတော့ အများကြီးပါ။
ဒါပေသိ ခါတိုင်း ရွေးမိတဲ့ သူတွေထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းများကို ဦးစားပေးလိုက်တယ်။
(၁) ညီမဆိုးလေး ပင့်ဂိုးလ်
(၂) ရှေ့နေမလေး အနှင်း
(၃) မောင်ငယ်လေး တိုလီမုတ်စ
(၄) မောင်လေး တေဇာ နဲ့
(၅) ချစ်ညလေး တို့ပါ။
ကဲ .. ရေးလိုက်ကြဦးနော်

အကျဉ်းစံ နှလုံးသား

စတွေ့ကတည်းက ရင်ခုန်ခဲ့တာတော့ မဟုတ်ခဲ့လေဘူး။
တစတစနဲ့ တွေ့ပါမြင်ဖန်များလာတော့မှ
အကြင်နာမျက်ဝန်း အကြည့်နက်နက်တွေအောက်မှာ
ငါ့ နှလုံးသားဟာ ကျရှုံးသွားတာပါ။

ရိုးသားစွာ ချစ်မြတ်နိုးလို့
ဖြူစင်တဲ့ အတွေးတွေနဲ့ နှလုံးသွေးတို့ လှည့်ပတ်နေတုန်း
“သူဟာ ချစ်သင့်သူမဟုတ်ပါလား”
သိတဲ့ အခိုက် မူးမိုက်ရီဝေ ငေးငိုင်ခဲ့ရတာ။

ဘယ်ကမ္ဘာရန်ငြိုး ကြမ္မာဆိုးတို့
ရိုက်ချိုးဖျက်လဲ ဘယ်မပျက်ပဲ
တိတ်တခိုး မြတ်နိုး ကြင်နာစိတ်တို့
ဖိတ်လျှံစဉ်ထွက် သူမသိစေလျက်
သော့ခတ်သိမ်းထား ဒီနှလုံးသား..................

Saturday, August 18, 2007

ဘလော့ဂ်ကာများ စာနယ်ဇင်း ရှင်းလင်းပွဲ အောင်မြင်စွာ ပြီးဆုံး

17-8-2007(သောကြာနေ့ ) နေ့လည် ၂နာရီ၌ မြန်မာ ဘလော့ဂ်ကာများရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ဘားလမ်းရှိ Mr.Brown ကော်ဖီ ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နေ့လည် နှစ်နာရီ ၁၅ မိနစ်မှာ စတင်ခဲ့ပြီး တက်ရောက်လာတဲ့ စာဇင်းသမားတွေကို ဘလော့ဂ်ဆင်မနာ နဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ရှင်းလင်းပြောကြားရာမှာ ကိုနေဘုန်းလတ်က ဘလော့ဂ် အကြောင်းကို အကျဉ်းချုံ့ ပြောကြားခဲ့ပြီး ကိုဇော်ဇော်မျိုးလွင် ( ဘလာဂေါက်) က ဆင်မနာ ကျင်းပရခြင်း၏ အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တက်ရောက်လာသူများက သိလိုသည်များကို ဆက်လက်မေးမြန်းရာမှာ ကိုနေဘုန်းလတ် ကိုညီလင်းဆက် နဲ့ ကိုဘလာဂေါက်တို့က ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြပါတယ်။ အခမ်းအနားကို ညနေ သုံးနာရီ ခွဲလောက်မှာ အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

မှတ်ချက်။ ။ မူရင်း ဒီပို့စ်တင်ပေးသူ စိုးဇေယျ ဆီမှ ကူးယူဖေါ်ပြပါသည်။

Friday, August 17, 2007

ဒီတရားတွေ အသင် သိပြီးပါပြီလား

အကြီးအကဲ ကျင့်ဝတ်(၆) ပါး


“ထကြွ နိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာတရားတည်း”

