Saturday, June 30, 2007

ပါတ်စာခွါဖျာသိမ်း

ရုံးမှာ ကိုယ့် အထက်က မန်နေဂျာအမကြီး 12နှစ်ကျော်လုပ်ခဲ့ တဲ့ ဒီအလုပ်ကို မရှောင်မလွှဲသာသော မိသားစုအရေးအတွက် ပါတ်စာခွါဖျာသိမ်း နှုတ်ဆက်ခွဲခွါသွားပြီ။
UNAIDS မှာလုပ်နေတဲ့ သူငယ်ချင်းအစ်ကိုကြီးတစ်ယောက်လဲ သူ့ဘ၀ရှေ့ရေး နိုင်ငံခြားမှာ ပညာတော်သင်သွားရဖို့ အတွက်လဲ ဒီတနေ့ တည်းပဲ အလုပ်ထွက်သွားပြန်တယ်။
တနေ့တည်းတရက်တည်း ကိုယ်ချစ်ခင်လေးစားရတဲ့ သူနှစ်ယောက်ရဲ့ နှုတ်ဆက်ခွဲခွါမှုကို သံဝေဂ ရမိပါသေးတယ်။

ကိုယ်ကိုယ်တိုင်လဲ ခုလက်ရှိလုပ်နေတဲ့ ရုံးကို ဘယ်နေ့မှာ အလုပ်စတင်ဝင်ရခဲ့မယ် ဆိုတာ ကြိုတင်မသိနိုင်ခဲ့ သလို သူတို့ လိုပဲ ဘယ်နေ့ ဘယ်အချိန်ကျ နှုတ်ဆက်ခွဲခွါရလိမ့် ဦးမယ်ဆိုတာလဲ ကြိုတင်မသိနိုင်သေးပါဘူး။

2007 ခုနှစ်ရဲ့ နှစ်တ၀က်ကတော့ ကုန်ဆုံးသွားပါပြီ။ မိမိကိုယ်ကို အစစအရာရာ ပြန်သုံးသပ်ကြည့် လိုက်ချိန်မှာတော့ အသက်နှစ်ဝက်ကြီးလာတာကလွဲလို့ ပညာ၊အတွေ့ အကြုံ၊ ငွေရေးကြေးရေး၊ မိတ်ဆွေအပေါင်းအသင်း၊ ဘာသာတရားကိုင်းရှိုင်းမှု စသည်ဖြင့် ဘာတွေ တိုးတက်ပြောင်းလဲပါလဲဆိုရင် မဖြစ်စလောက်ပမာဏကလွဲရင် ဘာမှ ထူးမခြားနားသေးပါလားဆိုတာ တွေ့ ရသေးတယ်။ မိတ်ဆွေတို့ ရော ပြန်သုံးသပ်ကြည့် ပြီးပါပြီလား။
ဒီကဗျာလေးကတော့ အရှေ့မှာပြောခဲ့ တဲ့ အစ်ကိုကြီး ပေးပို့တဲ့ ကဗျာလေးပါ။ နာမည်သိပြီးသား စာရေးဆရာ၊ ကဗျာဆရာတစ်ယောက် စပ်တာပဲလား၊ သူကိုယ်တိုင်စပ်ခဲ့ သလားဆိုတာ သူလဲ မမှတ်မိပေမဲ့ ကျမနှစ်သက်တဲ့ ကဗျာလေးအနေနဲ့ ရော သူ့ အတွက်အမှတ်တရအနေနဲ့ ပါ ဖေါ်ပြလိုက်ပါတယ်။

“လောကဓံ”

တက် တစ်ချက်ခေါက်
တောက် ခနဲမြည်
စီ ခနဲရှိုက်
လျိုက်ခနဲ ငို
လိုစာရင်းပြ
ငိုချင်းချ
ဘ၀ဆိုတာ ငိုစရာလား။
- - - -
ဟိုမှာနားခိုက်၊ သည်မှာတိုက်နေ
ရှိပါစေလေ
လိုရာမရ၊ ရတာမယူ
သင်ဟာလူပဲ
ပြောပြစမ်းပါ ဘာလိုသလဲ။
ကဲ . . .
လောကထဲကို ရဲရဲဝင်ရန်
သဏ္ဍန်ကိုလုပ် သရုပ်ကိုထည့်
ခေါင်းမငဲ့နဲ့ပေါ့ . . . .

Friday, June 29, 2007

ကျမ၏လခစားဝန်ထမ်းဘ၀ လစာထုတ်ရက် အတွေ့ အကြုံ

ဒီနေ့ ရုံးမှာလခထုတ်တယ်။ လခထုတ်ရက်ရောက်ရင် အကြွေးတွေဆပ်နေကျ။
သူများကိုဆပ်ရတာ ဟုတ်ပါဘူး။ ရုံးကနေ ကြိုကြိုထုတ်ပြီးသုံးထားတာတွေလေ။ လခထည့်ထားတဲ့ စာအိတ်လေးကို မယူခင် လက်မှတ်ထိုးတိုင်း ဒီလ ခွင့် ဘယ်နှစ်ရက်ယူထားလို့ သတ်မှတ်ရက်ထက် ကျော်မကျော်(ကျော်ရင်ကျော်သလောက် လစာ အဖြတ်ခံရတာ)၊ ပြီးတော့ လိပ်သေးသေးလားကြီးကြီးလား (တမျိုးမထင်ပါနဲ့ ) နောက်ကျတဲ့ late time တွေပေါ်မူတည်ပြီးအဖြတ်ခံရတယ်။ ရာထူးတစ်နေရာ ရောက်သွားသူတိုင်း အတွက် O.T ဆင်းကလဲ O.T ကြေးမပေးလေတော့ စုစုပေါင်း ဘယ်လောက်ဖြတ်ခံရလဲပဲ ကြည့်လိုက်တယ်။ ဒီလိုနဲ့ လက်မှတ်ထိုးပြီး စာအိတ်လေးဖွင့် လခကြိုထုတ်ထားတုန်းက debit voucher စာရွက်လေးတွေကိုစု calculator ထုတ်၊ ရတဲ့ လခထဲကနှုတ်၊ ဘယ်လောက်ကျန်လဲကြည့် ပြီး ရေတွက်လိုက်တိုင်း တလတလ သုံးဖို့ ကျန်တာက ၁သိန်းအောက်မှာပဲ ရှိလေရဲ့ ။


ကဲ …(သိပ်ကြည့် မရတဲ့ )ပိုက်ဆံသားပေါက် ခြင်္သေ့ လေးတွေ ၃ကောင်ကို ထုတ်ပြီးဖယ်လိုက်တယ်။ ဘုရားပန်း၊ ဖယောင်းတိုင်၊ စသည်ဖြင့် ၀ယ်ဖို့ ။ ချစ်သောမေမေကမှာထားတယ်။ ပိုက်ဆံရတိုင်း အဦးအဖျားကို ဘုရား(သို့မဟုတ်) အလှူအတန်းအတွက် သုံးဖို့လေ။ ပြီးမှကျန်တဲ့ ပိုက်ဆံကို ကိုယ်လိုသလိုသုံးရမယ်တဲ့ ။

လခထုတ်ပြီးပြီ။ တလလုံးအသုံးလိုတဲ့ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် စတဲ့ အိမ်သုံးပစ္စည်းတွေ အပါအ၀င် မနက်စာအတွက် ကော်ဖီသောက်ဖို့ မုံ့စားဖို့ တွေ ၀ယ်ဖို့ ညကျ shopping လုပ်။ ဘယ်လောက်ကျန်လဲတွက်။ ကျန်တဲ့ ပိုက်ဆံကို နေ့လည်စာ၊ ညစာအသုံးစားရိတ်အတွက် စာအိတ်လေးတွေပြန်ခွဲထည့် ။ ခန့် မှန်းအသုံးစားရိတ်ထက် ပိုနေသေးတာကို အိမ်လခပြန်ပေးဖို့ ဒါမှမဟုတ် မိန်းကလေးဆိုတော့ လည်း အလှအပ အသုံးအဆောင် ပစ္စည်းတွေ အလျဉ်းသင့် သလို ၀ယ်ဖို့ ဖယ်ထားလိုက်တယ်။ တခါတခါ လူမှုရေးအလုပ်တွေ လုပ်ရတာပဲဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သွားတာလာတာများသွားလို့ ပဲ ဖြစ်ဖြစ် ကိုယ်စီမံခန့် ခွဲထားတာထက်စောပြီး ပိုက်ဆံက ပြတ်သွားပြန်ရော။ အဲဒီတော့ ထုံးစံအတိုင်း ရုံးကနေလခထဲကနဲနဲ ချင်းကြိုထုတ်ပြီး သုံးရပြန်ရော။ ဒီလိုနဲ့ သံသရာ လည်…………….

ငယ်ငယ်တုန်းက ကိုယ့်မိဘတွေလုပ်တဲ့ ကုန်သည်ကြေးရေတတ်ထက် ပိုပြီးအသိအမြင် အတွေးအခေါ်တွေသာတဲ့ ပညာတတ်ကြီးလုပ်မယ်ဆိုပြီးကြိုးစားခဲ့တာက ကြီးလာတော့ ဒီလို လခစားဘ၀နဲ့ ဖုတ်လှိုက်ဖုတ်လှိုက် ရုန်းကန်နေရတဲ့ ဘ၀တခု ဖြစ်သော ကိုယ့် ရဲ့ ဖြစ်ရပ် အမှန်ကို ကြိုတင်သိခဲ့ မယ်ဆိုရင်…………………………………………….

Thursday, June 28, 2007

ဟတ်ပီးဘတ်ဒေး သူငယ်ချင်း နေဘုန်းလတ်

28-6-07 10:45 A.M တွင်ကျရောက်သော သူငယ်ချင်း နေဘုန်းလတ်၏ 27 နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုအကျိုး၊ ဘလော့ ဂါ အသိုင်းအ၀ိုင်း အနာဂါတ်လှိုင်းများ၏ အကျိုး ဆထက်ထမ်းပိုးထမ်းဆောင်ရင်း ပျော်ရွှင်သောမွေးနေ့များ အကြိမ်ကြိမ်အခါခါ ကျရောက်ပါစေ တောင်းဆုခြွေသည်။

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ရက်မြတ်

ဟတ်ပီးဘတ်ဒေး (သူငယ်ချင်း) နေဘုန်းလတ်

ကဗျာတွေရေး စာတွေတွေးရင်း

မြန်မာဘလော့ပျိုးတခင်း နင်ဖန်ဆင်း

အသီးအပွင့်တွေဝေ ဘလော့ ဂ်လာဖတ်သူတွေ

နေ့စဉ်နေ့စဉ် သန်းနဲ့ ချီ၍ စည်ပါစေ။

Wednesday, June 27, 2007

ဘ၀အတွက်လိုအပ်ချက်(သို့ ) မိတ်ဆွေစစ်အလိုရှိသည်

ဤကမ္ဘာလောကကြီးထဲရှိ သက်ရှိ၊သက်မဲ့၊ တိရစ္ဆာန်၊ အရာဝတ္ထုနှင့် လူတို့ အထဲတွင် လူ၏စိတ်သည် ခန့်မှန်းရအခက်ဆုံးဖြစ်သည်။ လူတို့ သည် မိမိ၏ စိတ်ရင်းအမှန်ဖြစ်သော အတွင်းသဏ္ဍန်ကို ဖုံးကွယ်ဟန်ဆောင်ထားတတ်လေ့ ရှိကြသည်။ သို့ ဖြစ်၍ လူတို့ ၏အပြင်ပန်းသဏ္ဍန်ကို ကြည့် ရုံမြင်ရုံမျှဖြင့် အတွင်းပိုင်းသဏ္ဍန်ကို မှန်ကန်စွာ သိမြင်နိုင်စွမ်းမရှိပါ။ ကျမတို့ နေ့ စဉ် လှုပ်ရှားနေထိုင်လျက်ရှိသော လူ့ဘောင်လောကကြီးတွင် မိမိတို့ ကျင်လည်ရာ ကျောင်းအတွင်း၊ ရပ်ကွက်အတွင်း၊ လုပ်ငန်းခွင်အတွင်း၌ အပြင်ပန်းသဏ္ဍန်ကိုကြည့် ၍သာ ပေါင်းသင်းနေကြရသည်။

အချို့သည် အမြဲတမ်းအပြုံးကို ဆောင်ထားလေ့ ရှိသဖြင့် စိတ်သဘောထား ကောင်းမည်ဟု မျှော်လင့် မိသော်လည်း ကူညီစရာကိစ္စများတွင် ရှောင်လွှဲတတ်ကြသည်ကို တွေ့ ဖူးပါသည်။ အချို့မှာကား စကားအပြောအဆိုမတတ်၍ နားထောင်ရခက်သော်လည်း စိတ်ရောကိုယ်ပါ ကူညီပေးတတ်သည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်ဖြစ်သည်။ ဆိုလိုသည်မှာ အပြင်ပန်းလှ၍ အတွင်းပုပ်သော ကျီးအာသီးကဲ့သို့သော လူများသည်လည်းကောင်း၊ အတွင်းပိုင်းလှ၍ အပြင်ပန်း၌ ဆူးအပြည့်နှင့် ဖြစ်သော ဒူးရင်းသီးကဲ့ သို့ သော လူများသည်လည်းကောင်း၊ ခန့် မှန်းရခက်စွာ အမျိုးမျိုးရှိကြပါသည်။ ထို့ ကြောင့် ရုပ်ရည်အားဖြင့် သော်လည်းကောင်း၊ ကိုယ်နှုတ်အမူအရာ အားဖြင့် သော်လည်းကောင်း၊ ဆင်းရဲချမ်းသာ လူတန်းစား အလွှာအားဖြင့် သော်လည်းကောင်း၊ အပြင်ပန်းသဏ္ဍန်နှင့် အတွင်းပန်းသဏ္ဍန်ကို တသမတ်တည်း တူညီရန် အလို့ ငှာ ခွဲခြားသတ်မှတ်၍ မရပါ။

လူတစ်ယောက်၏ အတွင်းသဏ္ဍန်ကို စိတ်ရင်းအထိ သိဖို့ ရာအတွက် နှစ်ရှည်လများ ပေါင်းသင်းကြည့်ဖို့ လိုပါသည်။ သို့ မှသာ အရေးကိစ္စကြုံသောအခါတွင် မိတ်ဆွေစစ်ကဲ့ သို့ ကူညီဖေးမသူလား (သို့ တည်းမဟုတ်) မိမိတကိုယ်တည်း ကိုယ်လွတ်ရုန်း၍ မိတ်ဆွေဟန်ဆောင်သူလား ဆိုသည်ကို ကိုယ်တွေ့ ကြုံ၍ ခွဲခြားဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် ညအိပ်ညနေ ခရီးရှည်ထွက်ရသည့် အခါမျိုးတွင် လူ၏စိတ်သည် ပေါ်လွင်လာလေ့ ရှိပါသည်။ လမ်းခရီး၏ဒုက္ခ၊ သုခများတွင် မိမိအတွက်ချည်း ကြည့် ၍ သူတပါးအတွက် ကိုယ်ချင်းစာစိတ် မရှိသောသူအဖြစ် ကျင့် ကြံမည်လား၊ ခရီးသွားဖေါ်ချင်း သာတူညီမျှ တဦးကိုတဦး ဖေးမကူညီ စောင့် ရှောက်၍ လိုရာခရီးအထိ ညီညီညွတ်ညွတ် တစိတ် တ၀မ်းတည်း ရှေးရှုကြသူများအဖြစ် ကျင့် ကြံမည်လားဆိုသည်မှာ မိမိ၏ အတွင်းသဏ္ဍန်ပေါ်တွင် အခြေခံ၍ ပေါ်လွင်လာပါသည်။ ကျမအနေနှင့် မူ အပြင်ပန်းလှ၍ အတွင်းပုပ်သောသူ မဖြစ်လိုပါ။ အပြင်ရောအတွင်းပါလှ၍ လူ့ ဘောင်အကျိုးကို သယ်ပိုးနိုင်သောသူ ဖြစ်လိုပါသည်။ ဤသို့ ထပ်တူ ကျမနှင့် စိတ်တူကိုယ်တူ မိတ်ဆွေစစ် တစ်ယောက်ကို ရလျှင်ဖြင့် ဤဘ၀တွင် ဆယ်ခါပြန်သေရဲပါသေးသည်။

Tuesday, June 26, 2007

ကော့ မှူးဆေးခန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ကျမ၏တနင်္ဂနွေဆိုပြီး ကော့ မှူးဆေးခန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပို့စ်လေးတင်ခဲ့ တာနဲ့ ပါတ်သက်ပြီး ဒီမေးခွန်းလေးမေးခံရဖူးပါတယ်။

