Thursday, May 31, 2007

ငယ်ကျင့် (သို့ ) ကလေးဘ၀အမှတ်တရ

ဒီရက်ပိုင်းမိုးတွေ ရွာနေပြန်သတဲ့ ။ ဒါပေသိ ရုံးထဲမှာတင် အနေများတော့ ဘယ်လောက်ရွာလဲ ဘယ်အချိန်ရွာလဲတောင်မှ သေသေချာချာမသိရပါဘူး။ အိမ်ပြန်ချိန်ရောက်မှပဲ သြော် ရွာထားတယ်ဆိုတာလောက်ပဲ သိတာ။

မနေ့ကတော့ ရုံးကိစ္စအနေနဲ့ Fam trip တခုရဲ့ ဧည့် သည်တွေရဲ့ မြန်မာပြည်ခရီးတလျှောက် အတွေ့အကြုံရှင်းလင်းပွဲလုပ်လို့ Dusit Inya Lake Hotel မှာ ညနေ ၄နာရီလောက်သွားရတယ်။ ၅နာရီလောက်မှာ ရှင်းလင်းပွဲ ပြီးလို့ ဧည့် ခံကျွေးမွေးတဲ့ မုံ့ တွေစား ကော်ဖီသောက်ပြီး ပြန်တော့ ပေါ့ ။ car parking မှာ စောင့်နေတဲ့ ရုံးက car လာကြိုဖို့ ခေါ်ထားရင်းစောင့် နေတုန်း ဒီဟိုတယ်ရဲ့ restaurant နေရာကနေ လှမ်းကြည့် လိုက်တော့ အင်းယားကန်ကို မြင်နေရတဲ့ အခိုက်ကလေးမှာ မိုးတွေကလဲ ရွာထားတဲ့ အချိန် အုံ့ အုံ့ ဆိုင်းဆိုင်းနဲ့ ရာသီဥတုရယ် ကန်ရေပြင်ရဲ့ ဟိုးအဝေးတဘက်က ရှုမျှော်ခင်းရယ်ကို ကြည့် ပြီး လွမ်းနေမိတာလိုလို သတိရတာလိုလို ဘာရယ်ညာရယ်မဟုတ် ခံစားချက်က ရင်ထဲမှာနေရာယူပြီး ငေးတာ ငေးတာ ဘေးမှာ ကားသမားက အစ်မ ကျွန်တော်ရောက်နေပြီနော်ဆိုမှ လောကကြီးထဲကို လူကပြန်ရောက်လာတယ် (သတိဝင်လာတယ်လို့ ပြောတာ ဟဲဟဲ)

အဲလို ငေးတာနဲ့ ပါတ်သက်ပြီး ကလေးဘ၀တုန်းက အကြောင်းလေးသတိရမိသေးတယ်။ ကျမက ငယ်ငယ်ကထဲက အဖေအမေနဲ့ အတူတူ မအိပ်ဘူး။ ပုံပြောကောင်းတဲ့ အဘွားနဲ့ ပဲ သွားအိပ်ခဲ့ တာ။ အဘွားကလဲ အတူနေမြေးတွေထဲမှာ အကြီးဆုံးကျမကို အချစ်ဆုံးမလို့ အဘွားရဲ့ အူကျော် အသည်းကျော်ပေါ့ ။ အဘွားက သူသွားတဲ့ နေရာတိုင်း ကျမကို ခေါ်သွားလေ့ ရှိသလို ကျမကလဲ အဲလို လိုက်သွားတိုင်း တခုခု ၀ယ်ပေးဖို့ ပူဆာတတ်ခဲ့ တာ။အဲလိုနဲ့ တရက်မှာ ကျမကို အဘွားက ကလေးဆောင်းထီးလေး ၀ယ်ပေးပါရော။ ထီးကလဲ ရှိတော့ မိုးရွာတော့ မိုးရေထဲ ထီးလေးဆောင်းပြီး ထွက်ကြွားချင်တာမှ တပိုင်းကို သေနေရောပဲ။ ဒါပေသိ ဖျားမှာစိုးလို့ တဲ့ ကျမကို အိမ်ပြင်ပေးမထွက်ခဲ့ ဘူး။ ဒီတော့ အိမ်ရှေ့ လှေကားထိပ်ကနေပဲ လမ်းပေါ်က မိုးရေထဲ ဘောလုံးကန်တဲ့ သူတွေကို ထီးလေး ရဲ့ လက်ကိုင်ကိုင်းလေးပေါ် မေးထောက်ပြီး အပီအပြင် ငေးတော့ တာပေါ့ ။

မိုးတွေလဲ တိတ်သွားပြီ။ ကျမကတော့ လွမ်းတတ်တဲ့ အရွယ်မဟုတ်သေးတော့ ငေးရုံသက်သက်ပဲ ဖြစ်မှာပေါ့ ငေးကောင်းကောင်းနဲ့ ငေးလို့ မပြီးပါဘူး။
ဘေးက အဘွားက “မြေး မိုးလဲ တိတ်နေပြီ အဲလောက်ချည်းဘာတွေငေးနေတာလဲ” လို့ လာလဲ မေးရော ပြန်ဖြေဖို့ ပါးစပ် ဟမလို့ ဟလို့ လဲ မရတော့ ဘူး။ အဘွားကလဲ တွေ့ သွားပါတယ်။ “အမလေး ပါးစပ်ထဲ ထီးကောက်ကြီး ၀င်နေတယ်တော့ ။ ထုတ်လိုက်လေ” လို့ ဆိုပေမဲ့ ကြိုးစားထုတ်သော်ငြားလည်း ထုတ်လို့ မတတ် ၊ အဲဒီအချိန် အဖေကလဲ အိမ်မှာမရှိတော့ ထီးကောက်ကြီး ပါးစပ်ထဲ တန်းလန်းနဲ့ ဘေးအိမ်က ဆေးခန်းကို ရောက်သွားလေ သတည်းပေါ့ ။ ကဲ ငေးချင်ဦး ဟဲ့ မှတ်ပြီလား။ ဘယ်လို ထုတ်လိုက်မှန်း မမှတ်မိတော့ ပေမဲ့ အဲဒီကစလို့ ပါးစပ်ကတော့ ပိုပြဲ သွားသလားပဲ ဟဲ ဟဲ။(ပါးစပ်ပြဲပေမဲ့ အသံမကောင်းပါ။ သီချင်းဆိုပြလိမ့်မည်မဟုတ်နော်)

ကလေးဘ၀ ငယ်စဉ်တုန်းက အငေးလွန်လို့ ပေါက်ပေါက်ရှာရှာ ဖြစ်ခဲ့ တာလေးကို တိုက်တိုက်ဆိုင်ဆိုင် သတိရမိလို့ ပါ။ အခု ကြီးလာတဲ့ အချိန်မှာတော့ သတိလေးလက်ကိုင်ထားပြီး အဲလို မငေးမိတာတောင်ကြာပါပြီလေ။

Wednesday, May 30, 2007

ကျမ၏ ဘလော့ ဂ်အိမ်လေး (သို့ ) ချမ်းမြေ့ ရိပ်မြုံ

ချမ်းမြေ့ ရိပ်မြုံ အိမ်လေးတွေကို Home Sweet Home ဟု အမည်တပ်ကြသည်ကို တွေ့ ဖူးပါသည်။ ကျမ၏ ဘလော့ ဂ်အိမ်လေးကိုလည်း Blog Sweet Blog ဟု နာမည်ပေး ကင်ပွန်းတပ်လုပ်ရန် စဉ်းစားမိပါသည်။ ကျမ၏ ချမ်းမြေ့ ရိပ်မြုံ ဤဘလော့ ဂ် အိမ်လေးကို နာမည် မပေးခင် ဤအိမ်လေး ဖြစ်ပေါ်လာရခြင်း ကိုပြောပြချင် ပါသေးသည်။