(၁) ထကြွ = ငယ်သားတို့ထက် ထကြွ လုံ့လ ရှိခြင်း။

(၂) နိုးကြား = နိုးကြားခြင်း၊ အသွားအလာ အနေအထိုင်တို့၌ သတိရှိခြင်း။

(၃) သနား = ကြင်နာသနားတတ်ခြင်း။

(၄) သည်းခံ = မြေကြီးကဲ့သို့ သည်းခံခြင်း။

(၅) ဝေဖန် = ဝေဖန်ခွဲခြားနိုင်ခြင်း။

(၆) ထောက်ရှု = ပညာရှိတို့ကို ဆွေးနွေးမေးမြန်းခြင်း။


သူများမုန်းစေသော အကြောင်း(၇) ပါး


(၁) လာဘ်လာဘကို တပ်မက်ခြင်း။

(၂) ကိုယ့်ကို အရိုအသေပေးစေလိုခြင်း၊ အလေးဂရုပြုစေလိုခြင်း။

(၃) သူများ အထင်သေးမခံလိုခြင်း၊ သူများ အထင်ကြီးစေလိုခြင်း။

(၄) အကုသိုလ် လုပ်ရမှာ မရှက်ခြင်း။

(၅) အကုသိုလ် လုပ်ရမှာ မကြောက်ခြင်း။

(၆) လောဘအရမ်းကြီးခြင်း။

(၇) အယူမှားခြင်း။

ဆရာတော် အရှင်ဆေကိန္ဒ


ဒီတရားတွေ အသင် သိပြီးပါပြီလား။ သိပြီးလျှင် ရှိဖို့တော့ လိုပါသည်။

သိမသိ ရှိမရှိ ပြန်သုံးသပ်ကြည့်ပါစို့ ။

ပြီးတော့ ကျင့်သင့်တာ ဘာလဲ ။ ကျင့်နေတာ ဘာလဲ။ သင်ကိုယ်တိုင်ရော ဘယ်လမ်းရွေးလဲ။ သူတို့တတွေရော ဘယ်လိုလဲ။


ဘာရယ်မရည်ရွယ်ပါဘူး။ ခေါင်းထဲမှာ ရုတ်တရက်ချက်ချင်း နှိုင်းယှဉ်စဉ်းစားမိတာလေးကို ပို့စ်တင်လိုက်တာပါ..

Thursday, August 16, 2007

စာတိုပေစ(၁) “ဘ၀ ”

ဘ၀ကို ချစ်ခင်မြတ်နိုးဖွယ်ရာ ဖြစ်စေသော အရာသုံးမျိုးရှိသည်တဲ့။
(၁) ရိုသေလေးမြတ်တတ်သော စိတ်အလှ
(၂) သည်းခံတတ်သော မြင့် မြတ်သည့်စိတ်နှင့်
(၃) အတ္တစွဲ၊ ငါစွဲစိတ် ကင်းခြင်းတို့ ဖြစ်သည်။

ဘ၀ဆိုတာ ပန်းခင်းလမ်းပဲဖြစ်ဖြစ်၊ ဆူးခင်းလမ်းပဲဖြစ်ဖြစ် ဖြတ်သန်းရင်ဆိုင် အောင်နိုင်သူဖြစ်ရမယ်တဲ့။

ဘ၀ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်ဆိုတာ ဗဟုသုတ၊ အသိပညာ မဟုတ်။ လက်တွေ့လုပ်ခြင်းသာဖြစ်တယ်တဲ့။

အပေါင်းအဖေါ်နဲ့ အချိန်များများ ဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘ၀ ဦးတည်ချက်ကို မျက်ခြည်ပြတ်သွားမယ်တဲ့။

ဘ၀မှာ ကျွန်ုပ်က အသက်ရှင်ဖို့ စားနေတုန်း တခြားသူတွေကတော့ စားဖို့ အသက်ရှင်နေကြတယ်။ (အသက်ရှင်ဖို့ပဲ စားပါတဲ့)

