Tuesday, July 31, 2007

ချစ်ခဲ့ ဖူးတဲ့ “မ” အတွက်

အရှက်အကြောက်ကြီးလွန်းသူမို့
“မောင်” နဲ့ တွဲသွားရမှာ ရှက်သတဲ့လား..
မှားသွားတယ်ဆိုတဲ့ နောင်တနဲ့
“မ” ရဲ့ သိက္ခာထိခိုက်သွားတယ် ထင်သတဲ့လား…

သံယောဇဉ်ကြိုးမျှင်လေးပေါ် လမ်းလျှောက်
မနွေးထွေးတဲ့ တုန့်ပြန်မှုကြောင့် အသည်းပေါက်
လွမ်းနေရဒဏ်ကို ခါးသီးစွားခံစားပြီးနောက်….

“မ” ရင်ထဲမှာလဲ “မောင်” မရှိပါ
ချစ်တာတခုထဲလည်း အလုပ်မဟုတ်တာ
အပိုနှလုံးသားလေး နောက်ဆုတ်ရမှာ
သေချာတာက အဆွေးဝေဒနာ…

“မ” ရဲ့ နှလုံးသား အခန်းကျဥ်းထက်
တထောင့် တနေရာစာ ခိုလှုံခွင့် ရဖို့ ခက်
ချစ်ခွင့် ရမဲ့ ရင်ခုန်သံ နေ့ ရက်တွေအတွက်
(မူးယစ်ရီဝေတဲ့ တနေရာမှာ…)
ထာဝရ ရှင်သန်ကာ စောင့်မျှော်လျက်…ပါ။


ဝန်ခံချက်။ ။ဒီကဗျာလေးကို ကိုယ်တိုင်ပြန်ခံစားပြီးရေးကြည့်တာပါ။ စာသားတွေကတော့ တဦးတယောက်ဆီက ရခဲ့ဖူးတဲ့ အမှတ်တရပါ။ ဒိုင်ယာရီအနေနဲ့ သိမ်းထားတာ။

Monday, July 30, 2007

ဆောင်ရွက်ရန်မလွယ်ကူသော ကိစ္စများ

တိမ်မယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်သတဲ့ ။

ကျမအတွက် ဆောင်ရွက်ရန်မလွယ်တဲ့ ကိစ္စတွေရှိ၏။

အောက်ပါတို့ထဲမှ တချို့ အချက်တွေသည် ကျမအတွက်မလွယ်ကူ။ တချို့ အချက်များသည် သူများအတွက်မလွယ်ကူ။ တူချင်မှတော့ တူမယ်။ တိုက်ဆိုင် စစ်ဆေးကြည့် ကြပါကုန်။



၁။ တောင်းပန်ခြင်း

ကိုယ်မှားလျင် တောင်းပန်ဖို့ ရာ ၀န်မလေးပေမဲ့ လွယ်လွယ်ကူကူ တောင်းပန်ခြင်းသည်မကောင်းဘူးလို့ ထင်နေသေးသည်။ အလုပ်နဲ့ ပါတ်သက်၍ ကိုယ် မမှားပဲနဲ့တော့ မျက်နှာဖြူများကို သိပ်မတောင်းပန်ချင်သော်လည်း ဂျပန်လူမျိုးတို့ ၏ အထာ စရိုက် အကြိုက်ကိုလိုက်၍တော့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အရင်ဦးစွာ တောင်းပန်ဖြစ်လေ့ ရှိသည်။

၂။ မှား၍ အသစ်ပြန်လုပ်ရခြင်း

တခုခု မလုပ်ခင်က ကြိုပြောထားသည့် အတိုင်း တခါတည်း လုပ်ချင်သည်။ လုပ်ပြီးမှ မှားသည်ပြောကာ ပြင်ခိုင်းလျှင်တော့ ပေကတ်ကတ်နှင့် ဟိုဒီဝေ့နေတတ်ပါသည်။ ကြိုပြောထားသည်နှင့် လွဲ၍ တကယ်မှားသွားလျှင်တော့ အသစ် ပြန်လုပ်ရမှာ ၀န်မလေးပါ။

၃။ မှားကြောင်းဝန်ခံခြင်း

ဝန်ခံလွယ်ပါသည်။ သို့သော် စေတနာ အမှားများဖြစ်လျင်တော့ ဖြေရှင်းချက်ပေးလေ့ ရှိပါသည်။

၎။ တကိုယ်ကောင်းမကြံခြင်း

အများနှင့် ထည့်တွက်စဥ်းစားလေ့ ရှိပါသည်။

၅။ သူတပါးထံမှ အကြံဥာဏ်တောင်းခြင်း

ကိုယ် ခေါင်းတလုံးထဲ စဉ်းစားတာထက် ရှုထောင့် မျိုးစုံမှမြင်နိုင်ရန် ခေါင်းများစွာ ၀ိုင်း၍စဉ်းစားခြင်းကို တန်ဖိုးထားပါသည်။

၆။ ရက်ရောခြင်း

အမှန်အတိုင်းဖြေလို့ တော့ ကောင်းမည်မထင်။ အတူသွားလာဖူးသော သူငယ်ချင်းများသာ ဆုံးဖြတ်ကြပါကုန်။

၇။ အခါခါ ရှုံးသော်လည်း ဆက်၍ကြိုးစားခြင်း

လဲကျသွားတိုင်းပြန်ထရင်း လုပ်သမျှအလုပ်တွေတော့ မသိဘူး။ ဒါဏ်ရာတွေကတော့ ဗရပွပါပဲ။

၈။ တွေးတော ဆင်ခြင်ပြီးမှလုပ်ခြင်း

အဲဒါကတော့ ခက်လှသည်။ လုပ်ပြီးမှ မှားမှန်းသိတာတွေ အပုံအပင်။ ထို့ ကြောင့် သူငယ်ချင်းတွေက အမြဲပြောသည်။ "Think twice to ten before you jump"

၉။ ထောက်ထားစာနာတတ်ခြင်း

ဒါကလဲ မလွယ်ကူပါ။ ကိုယ့်ကိုယ်ကို ပိုစာနာသနားတာ များပါသည်။

၁၀။ အမှားကို သင်ခန်းစာအဖြစ်ယူတတ်ခြင်း

ဘယ်သူ့ အမှားကိုမဆိုတော့ သင်ခန်းစာယူမိပါသည်။

၁၁။ တပါးသူကို ခွင့်လွှတ်ခြင်း

အတိုင်းအတာ တခုထိတော့ ခွင့်လွှတ်နိုင်ပေမဲ့ အာသဝေါတရားမကုန်ခမ်းသေးသူသာဖြစ်၍ ရံဖန်ရံခါ လက်စားချေလိုစိတ်များတောင် ပေါ်လာသေးသည်။

၁၂။ မိမိအပေါ်သို့ ကျသင့် ကျထိုက်သော အပစ်ဒဏ်ကိုခံယူခြင်း

တို့ ဖြစ်ပါသည်။

ထိုက်သင့် တဲ့ မည်သည့် အပစ်ဒဏ်မဆို ခံယူရန်တော့ နောက်မတွန့် ဖူးပါ။


စာဖတ်သူ ထပ်မံစဉ်းစားမိသော အချက်များရှိသေးက ကွန့်မန့် တွင် ၀င်ရောက်ရေးသားပေးစေလိုပါသည်။

အပြာရောင် စာသားများသည် လတ်တလော မိမိကိုယ်မိမိ ဝေဖန် သုံးသပ်ချက်များသာ ဖြစ်ပါသည်။


စာကြွင်း၊ အထက်ပါအချက်များကို မည်သည့် နေရာမှ မှတ်သားကူးယူခဲ့မှန်း မမှတ်မိတော့ပါ။


Friday, July 27, 2007

"Seminar ဖြစ်မြောက်ရေးအစည်းအဝေး (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်)မှ ဆွေးနွေးဆုံးဖြတ်ချက်များ"

၁။ Seminar အား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ MICT Park တွင် ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။
၂။ Seminar ၏ ခေါင်းစဉ်မှာ “Why do we blog?” ဖြစ်ပါသည်။
၃။ Myanmar Blogger Society အတွက် လိုဂိုအား ကိုဖြိုးမှ ရွေးချယ်သတ်မှတ်ထားသော ဒီဇိုင်းအား ရေးဆွဲပေးရန် .. ။ ဆောင်ပုဒ်အား ထပ်မံရွေးချယ်ရန် .. ။
၎။ Seminar တွင် ဟောပြောမည့် ခေါင်းစဉ်များမှာ ..
What is blog?
How to modified the blog?
The nature of the blog
Adventage and Disadventage of blog
About Portal and Book
၅။ Seminar တွင် ချိတ်ဆွဲမည့် vinyl board များနှင့် ဝေငှမည့် လက်ကမ်းကြော်ငြာများအတွက် ဒီဇိုင်းအား ကိုဖြိုးနှင့် အဖွဲ့မှ တာဝန်ယူရေးဆွဲရန်။ (ဒီဇိုင်းကျွမ်းကျင်သူ ဘလော့ဂါများအနေဖြင့် ကိုဖြိုး အားဆက်သွယ်ဆောင်ရွက်ကြပါရန်)၊ ဘလော့အကြောင်းသိကောင်းစရာ စာအုပ်ငယ်အတွက် ပြင်ဆင်မှုများ ပြုလုပ်သွားရန်။
၆။ ဖိတ်စာရိုက်ရန်အတွက် ကိုညီလင်းဆက်ရှာထားသော စပွန်ဆာမှ တာဝန်ယူမည်ဖြစ်သည်။
အထူးဧည့်သည်တော်များအား ဖိတ်ကြားလိုသူများအနေဖြင့် ကိုစိုးဇေယျ အား ဆက်သွယ်ကြရန် ..
မီဒီယာများအား ကိုစိုးဇေယျမှ တာဝန်ယူဖိတ်ကြားရန် ..
၇။ Seminar ပြုလုပ်ကျင်းပမည့် သတင်းအတွက် ဂျာနယ်နှင့် စာနယ်ဇင်းကိစ္စအ၀၀ကို ကိုစိုးဇေယျမှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၈။ Internet Cafe' များနှင့် အခြား အိုင်တီနှင့်ဆိုင်သော ကုမ္ပဏီများ၌ ကြော်ငြာများကပ်ရန် ကိစ္စအ၀၀ကို ကိုနေဘုန်းလတ်၊ ကိုဘလာဂေါက်နှင့် မဘာညာတို့မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၉။ စပွန်ဆာများအနေဖြင့် မိန်းစပွန်ဆာမှ မိနစ်သုံးဆယ်စာ ဟောပြောခွင့်ရရှိမည်ဖြစ်ပြီး၊ အခြားသော စပွန်ဆာများအနေဖြင့် ကြော်ငြာများ ချိတ်ဆွဲခွင့်၊ လက်ကမ်းကြော်ငြာများ ဝေငှခွင့်များရရှိမည်ဖြစ်ပါသည်။ စပွန်ဆာအားလုံး၏ လိုဂိုတံဆိပ်များအား Seminar ဖိတ်စာတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
၁၀။ တက်ရောက်လာသော ဘလော့ဂါများ အချင်းချင်း သိသာစေရန်အတွက်MBS လိုဂိုများကို တက်ရောက်လာသော မြန်မာဘလော့ဂါများအား ကပ်ပေးမည်ဖြစ်ပါသည်။
၁၁။ စီစဉ်သူဘလော့ဂါများအနေဖြင့် တူညီတံဆိပ်ရိုက်နှိပ်ထားသော တီရှပ်များဝတ်ဆင်သွားမည်ဖြစ်ပါသည်။
ဟောပြောမည့်သူများအနေဖြင့် အမျိုးသားဖြစ်ပါက ပုဆိုးနှင့်တိုက်ပုံ ဆင်တူ၊ အမျိုးသမီးဖြစ်ပါက မြန်မာရိုးရာဝတ်စုံဖြင့် ၀တ်ဆင်ပြောကြားသွားမည်ဖြစ်ပါသည်။