အမရေ အဲ့ဒီ ဒေသက ဆေးခန်းမှာ ဘာဆေးဝါးတွေလိုပါသလဲ။ ဒေသအလိုက် ဘာရောဂါတွေ အဖြစ်များပါသလဲ ၊ ကျောင်းသားလေးတွေ ဖတ်စာအုပ် စာရေးကိရိယာ ဘယ်လောက်လိုပါသလဲ ကျောင်းသား ၊ လူနာ ဘယ်လောက်ရှိပါသလဲ ၊ အ၀တ်အစားတွေရော လို ပါသလား ။ ရေးသားပြီးသားရှိရင်လဲ အားနာစွာနဲ့ ပြန်တောင်းဆိုလိုက်ပါတယ်။
xxxxxxx@gmail.com သို့ data ပို့ပေးမည်ဆိုက ကျေးဇူးအထူးတင်ပါသည်။

အဲဒါနဲ့ ကျမရဲ့ အဖြေလေးကို တခြားစိတ်ဝင်စားတဲ့ သူတွေများရှိသေးရင် သိစေဖို့ ဒီလို reply လေးထပ်တင်လိုက်ပါတယ်။

ဆေးခန်းမှာ ဘာဆေးဝါးတွေလိုသလဲဆိုတော့ ကျမတို့က General Health Care ပေးတာဆိုတော့ Primary Health Care နဲ့ပတ်သက်တဲ့ ဆေးဝါးတွေလိုတာပေါ့ကွယ်။ ဒေသအလိုက်အဖြစ်များတာကတော့ မြန်မာပြည်ကတောရွာတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ ၂၀ပေါ့။ ၀မ်းလျော၊ ၀မ်းကိုက်၊ ဖျားနာ၊ တုတ်ကွေး စသည်ဖြင့်ပေါ့လေ။ အများကြီးပေါ့။

ကျောင်းသူ/သားကတော့ မူလတန်းကနေ အလယ်တန်းထိကို ၇၀၀ နီးပါးလောက်ရှိတယ်။ ကျောင်းအိပ်ကျောင်းစားကတော့ ကျောင်းသားလေးတွေ ၂၀၀ ကနေ ၂၅၀ လောက်ရှိတယ်။ အခုမှကျောင်းကဖွင့်တာဆိုတော့ စာရင်းကတော့မငြိမ်သေးဘူးပေါ့။ မနှစ်ကစာရင်းကို အခြေခံပြီးခန့်မှန်းပြောတာ။ အ၀တ်အစားကတော့ လှူနိုင်ရင်ကောင်းတာပေါ့။ အများအားဖြင့် ကလေးအများစုက အတန်းကျောင်းကို မတတ်နိုင်လို့ စရိတ်သက်သာတဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းကိုရောက်လာကြတာဆိုတော့ လှူရင်တောင်းတာပေါ့။ ၀တ်စုံတစ်စုံ စားရိတ်က တစ်ယောက်ကိုအကြမ်းမျဉ်း ၂၀၀၀ လောက်ကျမယ်နဲ့တူတယ်။

ကျမတို့ဆေးခန်းဖွင့်စမှာ လူနာက တစ်ပါတ်ကို ၃၅ ယောက်လောက်ပဲရှိတယ်။ အခု (၁၃)ပါတ်ကျော်သွားတော့ တစ်ပါတ် တစ်ပါတ်ကို လူနာ အယောက် (၈၀)လောက်ထိ ကုပေးနေရတယ်။ အများစုကတော့ ဇက်ကြောတက်၊ တုပ်ကွေးဖျားနာ၊ သွေးတိုးနဲ့ အရေပြားရောဂါ ဖြစ်နေသူလူနာတွေများတယ်။ စပါယ်ရှယ်လစ်တွေနဲ့လည်း မျက်စိတို့၊ သွားရောဂါတို့ကို သီးသန့်သွားကြည့်ပေးဖို့ စီတော့စီစဉ်နေတယ်။ လှူချင်ရင်ပြောလေ။ အထိရောက်ဆုံးအလှူဖြစ်အောင် ကျမကူညီမှာပေါ့။

Monday, June 25, 2007

ကျမနှင့် ရုပ်ရှင်ကြိုက်ကြသူများ

ရုံကြီးမှာ မကြည့် ဖြစ်တာကြာပြီ။ ဖြတ်သွားဖြတ်လာလုပ်တုန်းကတော့ လူတွေများတာတွေ့သား။ ဒီတနင်္ဂနွေတော့သူငယ်ချင်းတွေ စကားစပ်မိပြီး spider man 3 သွားကြည့်ဖို့ အကြောင်းဖန်လာတယ်။ နေ့လည်မှာ လွတ်ကျခဲ့တဲ့ မြို့တော်ရဲ့ မွေးနေ့ အကြိုနဲ့ ဘလော့ဂါစာအုပ် meeting ရှိတာကြောင့် မနက် ၁၀ နာရီပွဲကို ကြည့်ဖို့ ပဲ ရွေးလိုက်ကြတယ်။ လက်မှတ်မှောင်ခိုဝယ်ရမှာစိုးလို့၈နာရီခွဲ သွားဖို့ ချိန်းလိုက်ကြတယ်။ ရုပ်ရှင်ရုံရောက်တော့ ၉နာရီထိုးအတိပါ။ ဒါပေမဲ့ လက်မှတ်ကုန်ပြီတဲ့ ။ အော် ရုံရှေ့မှာ အမှောင်မခိုပဲ ပေါ်တင်ရောင်းနေတဲ့ သူတွေရဲ့ လက်ထဲမှာ လက်မှတ်တွေမှ အများကြီး ဘယ်အတန်းကယူမလဲ ဘယ်လောက်ပါဆိုပြီး ဈေးအသီးသီးကို တိုင်းသိပြည်သိကြားအောင် အော်ရောင်းနေကြရဲ့ ။ လူတွေကလဲ များမှများ ကောင်တာမှာလာလာမေးတာကိုက ၁၀မိနစ်အတွင်းမှာ ကိုယ်တွေအပါအ၀င် အယောက် ၂၀ကျော်မယ်။ မှောင်ခိုလက်မှတ်ခကလဲ ကြောက်စရာကြီး ၆၀၀ တန်းကို ၁၅၀၀၊ ၁၂၀၀ တန်းကို ၃၀၀၀ တဲ့ စသည်ဖြင့် ပေါ့ နော်။ သူငယ်ချင်းတွေပြောတာကတော့ တချို့ မြန်မာကားကောင်းတွေဆိုရင် လက်မှတ် တစ်စောင် ၈၀၀၀လောက်ထိတောင် ဖြစ်ဖူးသေးတယ်ဆိုပဲ။ အံ့ ရော အံ့ ရော။

မှောင်ခိုလက်မှတ်ခ မတတ်နိုင်တဲ့ သူတွေက ပြန်ကြရတယ်။ တချို့မိဘတွေက သူတို့ ကလေးတွေကို ရုပ်ရှင်မကြည့် နဲ့spider man အရုပ်ဝယ်ပေးမယ်ဆိုပြီး ချော့ ပြီး အိမ်ပြန်ခေါ်သွားကြတယ်။ ကလေးတွေကတော့တခုမဟုတ်တခုရဆိုတော့ ကျေနပ်သေးတာပေါ့ ။ ကိုယ်တွေကတော့ အရုပ်ကြီးဘာလုပ်မလဲ (ဟဲ ဟဲ ရှက်စရာကြီး)။ မှောင်ခိုကိုလဲ အားမပေးချင်တာနဲ့ ကောင်တာက ၀န်ထမ်းကောင်မလေးတွေကို သွားဖြီးပြလိုက် ပြုံးပြလိုက်နဲ့ အနားမှာ ရစ်သီရစ်သီလုပ်နေလို့ လဲနောက်ဆုံးတော့ဘာမှလဲ မထူးပါလားဆိုပြီး အင်္ဂါနေ့ အတွက် ကြိုတင်လက်မှတ်မှာနေတုန်းတန်းလန်းမှာမှ ၁၄၀၀ တန်း ကျန်တယ် ယူမလား ဖုန်းဘွတ်ကင်မလာတော့ လို့ ဆိုပြီး ထုတ်ရောင်းပေးလို့ကံကောင်းထောက်မစွာနဲ့spider man ကြည့် လိုက်ရတယ်။ ရုံထဲမှာတော့ မှောင်ခိုစနစ်ကြောင့် မရောင်းရတဲ့ ခုံအလွတ်တွေကိုကြည့် ရင်း မကြည့် ရတဲ့သူတွေ နဲ့ ကလေးတွေအတွက် နှမြောသလိုတောင်ဖြစ်မိပါရဲ့။ ခုံအလွတ်တွေကျန်ပြီး လက်မှတ်ခဈေးကြီးမဲ့ အစား ခုံအပြည့်နဲ့ မှန်မှန်ကန်ကန်လက်မှတ်ခပေးရတဲ့ စနစ်တခုအတွက် ရုပ်ရှင်ရုံမန်နေဂျာ၊ ပိုင်ရှင်၊ ရုပ်ရှင်ကြိုက်သူတွေ ပူးပေါင်းကြိုးစာ်းမဲ့ တနေ့ ဘယ်တော့လဲ ဆိုတာကလဲ ရွှေပြည်တော်မျှော်တိုင်းဝေးလိုပဲ ထင်ပါရဲ့။

နေ့လည်မှာတော့ဘလော့ ဂါတွေ၁၄ယောက်တွေ့ဆုံပြီး နေဘုန်းလတ်ရဲ့ မွေးနေ့ အကြိုနဲ့ အတူကျင်းပတဲ့ ဘလော့ဂါစာအုပ်မိတင်း သွားဖြစ်ပြီး ပျော်ရွှင်စွာအိမ်ပြန်လာခဲ့တယ်။ ရေမိုးချိုးညစာစားပြီးချိန်မှာတော့လာမယ်ထင်ပြီးမလာလို့ မတွေ့လိုက်ရတဲ့ မပန်၊ ဘာညာနဲ့ အိမွန်စိုးတို့ ကိုသတိရရင်း အိပ်ယာဝင်ခဲ့တယ်။ ဘလော့ဂါမိတင်းသတင်းကိုတော့အပျော်အပြက်ပဲရေးခိုင်းတဲ့ မောင်ပွတ်ကိုစိတ်ကောက်ပြီး လုံးဝမရေးတော့ ပါဘူး(ဟိဟိ သူ့အတင်းပဲပြောလိုက်တယ်)။ စိုးဇေယျ၊ နေဘုန်းလတ်၊ ကိုဖြိုးနှင့် သန့် ဇော်မင်းတို့ဘလော့ ဂ်တွေမှာပဲ သွားရောက်ဖတ်ရှုကြပါလို့ ။

Thursday, June 21, 2007

ငြီးချင်လို့ပါ

ရုံးမှာလဲ အလုပ်တွေကများ
မီးကလဲပျက် မီးစက်ကလဲ ဂွိနေ
ကွန်နက်ရှင်ကမကောင်း ထုံးစံအတိုင်း SPT ပုဂံ ဆိုက်ဘာ
ဘလော့ဂ်မှာလဲ ပို့စ်အသစ်မတင်နိုင်
အလကားမတ်တင်းရထားတဲ့ editor ရာထူးလေးအတွက် stars တွေလဲအချိန်မီပေးရဦးမယ်
ပြီးတဲ့ သူများတွေလဲပြီးကုန်ပြီ
ညပိုင်း ဧည့်သည်ကလဲ သွားတွေ့ ရဦးမယ် O.T ကြေးလဲမရတဲ့ ရုံးအလုပ်
ကံကောင်းပြီလားအောက်မေ့တယ် ဧည့်သည်ပါမလာလို့
ကဲ cyber cafe ကိုသွားပြီး ပို့စ်တွေဖတ်ပြီး stars တွေသွားပေးပါတယ်
ဆိုင်တွေက မြန်မာစာ unicode မရှိဘူး download လုပ်တာလဲ မအောင်မြင်
၁၁ကျပ်ကျ(စိတ်ဓါတ်ကျပြီး) ပြန်ခါနီးတော့မှ သံယောဇဉ်မကုန်ပဲ I.E လေးနဲ့ ဖွင့်ကြည့်လိုက်တော့မှပဲ ဟော မြန်မာစာတွေမြင်ရပြီ
ကဲ လာလေရော့ ပို့စ်လေးတင်ပြီး ငြီးပြီပေါ့
အဲလိုနဲ့ ဆိုင်မှာ ၂နာရီကြာသွားပြီ
အိမ်ပြန်ရတော့မှပဲ နက်ဖြန်မှပဲ ပို့စ်တွေ စတားပေးတော့မယ် အဟီး

Wednesday, June 20, 2007

အာဇာနည်ရဲ့အသံ

ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့ တော်”ဆီက အန်တီ့ကိုရည်စူးပြီးရေးထားတဲ့ကဗျာလေးပါ။ အန်တီ့ရင်ထဲက စကားသံတွေကို အန်တီကပြောနေတဲ့ပုံစံနဲ့ရေးထားပါတယ်တဲ့ ။ အန်တီ့ရဲ့ ၆၂ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ဒီပို့စ်လေးကိုတင်ထားတာဖတ်ပြီး ကြိုက်လွန်းလို့ မလာပြီး အန်တီ သက်ရှည်ကျန်းမာစေကြောင်း ဆုတောင်းပေးရင်း အားလုံးရင်မှာ ဒီအသံက ကမ္ဘာတည်သရွေ့ ရိုက်ခတ်ပါစေ တောင်းဆုခြွေသည်။



အာဇာနည်ရဲ့အသံ

အဝေးတစ်နေရာကနေ
မွေးရပ်မြေကိုပြန်ငေး
ပြည်သူတို့ရဲ့ ငိုကျွေးသံတွေ
ငါ့သွေးတွေကို ဆူပွက်စေခဲ့ပြီ။

မြင်ကွင်းရဲ့မလှပမှုတွေကို
တရားမျှတမှုနဲ့ချိန်ထိုး
တိုင်းပြည်ရဲ့အဖြစ်ဆိုးက
ငါ့ရင်ကို ၀င်တိုးခဲ့ပြီ။

အာဇာနည်ရဲ့သွေးနဲ့ဖွဲ့တဲ့
ငါ့နှလုံးအိမ်တည့်တည့်ကို
အာဏာရှင်ရဲ့မြားချက်တွေဖောက်ထွင်း
ငါ့ရဲ့ဆုံးဖြတ်ချက်တွေရှင်းခဲ့ပြီ။

တိတ်ဆိတ်ခြင်းတွေနဲ့ကြီးပြင်း
အနိဋာရုံတွေနဲ့ ပေါင်းသင်းခဲ့ရတဲ့
နိုင်ငံရဲ့သမိုင်းကြောင်း...
ပြောင်းကြဖို့အချိန်တန်ပြီ။

လွတ်လပ်ခြင်းရဲ့အနှစ်သာရ
အပြည့်အ၀မရသေးတဲ့တိုင်းပြည်
လူတစ်ဦးခြင်းစီရဲ့အခွင့်အရေး
ငါရယူပေးချင်ပြီ။

ငြိမ်းချမ်းရေးတေးကို
အပူအပင်ကင်းစွာဟစ်ကြွေး
ပြည်သူတို့ရဲ့ရှေ့ရေး
စိတ်အေးကြတာမြင်ချင်ပြီ။

ဘယ်သူတွေဘယ်လောက်မိုက်မိုက်
အကြမ်းမဖက်တဲ့နည်းနဲ့ဆက်တိုက်
အဲဒီ့အမှောင်တိုက်မှာ...
အလင်းမှတ်တိုင်ငါစိုက်မည်။

ချစ်စရာမြန်မာစိတ်ဓါတ်နဲ့
ဖြူစင်ကြတဲ့ ပြည်သူတို့ရဲ့အား
ငါ့နှလုံးသားမှာထည့်ထားပြီး
လွတ်မြောက်ခြင်းရဲ့ခရီးလမ်း
မဆုံးသရွေ့ငါဆက်လှမ်းမည်။ ။

Monday, June 18, 2007

ယဉ်ယဉ်လေးသာရူးလို့ နေ

အမှတ်တမဲ့ တွေ့မိရာမှ
လျှပ်ပြက်သလို အဖြစ်အပျက်တွေက
ငါ့ ရဲ့ အပြစ်မဲ့ ကမ္ဘာလေးကို အမှောင်ချသွားသတဲ့ …

ပြောမထွက်သင့်တဲ့ စကားလုံးတွေကို အန်ချခဲ့ တဲ့
အသုံးမကျတဲ့ ပါးစပ်ပေါက်တခုနဲ့
ခါးသီးတဲ့ မင်းရဲ့ စကားသံတွေကို နားမထောင်တော့ တာတောင်
ပဲ့ တင်ထပ်ကြားစေတဲ့ နားတစုံရယ်
မင်းရဲ့ ပါးပြင်ထက်က ဖမ်းစားမှုထောင်ချောက်မှန်းမသိ
အပြုံးတုတခုနဲ့ ပါးချိုင့် လေးကိုမှ တပ်မက်မိတဲ့ မျက်လုံးတစုံရယ်ကြောင့်….