အဲဒါတွေက ဘ၀နဲ့ ဆိုင်တဲ့ မှတ်သားဖူးတဲ့ အချက်တွေထဲက တချို့ပါ။
ကျမကို တစ်ယောက်က မေးတယ် “ဘ၀အတွက် တန်ဖိုးအကြီးဆုံး ခံယူချက်ရှိခဲ့ရင် သိပါရစေတဲ့”
ကျမက ကိုယ်ကစပြီး အတတ်နိုင်ဆုံး ကူညီပေးနိုင်သူဖြစ်ပြီး ကိုယ်ဘယ်လောက်ပဲ နာကျင်ခံစားနေရပါစေ ကိုယ့် ကြောင့် ပျော်ရွှင်ကျေနပ်ရတဲ့သူတွေ များနိုင်သမျှများစေလိုတဲ့ ဆန္ဒနှင့် အဲဒီလိုနေထိုင်နိုင်အောင်
အမြဲတမ်းကြိုးစားဖို့ ခံယူထားတာပါ။ အဲဒီအတွက် ပေးဆပ်ရတဲ့ တန်ဖိုးကတော့ တခါတရံ သိပ်ကြီးပါတယ်။

“ဘ၀အချိန်ကာလတွေကိုဖြတ်သန်းရင်းအခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းဖို့ ရင်ထဲမှာထည့်သွင်းထားတဲ့ နည်းလမ်းကောင်းလေးရှိရင်ပြောပြပေးပါတဲ့ ”
အချိန်တန်ရင် နွားပိန်ကန်မှာပါ လို့ပဲ စဉ်းစားရင်း အမှောင်ဆုံးအချိန်တွေကျော်သွားရင် အရုဏ်ရောက်မှာပဲလို့ ကြံ့ ကြံ့ခံရင်ဆိုင်လိုက်တာပါ။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲမှန်သမျှကို ဘက်စုံရှုထောင့်ကစဉ်းစားပြီး အကောင်းဆုံးဖြစ်နိုင်မဲ့ နည်းလမ်းတခုကိုရွေးချယ်ဖြေရှင်းရင်းပဲ ဖြတ်သန်းလိုက်တာပါ။
ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် အချိန်ကပဲ အဆုံးအဖြတ်ပေးသွားတာပါလို့ ဖြေချင်တာပါ။ နည်းလမ်းကောင်းရယ်တော့မဟုတ်ပါဘူး။

လူငယ်တွေရဲ့ ဘ၀အတွက် ဝေမျှချင်တဲ့ စကားတစ်ခွန်းကတော့ " ပျံနေတဲ့ ငှက်က တစ်နေ့တော့ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ကို မလွဲမသွေရောက်မှာပါ၊ ပျံဖို့တော့ လိုပါမယ်" လို့။

Monday, August 13, 2007

အမည်မသိ ဝေဒနာ

နှစ်သက်ဖွယ် ကြင်နာတတ်တဲ့ ကောင်လေးရေ
ငါ့ကိုတော့ မျက်နှာချင်းမဆိုင်
သူငယ်ချင်းတွေ ပြောသမျှလဲ ၀န်မခံ ခေါင်းမညိတ်၊
ငြင်းဆန်ခြင်းလဲမပြုပါလား။


ငါ့စိတ်ကိုလည်း နှစ်သက်ယိုဖိတ်လာအောင် မပြုလုပ်ခဲ့ပါပဲ
ငါကတော့ နင်နဲ့ ပါတ်သက်မှုမှာ နှစ်သက် ပျော်ဝင်နေမိပါရဲ့။

ငါသေသည့်တိုင် နင့်ကို နှစ်သက်ချစ်ခင် မြတ်နိုးနေမိမှာပါ။

Saturday, August 11, 2007

Let me.. Please (သို့မဟုတ်) ခွင့် ပြုပါတော့ ချစ်သူ

ချစ်သူ…. ၀န်ခံပါရစေ

ငါဟာ အရိုင်းပန်းတပွင့်တော့ မဟုတ်ခဲ့ ပေမဲ့

နင့် အတွက်တော့ အဖြူစင်ဆုံး ပွင့်လန်းဦးမှာပါ..