Seminar မပြုလုပ်မီ
၁။ Organizer အဖြစ် ကိုညီလင်းဆက် ကိုစိုးဇေယျ နှင့် ကိုနေဘုန်းလတ် တို့မှ Seminar တစ်ခုလုံးအစမှ အဆုံးအထိ အစစအရာရာကိုစီစဉ်ညွှန်ကြားခြင်း၊ အရေးပေါ်ကိစ္စများအား Decision Maker များအဖြစ်ဆောင်ရွက်ခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်ပါသည်။
၂။ ဟောပြောသူများမှ မိမိဟောပြောမည့် အကြောင်းအရာများကို သတ်မှတ်ချိန်အတွင်း အံဝင်ခွင်ကျရှိစေရန် ဟောပြောခြင်း၊ သြဂုတ်လ (၅) ရက်နေ့အစည်းအဝေးမတိုင်မီ မိမိဟောပြောမည့် အကြောင်းအရာများအား အကြမ်းရေးသားထားရန်။
၃။ ကြိုဆိုနေရာချထားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခန်းအနားမှူးနှင့် အခန်းအနားမှူးအကူ၊ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေးတို့အတွက် တာဝန်ယူပေးနိုင်သည့် မြန်မာဘလော့ဂါများအနေဖြင့် Organizer များဖြင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြပါရန် .. ။
ယနေ့အစည်းအဝေးအား တက်ရောက်လာသူများမှာ -
ကိုစိုးဇေယျ၊ ကိုမိုးလှိုင်ည၊ ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ မောင်ပွတ်၊ မမယ်လိုဒီမောင်၊ Pink Gold၊ ကိုမျက်လုံး၊ ကိုဖြိုး၊ ကိုနေဘုန်းလတ်၊ ကိုသန့်ဇော်မင်း၊ ကိုချမ်းမြေ့ဦး၊ မဘာညာ၊ ကိုချစ်စမ်း၊ ကိုချမ်းမြေ့နှင့် ကိုတက်စလာတို့ဖြစ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးမတက်ရောက်ဖြစ်ခဲ့သော မြန်မာဘလော့ဂါများအနေဖြင့် သြဂုတ်လ (၅) ရက်နေ့အစည်းအဝေးသို့တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားလိုက်ရပါသည်။
မြန်မာဘလော့ဂါများတွင် အချို့သောအမျိုးသမီးဘလော့ဂါများသည် ပါဝင်ကူညီလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်နေကြသဖြင့် အမျိုးသမီးဘလော့ဂါများအနေဖြင့် မမယ်လိုဒီမောင် အား ဆက်သွယ်၍ ပါဝင်ကူညီနိုင်ကြပါသည်။

စာကြွင်း။။ဒီပို့စ်ကို ကနဦးရေးသားဖေါ်ပြပေးသူ ကိုဖြိုးကို ကျေးဇူးတင်ပါသည်။

Wednesday, July 25, 2007

ဘာကြောင့် ဘလော့ ဂ်ရေးသလဲ

ဘယ်အလုပ်ပဲလုပ်လုပ် တာဝန်အရလုပ်ရတာရှိသလို၊ ၀ါသနာအရလုပ်ကြတာလည်း ရှိပါတယ်။ တာဝန်အရလုပ်ရင်း ၀ါသနာပါသွားတာရှိသလို၊ ၀ါသနာကြောင့်လုပ်ရင်း တာဝန်တခုလို ဖြစ်သွားတာမျိုးတွေလဲ ရှိပါတယ်။ အဲဒါအပြင် ကိုယ်လုပ်ဖြစ်တဲ့ အလုပ်တခုဟာ ဘာအကြောင်းကြောင့် လုပ်ဖြစ်သလဲ ဆိုတာ သိထားသင့် ပြီး ဘယ်အကျိုးအတွက် ဘယ်အတိုင်းအတာထိ လုပ်သင့်တယ်၊ လုပ်ကြမယ်၊ လုပ်ရမယ် ဆိုတာကို ကြိုတင်တွေးတော မျှော်မှန်းထားမယ်ဆိုရင်တော့ အဓိပ္ပါယ်ပြည့်ဝတဲ့ အလုပ်တခု ဖြစ်သွားမယ်ထင်ပါတယ်။ ဒါပေသိ သာမန်အားဖြင့် မစဉ်းစားပဲ အလွယ်တကူ အဖြေပေးရ မယ်ဆိုရင်တော့ အလုပ်တခုကို လုပ်ချင်လို့ လုပ်လိုက်တာပါလို့ ဖြေမယ်ဆိုရင်လဲ မှားမယ်မထင်ပါဘူး။ ဒီလိုပါပဲ ဘာကြောင့် ဘလော့ ဂ်တွေ ရေးကြသလဲလို့ မေးရင် ရေးချင်လို့ ရေးတာပါဆိုတဲ့ အဖြေကလဲ မှန်နေမှာပါပဲ။


ဟုတ်ပါတယ်လေ။ မရေးချင်ပဲရေးနေရတဲ့ ဘလော့ဂါ ဘယ်မှာရှိလို့လဲ။ ဘယ်သူက တာဝန်ပေး စေခိုင်းထားလို့ မရေးချင်ပဲ ရေးနေရမှာလဲ။ ကိုယ့် ဆန္ဒကိုယ့်သဘောနဲ့ ကိုယ်ပဲ ဆုံးဖြတ်ပြီး ကိုယ်ရေးချင်တဲ့ ပုံစံ၊ အကြောင်းအရာ၊ တင်ပြပုံ၊ ကဏ္ဍခွဲပုံ အသီးသီးနဲ့ ကိုယ်သန်ရာ သန်ရာ ရေးကြတာပါ။ ကဗျာ အားသန်တဲ့ သူက ကဗျာတွေချည်းရေးမယ်၊ အက်ဆေးရေးတာ၊ ၀တ္ထုတို၊ ဆောင်းပါးရေးတာ အားသန်တဲ့ သူတွေလဲ ရှိမယ်။ အကြောင်းအရာအနေနဲ့ ဆိုရင်လဲ အချစ်၊ အလွမ်း၊ ဘ၀စတဲ့ လူမှုဝန်းကျင်၊ အတွေးအမြင်၊ သုတ၊ ဟာသ၊ ရသတွေနဲ့ နည်းပညာဆိုင်ရာ နယ်ပယ်အသီးသီးဖြစ်တဲ့ ဆေး၊ စက်မှု၊ ကွန်ပြူတာ၊ စီးပွါးရေး၊ ခရီးသွားဆိုင်ရာ သတင်း အချက်အလက် စတာတွေရှိမယ်။ အဲဒီလိုမှ မဟုတ်လဲ ကိုယ်နဲ့ ပဲ ပါတ်သက်တဲ့ ကိုယ်ပိုင်ခံစားချက်၊ အတွေ့ အကြုံ၊ အတွေးအခေါ်တွေနဲ့ နေ့ တဓူဝအဖြစ်အပျက်တွေကို ကိုယ်ပိုင်အွန်လိုင်းဒိုင်ယာရီလေး သဘောမျိုးရေးတဲ့ သူတွေလည်းရှိပါတယ်။ တချို့ကြတော့လဲ ကိုယ့် အလုပ်နဲ့ ပါတ်သက်တဲ့ အကြောင်းလေးတွေကို မိတ်ဆက်ပေးတဲ့ သဘောမျိုးနဲ့ တင်ပြတတ်ကြတာလေးတွေလည်း ရှိပါတယ်။


ဘယ်လိုအကြောင်းကြောင့်ပဲ ဘလော့ ဂ် ရေးရေး ဘလော့ဂ်ရေးသူတိုင်းနီးပါးအတွက် သိသိသာသာ တိုးတက်မှုအခြေအနေကတော့ တနေ့ ထက်တနေ့ လက်သွေးခွင့် ရသလိုမျိုး စာအရေးအသားပြေပြစ်လာမှု ကလောင်စွမ်းရည်ပါပဲ။ ကိုယ်နဲ့ ကိုယ်ပဲ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပဲ အရင်မနှစ်က ရေးသားတင်ပြပုံနဲ့ ဒီတစ်နှစ်၊ အရင်တစ်လနဲ့ ဒီတလ၊ မနေ့ ကနဲ့ ဒီနေ့ တိုးတက်လာတာ မလွဲပါဘူး။ ခြွင်းချက်ကတော့ များများရေးလိုက် နားလိုက် လုပ်နေတာမျိုးမဟုတ်ပဲ မနည်းလွန်းမများလွန်း ပုံမှန်အတိုင်းလေးပဲ မိမိကလောင် မိမိသွေးနေဖို့တော့ လိုမှာပေါ့။ နောက်ထပ် အခွင့် အရေးတခုအနေနဲ့ ကတော့ ခုလို အချိန်ပိုင်း ဘလော့ ဂ်ရေးနေရာမှ အချိန်ပြည့် ဘလော့ ဂ်ရေးနေတဲ့ သူတွေဖြစ်လာပြီး ကိုယ့် ဘလော့ ဂ်လေးမှာ လာရောက်လည်ပတ်သူတွေများလွန်းလို့ ကြော်ငြာတွေအတွက် ကမ်းလှမ်းခံရလာပြီး အပိုဝင်ငွေကနေ ကျော်လွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာဖို့ အတွက် မျှော်လင့်ချက်ရောင်ခြည်လေး လင်းစေတာပါ။ ဒီအခွင့် အရေးမရှိဘူးလို့ ဘယ်သူယတိပြတ် ပြောနိုင်မလဲနော်။ ခုပြောနေမိတာတွေကတော့ ကျမသွားလာလည်ပတ်ဖူးတဲ့ ဘလော့ ဂါရပ်ဝန်းလေးပေါ်မှာ ခြုံငုံသုံးသပ်မိတဲ့ ကျမရဲ့ အတွေးအခေါ်ထင်မြင်ယူဆချက် သက်သက်သာ ဖြစ်လို့ ဘယ်လောက်ရာနှုံးထိ မှန်တယ် မမှန်ဘူးဆိုတာရယ်၊ စာဖတ်သူတို့ နဲ့ တသဘောတည်း တိုက်ဆိုင်တယ် မဆိုင်ဘူးဆိုတာရယ်ကိုတော့ မှတ်ချက်လေးတွေ ရေးပြီး ဝေမျှခံစားပေးကြပါဦးလို့ တောင်းဆိုပါရစေ။


ကိုဝေရဲ့ ကမာ့္ဘဘလော့ဂ်ဒေး ကိုဂုဏ်ပြုသည့်အနေနှင်ကျနော် တို့ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဘလောက်ရေးဖြစ်ကြတယ် ဘယ်လိုခံယူချစ်မျိုးနဲ့ဘလော့ဂ်ရေးဖြစ်ကြတယ် ဆို တာ လေးကို အသီးသီးဝေမျှစေလိုတဲ့ Tag ချက်အရတော့ ဒီလိုတချက်ချင်း ချရေးပြပါရစေ။