မကြာသေးမီနှစ်များက ကျမတို့ ၏နိုင်ငံသည်လည်း သူများနိုင်ငံများစွာနည်းတူ ဆဲလ်ဖုန်းနှင့် ကွန်ပြူတာသည် ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် လူငယ်များ၏ အသက်သွေးကြောအဖြစ် ရောက်ရှိလာပြီး ကြီးမားကျယ်ပြန့် သော လူမှုဆက်သွယ်ရေး ကွန်ယက်ကို ဖြန့် ကျက်စေပါသည်။ ဆဲလ်ဖုန်းနှင့် အင်တာနက်တို့ သည် အကျိုးများစွာ ရှိကြောင်းကို လူတိုင်းသဘောတူကြပါသည်။ ဆဲလ်ဖုန်းကို ဆေးစွဲသလိုစွဲကာ သူငယ်ချင်းများနှင့် မပြတ်ဆက်သွယ် နေတတ်သော လူငယ်များရှိသကဲ့ သို့ အင်တာနက်ဖွင့် ပြီး မနက် ၃နာရီထိ ထိုင်ကြည့် တတ်သော သို့မဟုတ် အွန်လိုင်းသူငယ်ချင်းများနှင့် chatting လုပ်နေသော လူငယ်များလည်းရှိရာ မိဘများနှင့် ပညာရှင်များသည် ဤသို့ အချိန်ဖြုန်းနေကြသောလူငယ်များအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာပါသည်။

ကျမအနေဖြင့် မူ ဆဲလ်ဖုန်းလဲ အကြာကြီးမပြောချင်၊ chatting လုပ်ဖို့ လဲ စိတ်မ၀င်စား၊ အလုပ်ကလဲ များသည်မဟုတ်လား။ သို့ ပေမဲ့ ဖိုရမ်တခု၌ active member အဖြစ် ၀င်ရောက်ဆွေးနွေးလိုက် ကိုယ်မသိတာလေးတွေ သိသင့် သိထိုက်တာလေးတွေ ၀င်ဖတ်လိုက်နှင့် အချိန်ကုန်ခဲ့ ရာမှ ကိုယ်ပိုင် ၀ဘ်စာမျက်နှာ (web page) ဖွင့် ၍ ရုပ်ပုံများ၊ ဗွီဒီယိုများ၊ နေ့ စဉ်မှတ်တမ်းများ ဖန်တီးနိုင်ခွင့် ရှိသော ဘလော့ ဂ်(blog) သို့မဟုတ် weblog ဟုခေါ်သော အင်တာနက် ဆိုဒ်အများအပြားရှိကြောင်း သိလာရသည်။ ထိုသို့သော ဘလော့ ဂ်တခု ဖန်တီးစေခြင်း၏ ဆွဲဆောင်မှုမှာ မိမိသည် မည်သို့ သော လူစားဖြစ်ကြောင်းနှင့် မိမိ၏ ထင်မြင်ယူဆချက်၊ ခံစားချက်များကို ဖေါ်ပြခွင့် ရခြင်း၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်စေခြင်းတို့ ဖြစ်သည်။ ဤသို့ ဖြင့် ဖေဖေါ်ဝါရီလ၏ တစ်ရက်တွင် ကျမ၏ချမ်းမြေ့ ရိပ်မြုံ ဖြစ်လာမည့် ဘလော့ ဂ်လေးကို ဖန်တီးမွေးဖွါးခဲ့ ပါသည်။

ပထမစစချင်းတွင်မတော့ ဘာအကြောင်းရေးရမည်မှန်းလဲ ကျမမသိပါ။ သူများ blog တွေကို အရင်လိုက်ဖတ်ပါသည်။ ဓါတ်ပုံ၊ ပန်းချီ၊ ဒီဇိုင်းလှလှလေးတွေနှင့် blog တွေ၊ ကဗျာတွေ ခံစားချက်တွေ အရေးအသားကောင်းတဲ့ ၀တ္ထုတိုတွေနှင့် blog တွေ၊ အတွေးအခေါ် ကောင်းတွေနှင့် အထွေထွေဗဟုသုတရတဲ့ blog တွေ၊ သီချင်းတွေ ဟာသတွေ စာအုပ်တွေ ဝေမျှထားတဲ့ blog တွေ၊ up to date ဖြစ်တဲ့ စက်ရပ်သတင်းနဲ့ blog တွေ စသဖြင့် သူတို့ အသီးသီးရဲ့ blog တွေကို ဖတ်ရင်း သင်ယူရင်းနဲ့ ပဲ ကိုယ့် ဘလော့ ဂ်လေးမှာလဲ ကဗျာတွေ ရေးတယ်၊ ၀တ္ထုတိုတွေ ရေးပါတယ်။ နှလုံးသားနဲ့ ခံစားပြီးရေးတဲ့ အချစ်တွေလဲပါတယ်၊ အလွမ်းအဆွေးတွေလဲ ပါတယ်၊ ကြည်နူးစရာလဲ ပါတယ်၊ နေ့ တဓူဝ ကိုယ့် ရဲ့ လုပ်ငန်းဆောင်တာတွေလဲ ပါတယ်၊ ကိုယ့် ရဲ့ ဒိုင်ယာရီလဲ ပါတယ်၊ မြန်မာပြည်ထဲက စပ်မိစပ်ရာ အကြောင်းလဲ ပါတယ်၊ တခါတလေ သူငယ်ချင်းတွေ အကြောင်းလဲ ပါတယ်။ ဒီလိုနဲ့ တစတစ ကျမရဲ့ ဘလော့ ဂ်အိမ်လေးမှာ အခန်းငယ်လေးတွေ၊ အခန်းကျယ်လေးတွေ အစီအရီနဲ့ အပီအပြင်ရုပ်လုံးပေါ်လာတယ်။ တချိန်တည်းမှာ ဒီဇိုင်းလေးတွေ လှအောင်လည်း ကြိုးစားပြင်ဆင်ရတာပေါ့ ။

ကျမက လက်တွေ့ ဘ၀မှာ ကိုယ်ပိုင်အိမ်နဲ့ နေမနေရတာ မိဘတွေနဲ့ ခွဲနေကတည်းက ခုထိဆို ၉နှစ်တာကာလတောင် ကြာရှည်ခဲ့ ပြီဆိုပါတော့ ။(တမျိုးတော့ မထင်ပါနဲ့ လေ။ မန္တလေး ကနေ ရန်ကုန်မှာ လာနေတာ အဆောင်ပဲ နေဖြစ်တာမလို့ ပါ။) ဒါကြောင့် အိမ်လာလည်တဲ့ သူငယ်ချင်း အပေါင်းအသင်းဆိုတာ ဒီနေ့ ထိဆိုရင်တောင်မှ ဆယ်ယောက်မကျော်ပါဘူး။ ဒါပေမဲ့ အွန်လိုင်းမှာတော့ ကျမရဲ့ ကိုယ်ပိုင် ဒီဘလော့ ဂ်အိမ်လေးကို လာလည်ကြတဲ့ အပြင်လောကနဲ့ မခြား ရင်းနှီးနွေးထွေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ကတော့ ရာနဲ့ ချီတာမလို့ နဲနဲတောင် ဘ၀င်မြင့် စရာပါ။