ချစ်သူ… .. ခင်တွယ်ပါရစေ

စိတ်တူကိုယ်တူ နင်လုပ်သမျှ ကြည်ဖြူလို့

အဖြူရောင် စည်းလေး ခြားလျက်နဲ့ ကလေ…


ချစ်သူ.. … ရင်ခုန်ပါရစေ

စက်လိုရပ်ဖို့ အချိန်မတန်သရွေ့တော့

ငါ့ နှလုံးသားလေး အရှိန်မတန့်ပါ….


ချစ်သူ… .. ကြင်နာပါရစေ

ဒီဘ၀ ဒီတသက်စာ မဟုတ်တောင်

တရက် တမနက် ဖြစ်ဖြစ်ပေါ့…


ချစ်သူ… .. အဆုံးသတ်တနေ့မှာ ဝေးလွင့် ပါရစေ

အထားမှားတဲ့ သံယောဇဉ်နဲ့ လွတ်မြောက်ရာထိ

အလွမ်းပန်းချီတွေ တပွေ့တပိုက် သယ်ဆောင်သွားရင်းပေါ့..


ချစ် သူ ရေ ခွင့် ပြုပါတော့…

Thursday, August 9, 2007

အောင်မြင်ခြင်းတရားဆယ်ပါး

ဆားချက်တယ်ရယ်တော့ မဟုတ်ပါဘူး။ ကြုံရင်ကြုံသလို စာတိုပေစလေးတွေ ဖတ်ဖူးမှတ်ဖူးတာလေးတွေကို မှတ်စုမှတ်ရာအနေနဲ့ ပြန်ရိုက်တင်လိုက်တာပါ။ သိပြီးသား အောင်မြင်ပြီးသားသူများကလည်း လွဲနေမှားနေတာလေးတွေရှိရင် ကွန့်မန့်မှာ ၀င်ရေးပေးသွားပါလေ။ အတွေးအခေါ် ကောင်းတဲ့သူတွေကလည်း ၀င်ရောက် ဆွေးနွေးပေးသွားကြပါ။ ကိုယ်လိုပဲ အကောင်ပြတောင် အရိပ်မထင်တဲ့သူတွေ ရှိမယ်ဆိုရင်လဲ မှတ်မှတ်သားသား ထားလိုက်ကြပါနော်။


“အောင်မြင်ခြင်းတရားဆယ်ပါး”

၁။ ပျော်ပါးမှုကို ပဓါနမထားပါနှင့်။

၂။ နေ့ စဉ်နှင့် အမျှ ပညာတခုခု ရပါစေ။

၃။ ငြီးငွေ့စရာကောင်းသော လုပ်မြဲအလုပ်ကို အကျိုးမထိခိုက်စေပဲ ရှောင်နိုင်သမျှရှောင်ပါ။

မငြီးငွေ့ရန်ကြိုးစားပါ။

၎။ အသားတင်အမြတ်ကိုရှာပါ။ (ပညာ၊ ကုသိုလ်၊ ဥစ္စာ ဟူသည့် “ရ” သုံးပါးတွင် တပါးရအောင်ကြံ)