စဉ်းစားဥာဏ်မဲ့ မီးသင့် ဦးနှောက်ငယ်နဲ့
ခံစားမှုကင်းနှလုံးသားကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်
အကြွင်းမဲ့ အချိန်ကာလတခုအထိဖန်တီး
မျှော်လင့်ချက်မဲ့ လမ်းမထက်က ဒီခရီး
ငါ မငြီးပဲ ဆက်လှမ်းနေရင်း
မာယာကင်းတဲ့ အချစ်စစ်တခုတလေများ
မတွေ့ နိုင်မှန်းသိ ရှာဖွေကြည့်မိ
ယဉ်ယဉ်လေးသာ ရူးလို့ နေ၏….

Saturday, June 16, 2007

မိုးရွာရင်(သို့)ဒီတမိုးပြီးရင်

စည်းအပြင်ကကိုဖြိုးရဲ့ စေတနာဗရပွနဲ့ အtag ခံလိုက်ရလို့ မိုးရွာတဲ့ အကြောင်းတွေပြန်စဉ်းစားမိတယ်။ သဘောမနောကောင်းလေးတွေမလို့ သူ tag တာကို အားကြိုးမာန်တက် ပြန်ရေးပေးမယ်လို့ မြှောက်ထားတဲ့ အတွက်ကြောင့်လဲ မရေးပြန်ရင် သူပြောတဲ့ သဘောမနောကောင်းတဲ့ list ထဲ မပါမှာစိုးလို့ မအားတဲ့ ကြားထဲကပဲ သတိရသလောက်လေး မိုးရွာတိုင်း မိုးရေထဲကအကြောင်းလေးတွေ ရေးလိုက်ပြန်သတည်း။

မန်းလေးမှာ မိုးတွေရွာတိုင်း မြောင်းတွေပိတ်ပြီး ရေတွေလျှံတော့ ငယ်ဘ၀တုန်းက မြောင်းထဲကို စက္ကူလှေလေးတွေလွှတ်ပြီး ပြိုင်ဖူးရဲ့။ လမ်းထဲမှာ ကောင်လေးတွေ ဘောလုံးကန်လဲ ကိုယ့်အရွယ်က ကျားမခွဲစရာမလိုသေးတဲ့ အရွယ်မှာ တန်းတူ တွန်းတိုက်ပြီး ဘောကန်ဖူးရဲ့။
ကျောင်းအပြန်ချိန်မိုးရွာတိုင်း လာကြိုတဲ့ အဘွားဆီ လွယ်အိတ်ပေးထားပြီး မိုးရေထဲမှာ စိမ်ပြေနပြေလဲ လမ်းလျှောက်ဖူးရဲ့။ အရွယ်လေးရောက်တော့ မိုးရေထဲမှာ စက်ဘီးလေးစီးပြီး ထီးလေးဆောင်းပြီး ကျောင်းအပြန်မှာ ပေးခံရတဲ့ ရည်းစားစာတွေ မိုးမစိုအောင်လဲ ထိန်းသိမ်းဖူးရဲ့။ မြေသင်းနံ့ ဆိုတာလဲ ကမ္ဘာကျော်ရေမွှေးထက်တောင် တပ်မက်စွာ ရှူရှိုက်ဖူးရဲ့ ။ ဒါတွေကတော့ ကိုယ့် ရဲ့ လှတပတ အမှတ်ရစရာလေးတွေပါပဲ။


တက္ကသိုလ်ရောက်တော့ မိုးရွာတိုင်း မိုးရေထဲမှာ ဆိုင်ကယ်ပျက်လို့ ကူပြင်ပေးရတဲ့ သူ ကူတွန်းပေးရတဲ့ သူ အရေအတွက်ကတော့ သင်္ချာကျောင်းသူအနေနဲ့ ပြောရင် infinity ဖြစ်မလားပဲ။ မိုးရွာတိုင်းလဲ ကျောင်းမသွားဘူး။ ကျူရှင်မတက်ဘူး။ ဆရာလဲ မလာဘူးလေ။ မန်းလေးထုံးစံ ထင်ပါရဲ့ နော်။ ဒါပေသိ ထွက်လို့ ရတာနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ဖို့ ရာတော့ မပျက်ကွက်ပါဘူး။
တရက်ကတော့ လ္ဘက်ရည်ဆိုင်ကို ချီအတက်(ကျောင်းဘက်က Unison လေ) မိုးရွာထားတော့ ရေလျှံတဲ့ ထဲက မရမကမောင်းရင်း ဆိုင်ကယ်ပျက်ရော။ လာပြင်ပေးတဲ့ တခြားမေဂျာက ကောင်လေးတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ မိပြီး မိတ်ဖြစ်ဆွေဖြစ် သူ့ကိုပါ လ္ဘက်ရည်လိုက်သောက်ဖို့ ဖိတ်ခေါ်သေးတယ်။ ဆိုင်ကယ်နှစ်စီးနဲ့ သုံးယောက်သား စကားပြောရင်း ရှေ့ က ကလေးတစ်ယောက်ဖြတ်အပြေးမှာ ဟန်းဘရိတ်ပါဆွဲလိုက်မိတော့ ဘာဖြစ်သွားတယ်ထင်သလဲ။ ဘာမှမဖြစ်ဘူး ဆိုင်ကယ်လဲပြီး သူငယ်ချင်းနှစ်ယောက်သား ရွှံ့ တွေထဲမှာ ကျွဲဖြစ်သွားသတဲ့ ။ လက်တွေခြေတွေတင် မကဘူး။ မျက်နှာမှာပါစင်ပြီး အနီးအနားကအိမ်မှာ အကူအညီတောင်းပြီး ရေဆေးပြီး အိမ်ပြန်ပြေးရလေသတည်းပေါ့။ ရှက်ရှက်နဲ့ ကောင်ချောလေးလဲ နှုတ်မဆက်အားဘူး။ နောက်လဲ ပြန်မတွေ့ ဖြစ်တော့ ပါဘူး။

ရန်ကုန်ရောက်လာတော့ ရန်ကုန်မှာကတော့ ဗွက်မစင်ပါဘူး။ ဒါပေသိ ရန်ကုန်မိုး အစိုးမရဘူးနော်။ မိုးရွာတော့မယ် ထီးထုတ်လေလို့ ဘေးကသူငယ်ချင်းပြောလဲ မထုတ်မိသေးဘူး။ မိုးကရွာပါလေရော ဝေါကနဲ သဲကြီးမဲကြီး။ တချို့က အမိုးအောက်ပြေးဝင်ကြတယ်။ ကိုယ်မပါဘူး။ ထီးလဲ ထုတ်ဖွင့် ပြီးသွားပါပြီ။ မိုးလဲ တိတ်သွားပြီ။ အွန်.. ရန်ကုန်မိုး နဲ့ ကိုယ်နဲ့ ကအထာမကျသေးပေါ့ ။ တရက်မှာတော့ မိုးရေထဲမှာ ထီးဆောင်းထားရင်း ဘတ်စ်ကားလာတော့ ကားပေါ်အတက် ထီးပိတ်ရမယ်တဲ့ ။
သိမှ သိပဲဟာ။ စပါယ်ယာဆီ ထီးထားခဲ့ တော့ သူလည်း ဆူဆူအောင့်အောင့် နဲ့ ထီးပိတ်ပေးပြီး “ဘယ်လိုမှန်းကိုမသိဘူး” တဲ့ မကျေမနပ်ပြောပြီး လှမ်းပေးရတယ်။ တော်သေးတာပေါ့ ဆဲပဲမဆဲသေးလို့ ။

သြော်..မိုးတွေရွာတိုင်းလဲ romantic မဖြစ်လိုက်တာ။ ထီးကလေးတစ်ချောင်းနဲ့ နှစ်ယောက်အတူလျှောက်နေကြတဲ့ အတွဲလေးတွေ အတွက်တော့ L.ဆိုင်းဇီတို့ ရဲ့ မိုးရာသီထဲ သီချင်းတွေက ခံစားလို့ ကောင်းမှာပါပဲ။ ဘ၀ထဲမှာ တကိုယ်ရေ လျှောက်လှမ်းနေရဆဲ ကိုယ့် အတွက်ကတော့ ဒီတမိုးပြီးရင်တော့ “ဒီထီးလေးလဲ စုတ်နေပြီ။ နောက်ထီးအသစ်လေး ၀ယ်ဖို့ ပိုက်ဆံချန်ရဦးမှာပဲ” ဆိုတဲ့ လက်တွေ့ ကျကျ အတွေးလေးပဲ တွေးမိသေးတော့ တယ်လေ။

ပြန်ပြီး Tag လုပ်ချင်တဲ့ သူတွေကတော့
ကိုကလိုစေးထူး
ကိုကဒေါင်းညင်သာ
ကိုတက်စလာ
မပန်ဒိုရာ နဲ့
ညီမလေး အိမွန်စိုး တို့ပါ။

Friday, June 15, 2007

ကာရန်မညီသော ဆုတောင်းလေး

ကာရန်မညီပေမဲ့ ခံစားချက်ဆန္ဒလေးမို့ ကဗျာပီပီမပီပီရေးဖွဲ့ ခဲ့ ဖူးတယ်။

“မင်းအိပ်ပျော်နေတဲ့ အချိန်
မင်းနဘေးမှာ ငါမင်းကိုကြည့်နေချင်ရဲ့”


“မင်းအိပ်မပျော်ခင်အချိန်လေးမှာလဲ
ငါမင်းရဲ့ နဖူးလေးကိုနမ်းလို့
ငါမင်းကို ဘယ်လောက်ချစ်တာ သိစေချင်ရဲ့”


“လက်တွေ့မှာ ငါပိုင်ဆိုင်တဲ့ အခွင့်အရေး
မင်းဒီည အိပ်မက်လှလှ မက်ဖို့ဆုတောင်းပေး”

Thursday, June 14, 2007

အချိန်မီသာပြင်ဆင်ခွင့် ရှိခဲ့ ရင်

ဘ၀မှာ အဆိုးဝါးဆုံး ကံကြမ္မာတွေရှိချင်ရှိမယ် ... အဆိုးဝါးဆုံး ဆုံးဖြတ်ချက်တွေချချင်ချမိမယ် ...
ဘ၀ရဲ့ နောင်တ အရဆုံးအချိန်တွေ ၀မ်းနည်းအရဆုံး အချိန်တွေထဲမှ တစ်ခုသော အခြေအနေ ကို အခုပြောင်းလဲခွင့် ရမယ်ဆိုရင်...
အဲ့ဒီ ပြောင်းလဲချင်တဲ့ အရာဟာ...ဘာလဲတဲ့ တစ်ယောက်ကမေးတယ်

လူဆိုတာ ကိုယ်မှားခဲ့တဲ့ ကိစ္စအတွက် နောင်တရတတ်ပါတယ်။ အဲဒီအမှားကို လက်ခံပြီး အမှန်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိမရှိနဲ့ပဲဆိုင်တာပါ။ ပြောင်းလဲနိုင်ခဲ့ပြီဆိုရင် ဒီလူဟာ အနာဂတ်မှာ ပိုတော်၊ ပိုကောင်းလာမှာ အမှန်ပါ ...လို့ လဲ တစ်ယောက်ကထပ်ဖြည့် တယ်


အမှားဆိုတာအမှန်တရားရဲ့မိခင် ဆိုတဲ့စကားလို ဘ၀မှာရရှိခဲ့တဲ့ အမှားတွေကနေသင်ခန်းစာယူပြီး အမှန်တရားတွေကိုပြန်လည်မွေးဖွားနိုင်ကြပါစေ။ ဘ၀မှာပြင်လို့ရတဲ့အမှားနဲ့ပြင်လို့မရတဲ့အမှားတွေ ရှိနေတတ်တာမို့ ပြင်လို့ရတဲ့အမှားတွေကို အတိတ်သင်ခန်းစာတွေကနေ ပြန်ပြင်နိုင်ကြပါစေဗျာ၊
ကျွန်တော့်အတွက်တော့ခုချိန်ထိပြင်လို့မဆုံးသေးဘူးဗျို့ ၊ (ပြင်လို့ရတဲ့အမှားတွေကိုပြောတာပါ)၊
ပြင်လို့မရတဲ့အမှားတွေကတော့နောင်တရနေယုံကလွဲလို့..................................... ..........ဆိုပြီးတော့ လဲ တစ်ယောက်ကရင်ဖွင့်တယ်။

ကျမအတွက်တော့ ပြန်ပြင်ခွင့်သာရှိမယ်ဆိုရင်
အရင်၉နှစ်ထိ အချိန်တွေကိုပြန်ရွှေ့ပြီး မန္တလေးမှာပဲ မိဘတွေလုပ်ငန်းကိုလုပ်ပါတယ်။
ခုတော့ မမီနိုင် မပြီးဆုံးနိုင်တဲ့ပညာရပ်တွေသင်ရင်း
ရန်ကုန်မှာပဲ ပေါက်တဲ့နဖူးမထူးပြီမို့ လခစားဝန်ထမ်းလာလုပ်နေရပါတယ်။
ခုမှတော့ နောက်ပြန်လဲမလှည့်နိုင်(ချင်)တော့ပါဘူး။
နောက်တခါ ဒီလိုမမှားရအောင်စဉ်းစားရင်းနဲ့ နိုင်ငံခြားလဲသွားဖို့ မကြိုးစားဖြစ်သေးဘူးလေ။ ကျမ၀န်ခံချင်ပါတယ်..နောင်တရမှာကိုကြောက်နေတာကိုပေါ့

ကဲ စာဖတ်သူ သင်လည်းစဉ်းစားကြည့် ပါဦး အချိန်မီသာ ပြင်ဆင်ခွင့် ရှိမယ်ဆိုရင်…

Monday, June 11, 2007

အိမ်မက်ကလှတယ်၊ ဘ၀က ရုပ်ဆိုးတယ်

မလေးဆီသွားလည်ရင်း အိမ်မက်ချို ဆိုတဲ့ ကဗျာလေးကို ဖတ်ရင်းနဲ့
အိမ်မက်တွေအကြောင်း စဉ်းစားမိတယ်
သူငယ်ချင်းတစ်ယောက်က ပြောတယ် အိမ်မက်ကလှတယ်၊ ဘ၀က ရုပ်ဆိုးတယ်တဲ့

“သူပြောပြတဲ့ သူ့ အိမ်မက်တွေ”
အိမ်မက်မက်တယ်။ ဆန်းတော့မဆန်းပါဘူး။ လူတိုင်းအိမ်မက်မက်ကြပါတယ်။ ကွဲပြားတဲ့ နေရာလေးခုမှာ နှစ်နဲ့ချီကြာအောင်နေလာခဲ့ရတဲ့ ကျနော့တစ်ယောက် အိမ်မက်ထဲကနေရာတွေဟာ တခါတစ်လေဂယောင်ခြောက်ခြားဖြစ်တတ်ပါတယ်။ ကျနော်ဒီနေရာကနေ ကျနော့အိမ်မက်ကလေးတခုအကြောင်း ရင်ဖွင့်ခြင်လို့ဗျ။ အဲ့ဒိအိမ်မက်ကလေးက မကြာခဏမက်လို့ပါ။ အမြဲလဲဘဲဆင်တူဘဲ။ ငယ်ရီးစားလား။ မဟုတ်ဘူး။ (ခုလောက်ဆိုရင် ၀၀ဖိုင့်ဖိုင့် ကလေးသုံးယောက် အမေလောက် ဖြစ်နေပြီ။ ဒီအချိန်မှာ ပြန်တွေ့တာဘာလုပ်ရမှာလည်း။) လူငယ်ဘ၀ ရဲ့ ပျော်ရွင်မှုကို အပြည့်အ၀မရဘဲ သူငယ်ခြင်းများနဲ့ ဖြတ်သန်းခဲ့ရတဲ့ အထက်တန်း၊ ယူနီ ဘ၀က ကျင်လည်ခဲ့ရတဲ့ နေရာလေးတွေပါ။