ကျမရဲ့ ဘလော့ ဂ်အိမ်လေးက ဘာကြောင့် ကျမအတွက် ချမ်းမြေ့ ရိပ်မြုံလေး ဖြစ်ရသလဲ ဆိုတော့ ချစ်ခင်ဖွယ်ရာကောင်းတဲ့ ဧည့် သည်တွေလဲ လာတယ်လေ။ မုံ့ ကျွေးခိုင်းတဲ့ သူတွေလဲ ရှိသလို ကျမကို ရေခဲရေပဲတိုက်လို့ ကပ်စေးနှဲတယ် ထင်ပြီးပြောတဲ့ သူတွေလဲ ရှိတာ။ ဒါပေသိ အဲဒီလို ပြောခံရတာကိုက ကျမအတွက် နွေးထွေးစေတာပါ။ ကျမဘ၀မှာ အထီးကျန်ခဲ့တယ်ဆိုတဲ့ ခံစားချက်က လုံးဝမရှိတော့ သလောက် အရည်ပျော်ပျောက်ဆုံးသွားခဲ့ တာပါ။ ကျမရဲ့ ဘလော့ ဂ်အိမ်လေးမှာ ဧည့် ခံရေးသားထားတဲ့ ပို့ စ်လေးတွေကို “ဆက်ရေးနော်--- အားပေးနေတယ်”တို့ ၊ ဧည့်သည်တွေလာဖတ်လို့ အဆင်ပြေအောင် တနေ့ ထက်တနေ့ ပြင်ဆင်နေတာကို “ကြိုးစားနော်” တို့ ၊ “များများရေးနော်---စာရေးတာကောင်းတယ်” “ကဗျာလေးတွေ ကြိုက်တယ်” စတဲ့ စတဲ့ ချီးမွမ်းမှု၊ အားပေးမှု တွေအပြင် မသိသေးတာ မတတ်သေးတာတွေကို ဂရုတစိုက် သင်ပြပေးမှု။ ဒီလို လက်ဆောင်ပေါင်းများစွာကို ကိုယ်စီကိုယ်ငှ အပ်နှင်းသွားတဲ့ ဘလော့ ဂ်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စည်ကားပျော်ရွှင်ရတဲ့ ဒီအိမ်လေးကိုမှ ကျမရဲ့ ချမ်းမြေ့ ရိပ်မြုံ မဖြစ်ရင် ဘယ်ကမ္ဘာမှာမှ သွားရှာလဲ ထပ်တူတွေ့ စရာ အကြောင်းမရှိပါဘူးလေ။

စာအရေးအသားကောင်းလွန်းလို့ ကျမအားကျရတဲ့ ဘလော့ ဂါအစ်ကို တစ်ယောက်ဖြစ်တဲ့ ကိုကလိုစေးထူးက ပြောဖူးတယ် “ စာပေနယ်ဆိုတာ ဈေးတန်းကြီးတခုနဲ့ တူတယ်” လို့ ထင်မိပါတယ်တဲ့ ။ အဲဒီဈေးတန်းထဲမှာ ကော်ဖီဆိုင်လဲ ရှိ၊ ပန်းဆိုင်လဲ ရှိ၊ သစ်သီးဆိုင်လဲ ရှိ၊ အရက်ဆိုင်လဲ ရှိတာပေါ့ တဲ့ ။ ကော်ဖီဆိုင် ၀င်မလား၊ အရက်ဆိုင်ဝင်မလား သင်ကြိုက်ရာရွေးချယ်ပါ။ အရက်ဆိုင်မှာ လူစည်ကားတာတော့ မကောင်းလှပါတဲ့ ။

အဲဒီလိုပါပဲ ကျမတို့ ဘလော့ ဂါရပ်ဝန်းက ဘလော့ ဂ်အိမ်လေး တွေမှာလည်း စာရေးဆရာ၊ ကဗျာဆရာ၊ ကွန်ပြူတာပညာရှင်၊ ဆရာဝန်၊ ဂျာနယ်လစ်၊ tarot ဗေဒင်ဆရာ စသဖြင့် အိမ်ရှင်အသီးသီးရဲ့ ဘလော့ ဂ်အိမ်လေးတွေမှာ တည်ခင်းဧည့် ခံထားတဲ့ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတို(နှလုံးသား အာဟာရ ရသ)၊ နည်းပညာ နဲ့ သတင်းအချက်အလက်(သုတ)၊ အတွေးအခေါ်(သို့ ) အတွေးအမြင်၊ လူမှုဝန်းကျင်၊ ထွေရာလေးပါး စပ်မိစပ်ရာ ကွိစိကွစ ပို့စ်လေးများကို ဖတ်ရှုရင်း၊ ဝေမျှရင်း၊ ခံယူရင်း၊ ဝေဖန်ရင်း သင်ကြိုက်ရာ ရွေးချယ်လို့ လာလည်ဖို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုရင်း ဖိတ်ခေါ်ပါရစေ ချစ်မိတ်ဆွေရေ။

Tuesday, May 29, 2007

တောင်းပန်ခြင်း

ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေပြီး ပို့စ်အသစ်တွေ တင်ချင်ပေမဲ့
စိတ်သွားတိုင်း စက်မပါတာကတကြောင်း(pc connection နှေးလို့ )
ကြားဖြတ်အလုပ်တွေ လုပ်နေမိတာက တကြောင်းကြောင့်
ပို့စ်အသစ်တွေ မတင်နိုင်သေးလို့ လာရောက်အားပေးဖတ်ရှုတဲ့ ညီမလေး လင်းလက် အပါအ၀င် ဘလော့ဂ် မိတ်ဆွေအားလုံးကို တောင်းပန်ပါတယ်ကွာ

Mmblogbook အတွက်လဲ ဒီလ ၃၁၇က်နေ့ အမီ စာမူတွေ အပြီးဖတ်ပြီး recommend လုပ်ချင်တာကလဲ တရက်ကို အချိန် ၃၆နာရီ လောက် ရရင် ကောင်းမလားလို့
ဖတ်နေတဲ့ ဘလော့ ဂ်တွေကတော့
50 .
ခွန်မောင်၏် ( ဖတ်ပြီး )
51 .
ကလိုစေးထူး ( ဖတ်ပြီး )
52 .
A place to say something ( ဖတ်ပြီး )
53 .
ကိုတိုးရဲ့ ( ဖတ်ပြီး )
54 .
စည်းအပြင်ကလူ ( ဖတ်ပြီး )
55 .
ကြယ် ( ဖတ်ပြီး )
56 .
the Myanmar Blues ( မဖတ်ရသေး )

နောက်ရက်တွေကျ တ၀ကြီးတင်မယ်လေ။ ကဲ.. အဲဒီကြရင်တ၀ကြီးလာဖတ်နော်။

Monday, May 28, 2007

ကျမ၏တနင်္ဂနွေ

မနေ့ က မြင်သာမြို့ ဦးမိဘမဲ့ ကလေးကျောင်းကို လုပ်အားပေးပေါ့နော်။ အဲဒီကျောင်းအတွက် ဘလော့ ဂ်တစ်ခုဖန်တီးပေးထားပြီး ကျောင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဒီဘလော့ဂ်လေးမှာ up to date တင်နိုင်အောင် အဲဒီကျောင်းမှာနေတဲ့ ကျောင်းသားနှစ်ယောက်ကို သွားပြပေးဖြစ်တယ်။ မြို့ထဲကနေ နေ့လည် ၁၂နာရီ ခွဲလောက်မှာ၂၀၃စီးပြီး ၁နာရီ ၄၅လောက် ကျောင်းကိုရောက်တယ်။ ထုံးစံအတိုင်းမီးမလာလို့ တဲ့ မီးစက်နှိုးပြီး ကွန်ပြူတာသုံးရတယ်။ ကျောင်းသားက စိတ်ဝင်တစားနဲ့ လိုက်လံ မှတ်သားတာရော connection က dial up မလို့ နှေးတာရောကြောင့် သိသင့် သိထိုက်တာလေးတွေပြပေးရင်း ပို့စ်အသစ်တခု အစမ်းတင်ကြည့် ရင်းနဲ့ တင် ၄နာရီခွဲသွားတယ်။ ကျောင်းလေးက ဆင်းရဲပါသေးတယ်။ အလှူရှင်တွေလိုသေးတာပေါ့ ။