- ဘာကြောင့် ဘလော့ ဂ်ရေးသလဲ ဆိုတော့ ကျမရဲ့ လက်ရှိ ဖြစ်ပျက် ပြောင်းလဲနေတဲ့ အခြေအနေ၊ ပုဂ္ဂလိက ခံစားချက်တွေ ရောပြွမ်းနေတဲ့ အချစ်ရေး၊ အလုပ်အကိုင်၊ ငွေကြေး၊ လူမှုရေး စတဲ့ ကျမရဲ့ ဘ၀အမှန်ကို သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုးတွေဆီကို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ အီးမေးလ်ပို့ စရာ၊ ဖုန်းဆက်ပြောစရာမလိုပဲ website တခုလိုလဲ အသေမဟုတ်တဲ့ အမြဲတမ်း ကိုယ့် ရဲ့ update information ကို သတင်းပို့သလို လုပ်လို့ ရလို့ ဘလော့ ဂ်ကို ရေးဖြစ်ပါတယ်။

- ကျမရေးတဲ့ ဘလော့ဂ်မှာ ကျမသိထားရထားတဲ့ သတင်းအချက်အလက်၊ ဗဟုသုတတွေနဲ့ ပါတ်သက်တာပဲဖြစ်ဖြစ်၊ အချစ် အလွမ်းတွေပါတဲ့ ခံစားချက်တွေဖြစ်ဖြစ်၊ ရင်ကိုလာမှန်တဲ့ အတွေးအခေါ် ထင်မြင်ယူဆချက် တွေပဲဖြစ်ဖြစ်၊ နေ့ တဓူဝကြုံတွေ့ နေရတဲ့ ဘ၀အတွေ့အကြုံတွေထဲက ပြောပြချင်တာတွေပဲ ဖြစ်ဖြစ်၊ တချိန်ချိန်မှာ ကိုယ်ပြန်လည်မှတ်မိသင့်တဲ့ မှတ်တမ်းမှတ်ရာ တခုအနေနဲ့ ပဲဖြစ်ဖြစ် အကြောင်းအရာသိပ်မရွေးပဲ ကဗျာ၊ ၀တ္ထုတို၊ အက်ဆေး စတဲ့ ပုံစံတမျိုးမျိုးနဲ့ ရေးသားရင်း ဘလော့ဂ်မှာ လာလည်ကြတဲ့ သူငယ်ချင်းတွေနဲ့ ဝေမျှခံစားချင်တဲ့ ခံယူချက်လေးရှိထားပါတယ်။

- တနေ့ ထက်တနေ့ ကလောင်သွေးရင်း အရေးအသားတွေ ပြေပြစ်လာသလို စိတ်တူကိုယ်တူ မျှဝေခံစားနားလည် ပေးနိုင်တဲ့ သူငယ်ချင်းမိတ်ဆွေ ဘလော့ဂါတွေ၊ ဘလော့ဂ် လာဖတ်သူတွေတိုးလာတာနဲ့ အမျှ ကိုယ့် ရဲ့ ကိုယ်ရည်ကိုယ်သွေးလဲ ပြောင်းလဲလာပြီး အထီးကျန်ခံစားမှုတွေ၊ နာကျည်းမှု၊ အလိုမကျမှု၊ ပျင်းရီငြီးငွေ့မှုတွေ လျော့ ပါးပြီး ဘလော့ ဂ်ရေးရတာကို ပျော်ရွှင်ကြည်နူးနေမိပြီး ဆက်ရေးဖြစ်နေပါတယ်။

- ကိုယ်ရေးတဲ့ ဘလော့ဂ်မှာ လာဖတ်သွားကြတဲ့ သူငယ်ချင်း၊မိတ်ဆွေတွေ ကိုယ့်ဆီက တခုခုရသွားတာရှိသလို ကိုယ်ကလဲ သူတို့ ဆီ အပြန်အလှန်သွားလည်ဖတ်ရင်း တကမ္ဘာလုံးမှာရှိတဲ့ တိုင်းပြည်နိုင်ငံအသီးသီးကို အချိန်ကြာကြာ ကိုယ်သွားရောက်လည်ပတ်နိုင်မှ သိနိုင်မဲ့ သိခွင့် ရမဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေအကြောင်း၊ တွေးခေါ်ယူဆပုံ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး နဲ့ ဓလေ့ ထုံးတမ်းအစဉ်အလာနဲ့ ပွဲတော်တွေ အကြောင်းကိုပါ ဖလှယ်ခွင့် ရှိလို့ ကိုယ့် ရဲ့ ဦးဏှောက်ကလဲ တနေ့ တခြား ဖွံ့ ထွားလာတဲ့ အပြင် ဒီလို နိုင်ငံ အသီးသီးက သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရတာကနေ တဆင့် ကမ္ဘာကြီးငြိမ်းချမ်းစေမဲ့ အကြောင်း အထောက်အပံ့ ဖြစ်စေဖို့ လဲ မျှော်လင့် ပါတယ်။

- တနေ့နေ့ တချိန်ချိန်မှာ ဒီဘလော့ ဂ်ရေးတာကနေ အပိုဝင်ငွေရတဲ့ နေရာလေးတခု ဖြစ်လာတာ မဖြစ်လာတာကတော့ အခြေအနေနဲ့ အခွင့် အရေးပေးတဲ့ အခါပေါ့။ တကယ်ပဲ ဘာအပိုဝင်ငွေမှ မရရင်တောင်မှ ကျမဘလော့ဂ်လေးဆီကနေ ငြိမ်းချမ်းရေး သံစဉ်တွေသီကြူးနိုင်ဖို့ ဒီဘလော့ဂ်လေးကို ကောင်းသည်ထက်ကောင်းအောင် ကြိုးစားအားထုတ်ရင်း အခွင့် အရေးရှိသလောက် မှန်မှန်ရေးသွားဖို့ သန္နိဌာန်ချထားပါတယ်။


နောက်ထပ်ပြောချင်တာကတော့ သံလွင်အိမ်မက်အမှတ်(၁၂) စကားဝိုင်းနဲ့ ပါတ်သက်ပြီး ဘလော့ဂ်ရေးခြင်းဟာ မြန်မာလူငယ်တွေအကြားမှာ အတော်ရေပန်းစားလာနေပါတယ်။ ဘလော့ဂ်ဖတ်ခြင်း၊ ရေးခြင်းဟာ အချိန်ကုန်စေတယ်၊ စိတ်ကူးပေါက်ရာတွေကို လျှောက်ရေးနေကြတာပါပဲ လို့ တချို့က မြင်ကြပါတယ်တဲ့။ စာဖတ်သူကရော ဘယ်လိုမြင်ပါသလဲ ဆိုတာကို အဲဒီစကားဝိုင်းလေးမှာ ၀င်ရောက်ဆွေးနွေးပေးစေ လိုပါတယ်။ ဘလော့ဂ်ဖတ်သူတစ်ယောက် အနေနဲ့ ကျမရဲ့ အမြင်ကိုလဲ အဲဒီစကားဝိုင်းလေးမှာ သွားရောက် ပြောဆိုချင်ပါသေးတယ်။


Sunday, July 22, 2007

ပျော်ပြီးနောက်ပါးသွားခြင်း

အပျော်အပါးဆိုတာ အပျော်နောက်မှာ အပါးရှိတာ စာတွေ့တော့ သိသလိုလိုရှိသား။ကိုယ်တွေ့ကတော့ မနေ့ ညက အိုင်စီရှိုးကိုသွားတယ်လေ၊ ၈နာရီ မတ်တင်းလောက်မှာ ရောက်သွားတယ်။ ၅နာရီခွဲကတည်းက သွားပြီး လက်မှတ်ဝယ်ပေးတဲ့ သူငယ်ချင်းတွေကလဲ ရောက်ကတည်းက လက်မှတ်ကုန်နေပြီးသားပါတဲ့။ မှောင်ခိုဈေးက ၁၀၀၀၀ နဲ့ ၁၂၀၀၀ ထိပေါက်တယ်တဲ့။ လာပြန်ပြီ ဒီမှောင်ခိုလက်မှတ်နဲ့ ရင်ဆိုင်ရတဲ့ ဒွတ်ခ။ မကြည့် ရရင် ဒီညတော့ မပြန်တော့ဘူး ဆိုတဲ့ သူတွေအတွက်ကတော့ နည်းလမ်းနှစ်သွယ်ပဲရှိတယ်၊ လစ်ရင်လစ်သလို ရောဝင်သွားမလား။ ဒါမှမဟုတ် မှောင်ခိုဈေးပေးဝယ်ပြီး ၀င်မလားပေါ့။ ၈နာရီလောက်ထိကတော့ မတီးသေးဘူးဆိုပြီးပြောတာပဲ။ အထဲကနေ လက်မှာ တံဆိပ်ထုပြီး ပြန်ထွက်လာတဲ့ သူတွေကလဲ အများသားလား။ ချွေးသံတရွှဲရွှဲနဲ့ ထွက်ထွက်လာကြပုံကိုထောက်ပြီး တော်တော်လူများပြီး aircon တွေတောင် မနိုင်အောင် လူပြည့် ကြပ်နေမယ် ဆိုတာ ဗေဒင်မေးစရာ လိုမယ်မထင်။

လုံခြုံရေးတွေက အရှေ့မှာ ဆူညံအော်ဟစ်နေတဲ့ သူတွေကိုလဲ ထိန်းနိုင်ပါတယ်။ မှောင်ခိုလက်မှတ်ရောင်းနေတဲ့ သူတွေကိုလဲ နှင်ဖို့ ဝေးလို့ ယောင်လို့ တောင် အပြစ်မဆိုပါဘူး။ ရောရောင်ဝင်မဲ့ မသမာသူ ပရိတ်သတ်ကိုလဲ တင်းတင်းကြပ်ကြပ် ကြိုးစားပမ်းစား တားမြစ်နေပါတယ်။
အဲဒီတော့ နောက်ဆုံးမှာ မထူးတဲ့ အဆုံး ၁၂၀၀၀ ပေါက်နေတဲ့ လက်မှတ်ကို တချို့ က လက်မှတ် မရမှာစိုးလို့ ၁စောင် ၁၅၀၀၀ နှုံးထိ ပိုက်ဆံ ၁သိန်းကျော်တောင် ကြိုပေးထားပြီး စောင့် နေတဲ့ အုပ်စုတွေ ကြားထဲက bargaining ability ကို အပြည့် အ၀ အသုံးချပြီး အုပ်စုအတွက် အများဈေးနဲ့ ၁စောင်ကို ၁၀၀၀၀ နှုံးနဲ့ ဈေးဆစ်ပြီး ရေသန့်ဗူးတွေ ကြိုဝယ်သွားပြီး ရှောရှောရှုရှု အထဲ ရောက်သွားပါတယ်။ ခက်တာက လက်မှတ်တွေကို ဆွဲမဆုတ်ပဲ ဘေးပေါက်ကနေ မှောင်ခိုသမားတွေဆီကို ပြန်ထုတ်လိုက်တဲ့ အရိပ်အယောင်ကို တစွန်းတစ တွေ့လိုက်ရတာကတော့ လူကို မခံချိမခံသာ ဖြစ်စေတာပေါ့ နော်။ မြန်မာပြည်မှာက ပေါင်းစားကြသည်လေ…:P