အဲ့ဒိအိမ်မက်ထဲမှာ ကျနော်ဟာ ဆယ်စုနှစ်နဲ့ချီ ဝေးကွာခဲ့ရတဲ့အဲ့ဒိနေရာလေးဆီ ပြန်ရောက်သွားတယ်။ ရင်ထဲမှာ အတိုင်းမရှိ ၀မ်းသားတာပေါ့။ အလယ်တန်းကျောင်းသားဘ၀ထဲက တွဲခဲ့တဲ့ သူငယ်ခြင်းတွေ ကို လိုက်ရှာတယ်။ တချို့တွေ့တော့ အကြာကြီး ပျောက်သွားတဲ့ ကျနော့ကို ၀မ်းသာအားရမေးကြတယ်။ ကျနော်လည်း ကျနော်တွေ့ချင်တဲ့သူတွေကို မေးတယ်။ နေရာတွေက မပြောင်းလဲဘူး။ အရင်အတိုင်းဘဲ။ (ကျနော့အသိအမြင်ထဲမှာ ဒါဘဲ သိနေတာကိုး။ ကျနော် အရမ်းတွေ့ခြင်တဲ့ သူငယ်ခြင်းနှစ်ယောက်။ တစ်ယောက်က အလယ်တန်းထဲက ညီအစ်ကိုလို ခင်ခဲ့တယ်။ တစ်ယောက်က လည်း အလယ်တန်းထဲက သိခဲ့တဲ့ မိန်းကလေး။ အားလုံး classmates တွေဘဲ။ ကမန်းတကန်း အပြေးထွက်လာတော့ အဲ့ဒိ သူငယ်ခြင်းကောင်မလေးဆီက အဲ့ဒိတုံးက ငွေ နှစ်ရာ လောက်ဆွဲလာရတယ်။ အခုအတိုး နှုံးနဲ့ဆိုရင် တော်တော်များနေလောက်ပြီ။ အဲ ညီအစ်ကိုလို ရင်းနှီးတဲ့ သူငယ်ခြင်းဆီသွားတွေ့ဖို့ ကြိုးစားနေတုံးမှာဘဲ အိမ်မက်ကလန့်နိုးလာတယ်။ အားလုံး အရည်ပျော်သွားတယ်။ အဲ့ဒိ အိမ်မက်က နောက်တကြိမ် မက်ပြန်တယ်။ အိမ်မက်ထဲမှာ ကျနော်ဟာ ဒီတခါ တော့ တကယ်ဘဲ၊ အိမ်မက်မဟုတ်ဘူး။ သူငယ်ခြင်းတွေကို တကယ်တွေ့ရတော့မှာ။ ၀မ်းသာလိုက်တာ။ ပြီးတော့ လန့်နိုး။ အားလုံး အရည်ပျော်။ ဒီလိုနဲ့ နောက် တကြိမ်ပြီး တကြိမ်။ ပြီးတော့ အရည်တွေပျော်သွား။ ငါရောက်နေတာတခြား။

နောက်တခု။ ငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မွေးရမ်မြေနဲ့ ဆွေမျိုးတွေဆီ ရောက်နေတယ်။ နေရာတွေက အရင်အတိုင်း၊ လူတွေက အရင်အတိုင်း။ အဲ့ဒိမှာ အရမ်းတွေ့ချင်တဲ့ အဖေ့ဆီကို သွားဖို့ပြင်တယ်။ အဲ အဖေ့ဆီသွားနေတဲ့လမ်းမှာတင်ဘဲ အိမ်မက်က လန့်နိုးလာတယ်။ အားလုံး အရည်ပျော်သွားတယ်။ အဲ့ဒါလည်း ခဏ၊ ခဏ။ အရည်တွေပျော်သွား။ ကမ္ဘာတွေကခြား။

နောက်မက်တဲ့နေရာတစ်ခုကတော့ ကျနော် ငွေကြေး နဲ့ အချိန်တတ်နိုင်ရင် သွားလို့ ရလို့ မပြောခြင်တော့ဘူး။ ကျနော်ပြောခဲ့တဲ့ အိမ်မက်ထဲက ပါဝင်သူတွေနဲ့ နေရာတွေဟာ ခုဆိုရင် တော်တော်ကြီး ပြောင်းလဲနေမှာပါ။ ကျနော့အနေနဲ့ကတော့ နောက်ဆုံး သိမြင်ခဲ့ရတဲ့ အရာတွေကိုဘဲ အိမ်မက်ထဲမှာဘဲ မြင်နေရတာပေါ့။ ဘာဘဲဖြစ်ဖြစ် တွေ့မြင်ခြင်တာတော့ အတိုင်းထက်အလွန်ပါဘဲ။ အော် ဘယ်နေ့များလည်းကွယ်။ ရွေပြည်တော် မျော်တိုင်းဝေး။

သူငယ်ချင်းကအဲလိုပြောပြခဲ့ တယ်။

သူငယ်ချင်းရေ ငါလဲ အိမ်မက်မက်တတ်တယ် တခါနဲ့တခါ မတူတာတော့များပါတယ်
တူတတ်တယ်ဆိုရင်တော့ စွဲလန်းလွန်လွန်းလို့များလားမသိဘူးနော်။
အိမ်မက်ကောင်းနေတုန်း အရည်ပျော်သွားတယ် လန့်နိုးသွားတယ်ဆိုပါတော့
အိမ်မက်မက်လို့မ၀သေးလို့ ထပ်အိပ်လိုက်တယ် အဆက်ကလေးနဲ့ပေါ့ တခါတလေတော့ ကွက်တိပဲ ပြန်အိပ်ပျော်ပြီး ဆက်မက်လို့ပေါ့ ။ ဒုတိယအကြိမ်ပြန်နိုးလာတော့ အိမ်မက်လေးပြီးသွားပြီ Happy Ending နဲ့ကွက်တိ ဟိဟိ

တခါတလေကျတော့လဲ အိမ်မက်က ဇတ်လမ်းပြောင်းပြီးမက်လို့ မကြိုက်တာတွေပြေးရတာတွေဆို အမလေး မောလိုက်တာနော်
ဘာပဲဖြစ်ဖြစ် ဘ၀မှာ ပြန်မဖြစ်တော့တဲ့ စွဲလန်းမှုလေးတွေ အိမ်မက်မှာဖြစ်ရလဲ ကောင်းတာပါပဲ။ ဒါပေသိ အလုပ်ပင်ပန်းလွန်းလို့ အရမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး ၆လ ၁နှစ်တောင် အိမ်မက်ဆိုတာ မရှိခဲ့တာကာလတွေလဲ ကျော်ဖြတ်ခဲ့ရဖူးပါတယ်
အဲတော့ အိမ်မက်လှလှမက်နိုင်တဲ့ အခွင့်အရေးလေးရှိမယ်ဆိုရင်လဲ ကျေနပ်စရာပါ

အိမ်မက်မက်ရင် ကာလာစုံတော့ မမက်ဖူးပေါင် ညိုတိုတို မှိုင်းမှိုင်းတိုင်းတိုင်းလောက်ပဲမှတ်မိတာ။
ညမှာမက်လို့ မှောင်နေလို့ဖြစ်မလားမသိဘူး
နေ့ခင်းဘက်တွေမှာတော့ မအိပ်တတ်လို့ မမက်ဖူးသလောက်ပဲ(ဒါပေသိ မက်လဲ ကာလာမစုံလောက်ပါဘူး

တခါတလေကျ
အိမ်မက်ထဲမှာ အိမ်မက်မက်နေမိတာပါလားဆိုပြီးမက်တယ်။
အိမ်မက်ကနိုးတော့ ငါခုနကထဲက အိမ်မက်မက်မှန်းသိသားပဲလို့ တွေးမိပြန်ရော
အိမ်မက်ထဲမှာ အိမ်မက်မက်တာလား
အိမ်မက်ကနိုးပြီး အိမ်မက်မက်မှန်းသိတာလား ပြန်စဉ်းစားလို့လဲ မရပြန်ဘူး
အဟီး လည်ကုန်ပြီ ပြောတတ်တော့ဝူး

အိမ်မက်ကနိုးရင် မက်တဲ့ အိမ်မက်တွေ မှတ်မိအောင် ခေါင်းအရင်မကိုင်ဖြစ်ဘူး(ခေါင်းကိုင်မိပြီးရင် အိမ်မက်ကို မှတ်မိတော့ဘူးတဲ့)
အိမ်မက်မကောင်းရင် အိမ်မက်ဆိုးတွေဖြစ်မလာအောင် ခေါင်းလျှော်ပစ်တတ်တယ်(ဟဲဟဲ ကြောက်လို့)
အိမ်မက်ကောင်းတွေ မြန်မြန်ဖြစ်အောင်လို့ အဲလိုမက်တဲ့နေ့ရဲ့ မနက်မှာ ဘုရားအကြာကြီးရှိခိုးပြီး ဆုတောင်းပစ်လိုက်တယ်(လာထား ကောင်းတဲ့ အိမ်မက်လေး)

အိမ်မက် အကြောင်းပြောရင် အိမ်မက်ထဲမှာ သူတို့အကြောင်းပါမှ ပြောပြတဲ့အိမ်မက်ကို နားထောင်ပေးတတ်တဲ့ သူငယ်ချင်းတွေကိုလဲ သတိရမိပါရဲ့နော်

အားလုံး အိမ်မက်လှလှ မက်ကြပါစေ အိမ်မက်လှနဲ့အတူ ဘ၀လဲလှရင်တော့ အတိုင်းထက် အလွန်ပေါ့နော်

လျှာလည်စရာ မြန်မာဟင်းချက်နည်းများ

သူငယ်ချင်းတစ်ယောက်က မေးတယ်။ ပုန်းရည်ကြီး ကို ဘယ်လိုလုပ်စားရင် ကောင်းမလဲဗျ ... လုပ်စားလို့ရတဲ့ နည်းလေးတွေ ညွှန်းပါဦးတဲ့ .....

ပုန်းရည်ကြီးက အညာသူတွေ favorite မလို့
ဟဲဟဲ ညွှန်းလိုက်ဦးမယ်နော်


ပုန်းရည်ကြီးတစ်ထုပ်စာကိုကြက်သွန်နီတစ်ဥပါးပါးလှီး
ကြက်သွန်ဖြူခွါပြီးစားချင်သလောက်ပါးပါးလှီးထည့်
ဆီနဲနဲထည့် ဆားနဲ့အချိုမှုန့်လေးနဲနဲထည့်
လက်နဲ့သေချာနယ်
ကဲ စားလို့ရပြီ သတ်သတ်လွတ်ပုန်းရည်ကြီးသုတ်တစ်ခွက်

ဒါမှမဟုတ် ၀က်သားအစိတ်သားကိုအနေတော်အတုံးလေးတွေလှီး
ပုန်းရည်ကြီးတစ်ထုပ်နဲ့နယ်
ကြက်သွန်နီ နှစ်လုံးလောက်လှီးထည့်
အချိုမှုန့်ထည့် ဆီနှစ်ကျပ်ခွဲသားလောက်ပဲထည့်
ဆားမှန်းထည့်ပြီး နယ်
မီးဖိုပေါ်တင်ပြီး အနံ့လေးမွှေးလာရင် ရေလေးမြုပ်အောင်ထည့်ပြီးရေခန်းအောင်တည်လိုက်ပြီးရော။
ဟော--၀က်သားပုန်းရည်ကြီးချက်

ပုန်းရည်ကြီးထုပ်ကိုတော့ ကိုယ်ဟာသာ ရအောင်ရှာကြပါနော်။
(အမလေး သွားရည်တောင်ကျလာပြီဗျို့။ဒါပေသိ ချက်စားဖို့အချိန်မရှိ။ ချက်နည်းပေးလို့ ချက်ကျွေးချင်ရဲ့ဆိုရင်
ချက်ပြီးရင်တော့ မေးလ်ပို့ လိုက်နော် လာစားပါရစေ)

Saturday, June 9, 2007

အိမ်ဝေးသူ အလွမ်းများ(၂)

အိမ်လွမ်းနာကျရင် ဘာနဲ့တူသလဲဆိုတော့ …….
မိုးလင်းလာတယ် အိပ်ယာနိုးတာနဲ့ တင် မျက်စိကိုဖွင့် မကြည့် ခင် ပြတင်းတံခါးက စူးရှတဲ့ အလင်းတခုဝင်လာတယ်မှန်း သိပြီးသား။
သူများတွေ အိပ်ယာထလို့ သင်တန်းသွားဖို့ ဖြစ်ဖြစ် အလုပ်သွား ရုံးသွားဖို့ ဖြစ်ဖြစ် ချက်ပြုတ်ပြင်ဆင်တဲ့ ဆူညံသံတွေလဲ အတိုင်းသားကြားနေရသား။
အိပ်ယာထဲက ထဖို့ မစဉ်းစားသေးဘူး။ ညက အိပ်ယာဝင်တာလဲ နောက်ကျတယ်လေ။ အိပ်မပျော်ခင် လမ်းထိပ်သံချောင်းခေါက်သံ ၂ချက်ကြားလိုက် ရသေးဆိုတော့ ၂နာရီ နောက်ပိုင်းမှ အိပ်ပျော်သွားတယ်ဆိုပါတော့ ။

အဆောင်ဆိုတော့ လဲ ထုံးစံအတိုင်း ကိုယ်လုပ်စရာရှိတာ ကိုယ်ကြိုက်တာကိုယ်လုပ် တစ်ယောက်ကို တစ်ယောက် မနှောက်ယှက်ပြီးရော ဆိုတဲ့ သဘောမျိုးပါပဲ။
အိပ်ယာက မထသေးပေမဲ့လဲ အတူနေ အဆောင်သူတွေရဲ့ နေ့ တဓူဝ လှုပ်ရှားမှု လုပ်ငန်းဆောင်တာတွေ အမူအကျင့် တွေက တရေးနိုးထမေးတောင် ပြောပြလို့ ရအောင် အလွတ်မှတ်မိနေပြီးသား။ သူတို့ တွေ ချက်ပြုတ်ပြင်ဆင်၊ ရေမိုးချိုး နံနက်စာတခါတည်းစားသွားပြီး ၉နာရီ မထိုးခင် အဆောင်ရှိလူကုန် အကုန်ထွက်သွားပြီ။ ကျမကတော့ ပက်ကျိတစ်ကောင်လို အိပ်ယာပေါ်မှာ ကိုယ်ခန္ဓာနဲ့ ဖျာနဲ့ ကပ်နေတုန်းလေ။ သာမန်ဖျားတာဆိုရင် ကျမက အသံလေးဘာလေးပေး ထွက်သွားတဲ့ သူတွေကို နှုတ်ဆက်ပြီး မုံ့ စားဆေးသောက် ပြီးမှသာပြန်အိပ်တတ်ပေမဲ့ အဲဒီ အိမ်လွမ်းနာဆိုတာကြီး အလည်လာရင်တော့ ခုလို မလှုပ်မယှက် အသေကောင်လိုငြိမ်သက်နေတတ်တာ မူပိုင်လိုတောင်ဖြစ်နေပြီမို့ သူတို့ လဲ မထူးဆန်းတော့ ဘူးထင်ပါရဲ့ ။


အားလုံးဘယ်သူမှ မရှိမှ အိပ်ယာထဲ နာရီဝက်လောက်ထပ်ပြီး လူးလှိမ့် ပြီးတော့ မှ အိပ်လို့ လဲ မရတော့ တဲ့ အတူတူ အိပ်ယာထလိုက်တယ်။ ပြီးတော့ မျက်နှာသစ်၊သွားတိုက်၊ ကိစ္စ၀ိစ္စလေးတွေရှင်းပြီးလို့ နာရီ ကြည့် မိတော့ မှ ၁၀နာရီတောင် ထိုးသွားပြီလေ။ အဲတော့ မှ ဗိုက်ထဲက တဂွီဂွီမြည်ပြီး ဆာလာတာ သတိထားမိတယ်။ ရုံးကိုတော့ နေမကောင်းလို့ မလာတော့ ဘူးဆိုပြီး အရင် ဖုန်းဆက်ရသေးတာပေါ့ ။ နောက် သူတို့ တွေ တည်ထားပေးတဲ့ ရေနွေးနဲ့ ကော်ဖီလေးဖျော်သောက်ပြီး မုံ့ ကလေးစားလို့ မနက်စာ ဆိုတာ မည်ကာ မတ္တပြီးသွားတာလေ။ အောက်ဆင်းပြီးလဲ မုံ့ စားချင်စိတ်က မရှိဘူးမဟုတ်လား။ ဗိုက်ထဲမှာလဲ နေသာထိုင်သာလေးရှိသွားပြီဆိုတော့ မှ ဇာတ်လမ်းက စတော့တာ။