ကြည်နူးစရာတခုက ကျမ ဒီဘလော့ဂ်လေးကို ကိုယ်ဘာသာ ဧပရယ် ၃၀လောက်တုန်းက တင်ထားပေးခဲ့တာကို အမေရိကားက အလှူရှင်လောင်းတစ်ယောက်က တွေ့သွားပြီး ဖုန်းနဲ့ ဦးဇင်းဦးပညာစာရဆီကို ဆက်သွယ်လာပြီး အလှူ ငွေ မြန်မာကျပ်တစ်သိန်းလှမ်းလှူပါတယ်တဲ့ ။ ဒီအကြောင်းကို ဘုန်းဘုန်းကပြောပြတော့ ကျမ ဘယ်လိုဝမ်းသာကြည်နူးမိမှန်းတောင် ပြန်မပြောတတ်ပါဘူး။
ပြီးတော့ ကျမတို့ ပို့စ်အသစ်တခု အစမ်းတင်ကြတော့ ကျောင်းဆောင်သစ်ဆောက်ပြီးတဲ့ အကြောင်းလေး တင်ဖြစ်တယ်လေ။ ဒီကျောင်းဆောင်လေးပေါ့ ။
မေလ ၃ရက်နေ့ မှာ စတင်ဆောက်လုပ်ပြီး ၂၃ရက်နဲ့ အပြီး ကျောင်းဖွင့် ချိန်အမီလေ။ မေလ ၂၆ရက်နေ့မှာ ပြီးစီးပါတယ်။ အလျား ၇၂ပေနဲ့ အနံ ၂၅ပေရှိပြီး စာသင်ခန်း ၆ခန်းတွဲ တစ်ထပ်ကျောင်းဆောင်လေးပါ။ စာသင်ခန်း တစ်ခန်း ကို ကျောင်းသား ၃၀ကနေ ၄၀ခန့် သင်ကြားနိုင်ပြီး အလယ်တန်းကျောင်းသားတွေအတွက် အဆောင်သစ်ပါ။ ဒီနှစ်မှာ ၈တန်းထိလက်ခံပြီး ကျောင်းအပ်လက်ခံထားတာ မိဘမဲ့ ကလေး ကျောင်းအိပ်ကျောင်းစား ၁၇၄ဦးနဲ့ အပြင်အနီးတ၀ိုက်က လာတက်တာ ၁၁ဦး စုစုပေါင်း ၁၈၅ဦးရှိပါတယ်။ ကျောင်းဆောင်ဆောက်လုပ်ငွေ ကုန်ကျစရိတ်က ကျပ်ငွေ ၄၃သိန်းရှိပါတယ်။ ပြင်ပအလှူရှင်တွေရဲ့ အလှူငွေနဲ့ ကျောင်းရံပုံငွေတွေပေါင်းပြီး ဆောက်လုပ်တယ်လို့ သိရပါတယ်။ အဲဒီ ပြင်ပအလှူရှင်တွေထဲမှာ နှစ်ဆန်း၂ရက်နေ့ က မြန်မာကျူးပစ် အွန်လိုင်းသူငယ်ချင်းများ(ကျမတို့ အုပ်စု) ရဲ့ အလှူငွေတွေလဲ ပါတယ်လို့ ဘုန်းဘုန်းကပြောတော့ ဒီကျောင်းဆောင်သစ်လေးကို မြင်ရတာလည်းကြည်နူးရတာပါပဲ။
ကဲ သူငယ်ချင်းမိတ်ဆွေတွေရေ ဒီကျောင်းလေးရဲ့ ဘလော့ ဂ်လေးကိုလဲ သွားလည်ကြပြီး လှူချင်တဲ့ အလှူရှင်တွေကိုလဲ လက်တို့ လိုက်ကြပါဦးနော်။

Saturday, May 26, 2007

ငြီးချင်လို့ ပါ

မန္တလေးကနေချောပို့ ရောက်လာတယ်။ ရုံးလိပ်စာနဲ့မလို့ ရုံးကိုရောက်လာတော့ dining room ထဲရောက်နေလို့ လာပို့ တဲ့ အမြန်ချောပို့ သမားကို မတွေ့လိုက်ရဘူး။
ချစ်သောဖေဖေဆီက စာတိုလေးတစ်စောင်ပဲပါလာတယ်။
ညတုန်းက ဖုန်းပြောဖြစ်တုန်းကတော့ ဟန်းဖုန်းချိတ်ဖို့ လို့ ကျောက်စိမ်း ငါးရုပ်လေးထည့်ပေးလိုက်တယ်တဲ့။
ခုတော့ ဒီစာလေးကလွဲရင်ဘာမှပါလာဘူး။

ဘယ်လိုဖြစ်တာလဲ။ မန္တလေးကိုဖုန်းလှမ်းဆက်လိုက်တယ်။
ဘယ်သူရှိမလဲ။ တဦးတည်းသော ချစ်သောမောင်လေးပေါ့ ။
သူပို့ တုန်းကထည့်ပေးလိုက်တယ်တဲ့။ အာမမခံဘူးပြောတယ်တဲ့
ဒီလိုပဲ ပြောကြတာပဲဥစ္စာ။ ကိုယ်က ဘူးလေးဘာလေးနဲ့ သေချာထည့် ပေးရတာလေ။
ရန်ကုန်ကနေတောင် မန္တလေးကို ပစ္စည်းပေါင်း သောင်းခြောက်ထောင် ပုံစံမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ ပို့ ဖူးခဲ့ တာ မရောက်တာ တစ်ခါမှမရှိပါဘူး။
ဒါနဲ့ စာတိုက်ကို ပြန်သွားပြောခိုင်းလိုက်တယ်။ မရနိုင်မှန်းတော့ သိပါတယ်။
ပြောရရင်လဲ ကိုယ့်ပေါင်ကို လှန်ထောင်းသလိုမျိုးပဲ။
ဒီမောင်လေးတစ်ယောက်ပဲရှိပါတယ်။ မိန်းမရလို့ သမီးလေးတစ်ယောက်လဲ ၃နှစ်ရှိပြီ။ ခုထိ အိမ်စီးပွါးရေးကူလုပ်ပေးတာကလွဲရင် ဘယ်ကိစ္စမှ ရှောရှောရှူရှူမဖြစ်မြောက်ဘူး။ အားမရလိုက်တာလဲ မပြောပါနဲ့တော့ ။ ဒီလောက် တိုးတက်ပြီး ရှူပ်ထွေးပွေလီတဲ့ လောကကြီးထဲ သူဘယ်လိုများ မိသားစုအပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်မှာလဲနော်။
စာပို့ ၀န်ထမ်းတွေရော စာတိုက်ဝန်ထမ်းတွေရော သူတို့ ရဲ့ customer ဆက်ဆံရေးကလဲ ဘယ်တော့ များမှ နိုင်ငံတကာ အဆင့်မီ အရည်အချင်း အသိပညာ ၀န်ဆောင်မှုတွေဖြစ်လာမှာလဲ။ ခေါက်ရိုးကျေနေတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပဲ လုပ်ချင်ရာလုပ်ပေးလိုက်ကြတုန်းပါပဲ။
စာရိတ္တကိုတော့ မစွပ်စွဲလိုပါဘူးလေ။ တကယ်တန်းက ကိုယ့် မောင်လေးကိုယ်၌က သူ့သဘောနဲ့ သူ စာအိတ်ပိတ်ပြီးထည့် ပေးလိုက်ခဲ့တာကိုး။ ဘယ်သူမပြု မိမိမှုပဲပေါ့နော်။

သန်းခေါင်ယံညရဲ့ တမ်းချင်း

အသက်ရှုလိုက်တိုင်းမှာ
သတိရနေတာ မင်းကို ငါ…
စဉ်းစားလိုက်တိုင်းမှာ
ပေါ်လာတာက မင်းအကြောင်းတွေပါ…

သန်းခေါင်ယံညရဲ့ တမ်းချင်း
ကောင်းကင်မှာလဲ ကြယ်တစ်စင်း
ငါချစ်တာလဲ တစ်ယောက်ထဲ မင်းပေါ့ …

မင်းလိုရာဆောင်ကြဉ်း
ကြည်ဖြူစွာ အရာရာ ငါမငြင်း
မင်းအတွက် ထာဝရ ငါ့ ရဲ့ ချစ်ခြင်းပါ...