၅။ ကိုယ့် ကျေးဇူးကို သူများ အသိအမှတ်ပြုအောင်လုပ်ပါ။



၆။ အသေးအဖွဲကိစ္စများတွင် ဘယ်တော့မှ သောကမဖြစ်ပါနှင့် ။

၇။ ကိစ္စ အ၀၀တွင် ခပ်မြန်မြန် ခပ်ပိုင်ပိုင် ဆုံးဖြတ်နိုင်ပါစေ။

၈။ ကျွမ်းကျင်မှုသာမက လုပ်ငန်းပညာရပ်များကိုပါ ဆည်းပူးပါ။

၉။ သူတပါး၏ ယုံကြည်ကိုးစားမှုရအောင် ပြုကျင့်ပါ။ သူတပါး၏ အကူအညီရအောင် ဆက်ဆံပါ။

၁၀။ စာရိတ္တကို အခြားကိစ္စများထက် ပို၍ အရေးထားပါ။


ကဲ ဘယ်နှစ်ချက်ကိုယ့်မှာ ပြည့်စုံနေလဲ ပြန်ပြီး စဉ်းစားကြည့် ကြရအောင်လေ။

မယ်လိုဒီကိုတော့ လာမမေးနဲ့ နော်။ ဖြေဘူး၊ အသေသတ်ချင်သတ်လိုက်။ :P

Tuesday, August 7, 2007

အားမကျဘူးလား


ဂျပန်က ဘလော့ဂါမမတစ်ယောက်ကို ဂျပန်နိုင်ငံရဲ့ ဘလော့ ဂါဘုရင်မလို့ တင်စားပြီးကျင်းပသတဲ့။
သူမနာမည်က “နာခဂါဝ ရှောကို စံ”ပါ။
လွန်ခဲ့တဲ့ ၂နှစ်က သူမရဲ့ ဘလော့ဂ် က မကျော်ကြားခဲ့ပါဘူး။
အခုဆိုရင် သူမရဲ့ ဘလော့ဂ်မှာ တလကို page view လုပ်တာ ၉သန်းရှိပါသတဲ့။ အဲဒါနဲ့ ဂျပန်နိုင်ငံရဲ့ ဘလော့ ဂါ ဘုရင်မအဖြစ် သတ်မှတ်ခြင်းခံရတာပါ။
ရိုမေးနီးယားမှာလဲ လည်ပတ်တဲ့သူအများဆုံး ဘလော့ဂါက ဇိုဆို ပါတဲ့။ သူက သူ့ဘလော့ကနေ ပိုက်ပိုက်တွေ အများကြီးရတယ် ထင်ပါတယ်တဲ့ ။
မြန်မာဘလော့ဂါတွေထဲမှာရော ....

ဆုတောင်းပါတယ်.. ကျမတို့ မြန်မာဘလော့ဂါ အသိုင်းအ၀ိုင်းမှာလဲ ဒီိလို အားကျစရာကောင်းတဲ့ ဘလော့ဂါတွေ အများကြီးပေါ်ထွန်းပါစေ။
မြန်မြန်ပဲ မြန်မာဘလော့ဂါတွေ စည်းရုံးညီညာစွာနဲ့ မြန်မာဘလော့ဂါများအကျိုး သယ်ပိုးနိုင်ပါစေလို့


စာကြွင်း။ ဒီသတင်းကို ဒီနေရာမှ ကူးယူဘာသာပြန် မှီငြမ်း၍ဖေါ်ပြသည်။

Monday, August 6, 2007

“ကျိန်စာသင့် နှလုံးသားငယ်”

ညကောင်းကင်မှာ ထွန်းလင်း
လတစင်းနဲ့ အတူ ကြယ်စင်များစွာဖန်ဆင်း
(ငါ့) ချစ်ခြင်းတရားရဲ့ မျှော်လင့် ခြင်းက
လတစင်းမှာသာ တည်ခဲ့တယ်..

ကန်ရေပြင်မှာ ထင်တဲ့ လရိပ်
သူများဦးမှာ ငါ စိုးထိတ်
တိတ်တခိုးရင်မှာ မျှော်လင့်တယ်…

လမင်းရဲ့ အေးမြခြင်း
စိတ်ဘ၀င်မှာ ပွေ့ပိုက်ရင်း
တဦးတည်း ပိုင်ဆိုင်ဖို့ တမ်းတတယ်…

ဒါပေမဲ့လဲ လမင်းရယ်
ငါ့ အတွက် မင်းမှာ နေရာမရှိတယ်
ကျိန်စာသင့် တဲ့ (ငါ့ ) နှလုံးသားငယ်…