ဒီလိုနဲ့ အထဲရောက်တော့ များလိုက်တဲ့ လူတွေ လှေကားတောက်လျှောက်ထိုင်နေကြလေရဲ့ ။ လှေကားထိပ်မှာ မူးမူးနဲ့ ဖြစ်ချင်းတိုင်း ဖြစ်ပျက်နေတဲ့ အတွဲ တချို့လဲတွေ့မိပါရဲ့။ ballroom ထဲလဲဝင်ရော မျိုးကြီး သီချင်းစဆိုတာနဲ့ လူတွေက အလုံးလိုက် ၀င်လာ ခုန်ပေါက် ကကြပါလေရော။ အဲဒီအထဲရောက်သွားတာနဲ့ ပေါင်းအိုးထဲမှာ ချွေးထုတ်ခန်းထဲမှာ ရောက်သွားသလို ချွေးတဒီးဒီးကျ အသက်ရှုတောင် မ၀တ၀ပါပဲ။ ယောက်ကျားလေး တော်တော်များများက အင်ကျီတွေတောင် ၀တ်မထားနိုင်တဲ့ အဖြစ်ပါ။ လူများလို့ လူငွေ့တွေနဲ့ ပူရတဲ့ ကြားထဲ ဘီယာလဲသောက်ကြ ကကြခုန်ကြ သီချင်းတွေ အော်ဆိုကြတော့ ပျော်လဲပျော်စရာ ကိုယ့်ဒုက္ခကိုယ် ပိုက်ဆံပေးပြီးတော့ ရှာကြတယ်လို့ ဆိုချင်လဲ ဆိုစရာပါ။

လာတဲ့ ပရိတ်သတ်က တကယ်ပဲ အငဲ၊ မျိုးကြီး၊ မောင်မောင်ဇော်လတ်၊ ဇော်ပိုင်၊ အာဇာနည် တို့ရဲ့ သီချင်းတွေကို အလွတ်ကျက် အရေကြိုသောက်ထားကြသလိုပါပဲ။ ဆုန်သင်းပါရ်ကတော့ ဘာတွေဆိုသွားမှန်းတောင် မသိဘူး။ သူတစ်ယောက်တည်းပဲ အော်ဟစ်သွားတာကို လိုက်ကရုံလောက်ပါ။ ခင်ဖုန်းကတော့ ထုံးစံအတိုင်း သူ့ စတိုင်အပြည့်နဲ့ သီဆိုဖျော်ဖြေသွားတာမလို့ ကျေနပ်စရာပါ။ ပရိတ်သတ်ထဲမှာ မိသားစုလာကြည့်တာတွေလဲ တွေ့ ရသလို၊ လူကြီးပိုင်းတွေလဲ ပါပါတယ်၊ အများစုကတော့ အိုင်စီ ပရိတ်သတ် လူငယ်တွေပေါ့။ ၁၀နာရီခွဲလောက်မှာတော့ ပွဲပီးပါတယ်။ အငဲနဲ့ မပိတ်ခင် မျိုးကြီးနောက်ဆုံးဆိုတဲ့ အလှည့် မှာပဲ ပြန်လာခဲ့တယ်။ ညဖက် Taxi ခကလဲ ဈေးကြီးပါတယ်၊ ဗိုက်ဆာဆာနဲ့ တရုတ်တန်းမှာသွားပြီးတော့ လဲ ဗိုက်ထဲကို ရိက္ခာ ပြန်ဖြည့် ရသေးတယ်။ အိမ်ပြန်ရောက်တော့ ၁၁နာရီကျော်သွားပြီ။ ဒီကစောင့်နေသူဆိုပြီး ခေါင်းကို လက်သီးနဲ့ ထုမဲ့ အဖေနဲ့ အတူမနေတာကတော့ တော်တော်သက်သာသွားတာပေါ့။

ပြန်ချုပ်ရရင် မနေ့ ညက ပျော်ပြီး သုံးပစ်လိုက်တာတွေက ဒီနေ့ မနက် ပိုက်ဆံအိတ်ဖွင့် ကြည့်တော့ ပါးသွားရုံတင်မကဘူး အနုတ်ကလွဲရင် တပြားမှ ကျန်တော့ဘူးလေ။ ဒီကြားထဲ ညက အခုန်အကကောင်းလို့ ဆုမရပဲ နားကပ်တဖက်ပါပျောက်သွား၏။ (တော်တော်ဆိုးတာပဲလို့ မှတ်ချက်ပေးမစောပါနဲ့ ဦး ဒီထက်ဆိုးတာတွေရှိသေးလို့ပါ)

စာကြွင်း။ ။ ဓါတ်ပုံနဲ့ တကွ မဖေါ်ပြနိုင်တာ တကယ်စိတ်မကောင်းပါဘူးဗျို။

Saturday, July 21, 2007

စိတ်ကူးနဲ့ လက်တွေ့က တခြားစီ

သွားချင်တဲ့ စိတ်ကူးလေးက ညနေ ၆နာရီ ခွဲ၊ STRAND ဟိုတယ်မှာ လုပ်တဲ့ IC Show ကိုသွားဖို့ ပဲ။ ထုံးစံအတိုင်း လက်မှတ်က ကြိုမရောင်းတော့ ၆နာရီလောက်သွားမလားလို့။

ဒါမှ လက်မှတ်တစ်စောင် ၄၅၀၀ ကို အရင်းအတိုင်း ၀ယ်ပြီးဝင်လို့ ရမှာ၊ နောက်ကျလေ ဈေးတက်လေဖြစ်မယ်လေ။ ကိုလေးဖြူတော့ မပါပါဘူး။ အငဲ၊ မျိုးကြီး၊ မောင်မောင်ဇော်လတ် (ဘာဝင်ဆိုမှာလဲတော့ မသိဘူး၊ နာမည်ထည့်ထားတယ်)၊ အာဇာနည်၊ ခင်ဖုန်း၊ ဆုန်သင်းပါရ် တဲ့။ မျိုးကြီးနဲ့ အတူ ညအိပ်နေကြ(လျှောက်မတွေးကြေး သူ့သီချင်းတွေဖွင့် ဖွင့်ပြီးအိပ်တာကိုပြောတာ)။ အဲတော့ ဒီရှိုးမှာ မျိုးကြီးသီချင်းတွေလိုက်ဆို ပေါက်ကွဲ အော်ခွဲပြီး ရင်ထဲမှာ မွန်းကြပ်နေတာတွေ မကျေမနပ် အလိုမကျဖြစ်နေတာတွေကို အသွင်ပြောင်းပြီး လွှင့် ပစ်မလား စဉ်းစားထားတာ။ ဒါပေသိ စိတ်ကူးနဲ့ လက်တွေ့က တခြားစီ ခုထိ အလုပ်မှာပဲရှိသေးတယ်၊ လက်စမသတ်နိုင်သေး။



၆နာရီလဲ ထိုးနေပါပြီ။ သွားဖြစ်အောင်တော့ မီသလောက် သွားဦးမယ်။ ကင်မရာကတော့ ရှိတဲ့ အဟောင်းရောင်းထားပြီး အသစ်မ၀ယ်ရသေးလို့ ဓါတ်ပုံတော့ မရိုက်ဖြစ်ရင် ပို့စ်တင်ဖြစ်တော့မယ် မထင်ပါ။(စေတနာရှိရင် ကင်မရာအသစ်လေး ၀ယ်ပြီးလက်ဆောင်ပေးမဲ့သူရှိရင်လဲ စိတ်မဆိုးပါ) အော် ကိုယ့်မှာသာ လက်မှတ်ဈေးကြီးမှာ ပူရ၊ အချိန်မမီမှာပူရ။ တချို့များကြတော့လဲ အလကားမတ်တင်းရထားတဲ့ လက်မှတ်ကလေးကိုင်ပြီး သွားမယ် မသွားဘူး အိုက်စကလင်ခံနိုင်တဲ့ သူက ရှိသေး။ ပြီးရင်တော့ အလကားရတဲ့ ဘီယာ ၄ခွက်လောက် လာသောက်ဖို့ တင် လာချင်လာရင် တွေ့ရပြန်ဦးမယ်။ မုဒိတာပွါးပါတယ်။ (ဘယ်သူလဲတော့ မပြောပြတော့ ဘူး စနေနံနာမည်နဲ့ မင်းသားတစ်ယောက်အတွက်နဲ့ ကြီးပွါးသွားတဲ့ အင်္ဂါနံနဲ့ စတဲ့ ဘလော့ ဂါတစ်ယောက်ပေါ့ ။ hit က သုံးသောင်းတောင်ကျော်သွားတာလေ သိတယ်မလား ဟိဟိ) ကဲလေ နောက်ရက်တော့ သတင်းထူးရင် ပို့စ်လေးတင်ပါ့မယ်။

Wednesday, July 18, 2007

အာဇာနည်နေ့ ဒို့မမေ့ (သို့မဟုတ်) ၁၉ ဇူလိုင် မမေ့နိုင်


ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးစသည့် ရေးရာ အဖြာဖြာနှင့် ပါတ်သက်၍ နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့ ထူးနေ့မြတ်များစွာ ရှိသည့် အတိုင်း အမြတ်တနိုး ကျင်းပလေ့ ထိန်းသိမ်းလေ့ ရှိကြသည်။ Globalization ဖြစ်လာသည့် အတွက် တခြားနိုင်ငံများဆီမှ အလေးအမြတ်ပြုခြင်း၊ တန်ဖိုးထားခြင်းတို့နှင့် ယှက်နွယ်သော နေ့ထူးနေ့မြတ်များဖြစ်သည့် ချစ်သူများနေ့၊ အဖေနေ့၊ အမေနေ့၊ ကမ္ဘာ့ ကြက်ခြေနီနေ့၊ ကမ္ဘာ့ ဘလော့ဂ်နေ့ စသည်ဖြင့် စိမ့်ဝင်လာသော နေ့ ရက်များတစတစ များပြားလာသည်နှင့် အမျှ ကျမတို့ ဇာတိမြေ အမိနိုင်ငံတော်မှာလည်း လေးစားဖွယ်၊ မြတ်နိုးဖွယ်ကောင်းတဲ့ အစဉ်အလာနှင့် တကွ သမိုင်းဝင်ဖြစ်ရပ်များ၊ သမိုင်းဝင်ပုဂ္ဂိုလ်နဲ့ ပါတ်သက်တဲ့ သမိုင်းဆိုင်ရာ နေ့ထူးနေ့မြတ်များကို မေ့ထားဖို့ မသင့် ပါဘူး။

ကိုပုထုဇဉ်ကသူ့ ရဲ့ ပို့စ်တစ်ခုထဲက မှတ်ချက်မှာ ပြောဖူးတယ် “ဆဲဗင်းဇူလိုင်လို နေ့မျိုးကို မှတ်မိနေရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ မမှတ်မိအောင် သမိုင်းမှာ အသေအချာ အာဏာနဲ့ ဖျောက်ဖျက်ခံထားရတဲ့ နေ့မို့လို့ကို မှတ်မိတာပါပဲ။

ဥပမာပေးရရင် ထိုင်းနိုင်ငံသားတွေက သူတို့ ဘုရင်မင်းမြတ်ရဲ့ မွေးနေ့ကို မမှတ်မိရင် ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ဘူး။ ဘုရင်ကို စိတ်ထဲက အမြဲလေးစားနေရင် ပြီးတာပါပဲ။ မွေးနေ့ဆိုတာ နှစ်တစ်နှစ်ထဲက နေ့တစ်ရက်ပဲ၊ ဘာဖြစ်လဲပေါ့။ အဲဒီမွေးနေ့ကို ကိုယ်မမှတ်မိရင် မှတ်မိတဲ့လူတွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်၊ သူတို့တွေက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ တနိုင်ငံလုံးမှာ လှုံ့ဆော်ခွင့် ရှိလို့ လှုံ့ဆော်ရင် မေ့နေသူများလည်း သတိရမှာပဲ၊ ဒီအစဉ်အလာ အဖြစ်အပျက်ကလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ သမိုင်းစာမျက်နှာတွေ ပေါ်မှာရှိနေမှာပဲ၊ ပြဋ္ဌာန်းစာအုပ်တွေထဲမှာလည်း နေရာပေး ဖော်ပြခံနေရတာပဲ။ အဲဒီတော့ ထိုင်းနိုင်ငံသားတွေက ထိုင်းဘုရင်မွေးနေ့ကို မှတ်မိဖို့ အထူးအားထုတ်နေစရာ မလိုဘူး၊ မေ့လည်း ကိစ္စမရှိဘူး၊ It makes little difference, so they can afford to forget it.