ပိုင်ဆိုင်လိုဖို့ မစဉ်းစားပါ
စေလိုရာသာ စေလိုက်ပါ
နေသာသလိုသာ နေလိုက်ပါ
ငါရင်မဆိုင်နိုင်တာ မေ့ ခိုင်းမှာကိုပေါ့ …

Friday, May 25, 2007

စကားထာဝှက်ကြမယ်

ဘလော့ဂ်ကိုလာလည်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရေ စကားထာလေးဝှက်ထားတယ်။အဖြေသိရင် comments ထဲမှာ ၀င်ရေးပေးသွားပါနော်။ဖွက်ထားတဲ့ အထဲမှာ မပါသေးတဲ့ မေးချင်တဲ့ စကားထာလေးတွေ ရှိရင်လည်း comments မှာပဲ ရေးသွားပေးနော်။ ပို့စ် ကို edit လုပ်ပြီး ထပ်တိုးပါ့မယ်။
မြန်မာစကားထာတွေကို ရွေးထုတ်တဲ့ အခါ တောင်ပေါ် သမပိုင်း အနေအထားနဲ့ နီးစပ်မှာကို စဥ်းစားရွေးချယ်ပါတယ်။ အပူပိုင်း အပင်နဲ့ အကောင်လွတ်ရမယ်၊ အပျို လူပျို ချစ်တင်းနှောတာနဲ့ ဆိုင်မယ်၊ ကလေးတွေကို ပျော်အောင်ပြောမယ်၊ လူကြီးချင်း ပညာစမ်းမယ်ဆိုတဲ့ စကားထာအမျိုးအစားတွေကို ရွေးပါတယ်။ အကြောင်းအရာတွေက (၁) တောတောင် သဘာဝ (၂) နေ့ စဉ်သုံး ပစ္စည်းဆိုင်ရာ (၃) သားငှက် (၄) လူ့ ကိုယ်ခန္ဓာနဲ့ (၅) အပင်တွေ ဖြစ်ပါတယ်။ ကဲ စပြီနော်။


သူ့ အပင်က တစ်ရုံကြီး၊ သူ့ အသီးက တစ်လုံးသီး။
သွားတော့ ခွေခွေ နေတော့ စင်းစင်း။
သေတ္တာထဲ ကြိုးခွေခွေ။
ငါ့ နွားတစ်ကောင် ဘို့ တစ်ထောင်။
မဖွတ်ဘဲနှင့် ဖြူ မခပ်ဘဲနှင့် ပြည့် ။
နွေခေါင်ခေါင်တွင် စောင်ခြုံထားသောမုန့် ။
တစ်အိမ်လုံး ကြမ်းပေါက်ကျွံကျပြီး ရေနစ်သောမုန့် ။
နေ့ တွင်ခွေ၍ ညတွင် အလုပ်လုပ်သူ။
အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်ကယူ၊ သုံးဆယ်က၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။
ကြည့် လေဝေးလေ၊ ဝေးလေကြည့်လေ။
တက်လေးစင်းနဲ့ အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။
သွားတော့ ကွေ့ ကောက်၊ မြင့် ရာကရောက်။
နွားနို့ တစ်မြူ ပြည်လုံးဖြူ။
နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။
နတ်သမီး အိမ်တိုင် ပိုးမဖေါက်နိုင်၊ ဖေါက်ပြန်တော့ လည်း တစ်ပေါက်ထဲ။
အမြင်နီး ခရီးဝေး။
စည်ကြီးတီး မျက်နှာမည်းကြီးငို၊ သေသူရှင် ပုန်းသူပေါ်။
မတီးပဲ မြည်။
ခုတ်လို့ မပြတ်၊ သတ်လို့ မသေ။
အိမ်ရှိပေမဲ့ လူမရှိ၊ လူရှိပေမဲ့ အသံ မကြားရ။
ကန်ထဲမှာရေ၊ ရေထဲမှာ မြွေ၊ မြွေခေါင်းမှာရွှေ။
ငမဲဖင် ငနီလျက်။
ငဖြူပေါ် ငနီထပ် ငဖြူအရည်ထွက်။
ငယ်စဉ်ကရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ ရိုက်၊ မာစေလိုလို့ မီးနဲ့ မြိုက်။
သားကရိုက်လို့ အမေငို၊ ၀မ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။
ကျိုးကျိုးကျည်မြည်လို့ လာ အိမ်ရောက်ခါမှ မေးထောက်ကာ။
ထမိန်လှန်၊ အမွှေးနှုတ်၊ အစေ့ စား။
ဖူးကနဲ ထောင်၊ ဖောင်ကနဲ လဲ၊ ရဲရဲ နဲ့ တွဲလွဲဆွဲ။
တက်ခွတော့ အော်၊ အော်ပြီးတော့ ထွက်။
ကျူပင်ကြို ကျူပင်ကြား လောင်းကလေးနဲ့ သွား(လောင်း=လှေငယ်တစ်မျိုး)။
အိမ်တော်သာလမ်း ၁၂ခန်း၊ တခန်းသုံးကျိပ် အပြည့် အိပ်၊ လေးပေါက်တံခါး ဖွင့်လျက်ထား၊ ၀င်ဖူးထွက်ဖူးပါရဲ့လား။
ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောင်္ကျား၊ မိုးပေါ်ပျံကာသွား၊ နတ်လား။
ကျွန်းတုံး ကြောင်လျှောက်။
မရောင်းရ အိုးနဲ့ ဖျာ။
ထန်းလျက်နှစ်လုံးပြူး။
ထန်းလျက် ငါးဆယ်သား။
ထန်းလျက် ရှစ်ဆယ်သား။
စံပယ်ဖူးစဆီးယောက်မ။
ကန်၏တန်ဆာ တံငါ၏လက်စွဲ။
ကောင်းကင်တန်ဆာ လူမလိမ္မာ။
အိပ်မပျော် ထိပ်ပေါ် ခဲကျ။
ခွေးလျားသီး ဘိုင်စကယ်။
ရှမ်းဘုရင် ကြွေနှစ်ပွင့် ၊ တံငါမင့် လက်သုံး။

မြန်မာ့ရိုးရာ စကားထာ

မြန်မာ့လူမှုရေးတွင် အရေးပါအရာရောက်သောနေရာမှ ပါဝင်ခဲ့ ဖူးသော စကားထာဝှက်ခြင်းဓလေ့သည်လည်း၊ စာပေလိုက်စားသူများထဲမှ လူအနည်းငယ်ထံတွင်သာ တည်ရှိပေတော့သည်။ ထိုနည်းတူပင် ကျောင်းသူကျောင်းသား အနည်းအကျဉ်းသာလျှင် စကားထာကို စိတ်ဝင်စားကြပေတော့သည်။ စကားထာဝှက်ခြင်းကို “ပန်းဖွက်သည်၊ ပန်းဝှက်သည်” ဟူ၍ လည်းခေါ်တွင် သုံးနှုံးခဲ့ ဖူးပေ၏။ ၀ှက်သော စကားထာတခုကို မဖြေနိုင်သောအခါ၌၊ မဖြေနိုင်ပါဘူးဟု ပြောရိုးမရှိပဲ “ပန်းပေးပါပြီ ” ပြောရသည်။
မြန်မာအမျိုးသမီးတို့ ၏ လက်ထဲတွင် ဗိုင်းမှုဝါမှု စသော ၀တ်ထည်ဖျင်စင်း ရက်လုပ်သည့် ရက်ကန်းပညာတည်ရှိနေချိန်က၊ စကားထာဝှက်သော ဓလေ့သည် များစွာ ထွန်းကားခဲ့ ဖူးပေ၏။
ပန်းဝှက်ဓလေ့ ကောင်းစားချိန်က အရွယ်ရောက်သော မိန်းမပျိုများသည် ညအချိန်၌ ၀ဲလင်းဆောင်တွင် အလုပ်လုပ်လေ့ ရှိကြ၏။ အလုပ်မှာ ၀ါဖန်ခြင်း၊ ၀ါကြိတ်ခြင်း၊ ဗိုင်းငင်ခြင်းနှင့်ချည်ချခြင်း စသော အလုပ်များ ဖြစ်ပေ၏။
ဝဲလင်းဆောင်သည် အိမ်ရှေ့ခြေရင်းပိုင်းတွင် ထုတ်ထားသော အဖီ၊ သို့မဟုတ် သီးခြားအဆောက်အအုံငယ် ဖြစ်ပေသည်။ အခြားသော အိမ်ထောင်ရှင် မိန်းမများနှင့်အရွယ်မရောက်သေးသော မိန်းကလေး များသည် ၀ဲလင်းဆောင်သို့ မလာကြပါ။ လုပ်ဆောင်ဖွယ်ရာများကို အိမ်မပေါ်တွင်သာ ဆောင်ရွက်ကြ၏။