အိမ်ကိုပဲ ဖုန်းဆက်ရင်ကောင်းမလား၊ ဖုန်းကိုနှိပ်ပြီးမှ စိတ်ကိုမြိုသိပ်ထားလိုက်ပြန်ရင်း ကက်ဆက်ဖွင့် ဖို့ ကြိုးစားရင်း ဘယ်သီချင်းမှလဲ နားထောင်ချင်စိတ်ကလဲ မရှိ ခွေတွေ ကို ပလဲနေအောင် ဖွထားရင်း၊ သူငယ်ချင်းတွေနဲ့ အတူတူ သွားတုန်းကရိုက်ထားတဲ့ ငယ်ငယ်တုန်းက ဓါတ်ပုံတွေကို ဆွဲထုတ်ကြည့် ရင်း သူတို့ ဆီပဲ ဖုန်းဆက်ရကောင်းမလား စဉ်းစားတော့ လဲ နေပါ့ စေလေ သူတို့ အိမ်ထောင်နဲ့ သူတို့ မိသားစုလေး သူဟာသာသူ အေးအေးဆေးဆေး နေပါစေ မနှောက်ယှက်တော့ ပါဘူး စဉ်းစားရင်း ညောင်းလာပြန်တာနဲ့ မသိမ်းရသေးတဲ့ အိပ်ယာထဲ လူက တကျော့ ပြန်ရောက်သွားပြန်ရော။ အိပ်ပျော်လားဆိုတော့ လဲ အိပ်မပျော်ဘူး။ ခွေခေါက်နေတာများဆိုရင် ကျွမ်းဘားမယ်ကတောင် ဆရာခေါ်ရမယ် ထင်ရဲ့။ မြွေဝင်စားလို့ ဒီလိုပုံစံဖြစ်သလားလဲ မသိပါဘူး။ ခေါင်းထဲမှာကလည်း အလုပ်အကြောင်းလဲ မရှိ၊ အချစ်အကြောင်းလဲ မရှိ၊ အိမ်လခပေးဖို့ (သို့ မဟုတ်) အသုံးစရိတ်လောက်ခြင်းမလောက်ခြင်းအတွက် ပိုက်ဆံအကြောင်းလဲ မရှိ။ ဘာပဲ သိလည်းဆိုတော့ ဘာဖြစ်လို့ ငါတစ်ယောက်တည်း အထီးကျန်ဆန်နေရတာ ဒီလောက်ကြာပြီလဲ၊ ဘယ်သူကနေခိုင်းလို့ လဲ။ အိမ်မှာရော ဘယ်လိုတွေနေနေလဲ၊ ဖုန်းထဲမှာ ပြောပြတာနဲ့ တူရဲ့ လား။ ငါ့ ကိုရော တကယ်မှလွမ်းကြရဲ့ လား။ ဖြေဖို့ မလိုတဲ့ ပုစ္ဆာမဆန်တဲ့ သောင်စဉ်ရေမရ အတွေးတွေနဲ့ နပမ်းလုံးပြီး လူကလဲ နွမ်းခွေနေရောပဲ။ နေမကောင်းတာလဲ မဟုတ်၊ ညောင်းညာကိုက်ခဲလို့ လဲ မဟုတ်။ တယောက်တည်း ငေါင်စင်းစင်း အဓိပ္ပါယ်မဲ့ ငေးရင်းတွေးရင်း အဲလိုနဲ့ အချိန်တွေညောင်းလို့ နေလဲ စောင်းလုပြီ၊ အဲဒီကျမှ သတိရလိုက်တယ် နေ့ လည်စာ မစားရသေးဘူး။ အဲတော့ မထူးပါဘူး ရေမိုးချိုးပြီး အောက်ဆင်းတော့ မှ နေ့လည်စာ၊ ညစာ ပေါင်းစားပြီး ဒီဝမ်းတစ်ထွာပြဿနာကို ရှင်းရမယ်ဆိုပြီးမှ အိမ်ကိုလွမ်းရင်း လွမ်းနာကျတာကိုမေ့ ထားပြီး လုပ်စရာရှိတာလုပ်ဖို့ ပြင်ဆင်ရတယ်။

အဲတော့ လဲ အကောင်းအတိုင်းပဲ ပြန်ဖြစ်သွားပြန်ရော။ ဒီလိုနဲ့ ဒီလိုပဲ ကြာကြာနေရင်တခါတော့ အိမ်လွမ်းနာကျနေကြ။ တခါတလေ ညဘက် အိမ်ပြန်လာမှ လွမ်းလို့ အိပ်မပျော်တာမျိုးလဲ ရှိတတ်တာ။ သူများတွေ အိမ်လွမ်းနာကျတာတော့ ဘယ်လိုဖြစ်မယ်မှန်းမသိဘူး။ ကိုယ့် ပါတ်ဝန်းကျင်မှာတော့ စကားမစပ်မိလို့ မေးမကြည့် ဖြစ်ပါဘူး။ နိုင်ငံရပ်ခြားရောက်ပြီးမှ အိမ်လွမ်းနာကျလို့ ပြန်လာဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူက ဂဏန်းလိုပဲလေတဲ့ ။ မိသားစုကို အိမ်ကို အရမ်းချစ်တယ်၊ ကိုယ့် တွင်းရှိရာကို မရောက်ရောက်အောင် ပြန်လာတယ်ဆိုပဲ။ ကျမကတော့ တွင်းပျောက်နေတာလား၊ ကျမပြန်ချင်စရာ တွင်းမရှိတာလား ဆိုတာကို ကျမကိုယ်တိုင်လဲ တွေဝေစွာ စဉ်းစားဆဲပါ။

“အမြစ်မဲ့ အချစ်သစ်ပင်”

တဖက်သတ်ချစ်တဲ့ အချစ်
တန်ဖိုးထားမခံရတဲ့ အဖြစ်
အမြစ်မဲ့ တဲ့ သစ်တစ်ပင်
ရှင်သန်ခဲ့ ငါ့ ရင်တွင်…..

တိမ်တွေမညိုပဲ ရွာတဲ့ မိုး
လျှပ်မပြက်ပဲသာ သွန်းဖြိုး
မစဲနိုင်မှာကို ငါစိုး
ထာဝရချစ်တာ တိတ်တခိုး…….

အမှတ်တမဲ့ နဲ့ သာ ချစ်သွား
စွဲလန်းခဲ့ တဲ့ လျှို့ ၀ှက်အချစ်များ
ဒီလိုချစ်တာ အပြစ်ရှိလား
နင့် ကိုငါလေ မျှော်လင့် ပါရစေသား…..

Friday, June 8, 2007

အိမ်ဝေးသူ အလွမ်းများ(၁)

၉၈ကတည်းက မိသားစုနဲ့ ခွဲနေရမဲ့လမ်းကို ကိုယ်တိုင်ပဲကျေနပ်စွာရွေးချယ်ခဲ့တာပါ။
ခုဆို ၉နှစ်ကျော်သွားပြီလေ။
ဝမ်းနည်းတဲ့အခါပဲဖြစ်ဖြစ် ၀မ်းသာတဲ့အခါပဲဖြစ်ဖြစ်အရင်ဆုံးသတိရတာက ချစ်သောမေမေကိုလေ။
အဖေကတော့ပြောတယ် ကိုယ်ကတဲ့ဇာတ်ကိုယ်နိုင်အောင်ကတဲ့။(ဒေါနဲ့အားပေးတာလေ)
ခုချိန်ထိ မိဘတွေရဲ့ပံ့ပိုးမှုအောက်ကမလွတ်သေးပါဘူး။
မိန်းကလေးပေမဲ့လဲ ဒေါင်ကျကျပြားကျကျနေတတ်အောင်ကြိုးစားရင်း နေသားလဲကျနေပါပြီ။
မိသားစုနဲ့ဝေးနေရပေမဲ့ မိသားစုတောင်မရှိအောင်အထီးကျန်တဲ့သူတွေနဲ့စာရင် လွမ်းစရာမိသားစုရှိသေးတာလေးကိုပဲ ဖြေသိမ့်ရင်း ဘ၀ဆိုတာပျော်ရာမှာမနေ တော်ရာမှာနေရင်း ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဖို့ပဲ ကြိုးစားရင်းပျံသန်းနေတဲ့ လေလွင့်ငှက်တစ်ကောင်ပါ။

Thursday, June 7, 2007

“မန္တလေးအချဉ်ပေါင်း”

မန္တလေးနဲ့ ဆိုင်ရာ ဆောင်းပါးလေးတွေကို စုစည်းပြီး လူထုဒေါ်အမာက စာအုပ်လေး ထုတ်ဝေခဲ့ ဖူးပါတယ်။ “ရတနာပုံ မန္တလေး၊ မန္တလေး၊ ကျမတို့ မန္တလေး” ဆိုတဲ့ နာမည်လေးနဲ့ ပါ။ အဲဒီစာအုပ်ထဲမှာ အမေဒေါ်အမာက “ကျမတို့ မန္တလေးက ဖြည်းဖြည်းချင်းမဟုတ်ပဲ မြန်မြန်ကြီးနဲ့ များများကြီး ပြောင်းလဲတဲ့ ကိစ္စမျိုးတွေ၊ မြို့ သက်တမ်းနဲ့ မလိုက် ကြုံတွေ့ နေရပါတယ်။……………………………….. ……………. တကယ်ကတော့ မန္တ လေးဟာ မြန်မာဘုရင်တပါး နောက်ဆုံးတည်ထားသွားတဲ့ မြန်မာ့ မြို့ ၊ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓသာသနာ အခြေစိုက်ရာ ကျောင်းကန်ဘုရားတွေ အများဆုံးရှိတဲ့ မြို့ ပါ။ ဒီမြို့ မှာ အပြောင်းအလဲတွေ မကြာမကြာဖြစ်လာခဲ့ တော့ ငယ်ရွယ်သူတွေ သိရအောင်ကျမတို့ သိမိတာ၊ မှတ်မိတာ၊ ကြားဖူးနားဝရှိတာတွေကို ရေးထားတာတွေကို တစုတဝေး လူငယ်တွေအတွက် ဖတ်စရာ စာအုပ်ကလေး လုပ်ပေးရင်းနဲ့ မန္တလေးကို မြန်မာတို့ ယဉ်ကျေးမှု မြို့ တော် မန္တလေးအဖြစ်နဲ့ ဆက်လက် ရှင်သန်ပါစေဦးလို့ အလေးအနက် ဆန္ဒပြုကြောင်း အမှာစာ ရေးထားပါတယ်။

စာအုပ်ထဲမှာတော့ မန္တလေးက မလွန်ဈေးအကြောင်း၊ မလွန်ဆန်လှူသင်းအကြောင်း၊ ခေါင်းမှာ ပန်းပန်တာနဲ့ ပါတ်သက်လို့ မန္တလေးသူတွေက ပန်းပန်ဖို့ ပိုလို့ များ ၀ါသနာကြီးသလား အောက်မေ့ မိတဲ့ ဇွန်ပန်းရာသီအကြောင်း၊ မန္တလေးဈေးချို တော်အကြောင်း၊ ဆိုင်းဆရာ စိန်ဗေဒါအကြောင်း၊ ကျောင်းကြီး ရွှေအင်ပင်အကြောင်း အစရှိသဖြင့် စုံလင်စွာ ရေးသား စုစည်းပေးခဲ့ တာဟာ ကျမတို့ မန္တလေးသူ၊ မန္တလေးသားတွေ အတွက် ဖတ်ရှုမှတ်သားစရာ စာအုပ်ရတနာတပါးပါပဲ။ (ထိုစာအုပ်မှ ဆောင်းပါးများအားလည်း အလျဉ်းသင့် သလို ရိုက်၍ တင်ပေးချင်ပါသေးသည်။)


စကားကြီး စကားကျယ်နှင့် နိဒါန်းချီမိ၍ ကျမ အခုရေးချင်တဲ့ အကြောင်းအရာသည် အထက်ပါ ဆောင်းပါးတွေကဲ့ သို့ ကြီးကျယ်၍ မဟုတ်ပါ။ တနင်္လာနေ့ က ဘလော့ ဂါ သူငယ်ချင်းတစ်ယောက် အလုပ်ကိစ္စတခုနှင့် မန္တလေးသွားစရာရှိ၍ ကျမအား ဘာမှာမလဲ မေးမြန်းရာမှ အစပြု၍ ယခုရေးချင်သည့် “မန္တလေး အချဉ်ပေါင်း” အကြောင်းပေါ်လာရခြင်း ဖြစ်ပါတော့ သည်။ “ကျမတို့ လူမျိုးသည် တစ်မြို့ တစ်ရွာကို အလည်သွား၍ပြန်လာသည့် အခါတိုင်း အိမ်မှာ ကျန်ရစ်သူများနှင့် ခင်မင်သည့် မိတ်သင်္ဂဟများအတွက် ရန်ကုန်သွားရင် ရန်ကုန်ပြန်လက်ဆောင်ပေးနေကျ၊ မန္တလေးသွားရင် မန္တလေးပြန်လက်ဆောင်ဆိုတာမျိုးက ပေးနေကျ၊ ဒါကျမတို့ ယဉ်ကျေးမှု၊ ကျမတို့ လူမျိုးရဲ့ ဓလေ့။ အဲဒီတော့ မန္တလေးက ပြန်မဲ့ ဧည့် သည်က မန္တလေးပြန်လက်ဆောင်ဝယ်ပြီးမှ ပြန်တာပါပဲ။” (လူထုဒေါ်အမာ၏ အရေးအတိုင်း ကူးရေးထားပါသည်။)

သို့ ဖြစ်၍ မန္တလေးပြန်လက်ဆောင်အဖြစ် မန္တလေးထိုးမုံ့၊ လမုံ့ ၊ မန္တလေးဖိနပ်၊ အချိတ်ဆင် ယက္ကန်းထည် ချည်ထည်များကို ၀ယ်ယူလာလေ့ ရှိသည်မှာ မဆန်းလှသော်လည်း ကျမမှာသော “မန္တလေး အချဉ်ပေါင်း” ဆိုတာကိုတော့ စားဖူးရန်ဝေးစွ၊ ကြားပင်မကြားဖူးလင့် ကစား ၀ယ်ရန်မှာ ခက်ခဲပေလိမ့် မည်။ သို့ သော် သင်မသိသော်လည်း မန္တလေး ရောက်သည်နှင့် မေးမြန်းစုံစမ်းလျှင်မူကား ငှက်ပျောသီးအခွံ နွှာစားသည်ထက်ပင် လွယ်ပေသေးသည်။ မန္တလေးသူ၊ မန္တလေးသား များအဖို့ ကား အချဉ်ပေါင်းဟူသည် မန္တလေး သူ အများစု၏ အကြိုက်၊ တခါတလေ ယောင်္ကျားလေးများပင် သွားရေကျပြီး စားဖြစ်သေးသည့် သွားရေစာတမျိုး ဖြစ်ပေသေးသည်။ ရန်ကုန်မြို့ ကြီးတွင် နေသော အခါတွင်မူ ဇီးထုပ်၊ အချဉ်ထုပ်များသော် လည်းကောင်း၊(သို့မဟုတ်) စလေဇီးသီး အစေ့လွတ်၊ မာကလာသီးတို့ အား ငရုတ်သီးမှုန့် ၊ အရသာမှုန့် တို့ နှင့် နယ်၍ ရောင်းချသမျှကိုသာ အားပေး စားသုံးရပါသည်။

ကျမတို့ မန္တလေးတွင်ကား သရက်သီး၊ ဇီးဖြူသီး၊ မရမ်းသီး၊ သီးသီး၊ ဂွေးသီး၊ မက်မန်းသီး စသည့် ရာသီပေါ်များကို သင့် တော်သလို လှီးချွတ်၍ အချဉ်တည်ပြီး အရသာရှိအောင် ချဉ်ဖြုံးဖြုံးလေး နှပ်ထားကာ ၀ယ်သူလာသောအခါ ငံပြာရည်၊ ငရုတ်သီးမှုန့် တို့ ဖြင့် သမအောင်နယ်၍ ရောင်းချလေ့ ရှိပါသည်။ ရောင်းချသည့် ပုံစံမှာ ဘုရားကြီး(မဟာမြတ် မုနိဘုရား)၊ တရုတ်တန်းဈေး(ရတနာပုံဈေး)၊ ဈေးချိုတို့ တွင် ဆိုင်ခန်းအနေဖြင့် စားပွဲရှည်ရှည်ခင်းကာ စားပွဲပေါ်၌ လင်ဗန်းများခင်းကာ လင်ဗန်းအသီးသီးပေါ်တွင် နှပ်ထားသော