ဆဲဗင်းဇူလိုင်၊ ကိုဖုန်းမော်နေ့ စတဲ့နေ့များကြတော့ လုံးဝ မတူတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေက ဒီလိုနေ့မျိုးတွေကို မသိလေကောင်းလေ၊ သိပြီးသူတွေလည်း မမှတ်မိလေ ကောင်းလေဆိုပြီး သမိုင်းကနေ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေရှိတယ်၊ ဒီအကြောင်းတွေ ဘယ်ပြဋ္ဌာန်းစာအုပ်မှာမှ မပါဘူး။ တနိုင်ငံလုံး ထုတ်ဝေခွင့်ရနေတဲ့၊ ပွင့်ပွင့်လင်းလင်း ရောင်းဝယ်နေတဲ့ စာအုပ်တွေထဲမှာ အရေးတယူ ဖော်ပြခံရတာ မရှိဘူး။ အဲဒီတော့ ဒီလို အဖြစ်အပျက်တွေကို ကျွန်တော်တို့ကမှ မမှတ်မိရင် အနာဂတ်မှာ ဘယ်သူကမှ မှတ်မိမှာမဟုတ်ဘူး၊ သမိုင်းကနေ တခါတည်း ပျောက်သွားမှာပဲ။ တနည်းပြောရင် ဒီလို ဆဲဗင်းဇူလိုင်လို အဖြစ်အပျက်မျိုးဟာ “စာမျက်နှာပေါ် အတင်မခံရတဲ့ သမိုင်း” ဖြစ်တဲ့အတွက် “နှလုံးသားထဲမှာ ထည့်ကို ထည့်ထားရမယ့် သမိုင်း” ဖြစ်နေတယ်။ အထူးသဖြင့် မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဖြစ်တယ်။ အခုကိစ္စမှာ မျိုးဆက်သစ်တွေကို အပြစ်ပြောနေတာ မဟုတ်ပါ။ မသိလို့ မရှိတာ ဘယ်တတ်နိုင်ပါ့မလဲ။ သိပြီးတဲ့ နောက်မှာတော့ ရှိနေစေချင်တာပါပဲ။ သူတို့မှ ဒီအကြောင်းတွေကို မမှတ်မိရင်၊ မသိရင်၊ ဒီအဖြစ်အပျက်တွေဟာ အသက်တွေကြီးလာပြီဖြစ်တဲ့ လူဟောင်းတွေနဲ့အတူ သမိုင်းက တခါတည်း ပျောက်သွားမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့အတွက်ကြတော့၊ It makes a huge difference, so we cannot afford to forget.”

မနက်ဖြန် ဇူလိုင်(၁၉) ရက်နေ့ ဟာဆိုရင်လဲ ကျမတို့ အတွက် မမေ့သင့် မမေ့ အပ်တဲ့ ကျမတို့ နိုင်ငံရဲ့ သမိုင်းမှာ အလေးအမြတ်ထားကိုထားရမဲ့ မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဝင် အာဇာနည်နေ့ ဖြစ်ပါတယ်။
ကိုကဒေါင်းညင်သာကလဲ “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။” ဆိုပြီး ဆော်သြထားပါသည်။

အာဇာနည်နေ့ ဆိုတာနဲ့ ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုတော့ စာသံပေသံနဲ့ မပြောပဲ ကျမ ရိုးရိုးရှင်းရှင်း နားလည်ဖူးတာက စွန့်လွှတ်စွန့်စားရဲ၍ အာဂသတ္တိနှင့် ပြည့်စုံသော သားကောင်းဇာနည်တွေကို ဆိုလိုတယ်လို့ ဟိုးငယ်ငယ် ၆တန်း၇တန်း လောက်တုန်းကထဲက မှတ်သားဖူးတာပါ။ ဒါဆိုရင် “အာဇာနည်နေ့ ” ဆိုတာကရောလို့ မေးလာခဲ့ရင် ကျမတို့ အဘိုးအဘွားတွေ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှာ ကိုလိုနီ ကျွန်သဘောက်ဘ၀နဲ့ နေခဲ့ ကြရတုန်းက တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်၊သွေး၊ချွေး နဲ့ ရင်းပြီး တိုက်ယူခဲ့ ကြတဲ့ တို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဒီအာဇာနည်ကြီး(၉) ဦးဟာ ဂဠုန်ဦးစောရဲ့ မသမာတဲ့ လုပ်ကြံမှုကြောင့် ဇူလိုင်(၁၉) ရက်နေ့ အတွင်းဝန်များရုံးမှာ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံရပြီး ကျဆုံးခဲ့ ရတဲ့ နေ့ကို သမိုင်းဝင်အထိမ်းအမှတ် အနေနဲ့ အာဇာနည်နေ့ ရယ်လို့ သတ်မှတ်ပြီး နှစ်စဉ်မပျက် အလေးပြုလို့ ၀မ်းနည်းဂုဏ်ယူခဲ့ ရတာကို ၁၉၈၈ မတိုင်မီအထိတော့ အမှတ်တရရှိခဲ့ ပါတယ်။

ဇူလိုင်လ(၁၉) ရက်နေ့ ရောက်တိုင်း မနက် ၁၀း၃၇ မှာ ဥသြသံဆွဲပြီး လမ်းထဲ၊ ရပ်ကွက်ထဲ၊ မြို့ ထဲမှာရှိသမျှ ပြည်သူပြည်သားအားလုံး ငြိမ်သက်စွာ အလေးပြုခဲ့ ကြတာပါ။ အဲဒီတုန်းက ကျမက (၇)တန်းကျောင်းသူလောက်ထိပါပဲ။ ဆရာမမေငြိမ်းရဲ့ အာဇာနည်နေ့ အလွမ်းဆိုတဲ့ ပို့စ်လေးထဲမှာလဲ “၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။ တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့ မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။”
ဆိုပြီးတော့ အတိတ်တချိန်က သမိုင်းဝင်နေ့ လေးဆီကို ထပ်တူထပ်မျှ သတိရမိစေပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရင်း ကျမရဲ့ ကိုယ်ထဲမှာလည်း ရဲရဲနီတဲ့ အာဇာနည်သွေးတွေ ပွက်ပွက်ဆူလာသလို ခံစားရပြီး ကျမလဲ ကြီးလာလို့ လူကြီးဖြစ်ရင် တနေ့နေ့ကျ နိုင်ငံတော်အတွက် သစ္စာစောင့်သိရိုသေပြီး တိုင်းပြည် အကျိုးအတွက် ကိုယ့် အသက်၊သွေး၊ချွေးကို နောက်မတွန့် စတမ်း စွန့် လွှတ် စွန့်စားရဲတဲ့ အာဇာနည်တွေထဲက အာဇာနည်တစ်ယောက် ဖြစ်စေရမယ်လို့ ရင်ထဲမှာ ကြွေးကြော်ခဲ့ ဖူးပါတယ်။

ကျမသင်ခဲ့ ရတဲ့ မြန်မာ့ သမိုင်းထဲက အနော်ရထာမင်း၊ ကျန်စစ်သား၊ ဘုရင့် နောင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ စတဲ့ သူရဲကောင်းကြီးတွေနဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ကြီးများကိုလည်း အထင်ကြီးလေးစားခဲ့ မှုက ကမ္ဘာ့ သမိုင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်များရဲ့ အကြောင်းခြင်းရာများနဲ့ ချိန်ထိုးသုံးသပ်ကြည့်ရင် မြန်မာဖြစ်ရတာကိုက တန်ဖိုးထား ဂုဏ်ယူစရာ အချက်ဖြစ်မိသေးတယ်။ ဒီလို မြတ်နိုးချစ်ခင်ခြင်း၊ အလေးအမြတ်ပြုခြင်းဆိုတဲ့ ခံစားမှုတွေဟာ ဇွတ်အတွင်း သွတ်သွင်းလို့ ရတဲ့ ခံစားမှုများ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ခက်တာက အခြေခံပညာကျောင်းများသာမက အဆင့် မြင့် ပညာ(တက္ကသိုလ်) ကျောင်းများမှာတောင်မှ သမိုင်းဘာသာ သင်ကြားမှုသည် မေးမှာကိုပဲသင်ပြီး၊ သင်တာကို မတွေးပဲကျက်၊ ကျက်ထားတာကိုပဲ အလွတ်ပြန်ရေးနဲ့ အချိန်သိပ်မကြာခင် အကုန်မေ့သွားတဲ့ အပြင် အာဇာနည်နေ့ ကဲ့သို့သော မိမိတို့ နိုင်ငံ ၊ မိမိတို့ လွတ်လပ်ရေး သမိုင်းနဲ့ ပါတ်သက်တဲ့ နေ့ထူးနေ့မြတ်၌ ကျောင်းပိတ်၊ ရုံးပိတ်၊ ဈေးပိတ်၊ အလုပ်ခွင်များ ပိတ်ရုံမှလွဲ၍ မည်သည့် အထိမ်းအမှတ် အလေးဂရုပြုခြင်းမျှလည်း မရှိသဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့၏ ကိုယ်ထဲတွင် ရဲရဲနီသော အာဇာနည်သွေးတို့ ပွက်ပွက်ဆူဖို့ဝေးစွ၊ အာဇာနည်နေ့ ဆိုသည်မှာ ဘာနေ့လဲ၊ ဘာအတွက်လဲ၊ ဘယ်လိုသမိုင်းဝင်လဲ၊ အာဇာနည်ကြီး (၉)ဦးမှာ မည်သူတွေနည်း စသည့် မေးခွန်းများကိုကောင်းစွာ ဖြေဆိုနိုင်မည့် စိတ်ဝင်တစားရှိမည့် အရေအတွက်သည် လက်တစ်ဆုပ်စာ ၁% မျှသာ ရှိမည်ဆိုလျှင် ရင်နာဖွယ်ကောင်းပေချိမ့် မည်။

ထိုသို့ မဖြစ်ရလေပဲ ၁%များ ဖွေးဖွေးလှုပ်သော် ၁၀၀% ကျော်လေအောင် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို၊ အက်ဆေး၊ သမိုင်းမှတ်တမ်း စသည့် စာများကို မြန်မာဘလော့ဂါများမှ တတပ်တအား ၀ိုင်းဝန်း၍ ရေးသားကြပါရန် ဆက်လက် တိုက်တွန်းပါရစေ။