“ဗိုင်းမှုဝါမှု ညီစေတုသို့ ၊ ဖန်ပြု ဖျစ်ကြိတ်အိမ်လုံးထိတ်မျှ၊ မဆိတ်မညံ ချည်ဝင့် သံလည်း၊ တရံမပြတ် ချားရဟတ်နှင့် ၊ ချည်သွတ်မချာ ချည်စာယူထ၊ မအားကြတည့် ။ ချည်ချ ချည်ရှယ် လုပ်ဖွယ်မပျက်၊ လက်ရက်ယဉ်ခုံ သုံးပါးစုံလျက်၊ ပြောဟုန်များစွာ ပြောက်ထိုးမှာလည်း၊ အ၀ါအရွှေ ပြာခြေဖြူနီ” ဟူသော ကိုးခန်းပျို့ ပိုဒ်ရေ ၁၄၇ တွင်ဖော်ပြသကဲ့ သို့ ပင် တစ်အိမ်လုံး အလုပ်များနေကြစဉ်၊ ကာလသားများသည် ပန်းများကို ခါးပိုက်တွင်ထည့်လျက် နှစ်သက်ရာအိမ်များသို့ လာကြပြီ။
သူတို့ သည် မိန်းမပျိုများရှိရာ ၀ဲလင်းဆောင်များသို့ ညစဉ် သွားရောက်ခဲ့ ကြ၏။ မည်သူ၏သမီး ၀ဲလင်းဆောင်ဆင်းပြီ၊ ဆင်းရတော့မည် စသော သတင်းများကိုလည်း နားစွင့် ထားသည့်အတွက် မည်သည့်အိမ်တွင် အပျိုရှိကြောင်းသိကြပေသည်။ ၀ဲလင်းဆောင်တွင်း၌ အလုပ်လုပ်နေသော မိန်းမပျိုကလည်း သနပ်ခါးကျောက်ပြင် ဆေးတောင်းနှင့် ရေအိုးများကို အသင့် ပြင်ထားသည်။ ထို့ ပြင် ငှက်ပျောရွက်ဖြင့် ခွေဝန်းထားသော ပန်းများကိုလည်း တောင်းတတောင်း၌ထည့် ထားသည်။
အိမ်မကြီးပေါ်မှ အသံများတစ်စတစ်စ ပါးလားချိန်တွင် ၀ဲလင်းဆောင်တွင်းသို့ ကာလသားများရောက်လာကြ၏။ သူတို့သည် သနပ်ခါးကျောက်ပြင်တွင် သနပ်ခါးသွေး၍ လိမ်းကြ၏။ ဆေးဗန်းအတွင်းမှ ဖက်နှင့် ဆေးစပ်ကို ယူကာ ဆေးလိပ်လိပ်ပြီး သောက်ကြ၏။ ရယ်စရာ မောစရာ ပြောကြ၏။
ထိုသို့ လှုပ်ရှား ဆောင်ရွက်သမျှကို ကြည့် ၍ မိန်းမပျိုက လူကဲခတ်သည့် နည်းတူ၊ အစ်ကို ကာလသားများကလည်း မိန်းမပျို၏ ၀ဲလင်းဆောင်တွင်း၌ ထားသိုပုံ၊ မျက်မြင် လှုပ်ရှား ဆောင်ရွက်နေပုံတို့တွင် မူတည်ကာ လူကဲခတ်ကြ၏။
ခဏအကြာတွင် “ပန်းဖွက်ကြမယ်” ဆိုကာ ခါးပိုက်ထဲမှ ပန်းများကို မိမိတို့ ရှေ့ တွင် ပုံလိုက်ကြသည်။ ပါဝင်လိုသူတိုင်း ပန်းထုတ်ပြီး ပုံကြသည်။ ပန်းဖွက်ရာတွင် အိမ်ရှင်ကို ဦးစားပေးရ၏။
အိမ်ရှင်မိန်းကလေးသည် မဖွယ်မရာ စကားထာများဖြင့် ပန်းဝှက်လေ့ ၀ှက်ထမရှိကြပေ။ ရောက်ရှိလာသော ကာလသားများအနက် မည်သူသည် ဗဟုသုတဖြင့် ပြည့် စုံသနည်းဟူသည်ကို ဥာဏ်စမ်းသော စကားထာများကိုသာ ၀ှက်လေ့ ရှိကြ၏။“ကျွန်မအသက် သပြေခက်၊ ရလဒ်စားခြေ တူပါစေ”
မိန်းကလေးသည် ၀ဲလင်းဆောင်သို့ ဆင်းရတော့ မည် ဆိုကတည်းက အစ်မ၊ မိကြီး မိထွေး နှင့် ပန်းဝှက်တော်သော မိန်းမများထံတွင် ချဉ်းကပ်နည်းနာခံခဲ့ ပြီးဖြစ်၏။ ကာလသားများကလည်း မိန်းကလေးနည်းတူ နည်းနာခံထားသူများပင် ဖြစ်ကြ၏။ သို့ အတွက်ဖြေနိုင်သူ ပါပေလိမ့် မည်။
ဖြေနိုင်၍ မှန်ကန်စွာ ဖြေကြားခဲ့ သော် ကာယကံရှင် မိန်းကလေးကပါ ပန်းတပွင့်စီ သို့မဟုတ် သတ်မှတ်ထားသော ပန်းပွင့် များ ပေးကြရ၏။ ကာလသားတွေ မဖြေနိုင်ပါမူ “ပန်းပေးပါပြီ နှမရယ်” ဆိုကာ မိန်းကလေး ရှေ့ သို့ ပန်းတွေ စုပုံပေး၏။စကားထာမှာ အမျိုးများစွာ ကွဲပြား၏။အထက်ပါ သင်္ချာဥာဏ်စမ်းစကားထာမျိုးအပြင် နဘေထပ်စကားထာ၊ ရိုးရိုးစကားထာ၊ နှစ်ဆင့် ဖြေရသော စကားလိမ် စကားထာနှင့် ပဟေဌိ စကားထာများ ရှိကြပေသေးသည်။
စကားထာဝှက်ခြင်း၊ သို့မဟုတ် ပန်းဝှက်ခြင်း အလေ့သည် တိမ်ကောခဲ့ ရာ၊ မှတ်သားစုဆောင်းသူတို့ ၏ ထုတ်ဖော်မှုကြောင့် စကားထာပုဒ်ရေ သုံးရာမျှမှာမူ စာအုပ်အဖြစ် တည်ရှိနေပေသေး၏။
စကားချပ်။ ။စာပေဗိမာန်ထုတ် “ဆင်ဖြူကျွန်းအောင်သိန်း” ၏ ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ(ပထမတွဲ) မှ ကောက်နှုတ်ဖေါ်ပြပါသည်။

Thursday, May 24, 2007

အသည်းကို ဆော့ ကစားမှ ပျော်ပါးမတဲ့ လား…

ချစ်ရတဲ့ ကောင်ကလေး
နင့် အကြောင်းတွေးရင်း ငါ့ မှာဆွေး

စိတ်ကူးထဲက နင့် ပုံရိပ်
ဖျောက်ရခက်လို့ ငါ မအိပ်
စိတ်ပျက်ရတဲ့ အိပ်ပျက်ည
အဖြေမရှိတာ သိပ်ခက်လှ

ပြောဖြစ်ခဲ့ တဲ့ စကားများ
ခုတော့ နင်က မေ့ ပစ်ချင်သလား

တွယ်တာမိတဲ့ သံယောဇဉ်
ငါ့ အတွက် ဒါက အပြစ်မမြင်
အပြန်အလှန် ချစ်ရင်ပေါ့ ……

အချစ်နဲ့ ဘ၀ရဲ့ အလျော်အစား
ငါ့ အသည်းကို ဆော့ ကစားမှ
နင် ပျော်ပါးမတဲ့ လား… ကောင်လေးရယ်။