သြဂုတ်လ (၅) ရက်နေ့ အစည်းအဝေးမှတ်တမ်း

၁။ စပွန်ဆာ မမယ်လိုဒီမောင်၊ ဘာညာ နှင့် ပင့်ဂိုး မှတာဝန်ယူမည်။
၂။ Logo နှင့် ဆောင်ပုဒ် အား ကြာသပတေးနေ့နောက်ဆုံးထား၍ nayphonelatt@gmail.com အား မိမိအကြိုက်ဆုံးလိုဂိုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား ပေးပို့ရန် ..
သောကြာနေ့နှင့် စနေနေ့များတွင် ကိုနေဘုန်းလတ်၏ http://nayphonelatt.blogspot.com/ တွင် Vote လုပ်သွားမည်ဖြစ်ပါသည်။ Vote အား တနင်္ဂနွေနေ့ အစည်းအဝေး မစခင်အချိန်ထိသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။
၃။ စားသောက်ဧည့်ခံကျွေးမွေးရေးနှင့် ကြိုဆိုနေရာချထားရေး အတွက် .. ကိုဘလာဂေါက်၊ ကိုဆူးရဲ၊ ကိုမင်းယွန်းသစ်၊ ကိုတေဇာ၊ မောင်ဂျက်၊ ကိုမိုးလှိုင်ည၊ မမဒီဂျွန်၊ ကိုသန့်ဇော်မင်း၊ ကိုရွှေမြတ်၊ မစိတ်ကူးတို့မှ ၀ိုင်းဝန်းကူညီကြမည်ဖြစ်ပါသည်။
၎။ ဖိတ်စာ, Flyers, Booklet, စတေကာ, ကြော်ငြာ, Vinyl
ဖိတ်စာများအား ကိုစိုးဇေယျမှ အစအဆုံးတာဝန်ယူမည်ဖြစ်ပါသည်။
ဖိတ်စာ, Flyers, စတေကာ, ကြော်ငြာ, Vinyl တို့အား ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် နှင့် ကိုဖြိုးတို့မှ ပူးပေါင်း၍ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Booket အား ကိုစေတန်ဂေါ့ထ်၊ ကိုစိုးဇေယျ၊ ကိုမျက်လုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၅။ ဟောပြောမည့်သူများ အတိအကျသတ်မှတ်ရန် - ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့ထ်၊ ကိုမျက်လုံး၊ မဘာညာ နှင့် မမယ်လိုဒီမောင်
၆။ ပါဝင်ဆောင်ရွက်နေကြသော ဘလော့ဂါများမှ ၀တ်စုံအား တူညီတီရှပ်များ ၀တ်ဆင်ကြမည်ဖြစ်ပါသည်။
၇။ Power Point များအား မဘာညာထံတွင် ညှိနှိုင်းဆောင်ရွက်ကြရန် ..
၈။ စာနယ်ဇင်းရှင်းလင်းပွဲအား သြဂုတ်လ (၁၇) ရက်နေ့တွင် Mr.Brown တွင် နေ့လည် (၂) နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။ Organizar များဖြစ်ကြသော ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျတိုမှ တွေ့ဆုံရှင်းလင်းမည်ဖြစ်ပါသည်။
၉။ ရန်ကုန်ပြင်ပမှ ဘလော့ဂါများအား ဖိတ်ကြားခြင်း Organizer များမှ ရန်ကုန်ပြင်ပမှ အပြည်ပြည်ဆိုင်ရာ မြန်မာဘလော့ဂါများအား တာဝန်ယူဖိတ်ကြားသွားမည်ဖြစ်ပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှာ -
ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုတက်စလာ၊ ကိုသန့်ဇော်မင်း၊ ကိုစေတန်ဂေါ့ထ်၊ ကိုမင်းယွန်းသစ်၊ ကိုရွှေမြတ်၊ ကိုမိုးလှိုင်ည၊ ကိုဝေ၊ ကိုမျက်လုံး၊ ကိုတေဇာ၊ ကိုဆူးရဲ၊ ကိုထွန်းတောက်ဖြိုး၊ ကိုဖြိုး၊ ကိုမီထရို မမယ်လိုဒီမောင်၊ မဘာညာ၊ မမဒီဂျွန်၊ မစိတ်ကူး၊ မသိမ့်သိမ့်၊ မနှင်းမိုးဝေ နှင့် စောစောပြန်နှင့်သော ကိုဂျက် စုစုပေါင်း (၂၄) ယောက် တက်ရောက်ခဲ့ကြပါသည်။
The End (Finish Time – 6:06 pm)