ထိုအချဉ်ပေါင်းအပုံကြီးကြီးကို ကန်တော့ ပုံ(ပိရမစ်ပုံ) သဏ္ဍန်ဖြင့် လှပအောင် ပြင်ဆင်၍ ရောင်းချခြင်းဖြင့် လည်းကောင်း၊ အချို့ မှာ လက်တွန်းလှည်းပေါ်၌ လေးထောင့် မှန်ပုံးအသီးသီးတွင်ထည့် ကာ ထိုလက်တွန်းလှည်းကိုတွန်း၍ ရပ်ကွက်အသီးသီး၌ လည်းကောင်း၊ ကျောင်းများ အနီးဝန်းကျင်၌လည်းကောင်း၊ ဈေးများအတွင်းတွင် လည်းကောင်း၊ လှည့် လည်၍ ညနေမစောင်းမီအထိ တနေကုန် ရောင်းချလေ့ ရှိကြပါသည်။ ထူးခြားသည်မှာ လက်တွန်းလှည်းလေးတွင် မောင်းလေးချိတ်၍ တနောင်နောင်တီးကာ လှည့် လည်ရောင်းချလေ့ ရှိပြီး စားနေကြ ဖေါက်သည်များ၏ အိမ်အနီးရောက်လျှင် ပိုထုကာ အချက်ပေးလေ့ ရှိလေသည်ကို အစပြု၍ နောင်နောင်သည်(သို့ ) မှောင်မှောင်သည် လာချေပြီဟု ပြောလေ့ ရှိကြပါသည်။

လွန်ခဲ့ သည့် ဆယ်နှစ်ခန့် က ၅ကျပ်၊၁၀ကျပ်ဖြင့် ၀ယ်စား၍ရခဲ့ သော်လည်း ယခုတွင်မူ ၅၀၀ကျပ်ခန့် ရှိပေတော့ မည်။ တကယ်တမ်းတွင်မူ အချဉ်ပေါင်းသည် မိန်းကလေးများအတွက် ကျန်းမာရေးထိခိုက်နိုင်သော်လည်း အလွန်အမင်းကြိုက်သည်ဖြစ်တတ်၍ အခါအားလျော်စွာ မှောင်မှောင်သည်အားစောင့် ၍ ၀ယ်စားလေ့ ရှိပါသည်။ မစားခင်ကတည်းက သွားရေကျ၍ စားပြီး ငရုတ်သီးစပ်ပြီးနောက် ရှူးရှူးရှဲရှဲနှင့် ရေနွေးသောက်ရသည့် အရသာကိုလည်း မမေ့ နိုင်အောင် တမ်းတဆဲ ရှိပါသေးသည်။ သူငယ်ချင်းတို့ လည်း မန္တလေးကို အလည်တခေါက် ရောက်ခဲ့ ရင်ဖြင့် အချဉ်ပေါင်းတော့ စားဖြစ်အောင် စားကြည့် စေချင်ပါသေးသည်။

ကြာသပတေးနေ့ တွင် သူငယ်ချင်း ရန်ကုန်သို့ ပြန်ရောက်လာပြီး “မန္တလေး အချဉ်ပေါင်း” ကို မန္တလေးပြန်လက်ဆောင် အဖြစ် လာပို့ ပေးပါသည်။ ကျမအတွက် အခြား ဘယ်လက်ဆောင်နှင့် မျှ မလဲ နိုင်သော နတ်သုဒ္ဒါတမျှ တန်ဖိုးထားသည့် “မန္တလေး အချဉ်ပေါင်း” ကို ထမင်းမစားခင်လည်း စားလိုက်သေးသည်၊ ထမင်းစားပြီးလည်း စားလိုက်သေးသည်။ ဘလော့ ဂါမိတ်ဆွေများ သွားရေကျရန်အလို့ ငှာ ဓါတ်ပုံ ရိုက်မထားလိုက်မိသည့် အတွက် နောင်တတရားကို ရင်ဝယ်ပိုက်ရင်း ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အချဉ်ပေါင်းကို တကူးတက ၀ယ်လာပေးတဲ့ ဘလော့ ဂါ သူငယ်ချင်းနာမည် မမေးကြပါနှင့်။
အသေသတ်ချင်သတ်လိုက် ပြောပြဘူး။ အဘယ့်ကြောင့် ဆိုသော် နောက်တခါ မန္တလေး သွားရင် အော်ဒါများရကာ အကျွန္နုပ်အား အချဉ်ပေါင်းလက်ဆောင်ပေးမည့် စာရင်းမှ မေ့ ကျန်ခဲ့ မည်စိုးသောကြောင့် ဖြစ်လေသတည်း။

Wednesday, June 6, 2007

အရှင်သုမင်္ဂလာလင်္ကာရ (Ph.D) ၏ သြ၀ါဒကထာများ

ရန်ကုန်မြို့ ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနမဟာနာယက၊ အာဒိကမ္မိက အာရာမသမုဌာပက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓမ္မပါဠိပါရဂူ ပရိယတ္တိသာသနာလင်္ကာရအကျော် အရှင်သုမင်္ဂလာလင်္ကာရ (Ph.D) ၏ သြ၀ါဒကထာများ

၁။ အပြောခံနိုင်ရမယ်။ လူဆိုတာ အပြောခံနိုင်မှ အရည်အချင်းတက်တယ်။
၂။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်ထင်ရာကိုပြောပြီး ဝေဖန်တတ်ကြတာ သဘာဝပဲ၊ ဒါတွေ ဂရုမစိုက်ပဲ ကိုယ်လုပ်ရမဲ့ အလုပ်နဲ့ ကိုယ်ရည်ရွယ်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့ ပဲ၊ စိတ်ထဲမှာ အမြဲ အားတင်းပြီး လုပ်ပါ။
၃။ လူဆိုတာ ကိုယ့် ဘ၀တိုးတက်ဖို့ အတွက် အမြဲတမ်း ကြိုးစားရမယ်၊ လောကသဘော တရားတွေကို နားလည်ပြီး ကြုံသလို ရင်ဆိုင်နိုင်အောင်လည်း သတ္တိမွေးရတယ်။


၎။လောကဓံ တရားတွေကို လူတိုင်းကြုံတွေ့ နေကြရတာပဲ။ ကိုယ်က အလိုက်အထိုက် နေတတ်အောင် ကြိုးစားရမှာပဲ။
၅။ အပြစ်တင်တာထက် ပြုပြင်သင့် တာကို ပြုပြင်ပေးတာဟာ ပိုကောင်းပါတယ်၊ အမှားထောက်ပြရုံနဲ့ မလုံလောက်သေးဘူး၊ အမှန်ကို ညွှန်ပြပေးနိုင်ရမယ်။
၆။ အလုပ်လုပ်ပြီဆိုရင် မဖြစ်ဖြစ်အောင် လုပ်ရတယ်။ တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ပါတယ်၊ တကယ် မဖြစ်ချင်ဘဲ တကယ်မလုပ်ကြလို့ အဟုတ်မဖြစ်ကြတာပါ။
၇။ များများလုပ်ဖို့ ထက် မှန်မှန်လုပ်ဖို့ က ပိုအရေးကြီးတယ်။
၈။တနေ့ တော့ သေရမှာပဲ၊ မသေခင် တန်ဖိုးရှိတဲ့ အလုပ် ကိုယ်လုပ်သွားဖို့ အရေးကြီးတယ်။
၉။ ဘာပဲလုပ်လုပ် တက်တက်ကြွကြွလုပ်၊ သွက်သွက်လက်လက်လုပ်၊ ကြည်ကြည်နူးနူးလုပ်၊ စေတနာပါပါလုပ်။
၁၀။ အလုပ်လုပ်ကြပါ။ စာတတ်ရုံနဲ့ မပြီးဘူး။ အလုပ်လုပ်မှ အထက်တန်းရောက်ပြီး ခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းဖြစ်မယ်။
၁၁။ ကိုယ့် ကိုယ်ကို စိတ်ဓါတ်မြှင့် တင်ပါ။ ဘာပဲဖြစ်နေဖြစ်နေ စိတ်ဓါတ်မကျရင် ကျန်းမာရေးလည်းကောင်း၊ ကိုယ့် အတွက်လည်း အားလုံးကောင်းပါတယ်။
၁၂။ အချိန်ရှိတိုင်း အချိန်ရှိတိုင်း ကိုယ့် သတ္တိကို မွေးမြူရမယ်။ သတ္တိရှိရှိနဲ့ အရာအားလုံးကို ရင်ဆိုင်ရဲရမယ်။
၁၃။ အလုပ်လုပ်ရင် မပျင်းနဲ့။ တိတိကျကျ မှန်မှန်ကန်ကန်လုပ်ပါ။ ပျင်းရင် ပိုပင်ပန်းတယ်၊ အလုပ်ကို စိတ်ပါပါသာ လုပ်ရင် မပျင်းဘူး၊ မပင်ပန်းဘူး။
၁၄။ အချိန်ရှိတုန်းအလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ။ အချိန်နှောင်းသွားမှ ဘာမှ လုပ်လို့ မရတော့ ဘူး။
၁၅။ သူများထက် သာချင်ရင် သူများထက် ပိုပြီး ပင်ပန်းဆင်းရဲ ခံရတယ်။
၁၆။ လိမ်တာ ညာတာ ညစ်ပတ်တာတို့ စဉ်းလဲ ကောက်ကျစ်တာတို့ ဆိုတာ မကောင်းဘူး။ လည်တယ် ဆိုတာ ကောင်းတယ်။
၁၇။ ကိုယ်လုပ်တဲ့ အလုပ်မှန်သမျှ သူများကို မထိခိုက်စေရဘူး။ ကျေးဇူးသိကြပါ ဆိုတာဟာ ကျေးဇူးဆပ်ဖို့ ကျေးဇူးအတင်ခံချင်လို့ ပြောနေတာ မဟုတ်ဘူး။ ကျေးဇူးမကန်းဖို့ သူတော်ကောင်းစိတ်ဓါတ်ရှိလာအောင် ပြောနေတာပါ။
၁၈။အပျင်းဆိုတာ ကူးစက်ရောဂါတစ်မျိုးပဲ။ တစ်ယောက်ပျင်းရင် အားလုံးလိုက်ပျင်းတယ်၊ ဒါကြောင့် အပျင်းသမားတွေကို လက်မခံသင့် ဘူး။
၁၉။ လေးစားထိုက်သူကို လေးစားလိုက်သည့် အတွက် မိမိမှာ လုံးဝမရှုံးပါဘူး။ အမြတ်ချည်းပါပဲ။
၂၀။ ဖျင်း ဖျင်းမှန်းသိ လူတော်ဖြစ်နိုင်၏။ ဖျင်းပါလျက်ပင် တော်တယ်ထင် ဖျင်းမြဲ ဖျင်းမည်ပင်။

ဆရာတော် ဘုရားကြီးအားပူဇော်သောအားဖြင့် ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများကို လိုက်နာကျင့် ကြံကြိုးကုတ် အားထုတ်ကြလျှက် အမျိုးဘာသာ သာသနာ အကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်ကြပါစေရန် အလို့ ငှာ စာအုပ်ရိုက်နှိပ် ဓမ္မဒါနပြုထားသည်ကို ပြန်လည်၍ ထုတ်နှုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။

Tuesday, June 5, 2007

အလုပ်ထဲက အမှားများ

လူတိုင်းလူတိုင်း စားဝတ်နေရေး အပါအ၀င် ဘ၀အတွက် အလုပ်လုပ်နေရတာကြောင့် အလုပ်လုပ်ရင်း မှားခဲ့ ဖူးကြမှာပါပဲ။ ပြီးတော့ အမှားထဲက သင်ခန်းစာယူပြီး ရှေ့ လျှောက် မမှားအောင် ပိုကောင်းအောင် လုပ်နေကြတာပေါ့။ ခုလောလောဆယ် အလုပ်ခွင်ထဲ မရောက်သေးရင်လဲ လုပ်ငန်းအမျိုးမျိုးရဲ့ မှားတတ်တဲ့ သဘောလေးတွေသိရအောင် သူများမှားခဲ့ ဖူးတာလေးတွေရော ကိုယ်တွေ့ မှားခဲ့ ဖူးတာလေးတွေရော ပြန်ပြောပြချင်သေးတယ်။

ကျမရဲ့ ပထမခြေလှမ်းက အမှားတစ်ခု

ဒီတစ်ခေါက်ဝင်လုပ်ဖြစ်တဲ့ အလုပ်(အရင် ၃နှစ်တုန်းကပေါ့ ) သတိရသေးတယ်။ ရုံးစ၀င်ဝင်ချင်း professional ကလဲ ပြောင်းထားတာမလို့ ဘာမှလဲ လုပ်စရာမရှိ၊ လုပ်လဲ မလုပ်တတ်သေးတာနဲ့ ပဲ တောက်တိုမယ်ရ လုပ်ရင်းပေါ့ ။ တရက်မှာ cabinet ထဲမှာရှိတဲ့ ဖိုင်တွေကို အားအားယားယား သွားစီထားလိုက်တာ။ G.M က သူကိုယ်တိုင် ဖိုင်တခုရှာဖို့ drawer ကို ဆွဲထုတ်လိုက်ရော မျက်ခုံးမွှေးရော ရှိတဲ့ နှုတ်ခမ်းမွှေးပါ ထောင်သွားတယ်။ ဖိုင်တွေမှာရှိတဲ့ တပ်ထားတဲ့ file name tags တွေက အကုန် တညီတညာထဲ ရက်စွဲ အလိုက် တန်းစီနေလို့ တဲ့ လေ။ ကိုယ်လုပ်ထားတုန်းကတော့ တယ်တော်တဲ့ ငါကွ သပ်သပ်ရပ်ရပ် ရှိလိုက်တာလို့ တောင် ကိုယ့် ကိုယ်ကို ချီးမွမ်းမိသေးရဲ့ ။ ဒါပေသိ အမှန်မှာက file name tags တွေက စွေစွေစောင်းစောင်း အတန်းလိုက်ရှိနေမှ ရှာရလွယ်ကူပါသတဲ့ ။ ကိုယ်က သိမှမသိပဲဟာ (ဟိဟိ)။ G.M ကပြောတယ်။ “ဒါ ဘယ်သူလုပ်ထားတာလဲတဲ့ ” “ကျမလုပ်ထားတာပါလို့ ”(မျက်နှာရမလားတောင် အောက်မေ့ မိသေး) “ဘယ်သူသင်ပေးလဲတဲ့ ” “file name tags တွေက စွေစွေစောင်းစောင်း အတန်းလိုက်ရှိနေမှ ရှာရလွယ်ကူတာ မသိဘူးလားတဲ့ ” ဟဲဟဲ ပြန်ပြောလိုက်တယ်။ “ကောင်းမယ်ထင်လို့ လုပ်လိုက်တာပါ” လို့ လေ။


အသိအစ်ကိုကြီးတစ်ယောက်ရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အူကြောင်ကြောင်ကြုံခဲ့ ပုံလေးပါ။
(အဲဒီ အစ်ကိုကြီးပြောတဲ့ အတိုင်းပဲ ပြန်ပြောပြပါရစေ။)

အလုပ်သမားဆေးရုံကြီးမှာ ဟောက်စ်ဆာဂျင်ဆင်းတုန်းကပေါ့ ။ ဆေးကုသဆောင်မှာ အဲဒီတုန်းက သမားတော်ကြီးက ဒေါ်သန်းရင်မာ(လူထု ဒေါ်အမာရဲ့ သမီးပါ)။ ဆေးကုဆောင်မှာ ကျနော်တို့ အတူတာဝန်ကျတာ ၃ယောက်ရှိပါတယ်။ တနေ့ တော့ မနက်ပိုင်း ၀ါ့ ဒ် ရောင်းလှည့် နေချိန်ပေါ့ ။ ဟောက်စ်ကနဲတော့ ကျနော်တို့ တွေလဲ ရောင်းဒ်လှည့် နေရင်း တပြိုင်နက်ကို changes တွေကို ပြီးနိုင်သမျှပြီးအောင် လုပ်ရပါတယ်။ ဒီလိုနဲ့ လူနာတစ်ယောက်နားလဲ ရောက်လာရော…အဲဒီ လူနာက ငှက်ဖျားသမားပါ။ မနေ့ ညက ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်သလိုလို သတိတောင်သိပ်မကောင်းပဲ ရောက်လာတာလေ။ အခု ရောင်းဒ်လှည့် ချိန်မှာတော့ တော်တော်သက်သာလာပါပြီ။ ဟောက်စ် ၃ယောက်ထဲမှာမှ တယောက်က ညက နိုက်ဂျူတီကျထားတာပါ။ သူက ဒီလူနာကို ညက သူဘယ်လို လုပ်ပေးထားတယ် ဘာတယ် ညာတယ် ဘွားတော်ကိုပြောပြနေပါတယ်..။ ဘွားတော်က သူပြောတာနားထောင်ပြီးတော့ လူနာမှတ်တမ်းကိုကြည့် လိုက် လူနာကို စမ်းလိုက် လုပ်နေတုန်း ကျန်တဲ့ သူတွေကတော့ လူနာဘေးနားမှာ ၀ိုင်းလို့ ပေါ့ ။ သူနာပြု ဆရာမကြီးတွေနဲ့ တခြားဝါ့ ဒ်ထဲက ၀န်ထမ်းတချို့ ရောပေါ့ အနားမှာပေါ့ လေ။