ဒိုင်ယာရီရေ

နင် ငါ့ ဘ၀ထဲက ထွက်သွားပြီး
နင်မရှိတော့ တဲ့ နေ့တွေမှာ
ငါဟာ ငါ့ ကိုယ် ငါ အလုပ်မှာပဲ နစ်မြုတ်လို့
ပိုက်ဆံရရ မရရ လုပ်လို့ ရတဲ့ အလုပ်မှန်သမျှ
ငါ ရှာဖွေ လုပ်နေတော့ တာပေါ့ ။

ထမင်းစားတဲ့ အချိန်တိုင်းမှာလဲ
ငါနဲ့ တူမဲ့ ဟင်းကိုမှ တူအောင်လိုက်စားတတ်တဲ့
နင့် အကြောင်းတွေကို မေ့ထားလို့ ရအောင်ကြိုးစားရင်း
အရသာရှိရှိ မရှိရှိ ၀အောင်စားလို့
ကိုယ်အလေးချိန်တောင် တိုးလာသေးတာပေါ့ ။

ည ဘက်တွေရောက်တိုင်း
ငါတို့ ဖုန်းပြောနေကြ အချိန်တိုင်းမှာ
ပြောနေကြစကားလေးတွေကို သတိမရလေအောင်
တွေ့သမျှလူနဲ့ စကားတွေ ဖောင်ဖွဲ့ ဖို့ ကြိုးစားလိုက်တာ
ခုဆို ငါ့ မြင်ရင်တောင် ဝေးဝေးက ရှောင်ကုန်ကြပြီဟာ။

မုန်းလို့ မရ မေ့ လို့ မရ
နင့် ကို ချစ်ခဲ့ မိတဲ့ ၀ဋ်ဒုက္ခ
အပြစ်ရှိက ချစ်မိသမျှ
ငါ့ နှလုံးသားလေး နင်ပြန်ပေးခဲ့ ပါ။ ။

Wednesday, May 23, 2007

ကြင်နာလာမဲ့ တနေ့ နေ့ အတွက်

ချစ်သူ နင်အပြစ်ဆိုလဲ
ငါ အချစ်ပိုဆဲ

နင်စိတ်မလိုလဲ
ငါ အရိပ်လိုပဲ နေပါ့ မယ်

နင်မကြင်နာလဲ
ငါ ရင်နာနာနဲ့ ရှင်သန်ဆဲ

နင် ငါ့ ကို ထားရစ်ခဲ့ ဖို့ ကြံစည်လေလို့
ရှောင်ဖယ်လေသလား

နင် အမုန်းစကားတွေဆို
ငါ့ နှလုံးသားတွေ ငို

နင် ကြင်နာလာမဲ့ တနေ့ နေ့ အတွက်
ငါ ရင်ခုန်စွာနဲ့ တရွေ့ ရွေ့ ဘ၀ခရီးဆက်

ပန်းသီးတစ်လုံးပုံပြင်(သို့) ပိုင်ရှင်မဲ့ နံရိုး

ရင်ထဲကနှလုံးသားဟာ ပန်းသီးတစ်လုံးဖြစ်ခဲ့မယ်ဆိုရင်
ဘုရားသခင်ကတားမြစ်ထားလည်း
စေတန်ရဲ့ မြှောက်ပင့် ပေးမှုမပါလည်း
အာဒံကဧ၀ကိုကျွှေးသလို
တကိုက်ဖြစ်ဖြစ်ကျွေးလိုက်ချင်တဲ့သူလဲ တွေ့ ဖူးရဲ့

ဘုရားသခင် အသစ်တဖန် ဖန်ဆင်းလိုက်တဲ့
ခေတ်သစ်အာဒံလိုမျိုး
ကုန်ဈေးနှုံးနဲ့ လူနေမှုဘ၀ဒုက္ခတွေကိုကြောက်လို့
သူ့နံရိုးကို ဆာတေးလုပ်စားသလိုမျိုးသူလဲ တွေ့ ဖူးရဲ့

ငါကိုယ်တိုင်ကရော….. …
အချစ်တုတစ်ခုကို ကောက်ကိုင်ပြီး
စိတ်ကူးယဉ်မိန်းမောနေတုန်း
အပြစ်မိုးတိမ်တွေဆီက ကောင်းကင်မိုးတွေရွာချ
ဂုဏ်သိက္ခာမဲ့ တဲ့ မိန်းမ တစ်ယောက်မဖြစ်ရအောင်
အချစ်ကိုမေ့လက်စနဲ့ မေ့ ပစ်ရင်း
ထိတ်လန့် စရာ အတွေးတစ်ခုက
ငါဟာ ပိုင်ရှင်မဲ့ နံရိုးလေလား….. ….

Tuesday, May 22, 2007

“ကမ္ဘာကြီးကကျဉ်းတယ်တဲ့”

မတ်လ 29ရက်၊ 2007ခုနှစ်

ဘော်…ဘူ.. ရထားဥသြဆွဲသံနှင့်အတူ အတွေးတို့ကလဲ လွန်ခဲ့တဲ့ ၉နှစ်ကျော်ကာလဆီသို့ လွင့်မျောလျက်

မိုင်ပေါင်း ၄၀၀ကျော် ရှည်လျားတဲ့ ရထားသံလမ်းဘေးတလျှောက်မှာရှိတဲ့ စိမ်းစိမ်းစိုစို စပါးခင်းတွေ၊ ရှုမျှော်ခင်းတွေကလဲ အရင်အတိုင်းဖြစ်သကဲ့သို့ ……
ဒီရထားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ကျမရဲ့ မန္တလေးသို့ အပြန်ခရီးက ကျမအတွက် ဘာထူးခြားချက်မှပေးနိုင်စွမ်းမရှိပေမဲ့လဲ လွန်ခဲ့တဲ့ ၉နှစ်ကျော်တုန်းက ရန်ကုန်သို့ အလာခရီးရဲ့ မျှော်လင့်ချက်၊ တက်ကြွမှုတို့ကတော့ ဒီဘ၀မှာ ပြန်ရနိုင်စွမ်းမရှိတော့တဲ့ အရာတွေပါပဲ။


ရန်ကုန်ကို လာဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ လေးစားရတဲ့ ဆရာမတစ်ယောက်ကလဲ နွားခြေရာခွက်ထဲမှာပဲမနေသင့်ကြောင်း၊ တောမှာနေရင်တော့ သူကြီးကတော်ပဲဖြစ်မယ်၊ နေပြည်တော်ရောက်မှပဲ မိဖုရားဖြစ်မယ်တဲ့ ဆိုပြီးတွန်းအားပေးတာက တကြောင်းကြောင့် မိဘတွေဆီမှာ ခွင့်တောင်းဖြစ်တယ်။ လွယ်လွယ်ကူကူတော့ သွားခွင့်မပြုခဲ့ဘူး။ ညှိနှိုင်းမှုများစွာ ရယူပြီး ကတိအထပ်ထပ်ပေးပြီးနောက်မှာမှ ချစ်သောဖေဖေကိုယ်တိုင် ရန်ကုန်ကို ရထားနဲ့လိုက်ပို့ပေးခဲ့တယ်လေ။ တကယ်လို့သာ ရန်ကုန်မှာ သူနဲ့တွေ့ ပြီး ကျမဘ၀ရဲ့ အနာဂါတ်နဲ့အတူ ကျမဆီက ချစ်ခြင်းတရားတွေကို သိမ်းကျုံးယူဆောင်သွားမဲ့ သူတစ်ယောက်နဲ့ ဖူးစာဆုံမဲ့အကြောင်းသာ ကြိုတင်သိမြင်နိုင်ခွင့် ရှိခဲ့ရင် ကျမ ရန်ကုန်လာဖို့ ဆုံးဖြတ်ခဲ့မိမယ်မထင်ပါဘူး။