အစည်းအဝေးလုပ်နေစဉ်အတွင်း... ကိုဖြိုးမှ တိုက်ရိုက် မှတ်တမ်းတင်ထားသည်များကို ကူးယူဖေါ်ပြပါ၏...........

လာမယ်လို့မျှော်လင့်ထားသော ပင့် ဂိုးလ်၊ မယမင်း၊ ကိုချမ်းမြေ့ဦး၊ သိုးမလေး၊ ဇူးဇင်၊ လေးမ၊ ကိုချစ်စမ်း၊ ဦးသိန်း တို့အား အစည်းအဝေးပြီးဆုံးချိန်ထိ မျှော်နေကြောင်းပါ။

Friday, August 3, 2007

ပဒေါင်ဆိုတာ ငှက်လား

ခေါင်းစဉ်ကိုဖတ်မိရင်တော့ ဝေေ၀၀ါးဝါးစဉ်းစားမိစရာပါ။

ကျမက ခရီးသွားလာရေး ကုမ္ပဏီတခုမှာအလုပ်လုပ်ပါတယ်။

ဒီတော့ မြန်မာပြည်နဲ့ ပါတ်သက်တဲ့ အချက်အလက်တော်တော်များများကို သိရှိအောင်လေ့လာထားရပါတယ်။ စာတွေများများဖတ်ရပါတယ်။ ကျမလက်အောက်မှာ လုပ်နေကြတဲ့ ညီမလေးတွေကိုလဲ ကိုယ်သိထားတာတွေ ပြန်ပြောဖို့ တာဝန်အရရော ၀တ္တရားအရပါ အချိန်အားရရင်ရသလောက် ကြုံရင်ကြုံသလို သင်ပြပေးနေကြပါ။

ဒါပေသိ တချို့ ထင်ရှားတဲ့ အကြောင်းအရာတွေကိုတော့ သူတို့ သိပြီးသားမှတ်ထင်ပြီး ကြိုပြောမထားမိတဲ့ ကိစ္စလေးတွေကနေ အမှားအယွင်းလေးတွေဖြစ်သွားတတ်ပါတယ်။ အမှားသေးရင်တော့ နောက်ပြန်ပြောဖြစ်ရင် ရယ်စရာဟာသလေးတွေအနေနဲ့ ပြောစမှတ်ဖြစ်ကျန်စမြဲပါ။


ဖြစ်ပုံက.. မြန်မာမှာ တိုင်းရင်းသား လူမျိုးစိတ်ပေါင်း ၁၃၅ မျိုးလောက်ရှိတဲ့ အထဲက ပဒေါင် လူမျိုးများဟာဆိုရင် နိုင်ငံခြားသားတိုးရစ်တွေ အထူးစိတ်ဝင်စားခြင်းခံရတဲ့ လူမျိုးတမျိုးဖြစ်လို့ ကျမတို့ ခရီးသွားလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ က အထူးအထွေရှင်းပြစရာမလိုအောင် သိပြီးသားဖြစ်နေကြပါ။ ဒါပေသိ တနေ့မှာတော့ ကျမတို့ တိုးအဖွဲ့တဖွဲ့ အတွက် ခရီးစဉ်တခုထဲက လေ့လာကြည့်ရှုစရာ တခုအနေနဲ့ ပဒေါင်လူမျိုးမိသားစုဆိုပြီး ထည့် ထားရာမှာ အင်းလေးက ဟိုတယ်တခုက မန်နေဂျာဆီမှာ ဒီပဒေါင်လူမျိုးတွေ လက်ရှိနေနေသေးလား ပြန်သွားလားဆိုတာကို ဟိုတယ် reservation ၀န်ထမ်းကောင်မလေးကို မေးမြန်းစုံစမ်းခိုင်းပါတယ်။


ဒီတော့ သူမက ဖုန်းဆက်ပြီး..