စာကြွင်း။ ။ အာဇာနည်နေ့ နဲ့ ပါတ်သက်တာ တခုခုရေးဖို့ အတွက် ဘလော့ဂါသူငယ်ချင်း စည်းအပြင်ကကိုဖြိုးမှ Tag ထား၍ သော်လည်းကောင်း ကိုရန်အောင်မှ “အာဇာနည်နေ့ဆိုတာကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင် အလုပ်ခံထားရတဲ့ အခြေအနေမှာ မျိုးချစ်ဘလော့ဂါများက မိမိတို့ သိသမျှတတ်သမျှနဲ့ ငုပ်လျှိုးကွယ်ပျောက်လု ဖြစ်နေတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နှိုးဆော်ထုတ်ဖော်ရင်း ဘလော့ဂါများက မိမိတို့ရေးထားတဲ့ ပို့စ်လေးများကို ဖြစ်စေ၊ အသစ်ရေးသားပြီး ပို့စ်လေးများကို ဖြစ်စေ တစ်နေရာတည်းမှာ စုစည်းဖော်ပြဖို့ အစီအစဉ်” လေးအတွက် စိတ်ပါဝင်စားစွာရေးသားရင်း ကျမ ထပ်မံ၍ Tag လုပ်ချင်သောသူများမှာ -
(၁) သူငယ်ချင်းကြီး မျက်လုံး (ပြီး)
(၂) သူငယ်ချင်းလေး နေဘုန်းလတ် (ပြီး)
(၃) ချစ်ရတဲ့ မဂျစ် (ပြီး)
(၄) အလုပ်ရှုပ်အောင်လုပ်နေကြ ရန်အောင်
(၅) အမြဲကူညီပေးနေကြ ကိုချမ်းမြစိုး (ပြီး)
(၆) ဂျာနယ်ရှော်ဂေါက် (ပြီး)
(၇) ကိုတက်စလာ နဲ့
(၈) ကိုမောင်ရင် (ပြီး)တို့ ပါ။
ကျေးဇူးပြု၍ အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို၊ အက်ဆေး၊ သမိုင်းမှတ်တမ်း တခုခုနှစ်သက်ရာ အားသန်ရာ ရေးပြီး ဂုဏ်ပြုကြစေလိုပါသည်။

မှတ်ချက်။ ။ဇူလိုင်(၁၉) ရက်နေ့ အာဇာနည်နေ့တွင် ခေါင်းဆောင်ကြီးများကို အောင့်မေ့လွမ်းဆွတ်ဂုဏ်ပြုသောအားဖြင့် ဘလောက်များကိုတိတ်ဆိတ်ငြိမ်သက်စွာ ထားရှိကြပါရန်အကြံပြုတိုက်တွန်းအပ်ပါသည်။ ။
မိတ်ဆွေဘလောက်ဂါအသီးသီးအားလည်းကူညီတိုက်တွန်း ပေးပါရန်... ကူညီတောင်းခံအပ်
ပါသည်။

Tuesday, July 17, 2007

“ဆုံးရှုံးခြင်း”

မွေးလာတော့လည်း၊ ဘာမှမပါ
ဖြစ်လိုရာတွက်၊ ဥစ္စာရွှေငွေ
ရှာဖွေမောရ၊ လူ့ ဘ၀မှာ
အချိန်ကြာညောင်း နှစ်တွေဟောင်းပေါ့။


ကျပ်တည်းဆင်းရဲ၊ လူတွေထဲ

ငါလည်းအပါ ဖြစ်ခဲ့ ပြီ။
ပြည့် စုံချမ်းသာ၊ လူထဲမှာ

ငါလည်းအပါ ဖြစ်ခဲ့ ပြီ။
ဆင်းရဲတစ်ခါ၊ ချမ်းသာ တလှည့် နိမ့်မြင့် တဲ့
ငါလည်းအပါ ဖြစ်ခဲ့ ပြီ။

သေဆုံးတော့ မှ မပါကြ

ရှာဖွေ ဥစ္စာ ထားခဲ့ ပြီ။
------------------------------------------------------------------------------------
ဒီရက်ပိုင်း သေခြင်းတရားနဲ့ ပါတ်သက်တဲ့ သံဝေဂတွေတယ်များပါတယ်။
ဒီကဗျာလေးကလဲ ချစ်သောဖေဖေ ပို့ ပေးလိုက်တဲ့ သံဝေဂကဗျာလေး တစ်ပုဒ်ပါပဲ။

Saturday, July 14, 2007

စိတ်ချမ်းသာချင်ရင် ချင်တွေသတ်ရမယ်တဲ့

ချက်ချင်း နားမလည်ဘူးဖြစ်သွားမလား

တကယ်ပြောတာပါ

ကျမ ဘလော့ တွေ အများကြီး သွားလည်ပြီး ဖတ်ချင်တယ်

သူတို့ ရေးထားတာတွေကနေ ပညာတွေလဲ ရမယ်၊ အတွေ့ အကြုံ၊ ဗဟုသုတတွေလဲ ရမယ်။

အပြင်မှာ မရတဲ့ အတွေးအခေါ်တွေလဲ ရမယ်၊ အမှန်တရားတွေလဲ သိရမယ်။

ပြောမယ်ဆိုရင် အများကြီး အများကြီးပဲ။

ပြီးတော့ ကိုယ့် ဘလော့ လေးကိုယ် အလှဆင်ချင်တာ

ပို့စ်အသစ်တွေတင်ချင်တာ၊ လာလည်တဲ့ သူတွေ တခုခု ရသွားစေချင်တာ။

ဒါပေမဲ့ အဲဒါအတွက် အချိန်တွေပေးရမယ်။

သွားချင်တယ်၊ လာချင်တယ်၊ စားချင်တယ်၊ တွေ့ချင်တယ်၊ ၀ယ်ချင်တယ်၊ လည်ချင်တယ်၊

အား……..တခြား လုပ်ချင်တာ ဖြစ်ချင်တာတွေလဲ အများကြီးပဲ

အဲဒီချင်တွေ နဲ့ စတဲ့ ဆန္ဒတွေနောက်လိုက်ဖို့ တော်တော်ပင်ပန်းလိုက်တာနော်။

အဲဒါတွေအတွက် ငွေတွေ၊ အချိန်တွေ၊ အားထုတ်မှုတွေပေးရမယ်။

ဖြစ်သင့်တာတွေ ဖြစ်နိုင်တာတွေ မစဥ်းစားပဲ အဲဒီဖြစ်ချင်တာကို အောင့် အီးထားရတာတော့ တော်တော် စိတ်ပင်ပန်းပါတယ်။

သူငယ်ချင်းတစ်ယောက်ကပြောတယ်၊ နင်လုပ်ချင်တာတွေများတယ်၊

The right things doing လား

Doing the things right လားတဲ့ ။ မှန်တာတွေပဲလုပ်တာလား လုပ်တာတွေပဲ မှန်တာလားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်လည်းမသိတော့ ပါဘူး။

စဉ်းစားဖို့ လဲ အချိန် သိပ်မရှိပါဘူး။ ခဏခဏ စဉ်းစားခိုင်းတဲ့ သူတွေကိုတော့ သိပ်မကြည်ချင်ပါဘူး။(ဥာဏ်စမ်းတွေမပါ)

ခုလဲ ဘလော့ ရေးချင်ရက်နဲ့ ရုံးမှာ ပိနေတဲ့ အလုပ်တွေနဲ့ နပမ်းလုံးရင်း စနေလိုနေ့မျိုးမှာတောင် စောစော ရုံးမဆင်းရပဲ ညနေ ၆နာရီမှာ ဧည့်သည်နဲ့ သွားတွေ့ တဲ့ အလုပ်ကို အချိန်ပို လုပ်ရဦးမှာမလို့ စိတ်ပင်ပန်းတယ်။

ငြီးချင်လို့ ပါဆိုတဲ့ ခေါင်းစဉ်အစား ခေါင်းစဉ်လေးပြောင်းတင်ကြည့်တာပါ။

အမှန်မှာကတော့ ငြီးတာပါပဲနော်။

လောလောဆယ် အဲဒီ ငြီးချင်တာလေးရယ် ဘလော့ ရေးချင်တာလေးရယ်ကို သတ်နိုင်မယ်ဆိုရင်တော့ စိတ်ပင်ပန်းတာ သက်သာသွားမယ်မှန်းသိပေမဲ့လဲ…

ဒီဘလော့ ပင်လယ်ကြီးထဲက ဆားငန်ရေကို ငတ်မပြေရယ် ဖြစ်နေတာ ဘယ်ကာလထိ ကြာမယ်မှန်းတော့ သိနိုင်ပါဘူးလေ။

Tuesday, July 10, 2007

အချစ်ဆိုသည်မှာ(၂)

မေတ္တာ(၃)မျိုးရှိပါသည်။

(၁) အနှိုင်းမဲ့ မေတ္တာ

မိမိတွင်ရှိသော အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးသော အမွန်အမြတ် အရာတို့ ကို တခြားသူအား ပေးဆပ်နိုင်စွမ်း ရှိသလိုမျိုး။ ထူးခြားသည့် စရိုက်လက္ခဏာ(၂) ချက်အနက် ပထမတစ်ချက်မှာ- ပြည့်ဝစွာ အတ္တကင်းခြင်း (ကိုယ်ချစ်တဲ့ သူအတွက် အကောင်းဆုံးကိုသာ ရှာဖွေပေးအပ်ခြင်း)၊ ဒုတိယတစ်ချက်မှာ ပါရမီဖြည့် ဘက် မေတ္တာ(ဘယ်လို အခြေအနေ အဆိုးအကောင်းမှာပဲဖြစ်ဖြစ် လျစ်လျူရှုပြီး လျော့ ယွင်း၊ မပြိုပျက်သော မေတ္တာ)။

အနှိုင်းမဲ့ မေတ္တာ သည်လည်း အံ့ ဖွယ် ခံစားမှုတော့ မဟုတ်ပါ။ စိတ်ဆန္ဒ၏ တိကျသေချာသော ရွေးချယ်မှုသာဖြစ်သည်။ အနှိုင်းမဲ့ မေတ္တာ၏ အံ့ သြဖွယ်ရာ တချက်သည်ကား တစ်စုံတစ်ဦးအား အတ္တကင်းစွာ ချစ်ရန် သင်ရွေးချယ်လိုက်သည့် အချိန်၌ ထိုသူ့ အပေါ်၌ ချစ်ခင်ဖွယ်ရာ ပြုမူလိမ့် မည်။
တချိန်တည်းမှာပင် သင့် ၌ ထိုသူ့အပေါ်တွင် ချစ်ခင်နှစ်သက်ခြင်း ခံစားချက်များ ဖြစ်ပေါ်နေပါလိမ့် မည်။ အနှိုင်းမဲ့ မေတ္တာသည် လက်ထပ်ဖို့ ရန် အတွက်သာ မဟုတ်ပါ။ ကျမတို့ သည် လူသား အားလုံးအတွက် ဤကဲ့သို့ သော မေတ္တာမျိုး မွေးမြူရပေမည်။ လူတိုင်းသည် တန်ဖိုးထား ချစ်မြတ်နိုးစရာ သတ္တ၀ါတွေချည်း မဟုတ်ပါလား။

(၂) သူငယ်ချင်း၊မိတ်ဆွေ (၅၂၈)မေတ္တာ
နွေးထွေးသော မေတ္တာ တခုဖြစ်ပါသည်။ ကိုယ်နှစ်သက်စွာ ပေါင်းသင်းသောသူ မိတ်ဆွေများ၊ သူငယ်ချင်းကောင်းများအား ချစ်ခင်မှုပင် ဖြစ်သည်။ ကျမတို့ သည် ကျားချင်းဖြစ်စေ၊ မချင်းဖြစ်စေ (သို့ မဟုတ်) ဆန့် ကျင်ဘက်လိင်အားဖြင့် ဖြစ်စေ ဤကဲ့ သို့ (၅၂၈) မေတ္တာရှိသော သူငယ်ချင်း၊ မိတ်ဆွေများလည်း ရှိသင့် ပါသည်။