လူနာက ကရင်ပြည်နယ်ဘက်ကို ခရီးထွက်ပြီး ပြန်လာတာဗျ။ ဒါနဲ့ ကျနော်တို့ လဲ တခု သွားသတိရတယ်။ ကျနော်တို့ နိုင်ငံက ငှက်(ငှက်ဖျား) တွေ ထဲမှာ ကရင်ပြည်နယ်က “ဒေါနငှက်” ဟာ နာမည်ကြီးတယ်ဆိုတာကိုပါ။ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာ၊ လူနာဖိတ်စဉ်တတ်တာမှာ သူက ဗိုလ်စွဲပါတယ်။ ဒါနဲ့ ကျနော်က ဘွားတော် လူနာစမ်းတာ စောင့် နေတုန်း အနားက သူငယ်ချင်း ဟောက်စ် နောက်တစ်ယောက်ကို မေးလိုက်ပါတယ်… ထားပါတော့ ၊ သူ့ နာမည်က မောင်လှလို့ ပဲ။ “ဟေ့ ကောင် မောင်လှ.. မြန်မာပြည်မှာ ဘယ်ငှက် က အပြင်းဆုံးလဲ သိလား ….” လို့ ။(ဒီကောင်က မန္တလေးကအောင်လာတာပါ၊ ရှမ်းတရုတ်ကပြားပါ) ကျနော်မေးလိုက်တာကို သူက ပြန်မဖြေပဲ နဖူးကြောရှုံ့ ပြီး စဉ်းစားနေပါတယ်။ အဲဒီအချိန်မှာ ဘွားတော်က သူလုပ်ချင်တဲ့ သွေးစစ်ဆေးမှုတွေ ချရေးခိုင်းလို့ ကျနော်လဲ အာရုံပြောင်းသွားပါတယ်။ ဘွားတော်လုပ်ချင်တဲ့ သွေးစစ်ဆေးမှုတွေ လူနာချတ်ထဲ ကမန်းကတန်းချရေးအပြီးမှာ မမျှော်လင့် ပဲ ခုထိကို နဖူးကြောကြီးတွေ ရှုံ့ နေသေးတဲ့ မောင်လှဆီက စကားတစ်ခွန်း ရုတ်တရက် ထွက်လာပါတယ်။ “ခို” တဲ့ ။ ပထမ ကျနော်ကြောင်နေတယ်။ သူဘာပြောမှန်း နားမလည်လိုက်ဘူး။ ခဏနေတော့ မှ ဘေးက ဆရာမကြီးတွေ ၀န်ထမ်းတွေ အကုန်လုံးက ၀ါးကနဲ ၀ိုင်းရယ်လိုက်ကြတော့ မှ ကျနော့် မေးခွန်းနဲ့ သူဖြေတာ ပြန်ဆက်စပ်မိတော့ တယ်။ ကျနော်မေးလိုက်တာကို ဘေးကလူတွေလဲ ကြားလိုက်ကြတာကိုး။ သူတို့ က အရင် သဘောပေါက်သွားပြီး ထရယ်ကြတော့ တာလေ။
အပြင်းဆုံးငှက်နဲ့ အပျင်းဆုံးငှက် သံတူကြောင်းကွဲ က ဒွတ်ခပေးသွားတာကိုး။ အောင်မယ်.. အနားက သူနာပြု ဆရာမကြီးက ရီနေရင်း ထပ်မေးလိုက်သေးတယ်။ ဘာလို့ လဲ ဆရာရဲ့ ..“ခို“ က အစာကို ကိုယ်တိုင်ရှာမစားပဲ သူများပက်ကျွေးတာ စောင့် ပြီး စားနေကြမလို့ ပြောတာမဟုတ်လားဆိုတော့ ကိုယ်တော်က “အင်း” တဲ့ ….။ ကျနော်တို့ တွေ အူနှိပ်ပြီးကို ရီလိုက်ကြတာ ၀ါ့ဒ် ရောင်းတောင် တော်တော်ကြာမှ ဆက်ဖြစ်ကြတော့ တယ်၊

နောက်ထပ်လဲ သူငယ်ချင်းတွေရဲ့ မှားပုံလေးတွေရှိသေးလို့ ကြုံရင် ထပ်ရေးပါဦးမယ်။ အမှားကြီးတွေ မဟုတ်ပဲ အမှားသေးသေးမှားတတ်ပုံလေးတွေကတော့ နောင်ပြန်ပြောကြရင် ရယ်စရာ ဟာသလေးတွေ ဖြစ်သွားကြတာပါပဲ။

Monday, June 4, 2007

ကျမ၏တနင်္ဂနွေ

ထုံးစံအတိုင်း ကျမရဲ့ တနင်္ဂနွေ လေးကတော့ volunteer အလုပ်နဲ့ အချိန်ကုန်ခဲ့ ပြန်တာ။
မနေ့ က မနက် ၆နာရီထ ရေမိုးချိုးပြီး အိမ်မှာ အတူနေ အဆောင်သူပေါ့ နော်၊ အဲဒီ ကောင်မလေးတစ်ယောက်ရယ် ရုံးက ကောင်မလေးရယ် ၇နာရီမှာ ဆုံပြီး ပန်းဆိုးတန်းဆိပ်ကမ်းကိုသွား searchers အဖွဲ့ လူစုပြီး လူစုံတော့ ၇နာရီခွဲမှာ လက်မှတ်ဝယ်ပြီး ဒလဘက်ကမ်းကို သဘောင်္နဲ့ ကူး ၁၀မိနစ်ကျော်ကျော်စီးပြီး ဒလဘက်ကိုရောက်ရော။ သဘောင်္လက်မှတ်ဝယ်ကတည်းက light house အဖွဲ့ နဲ့ လဲ တွေ့ တယ်။ သူတို့ လဲ ၈ယောက်လောက် ကိုယ့် ဘက်အုပ်စုကလဲ ဆရာဝန်အပါ ၉ယောက်ဆိုတော့ ဒီတပါတ် အုပ်စုတော်တော်တောင့် တာပေါ့ ။ ဒီနှစ်အုပ်စုလုံးရဲ့ ဦးတည်ရာ အရပ်က အတူတူပဲ။ ဒလကနေ ၁နာရီ လောက်ကားစီးရအောင်ဝေးတဲ့ ကော့ မှူးမြို့ နယ် ဆင်ခြံကျေးရွာက အောင်ဇမ္ဇူ ဘုန်းကြီးကျောင်းလေးဆီကိုပါ။ သူတို့ light house အဖွဲ့ က ၉တန်း ၁၀တန်းတွေကို ကျူ ရှင်သဘောမျိုး အခမဲ့ စာသင်ပေးပြီး ကျမတို့ searchers ကတော့ ဘုန်းကြီးကျောင်းဝင်းထဲက ကုသိုလ်ဖြစ် ကျေးရွာဆေးပေးခန်းလေးမှာ ဆရာဝန်နဲ့ အတူ volunteer အဖြစ် ကိုယ်လုပ်နိုင်တာလေး ၀င်ကူလုပ်ကြတာပေါ့ ။


ဒီနေ့ တော့ လာတဲ့ လူနာ အရေအတွက်က ၆၀ ကျော်ရှိပါတယ်။
နှစ်ကုန်ပိုင်းအထိဆိုရင်တော့ ၁၀၀ကျော်လောက်ရှိလာမယ်လို့ ခန့်မှန်းမိကြပါတယ်။ ဆင်ခြံ ကျေးရွာနဲ့ ရွာနီးချုပ်စပ်အပြင် အတန်ငယ်ဝေးတဲ့ ရွာများဆီကနေ ၁နာရီကျော် လမ်းလျှောက်ပြီးမှ လာပြရတဲ့ လူနာတွေလဲ ရှိပါတယ်။ ဘုန်းဘုန်းရဲ့ မိန့် ကြားချက်အရဆိုရင် ဆေးထိုးအပ်နဲ့ ဆေးထိုးပြီးရောဂါဝေဒနာ ကုရကောင်းမှန်းကို လွန်ခဲ့ တဲ့ ၁၀နှစ်ကျော်လောက်မှာမှ စတင်သိရှိကြပြီး ရွာမှာဆိုရင်လဲ ဆေးမှူးကလွဲလို့ ဆရာဝန်မရှိသေးပါဘူး။ တချို့ ဆိုရင် ၆လလောက် ချောင်းဆိုးနေတာကြာပေမဲ့ ဆေးမြီးတို နဲ့ ချောင်းဆိုးပျောက်အောင် လုပ်နေပေမဲ့ ကိုယ့် ကိုယ်ကို တီဘီဖြစ်လို့ ဖြစ်နေမှန်းလဲ မသိရှာကြ ပါဘူး။ သူတို့ အနေနဲ့ တကယ့် တကယ် ရောဂါကုသဖို့ ရာဆိုရင်လဲ ကော့ မှူးမြို့ ထိသော်လည်းကောင်း ရန်ကုန်မြို့ ထိသော်လည်းကောင်း လာရောက် ကုသရတဲ့ စရိတ်ကုန်တဲ့ အတွက်လဲ မတတ်နိုင်ကြပါဘူးတဲ့။ ခုလိုမျိုး အောင်ဇမ္ဇူဘုန်းကြီးကျောင်းက ဦးဇင်းရဲ့ ဦးဆောင်မှုနဲ့ ကျမတို့ searchers-myanmar အဖွဲ့ ရဲ့ ပံ့ ပိုးကူညီလှူဒါန်းမှုကြောင့် ခုလို ကုသိုလ်ဖြစ် ကျေးရွာဆေးခန်းလေးတစ်ခု ဖွင့် နိုင်တာဟာာ ဒီပရဟိတ ဂေဟာမှ လူငယ်များအပြင် နီးစပ်ရာ ရွာနီးချုပ်စပ်မှ နွမ်းပါးပြီး ကျန်းမာရေးဗဟုသုတ မရှိသေးသူများ၏ ကျန်းမာရေးကို အတန်အသင့် အထောက်အကူပြုနိုင်မှာ ဖြစ်လို့ ဒီကုသိုလ်ဖြစ် ဆေးခန်းလေး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆေးဝါးများ၊ ဆေးခန်းအသုံးအဆောင်ပစ္စည်းများ၊ ရံပုံငွေနှင့် လုပ်အားဒါနများ လိုအပ်လျက်ရှိရာ မိမိတို့ ဆန္ဒရှိသရွေ့ ကုသိုလ်ပါဝင်ကြရန် နှိုးဆော်လိုက်တယ်နော်။
တကယ်လို့ လူမှုရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်ဖြင့် searchers-Myanmar နဲ့ လာရောက် လက်တွဲနိုင်ဖို့ ဖိတ်ခေါ်ပါရစေ။
ဒေါင်းလုပ်ယူရန်။။ searchers အကြောင်း(၁)
searchers အကြောင်း(၂)
အသင်းဝင် ပုံစံ(၁)
အသင်းဝင် ပုံစံ(၂)


Saturday, June 2, 2007

မြန်မာလူမျိုးတိုင်းသိသင့် စရာ အသည်းရောင်ဘီပိုးနှင့် အသည်းကင်ဆာ

ဘလော့ဂါလေးရေးထားတဲ့ အသည်းရောင်ဘီပိုးအကြောင်း အနည်းအကျဉ်းဆိုတာကိုလဲ ဖတ်ဖူးပါတယ်။
ကိုယ်တိုင် ဆရာဝန်မဟုတ်ပေမဲ့ လဲ ကိုယ်ချစ်ခဲ့ ဖူးသူက ဘီပိုးရှိတယ်ဆိုတော့ ဒီအကြောင်းလေးကို နှိုက်နှိုက်ချွတ်ချွတ်သိချင်လို့ လေ့လာမိရာက ဖိုရမ်ထဲမှာ ဆရာဝန်တစ်ယောက်က ဘာသာပြန်တင်ပေးထားတာမလို့ ခုအချိန်ရတုန်းလေး ရိုက်တင်ပြီး ဝေမျှလိုက်တာပါ။

အသည်းရောင် ရောဂါ ဘီဗိုင်းရပ်စ် (ဘီပိုး အကြောင်းသိကောင်းစရာ)
မြန်မာလူမျိုးတိုင်းသိသင့် စရာ အသည်းရောင်ဘီပိုးနှင့် အသည်းကင်ဆာ

အသည်းရောင်ရောဂါ ဘီဗိုင်းရပ်စ် (ဘီပိုး ဆိုတာဘာလဲ)
“ဘီပိုးသည် အဖြစ်အများဆုံးနှင့် အဆိုးရွားဆုံး အသည်းရောဂါဖြစ်သည်။
အသည်းကင်ဆာနှင့် အသည်းပျက်စီးခြင်းများ ဖြစ်ကာ အသက်တိုနိုင်သည်။
မြန်မာလူမျိုး ဆယ်ယောက်လောက်တွင် တစ်ယောက် နာတာရှည်(ရာသက်ပန်) အသည်းရောင် ရောဂါ ဘီပိုး ရှိနိုင်ပါသည်။
အများစုမှာ ရောဂါရှိ၍ရှိမှန်း မသိကြပါ။
ရောဂါရှိသူ လေးယောက်တွင် တစ်ယောက် အသည်းကင်ဆာ အသည်းပျက်စီးမှုကြောင့် သေနိုင်ပါသည်။ ထိထိရောက်ရောက် ကြတ်မတ်ကုသပါလျှင် အသည်းပျက်စီးမှုမရှိအောင် ရှောင်ရှားနိုင်ပါသည်။
သင်ရောဂါရှိစေကာမူ ကျန်းမာနေသည်ဟု ထင်တတ်ပါသည်။”

“ဘီပိုးသည် ရံဖန်ရံခါ ရောဂါလက္ခဏာ မပြတတ်သောကြောင့် ကြောက်စရာ ကောင်းပါသည်။ အသည်းစစ်ဆေးမှု အဖြေမှာပုံမှန် ဖြစ်နေတတ်ပါသည်။ အသည်းရောဂါ လက္ခဏာပြသော အချိန် (ဗိုက်နာခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးမဲခြင်းများ တွင် ထိရောက်သော ကုသမှု ရစေကာမူ နောက်ကျတတ်ပါသည်။”

ရောဂါကူးစက်မှု HIV အတိုင်းဖြစ်ပါသည်။
၁။ အမေမှ ကလေးသို့ ကူးစက်ခြင်း
ဘီပိုးသည် အမေမှ ကလေးသို့ မီးဖွားချိန်တွင် ကူးစက်မှု အများဆုံး ဖြစ်နိုင်ပါသည်။
၂။ သွေးမှ တဆင့် ကူးစက်ခြင်း
ဘီပိုးသည် ရောဂါပိုးရှိသော သွေးမှ တဆင့် ကူးစက်နိုင်ပါသည်။ ကူးစက်ပုံများမှာ
- အနာနှင့် အနာ တိုက်ရိုက်ထိတွေ့ မှု
- မုတ်ဆိတ်ရိတ်ဓါးနှင့် သွားပွတ်တံများ စုပေါင်း၍သုံးခြင်း
- ဆေးမင်ကြောင်ထိုးခြင်း၊ ဆေးထိုးခြင်း၊ နားဖေါက်ခြင်းတို့ တွင် အပ်များကို ပြန်၍သုံးခြင်း
- ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို ပြန်သုံးခြင်း
၃။ လိင်ဆက်ဆံမှု မှတဆင့် ကူးစက်ခြင်း
ဘီပိုးသည် ရောဂါရှိသူနှင့် အကာအကွယ်မသုံးပံ လိင်ဆက်ဆံပါက ကူးစက်နိုင်သည်။