“ကိုဘယ်သူ…လား”

“ကျမ.ဘယ်သူ ဘယ်က. ပါ”

“ကျမ စုံစမ်းချင်တာလေးတခုရှိလို့ပါ“

“ကိုဘယ်သူတို့ဆီမှာ ပဒေါင်တွေရှိတယ်ဆို ဟုတ်ပါသလား”

“ဟုတ်ပါတယ် အရင်ကတော့ သူတို့ တွေ ဒီမှာနေနေတာပါ၊ ခုတော့ မိုးရာသီဆိုတော့ သူတို့ မရှိတော့ဘူးခင်ဗျ”

“ရှင်.. သူတို့ကဘယ်ရောက်သွားတာလဲ”

“အဲဒါတော့ ကျွန်တော်တို့လဲ မပြောတတ်ဘူးခင်ဗျ.. ပြန်သွားတာပဲ”

“ဟုတ်လား..သူတို့ကဘယ်ပြန်သွားတာလဲမသိဘူးနော်..”

“ဒါဆို နောက်ထပ်ပြန်မွေးလို့ မရဘူးလားရှင့်..”

“ဗျာ.. အဲဒါ ကျွန်တော်တို့ မွေးထားတာမဟုတ်ဘူးခင်ဗျ..သူတို့ဟာသူတို့ လာနေတာပါ”

“မဟုတ်ဘူးလေ..နောက်အကောင်တွေထပ်မွေးပေါ့..အဲဒီဟာ ပဒေါင်ငှက်တွေမဟုတ်ဘူးလား”

“အမလေးဗျာ..ပဒေါင်ကိုငှက်လို့ ဘယ်သူပြောသလဲဗျ..အဲဒါ..လူတွေပါဗျာ၊ သူတို့ကပျင်းရင်.သူတို့ဟာသူတို့ ၊သူတို့လူမျိုးတွေနေနေကြ တောတွေထဲပြန်သွားတာကိုပြောတာဗျ”

“အော်..ဟုတ်ကဲ့ ဟုတ်ကဲ့ မသိလို့နော်၊ စိတ်မဆိုးပါနဲ့”


ကဲ.. ပဒေါင်ဆိုတာ ငှက်မှတ်လို့ပါတဲ့။

Thursday, August 2, 2007

အရေးကြီးဆုံးနဲ့ အရေးမကြီးဆုံး

နေ့စဉ်ပြောဆိုနေကြစကားတွေထဲက ကိုယ်ပြောမိသမျှ ဆိုမိသမျှ စကားတွေထဲမှာ
ပြောဖို့ လိုအပ်တဲ့

အရေးကြီးဆုံး စကား(၆)လုံးထဲက

“ကျွန်တော် အမှားကို ၀န်ခံပါတယ်”

“ခင်ဗျားကောင်းတဲ့ အလုပ်ကို လုပ်နိုင်ခဲ့ ပါတယ်”

“ခင်ဗျားရဲ့ အယူအဆက ဘာပါလဲ”

“ခင်ဗျား နှစ်သက်မယ်ဆိုရင်..”

“ကျေးဇူးတင်ပါတယ်” တဲ့

ဒါတွေပြောမိရဲ့လား။


ပြီးတော့ မပြောလဲမဖြစ်ပါနေတဲ့

အရေးမကြီးဆုံး စကား(၁)လုံးကတော့

“ကျွန်တော်” ဆိုတဲ့ စကားပါတဲ့။