(၃) ကိလေသာ (၁၅၀၀) မေတ္တာ
အထူးသဖြင့် လင်ချစ်၊ မယားချစ် ကိလေသာ အချစ်ဖြစ်ပါသည်။ ကျမတို့ သည် မိမိ လက်ထပ်ပေါင်းသင်း နေထိုင်သည့် အိမ်ထောင်ဖက် တစ်ဦးတစ်ယောက်တည်း အတွက်သာ ဤ (၁၅၀၀)မေတ္တာ ကိလေသာ အချစ်ထားသင့် ပါသည်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် လူသားတို့ သည် အနှိုင်းမဲ့ မေတ္တာ၊ ၅၂၈ မောင်ချစ်၊ နှမချစ်၊ သူငယ်ချင်း မိတ်ဆွေကဲ့ သို့ သော မေတ္တာ၊ ၁၅၀၀ကိလေသာ မေတ္တာ စသည့် သုံးမျိုးစလုံးသည် လိုအပ်ပါသည်။ ဤမေတ္တာများ မရှိလျှင် စက်ရုပ်ဆန်သော လူသားများသာ ဖြစ်ရကား ဤကမ္ဘာကြီးလည်း ငြိမ်းချမ်းနိုင်ပါ့မည်လား ဆိုတာ စဉ်းစားစရာ ဖြစ်ပေတော့ သည်။

စာကြွင်း။ ။ အချစ်ဆိုသည်မှာ(၁) (၂) နှစ်ခုစလုံးသည် ဂျော့ (ဂ်ျ) ဘီ. အီဂါ ရေးသားသော အချစ်၊ ချိန်းဆိုမှု နှင့် လက်ထပ်ခြင်း စာအုပ်မှ ဘာသာပြန် ကောက်နှုတ်ဖေါ်ပြထားချက်သာ ဖြစ်ပါသည်။

Saturday, July 7, 2007

အချစ်ဆိုသည်မှာ(၁)

ကျမတို့အချစ်မေတ္တာလိုပါသည်။
လူတိုင်းလူတိုင်းသည် ကိုယ့်အတွက် အရေးပါသူ တစ်စုံတစ်ဦး၏ အချစ်ခံရမှု၊မေတ္တာထားခံရမှုကို လိုအပ်ပါသည်။ ဤလိုအပ်ချက်သည် လူငယ်လူရွယ်တို့ အတွက် ကြီးမားလှသည်ဖြစ်ရာ သူတို့သည် မမှန်ကန်သော နည်းလမ်းများဖြင့် မကြာခဏဆိုသလို အချစ်ကို ရှာဖွေလေ့ ရှိကြလေသည်။
အချစ်မေတ္တာအကြောင်း သင်ကိုယ်တိုင် သိပါသလား။

လူများသည် မေတ္တာစစ်နှင့် တက်မက်စွဲလန်းမှုကို

ရောထွေးနေတတ်ကြသည်။ တပ်မက်စွဲလန်းမှုသည် တစုံတယောက်အတွက် ဆွဲဆောင်မှုကို အပြည့်အ၀ဖေါ်ဆောင်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ မျက်ကန်းအချစ်မျိုးဖြစ်သည်။
တဏှာပေမနှင့် မေတ္တာစစ်အကြား ကွာခြားချက်သည်ဘာလဲ။ လိင်မှုဆိုင်ရာ ဆွဲဆောင်မှုသည်ဘာလဲ။ မေတ္တာစစ်သည်ဘာလဲ။
ဤမေးခွန်းများသည် အရေးကြီးသော မေးခွန်းများဖြစ်လင့်ကစား ဤအကြောင်းခြင်းရာများကို ဂဃနဏသေချာစွာ မည်သည့်အခါကမျှ ကျမ မစဥ်းစားခဲ့ဖူးပါ။

တဏှာပေမဟူသည် တစ်ဦးတစ်ယောက်၏ သွေးသားတောင့်တမှု စိတ်ကျေနပ်ရန် အာသာပြေရန် လှု့ဆော်မှုဆန္ဒဖြစ်သည်။ သူသည် တကိုယ်ကောင်းဆန်သည်။ တစုံတရာကို ရယူလိုခြင်းသာ အလေးထားသည်။ မေတ္တာဟူသည်ကား အတ္တကင်း၏။ ပေးဆပ်ခြင်းသာ အလေးထားသည်။ တဏှာပေမ၏ လိုအပ်ချက်သည် တမုဟုတ်ချင်း စိတ်ကျေနပ်မှုအတွက်ဖြစ်သည်။ မေတ္တာမှာမူ တခြားတပါးသူအတွက် အကောင်းဆုံးအရာကိုသာ လိုချင်သည်။ မေတ္တာ၏သဘောသည် စောင့်ရန်ဆန္ဒရှိသည်။ မေတ္တာစစ်သည် အမှန်ကန်ဆုံး အခြေအနေ၊အချိန်အခါကို စောင့်ပေသည်။

လိင်မှုဆိုင်ရာဆွဲဆောင်မှုသည် ဖိုသတ္တ၀ါနှင့် မသတ္တ၀ါကြား ရုပ်ရည်သွင်ပြင် ဆွဲဆောင်မှုသာဖြစ်သည်။ ဆန့်ကျင်ဘက်လိင်အပေါ်တွင် စိတ်ဝင်စားမှုကြောင့် ဖြစ်ပေါ်စေ့ဆော်သော ဖြစ်တည်မှုတစ်ခုသာ ဖြစ်သည်။

မေတ္တာစစ်၌ အရည်အသွေးများစွာရှိသည်။ မေတ္တာတွင် ရုပ်ရည်သွင်ပြင် ဆွဲဆောင်မှု၏ မှော်အရာများပါဝင်သည်။ မေတ္တာစစ်သည် ထို့ထက် မလျော့ပေ။ မေတ္တာသည် ချစ်ခင်ရင်းနှီးမှု၏ ရေသောက်မြစ်များပါရှိသည်။ မေတ္တာစစ်တွင် သင်သည် လူတကိုယ်လုံးချစ်သည်။ ထိုသူနှင့် အတူရှိနေရခြင်း၊ ဝေမျှခံစားရခြင်းတို့ကို နှစ်သက်ပျော်ရွှင်နေပေမည်။ မေတ္တာစစ်သည် တကိုယ်ကောင်းမဆန်။ ချစ်တဲ့သူအတွက် တန်ဖိုးထားမြတ်နိုးနေလိမ့်မည်။ အရေးပါသော ပါရမီဖြည့်ဖက် အရည်အချင်းကိုလည်း တပါတည်း သယ်ယူလာမည်။ ပြဿနာ တစုံတရာကြုံလာချိန်တွင် အရှုံးပေးလက်လျှော့ခြင်း၊ ရှောင်ထွက်ပြေးခြင်းမျိုးပြုမည်မဟုတ်။ မေတ္တာစစ်သည် သင့်အတွက် အကောင်းဆုံးကို ယူဆောင်လာပေမည်။ သင့်အတွက်ဂုဏ်ယူနေမည့်သူတစ်ယောက်ကိုသာ သင်အလိုရှိပေမည်။ အကယ်၍ သင်သည် တစ်စုံတစ်ယောက်သောသူနှင့် တပ်မက်စွဲလန်းမိလျှင် စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပေမည်။ သို့သော်သင်၏ အချစ်သည် မေတ္တာစစ်ဖြစ်လျှင် သင်အလုပ်လုပ်ရန်၊ စီမံကိန်းဆွဲရန်၊ အနာဂါတ်အတွက် ပြင်ဆင်ရန်တို့အတွက် သင့်ကိုယ်သင်စီမံပေမည်။ မေတ္တာစစ်သည် သင့်အား ရုတ်တရက်ချက်ချင်း ရိုက်ခတ်လာသော အံ့ဖွယ်ခံစားမှု တခုမဟုတ်ပါ။ ကြီးထွားဖွံ့ဖြိုးလာရန် အချိန်ပေးရပါသည်။ ကမ္ဘာ့ဂီတလောကရှိ လူသိများကျော်ကြားသော သီချင်းတချို့၌ စပ်ဆိုထားသော မြင်မြင်ချင်းပင်ချစ်မိသည့် မေတ္တာစစ် ဆိုသည်မှာ မှားယွင်းစပ်ဆိုမှုများသာ ဖြစ်ပေချိမ့်မည်။

အဖိုးတန်မေတ္တာ
စေတန်(သို့မဟုတ်)နတ်ဆိုးသည် သင့်အား အချစ်စစ်၊ မေတ္တာစစ်ကိုသိရှိရန်၊ တွေ့ကြုံခံစားစေရန် အလိုမရှိပါ။ ထို့ကြောင့် သင့်အား မေတ္တာတု အားလုံးတို့ကိုသာ ဖန်တီးတွေ့ဆုံစေပါလိမ့်မည်။ သင့်အတွက် အကောင်းဆုံးအရာသည် အဖိုးတန်မေတ္တာ(သို့မဟုတ်) အညှာမလွယ်သောအချစ်သာ ဖြစ်ပေသည်။ ဘ၀အတွက် ပါရမီဖြည့်ဖက်၊ တကိုယ်ကောင်းလဲ မဆန်သူ၊ သင့်ကိုချစ်မြတ်နိုးသူ၊ အမှန်ကန်ဆုံး ပုဂ္ဂိုလ်ကိုသာ သင်၏ အဖေါ်မွန်အဖြစ် ပိုင်ဆိုင်ခွင့်ရလျှင် သင့်အိမ်သည် ဤကမ္ဘာလောကပေါ်ရှိ နိဗ္ဗာန်ငယ်တခုပင်ဖြစ်ပေတော့မည်။

မေတ္တာ(၃)မျိုးရှိပါသည်။
(၁) အနှိုင်းမဲ့ မေတ္တာ
(၂) သူငယ်ချင်း၊မိတ်ဆွေ (၅၂၈)မေတ္တာ
(၃) ကိလေသာ (၁၅၀၀) မေတ္တာ

ဤပို့စ်ရှည်မည်စိုးသဖြင့် ဤနေရာတွင် ခေတ္တဖြတ်ထားပါမည်။
အပိုင်း(၂)အား ဆက်လက်ဖတ်ရှုပါရန်။

Friday, July 6, 2007

အသည်းကွဲနတ်သမီး

တိမ်ပေါ်တလွှား ပျံကာသွား
မိုးပေါ်ကနတ်သားမဟုတ်လဲ
အချစ်မိုးတိမ်တုတခုဖန်ဆင်း
စွမ်းအားပြင်းတွေများ
နင်..ပိုင်ဆိုင်ခဲ့ လေသလား။

တကယ်တမ်းလက်တွေ့ ကျ
ကွက်ကျားမိုးတွေရွာချ
အက်ဆစ်လိုအမုန်းတရားတွေက
ငါ့ ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို
ဆွေးမြေ့ စေမှာ ..
ငါ..မသိခဲ့ လေသလား။

မြူမှုန်မျှ အပြစ်မမြင်စွာချစ်ခင်
တရှိုက်မက်မက် စွဲလန်းစဉ်
ရက်စက်စွာ စွဲချက်တင်ပြီး
နှုတ်မဆက်ပဲ လမ်းခွဲသွားတော့
(ခုတော့ ..ငါဟာ.. နစ်မွန်းဆဲ..)
အသည်းကွဲနတ်သမီးပုံပြင်ထဲ။