ဘီပိုးသည် အစာနှင့် ရေမှ မကူးစက်နိုင်ပါ
ဘီပိုးကူးစက်မှုနှင့် ပါတ်သက်လျှင် အယူလွဲမှုများ ရှိပါသည်။
ဘီပိုးသည် အောက်ပါ အချက်များမှတဆင့် လုံးဝမကူးနိုင်ပါ။
- အစာ၊ ရေ အတူတူစားခြင်း
- ပန်းကန်၊ ခွက်၊ ဇွန်း ခက်ရင်း အတူတူသုံးခြင်း
- နေ့ တဓူဝ ပုံမှန် ထိတွေ့ ဆက်ဆံခြင်း
- ချောင်းဆိုးခြင်း၊ နှာချေခြင်း
- ဖက်ရမ်း နမ်းရှုတ်ခြင်း
- နို့ချို တိုက်ကျွေးခြင်း
အကယ်၍ ဘီပိုးရှိပါက သင့် ကိုယ်သင် နှိမ့် ချ ဆက်ဆံခြင်း၊ လူတော သူတော မတိုးခြင်း၊ အားငယ်ကြောက်ရွံ့ ခြင်းဖြစ်ရန်မလိုပါ။

ဘီပိုးရှိပါက သင်ဘာလုပ်သင့် သလဲ။

ဘီပိုးရှိ မရှိ စစ်ဆေးပါ။
သင်ကျန်းမာပုံပေါက်နေစေကာမူ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးရန်လိုအပ်ပါသည်။
သင့် ဆရာဝန်ကို အောက်ပါ သွေးနှင့် ဓါတ်မှန်စစ်ဆေးမှု ပြုလုပ်ရန်တောင်းဆိုပါ။

Every

Test

Screens for

ခြောက်လတခါ

အသည်းအင်ဇိုင်းစစ်ဆေးမှု(သွေးစစ်)
အသည်းကင်ဆာစစ်ဆေးမှု(သွေးစစ်)

အသည်းပျက်စီးမှု
အသည်းကင်ဆာ

တစ်နှစ်တစ်ခါ

တီဗီ ဓါတ်မှန် စစ်ဆေးမှု

အသည်းကင်ဆာ



အကယ်၍ သင့် တွင် အသည်းခြောက်ရောဂါ (သို့ မဟုတ်) မိသားစုတွင် အသည်းကင်ဆာဖြစ်သောသူ ရှိပါက တီဗီဓါတ်မှန် ခြောက်လ တစ်ကြိမ်ရိုက်သင့် ပါသည်။ စောစောသိပါက အသည်းကင်ဆာကို အောင်မြင်စွာ ကုသနိုင်ပါသည်။

ဘီပိုးရှိသောလူတိုင်း ဆေးကုသမှု ပြုရန်မလိုပါ။
သို့သော် အသည်းအင်ဇိုင်း တက်နေပါက အသည်းပျက်စီးမှု စတင်နေပြီဖြစ်သောကြောင့် ဗိုင်းရပ်စ် နှိမ်နှင်းဆေးများဖြင့် ကုသခြင်း စတင်နိုင်ပါသည်။
အသည်းရောင်ဘီပိုးပျောက်သောဆေး မပေါ်သေးစေကာမူ ထိရောက်မှန်ကန်သော ကုသမှုသည် အသည်းကင်ဆာနှင့် အသည်းပျက်စီးမှု ကို ကာကွယ်နိုင်ပါသည်။ သင့် ဆရာဝန်ကို အစာနှင့် ဆေးဝါးအဖွဲ့ ကြီးမှ အတည်ပြုသော ကုသမှုများကို မေးမြန်းပါ။ သင့် ကို အသည်းကင်ဆာဆေးဝါးများ စတင်မည်ဆိုပါက ဘီပိုးကုသမှုပါ တခါထဲ ရရန် လိုအပ်ပါသည်။ အဘယ့် ကြောင့် ဆိုသော် ဘီပိုးထကြွမှုနှင့် အသည်းပျက်စီးမှု ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။
အသည်းရောင် ရောဂါ အေ ကာကွယ်ဆေးထိုးပါ။
အရက်သေစာ မသောက်စားပါနှင့်
သင့် ချစ်သူကို ကာကွယ်ပါ (အကာအကွယ်နှင့် လိင် ဆက်ဆံပါ)
သင့် မိသားစု၊ သင့် ချစ်သူကို ဘီပိုး ရှိမရှိ စစ်ဆေးပြီး ကာကွယ်ဆေးမထိုးရသေးပါက ကာကွယ်ဆေးထိုးပါ။
သင်ကိုယ်တိုင်ရှိပါက မွေးကင်းစ ကလေးကို ဘီပိုးကာကွယ်ဆေး အမှတ်(၁) နှင့် ဘီပိုး အင်မြူနိုဂလို ဗြူလင်ကို မွေးပြီးပြီးခြင်းထိုးပါ။ ရောဂါ ကူးခြင်းမှ ၉၅% ကာကွယ်ပြီးဖြစ်ပါသည်။
စောစောသိလေ ပိုကောင်းလေ
သင် နှင့် သင့် မိသားစု ကို ဘီပိုးရှိမရှိ စစ်ဆေးပြီးဖြစ်ရန်လိုအပ်ပါသည်။
မြန်မာလူမျိုးတိုင်းတွင် ဘီပိုးသည် အကြီးမားဆုံးသော ကျန်းမာရေး ပြဿနာ ဖြစ်ပါသည်။
စစ်ဖြစ်အောင်စစ်ဆေးပါ
သင့် ဆရာဝန်ကို ဆေးစစ်ရန်တောင်းဆိုပါ။
ဘီပိုး အန်တီဂျင် - သင့်တွင် နာတာရှည် ဘီပိုးရှိမရှိ ပြပါသည်။ ဘီပိုး ကယ်ရီယာ ဟုတ်မဟုတ်ကို ပြပါသည်။
ဘီပိုး အန်တီဘော်ဒီ - သင့် တွင် ဘီပိုး ကာကွယ်နိုင်စွမ်း ရှိမရှိကို ပြပါသည်။
ဘီပိုး အန်တီဂျင် သွေးစစ်မှုက သင့် ကို နာတာရှည် ဘီပိုး ရောဂါ ရှိမရှိ သိနိုင်သည်။
အကယ်၍ သင့် တွင် ဘီပိုး အန်တီဂျင်၊ အန်တီဘော်ဒီ မရှိပါက သင့် ထံတွင် ရောဂါ ကာကွယ်နိုင်စွမ်း မရှိပါ။ ဘီပိုး ကာကွယ်ဆေးထိုးပါ။ သင့် ကလေးလဲ မွေးကင်းစ အချိန်တွင် ကာကွယ်ဆေးထိုးပြီး ဖြစ်ပါစေ။
ဘီပိုးကာကွယ်ဆေးသည် သုံးကြိမ် ခြောက်လအတွင်း အစဉ်လိုက်ထိုးရပါသည်။ သင့်ကို ၇ာသက်ပန် ရောဂါ ကာကွယ်မှု ပေးနိုင်ပါသည်။ ဘီပိုးကာကွယ်ဆေးသည် အသည်းရောင် ရောဂါဘီပိုးနှင့် အသည်းကင်ဆာ ကာကွယ်မှု အတွက် အလွန် ထိရောက်သောဆေးဖြစ်ပါသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီးမှ ပထမဆုံးကင်ဆာ ကာကွယ်သောဆေးဟုပင် တင်စားခေါ်ဆိုပါသည်။
ညီညွတ်မှုဖြင့် ဘီပိုးကို ကာကွယ်ပါ။
အချက်အလက်များထပ်မံလိုအပ်ပါက http://liver.stanford.edu

Friday, June 1, 2007

ရယ်သောသူ ပါးစပ်ပြဲ၏တဲ့

အော်ပီကျယ်ဆီက ကာတွန်းလေး ပို့ လာပေးလို့ သဘောကျလို့ ဝေမျှလိုက်တယ်
ရယ်သောသူ ပါးစပ်ပြဲစေသော်


ဒိုင်ယာရီရေ

ဒီနေ့ သူငယ်ချင်း အစ်ကိုကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း
ငါ့ ရဲ့ အသည်းကွဲရခြင်းအကြောင်းတွေ စကားစပ်မိရာက
နင့် ကို သတိရမိစေတယ်

အချစ်ဆိုတာ ဖန်တီးယူလို့ မရသလို
အလိုအလျောက် ဖြစ်တည်လာပြီးနောက်မှာလဲ ဖျက်ဆီးပစ်လို့ မှမရတာပဲလေ။
ငါ့ ရဲ့ ဂုဏ်သိက္ခာ အတွက် နင့် ရဲ့ လက်ရှိဘ၀အတွက်
ငါတို့ အဆက်အသွယ်တွေဖြတ်ခဲ့ ပြတ်ခဲ့ ပေမဲ့
ငါ နင့် ကို ချစ်နေဆဲပါ။

အဲဒီသူငယ်ချင်းအစ်ကိုကတော့ ပြောပါတယ်
“အချိန်ဆိုတာ အကောင်းဆုံး ကုစားပေးတဲ့ သမားတော်” ပဲတဲ့
အချိန်တွေ ကုန်သွားရုံနဲ့ ကွဲကြေခဲ့ တဲ့ ငါ့ နှလုံးသားလေးက
အကောင်းပကတိ ပြန်ဖြစ်လာမှာလား

နောက်တစ်ယောက်ကို တကယ်မချစ်ပါပဲ ကိုယ့် ဘ၀အတွက် ကောင်းမယ်
သင့်တော်မယ်မှန်းသိပြီး နင့် ထက်ကြင်နာနိုင်မဲ့ သူဖြစ်ခဲ့ ရင်တောင်မှ လက်ထပ်ဖို့ လက်ခံလို့ ရပေမဲ့ အဲဒီလို တကယ်မချစ်တဲ့ အိမ်ထောင်ရေးကရော ခိုင်မြဲပါ့ မလား။
(အချစ်တုတစ်ခုကို ဖန်တီးယူမယ်ဆိုရင် တောင်မှလေ။)

နင်က ငါ့ ကိုပြောဖူးတယ်နော် စိတ်ကူးယဉ်လွန်းတယ်တဲ့ ။
စိတ်ကူးလေးတွေ ယဉ်တာမကောင်းဘူးလား၊ ရိုင်းမှပဲ မကောင်းတာပါလို့ ငါပြန်ပြောတော့ နင်ရယ်ခဲ့ တယ်နော်။
ငါ့ ဘ၀မှာ မချစ်ဘူးတဲ့ အချစ်နဲ့ အချစ်ဦးတစ်ယောက် လွဲသွားပြီးမှ တမ်းတနေရုံနဲ့ ဘ၀က ပြည့် စုံမလာခဲ့ ပါဘူး။
အေးစက်သေဆုံးနေပြီလို့ ထင်ရတဲ့ နှလုံးသားတစ်ခုနဲ့ ရှင်သန်နေတုန်း
နင်နဲ့ တွေ့ ပြီး အချစ်သစ်နဲ့ ငါ့ ဘ၀လေး လှပလာမလား တွေးတောပြီး မိန်းမောနေလို့ မှ မကြာသေးခင် နင်က ရှောင်ဖယ်သွားရုံလောက်နဲ့ ဒီဖြစ်တည်ပြီးတဲ့ အချစ်ကိုရော ဖျက်ဆီးပစ်လို့ ရမတဲ့ လား။

ဘာပဲ ဖြစ်ဖြစ် ငါ့ တစ်ယောက်တည်းပဲ ဒီချစ်ခြင်းတရားလေးကို ဘယ်သူမှဝေဖန်ပြစ်တင်လို့ မရနိုင်တဲ့ နှလုံးသားရပ်ဝန်းတနေရာမှာ ဆက်လက်သိမ်းဆည်းထားမှာပါ။ ။

ရင်ကိုထိမှန်စေသော ကဗျာကောင်းကောင်းလေးတစ်ပုဒ်

ကိုတက်စလာ နဲ့ ကိုရန်နဲ့ ပေါင်းစပ်ထားတဲ့ ကဗျာကောင်းကောင်းလေး တစ်ပုဒ်ပါ။
ကြိုက်လွန်းလို့ “မ”လာတာ။

ပင်လယ်နှင့်ကျောက်ဆောင်

ပင်လယ်က ပြောတယ်
ကျောက်ဆောင်ကြီးရေ...
ငါမင်းကို နေ့တိုင်းဖြိုဖျက်ဖို့ ကြိုးစားနေတယ်
မင်းရဲ့ထုထည်က ကြီးမားပါတယ်ကွာ
ဒါပေမယ့် ငါဘယ်တော့မှ အလျှော့မပေးဘူး
ငါ့ရဲ့ မဆုတ်နစ်တဲ့ လှိုင်းလုံးတွေကို အချိန်မပြတ်ရိုက်ခတ်ပြီး
မင်းကို ငါဝါးမျိုပစ်နိုင်အောင် ကြိုးစားမယ်…
(ရေး။ ။ကိုရန်)

ကျောက်ဆောင်ကပြောတယ်
ပင်လယ်ကြီးရေ…
မင်းငါ့ကိုနေ့တိုင်းရိုက်ခတ်ဖြိုလှဲဖို့ ကြိုးစားနေတယ်
မင်းရဲ့ လှိုင်းလုံးကြီးတွေကြောင့် ငါ့မှာ ဒဏ်ရာတွေများနေပါပြီ.
ဒါပေမယ့် ငါဘယ်တော့မှ ဦးမညွှတ်ဘူး
ငါ့ရဲ့ ခိုင်မာတည်ကြည်တဲ့ မာန်မာနနဲ့ မင်းရဲ့စမ်းသပ်မှုတွေကို
ကြံ့ကြံ့ခံရပ်တည်သွားနိုင်အောင် ကြိုးစားမယ်
(ရေး။ ။ကိုရန်)

ပင်လယ်ကြီးရေ…
မင်းရဲ့မလျှော့တဲ့ ဇွဲလုံ့လကို ငါသိပ်အားကျတယ်.
ကျောက်ဆောင်ကြီးရေ…
မင်းရဲ့ ရဲရင့်ပြတ်သားတဲ့ ဘ၀မာန်ကို ငါလေးစားတယ်.
ငါ့ရဲ့ဘ၀လမ်းခရီးတစ်လျှောက်မှာ
ပင်လယ်နဲ့တူတဲ့ ဇွဲ
ကျောက်ဆောင်နဲ့တူတဲ့ ခိုင်မာမှုတွေကို
အသွေးထဲအသားထဲမှာ စီးဝင်နစ်မျောစေရင်း
နေ့တိုင်းပဲ ရိုက်ခတ်နေမယ်
ရိုက်ခတ်လာတာတွေကိုလည်း
ရင်ကော့ခေါင်းမော့လျက် ခံယူနေမယ်…
(ရေး။ ။ကိုရန်)

ညလည်းရောက်ရော
လရောင်အောက်မှာ ပင်လယ်က ဖြေးဖြေးလေးရိုက်လို့
ကျောက်ဆောင်က ခိုးခိုးခွီိခွီ ကျီစယ်ရင်းနဲ့

ပင်လယ်ကော ကျောက်ဆောင်ပါ ငြိမ်းငြိမ်းချမ်းချမ်း ဆော့ကစားကြသတဲ့..
လရောင်ရေ မင့်ကို အားကျတယ်....(ရေး။ ။ကိုတက်စလာ)

ပင်လယ်ရောကျောက်ဆောင်ရောက ပြောတယ်...
လမင်းကြီးရေ...

မင်းရဲ့ မေတ္တာရောင်ခြည်သွယ်တွေအောက်မှာ
ငါတို့နှစ်ယောက်ချစ်တင်းနှောခဲ့ကြတယ်
တကယ်ဆိုငါတို့တွေဟာ တစ်ယောက်ကိုတစ်ယောက်ချစ်ရက်နဲ့
နေရောင်ရဲ့ ပူလောင်မှုအောက်မှာ ရန်သူတွေဖြစ်ခဲ့ကြရတယ်
ခုလိုအေးချမ်းငြိမ်သက်တဲ့ ညချမ်းလေးမှာမှ
တစ်ယောက်အပေါ်ထားတဲ့ သံယောဇဉ်ကို တစ်ယောက်ကသိလာတယ်
လရောင်ရေ...
မင်းကို ငါတို့ သိပ်ကျေးဇူးတင်နေမှာပါကွာ...
(ရေး။ ။ကိုရန်)