Monday, July 2, 2007

အောင်မြင်သူနှင့် ရှုံးနိမ့်သူ

လူ့လောကတွင် အောင်မြင်သူများနှင့် ရှုံးနိမ့် သူများဟူ၍ နှစ်မျိုးနှစ်စားရှိရာ ထိုသူနှစ်မျိုး၏ ကွာခြားချက်များသည် အောက်ပါအချက်များအတိုင်းဖြစ်ပေသည်။ သင်သည် အောင်မြင်သူဖြစ်နေပါသလား ရှုံးနိမ့်သူ ဖြစ်နေပါသလား ဆိုသည်ကို ဤအချက်များနှင့် ဆန်းစစ်ကြည့် နိုင်ရန်အလို့ငှာ ဖေါ်ပြလိုက်ပါသည်။

၁။ အောင်မြင်သူဟာ စကားကို အလုပ်နဲ့ သက်သေပြတယ်။
ရှုံးနိမ့်သူက သူ၏ရှုံးနိမ့်မှုကို ဆင်ခြေဆင်လက်နဲ့ ကာကွယ်တယ်။

၂။ အောင်မြင်သူဟာ ဘ၀ကို တာဝန်ယူပြီး တည်ဆောက်တယ်။
ရှုံးနိမ့်သူက မတည်နိုင်တဲ့ ကတိတွေကိုပဲ ပေးနေတတ်တယ်။

၃။ အောင်မြင်သူက အပြစ်ပေးခံရမှာ မကြောက်ပဲ စွန့်စားပြီး ဆုကို ရအောင်ယူတယ်။
ရှုံးနိမ့်သူဟာ မတရားနည်းလမ်းတွေနဲ့ ပရိယာယ်တွေသုံးပြီး ဆုနောက်ကို အရှက်နည်းစွာနဲ့ လိုက်တယ်။

၎။ အောင်နိုင်သူဟာ လုပ်ဖေါ်ကိုင်ဖက်တွေ အတွက် ကူညီဆောင်ရွက်ပြီး၊ မြင့် မားတဲ့ အဆင့် အတန်းကို ရယူတယ်။
ရှုံးနိမ့်သူက အဆင့် အတန်းကို ကိုးကွယ်ပြီး နောက်ဆုံး အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ်။

၅။ အောင်နိုင်သူဟာ အမှား တစ်စုံတစ်ရာ လုပ်မိရင် အမှားကို ၀န်ခံတယ်။
ရှုံးနိမ့်သူဟာ ညည်းတွားရင်း သူများကို အပြစ်လိုက်တင်တယ်။

၆။ အောင်နိုင်သူရဲ့ နှုတ်မှာ အမှန်တရားတွေ ပြည့် နေပေမဲ့ ရှုံးနိမ့်သူရဲ့ နှုတ်ဖျားမှာတော့ ဆင်ခြေဆင်လက်တွေနဲ့ ပဲ ပြည့် နေပါတယ်။

၇။ အောင်နိုင်သူက ဟုတ်တယ်၊ မဟုတ်ဖူးလို့ ပဲ ပြောမယ်။
ရှုံးနိမ့် သူက ဖြစ်ချင်ဖြစ်မယ်လို့ ပဲ ပြောတယ်။

၈။ အောင်နိုင်သူဟာ ကလေးငယ်တစ်ဦးကိုတောင် တောင်းပန်ဖို့ ၀န်မလေးပေမဲ့ ရှုံးနိမ့် သူကတော့ လူကြီးသူမကိုလဲ အရိုအသေပေးဖို့ ခက်နေတယ်။

၉။ အောင်နိုင်သူက လဲကျတယ်၊ပြန်ထတယ်။ ရှေ့ကို မျက်နှာမူတယ်။
ရှုံးနိမ့် သူဟာ နောက်ပြန်လှည့် တော့ တာပဲ။

၁၀။ အောင်နိုင်သူအတွက် တစ်နေ့ မှာ ၂၅နာရီရှိပေမဲ့ ရှုံးနိမ့်သူအတွက် ၂၃နာရီပဲ ရှိတယ်။

၁၁။ အောင်နိုင်သူဟာ အလုပ်ကို ကြိုးစားလုပ်တယ်။ ပြီးမှ အနားယူတယ်။
ရှုံးနိမ့်သူက အလုပ်ကို အလျင်စလိုလုပ်တယ်။ ပြီးတော့ အချိန်တွေကို ဖြုန်းပစ်တယ်။

၁၂။ အောင်နိုင်သူက အချိန်ကို စီးနင်း မောင်းနှင်သူဖြစ်တယ်။
ရှုံးနိမ့်သူဟာ အချိန်ရဲ့ မောင်းနှင်ခြင်းကို ခံရသူဖြစ်တယ်။

၁၃။ အောင်နိုင်သူဟာ အရှုံးအတွက် စိုးရိမ်စိတ်မရှိဘူး။
ဒါပေမဲ့ ရှုံးနိမ့်သူက အောင်ပွဲကို မယုံရဲသူဖြစ်တယ်။

၁၄။ အောင်နိုင်သူက အောင်ပွဲရဖို့ အတွက် အလုပ်လုပ်တယ်။
ရှုံးနိမ့် သူက အလုပ်မလုပ်ပဲ အောင်ပွဲ ရချင်တယ်။

၁၅။ အောင်နိုင်သူဟာ တိမ်တွေကိုကျော်ပြီး နေကိုမြင်တယ်။
ရှုံးနိမ့်သူကတော့ တိမ်တွေထဲက မိုးသားတွေကိုပဲ မြင်ပါတယ်။

၁၆။ အောင်နိုင်သူဟာ လဲကျပြီးတိုင်း ပြန်ထရတဲ့ အရသာကို နှစ်သက်တယ်။
ရှုံးနိမ့်သူကတော့ လဲကျရခြင်းအတွက် ကံဆိုးလေစွလို့ ညည်းညူတတ်တယ်။

၁၇။ အောင်နိုင်သူက နှင်းခဲတွေအပေါ်မှာ လမ်းလျှောက်တယ်။
ရှုံးနိမ့်သူကတော့ နှင်းခဲတွေ အရည်ပျော်အောင် စောင့် နေတယ်။

၁၈။ အောင်နိုင်သူဟာ စင်မြင့် ပေါ် ရောက်နေတဲ့ အခါ ရှုံးနိမ့် သူကတော့ ပရိသတ်ထဲမှာ ထိုင်စရာ နေရာ ရှာနေဆဲ ဖြစ်တယ်။

၁၉။ အောင်နိုင်သူက မိမိအမှားကို ပြင်ဆင်ဖို့ သိမ်းထားတယ်။
ရှုံးနိမ့် သူဟာအောင်မြင်မှုကို အမှိုက်ပုံးထဲ လွှင့် ပစ်တတ်တယ်။

၂၀။ အောင်နိုင်သူဟာ လေလာတဲ့ အချိန်မှာ ရွက်တင်တယ်။
ရှုံးနိမ့် တဲ့ သူကတော့ လေလာမှ ရွက်ချတတ်တယ်။

၂၁။ အောင်နိုင်သူဟာ ငွေကြေးရဲ့ အရှင်သခင်ဖြစ်ပြီး ရှုံးနိမ့် သူဟာ ပိုက်ဆံရဲ့ ကျေးကျွန်ဖြစ်တယ်။

၂၂။ အောင်နိုင်သူဟာ စိတ်ကူးတွေကို အကောင်အထည်ဖေါ်ဖို့ သိမ်းထားတယ်။
ရှုံးနိမ့်သူကတော့ စိတ်ကူးယဉ်ပြီး လောဘတက်နေတယ်။

၂၃။ အောင်နိုင်သူက နောက်တကြိမ် ကြိုးစားကြစို့ လို့ ဆိုတယ်။
ရှုံးနိမ့် သူကတော့ ထူးတော့ မှာ မဟုတ်ပါဘူးလို့ ဆိုတယ်။

၂၄။ အောင်နိုင်သူဟာ အပြစ်ရှိပေမဲ့ အပြစ်ကို ရဲရဲ ၀ံ့ ၀ံ့ ရင်ဆိုင်တယ်။
ရှုံးနိမ့် သူက အပြစ်မရှိသည့် တိုင် သူရဲ ဘောကြောင်နေတယ်။

၂၅။ အောင်နိုင်သူဟာ ချွေးသံထွက်ရခြင်းမှာ ယုံကြည်မှုရှိသလောက် ရှုံးနိမ့်သူက ကံကောင်းမဲ့ အချိန်ကို စောင့် နေတယ်။

၂၆။ အောင်နိုင်သူဟာ အာရုံကိုနိုးထစေပြီး ရှုံးနိမ့်သူကတော့ အာရုံလာပြီးမှ နိုးတယ်။

၂၇။ အောင်နိုင်သူက ရှေ့ သို့ သွားရင်း တွက်ချက်တယ်။
ရှုံးနိမ့် သူဟာ ဘာမှ မလုပ်ခင် တွက်ချက်နေတယ်။

၂၈။ အောင်နိုင်သူဟာ သူများပြောစကားကို နားထောင်တယ်။
ရှုံးနိမ့် သူက ပြောရမဲ့ အလှည့် ကို စောင့် နေတယ်။

၂၉။ အောင်နိုင်သူဟာ သိမ်မွေ့ ပြီး ရိုးသားတယ်။
ရှုံးနိမ့်သူက တကိုယ်ကောင်းဆန်ပြီး လှည့် စားတတ်တယ်။

၃၀။ အောင်နိုင်သူက လမ်းများစွာကို ထွင်ပြီး စဉ်းစားတယ်။
ရှုံးနိမ့်သူဟာ တလမ်းတည်းသွားတယ်။

၃၁။ အောင်နိုင်သူဟာ မိမိထက် သာသူထံမှ သင်ယူဖို့ စဉ်းစားတယ်။
ရှုံးနိမ့်သူကတော့ ၀န်တိုမှုတွေနဲ့ ပြည့် နေတယ်။ (သူ့ ထက်သာသူရဲ့ ကိုယ်ကြပ်အင်္ကျီထဲက လစ်ဟာမဲ့ အပေါက်ကနေ ဓါးနဲ့ ထိုးဖို့ ချောင်းနေတယ်။)

၃၂။ အောင်နိုင်သူဟာ ကိုယ့် ထက်နိမ့် ကျသူနဲ့ တွေ့ တဲ့ အခါမှာ ၀မ်းမြောက်ဝမ်းသာနဲ့ ပေါင်းသင်းတယ်။
ရှုံးနိမ့်သူက မိမိထက် နိမ့်ကျသူကို အနိုင်ကျင့် စေခိုင်းတတ်တယ်။

၃၃။ အောင်နိုင်သူဟာ အကောင်းဆုံးဆောင်ရွက်ဖို့ အတွက် အလုပ်ကို လုပ်တယ်။
ရှုံးနိမ့် သူဟာ ပထမဆုဖို့ အတွက်ပဲ အလုပ်လုပ်တယ်။

၃၄။ အောင်နိုင်သူဟာ နောက်ဆုံးမှ ပန်းဝင်ခဲ့ ရင်တောင် တစ်စုံတစ်ခု ပြီးမြောက်မှုကို ခံစားရတယ်။
ရှုံးနိမ့် သူကတော့ ပထမဆုံးပန်းဝင်မှ သူ့ အတွက် အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။

၃၅။ အောင်နိုင်သူဟာ ပြေးနေရင် ပျော်သလောက် ရှုံးနိမ့် သူကတော့ ပျော်မယ်မပျော်ဘူးဆိုတာ ပြေးပြီးမှ သိတယ်။

ဂျူးလူမျိုးတို့ ၏ ကျမ်းစာ ဒိုင်ယာစ်ပိုရာမှ ကောက်နှုတ်ဖေါ်ပြပါသည်။