ခုတော့ ဒီလိုနဲ့ပဲ မျက်ကန်းတစ္ဆေ မကြောက်ဆိုသလို ရန်ကုန်ကို ရောက်လာခဲ့တယ်လေ။ ရန်ကုန်ရောက်တော့ မမအရွယ် သူငယ်ချင်းတစ်ယောက်နဲ့ အတူနေဖြစ်တယ်။ အဲဒီမမက xxx ကွန်ပြူတာ စင်တာမှာလဲ staff အနေနဲ့ရော သင်တန်းသူအနေနဲ့ရော ကြိုးစားနေချိန်မှာ ကျမကတော့ ဘာအလုပ်မှ မလုပ်ပဲ စနေ၊တနင်္ဂနွေ နှစ်ရက်မှာ အဲဒီမှာ သင်တန်းတက် weekdays တွေမှာ မအားလပ်ရအောင် အလေလိုက်တဲ့ အလုပ်တွေလုပ်ရင်း အလုပ်ရှုပ်တော့တာပါပဲ။ အဲဒီ I.A.D.C.S သင်တန်းတက်တာ ကျမ အပါအ၀င် မမရောဆို မန္တလေးက I.D.C.S အောင်ပြီးဆက်တက်တဲ့ မိန်းကလေးတွေက ၄ယောက်၊ ဒီအချိန်မှာ အပေါင်းအသင်းဖွဲ့ဖို့ မိတ်ဆက်လာတဲ့ ယောင်္ကျားလေး မိန်းကလေးတွေကလဲ အများသား။ ဒီထဲကမှ ချစ်စရာကောင်းတဲ့ သူ့ကိုတော့ ကျမတို့ အုပ်စုထဲက မိန်းကလေးတစ်ယောက်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက် အနေနဲ့ စတင် သိကျွမ်းရင်းနှီးခဲ့ပါတယ်။

ရန်ကုန်ကို ရောက်စ ကျမရဲ့ ရှေးဦးစွန့်စားခန်းတွေထဲမှာတော့ ဘတ်စ်ကားစီးခြင်းရဲ့ ဂန္ထ ၀င်မြောက် ဟာသအတွေ့အကြုံတွေလဲ ပါတာပေါ့။ မှတ်မှတ်ရရ အဖေပြန်သွားပြီး နောက်တနေ့မနက်မှာ မမနဲ့အတူ computer centre ကိုအလာ ၃၉ကားပေါ်မှာ တန်းကိုကိုင်ရကောင်းမှန်းမသိပဲ စတိုင်လေးနဲ့ မတ်တပ်ရပ်ပြီး ကားကအထွက် ဟန်ချက်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်နေတဲ့ မုတ်ဆိတ်ကုလားကြီးအပေါ်မှာ ဆိုက်ဆိုက်မြိုက်မြိုက် မှောက်လျက်ကြီးလဲသွားတော့ အားလုံးက ၀ိုင်းရယ်တဲ့အချိန် ရှက်ကိုးရှက်ကန်းနဲ့ တောင်းပန်ရင်း “ဟရေး၊ ကန်မရေး၊ ရားတယ်” ဆိုတဲ့ ကုလားကြီးရဲ့ အသံကိုလဲ ဒီနေ့ထိမမေ့ပါဘူး။ ၃၈ကားသေးရဲ့ နောက်ဖျားမှာထိုင်ရင်း အိပ်ငိုက်တုန်း ဘရိတ်ဆောင့်အအုပ် ထမင်းချိုင့် ပြုတ်ကျလို့ ဟင်းကောင်းလေးနဲ့ လွဲပြီး ထမင်းငတ်ခဲ့တာလဲ မှတ်မိပါသေးရဲ့ ။ Taxi နဲ့ computer centre ကို သွားတာတောင် ပန်းဆိုးတန်းလို့ ပြောရက်နဲ့ ဘယ်နားရပ်ပေးရမှာလဲမေးတော့ ဘယ်နေရာရပ်ခိုင်းရမယ်မှန်းမသိလို့ ပန်းဆိုးတန်းဘောတံတားမှာ ရပ်ခိုင်းမိပြီး ခြေလျင် လျောက်ခဲ့ရတာမျိုးလဲ ရှိပါသေးရဲ့ ။ ဒီလို မဟာ စွန့်စားခန်းတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျူရှင်တွေတက်ဖို့ ဘတ်စ်ကားတွေ အလီလီစီးရမဲ့ အရေးကိုတွေးပြီး မန္တလေးပြန်ချင်စိတ်ပေါက်လာတယ်။

ဒီအချိန်မှာ ကယ်တင်ရှင်မင်းသားလေးကတော့ သူ “xxx” ပါပဲ။ သူ့ မှာ စီးတော်ယာဉ်ရှိသတဲ့ ။ ကျူရှင်တွေကို သူလဲ အတူတူတက်မှာမလို့ အတူတူသွားကြရအောင်တဲ့။ ရေငတ်တုန်းရေတွင်းထဲကျသလိုပဲ ဖန်တီးလာတဲက အခြေအနေက ကျမတို့ နှစ်ယောက်အပါအ၀င် အားလုံး ၅ယောက်အုပ်စုက အတူစား၊ အတူသွား ကျောင်းအတူတက်၊ ကျူရှင်အတူတက်နဲ့ အင်မတန်အနေနီးလာကြတာပေါ့။ ပိုဆိုးတာတခုက ကျမတစ်ယောက်ထဲ ခွဲတက်ဖြစ်တဲ့ တခြားသင်တန်းတွေလေ။ computer နဲ့ ပါတ်သက်တဲ့ programming, networking certificate သင်တန်းတွေကအစ၊ ဘာသာစာကားနဲ့ ပါတ်သက်တဲ့ English, Japanese, Chinese Class သင်တန်းတွေအဆုံး ကြုံသလို သူအားတဲ့ အချိန်တိုင်း အပို့အကြိုလုပ်ပေးပါရော။ အဲဒီလို အချိန်တိုင်းမှာ သူ့ရဲ့ သူငယ်ချင်းတွေအားလုံးကို ပထုတ်ပြီး နှစ်ယောက်ထဲ ကားအတူစီးရင်း၊ စကားအတူပြောရင်း၊ ရင်းနှီးမှုတွေတိုးပြီး နားလည်မှုတွေဖလှယ်ရင်း ဖွင့်မပြောခင်က ခေါင်းညိတ်အဖြေပေးပြီးသား ချစ်သူတွေအဖြစ် ရောက်ရှိသွားတာ ဘယ်သူမှ မရိပ်မိကြဘူးလေ။ သူငယ်ချင်းတွေထင်နေတာက မရိုးသားတော့ရုံသက်သက်ပဲလို့။ ကျမတို့ နှစ်ယောက်က အနေအထိုင်ပိရိရုံတင်မက လက်မထပ်ရသေးခင် မကျော်သင့်သေးတဲ့ အဖြူရောင်စည်းလေးကိုလဲ မညစ်နွမ်းအောင် စောင့်ထိန်းဖြစ်ကြတယ်လေ။ ဖွင့်မပြောခင်က ခေါင်းညိတ်အဖြေပေးပြီးသား မိန်းကလေးတစ်ယောက်အနေနဲ့ အညှာလွယ်တယ်လို့ ထင်စရာဖြစ်မှာပါ။

တကယ်တော့ အဲဒီအကြောင်းတရားနှစ်ခုက တကန့်စီပါ။ ကျမတို့ နှစ်ယောက်က ရှေးစက်ဟောင်းရှိဖူးသူတွေဖြစ်မှာပါ။ ဒါကြောင့် တစ်ယောက်ရဲ့ အထာကို တစ်ယောက်က နောကြေနေသလိုမျိုးလေ။ သူက 'A' သွေးသမားဆိုတော့ မပိုင်ရင်ဘာမှ မလုပ်ချင်တဲ့သူမျိုး။ မိန်းကလေးက သူ့ကိုပြန်ကြိုက်လို့ 'Yes' ဆိုတဲ့ အဖြေရနိုင်မှ ရည်းစားစကားဖွင့်ပြောချင်တဲ့ သူမျိုး။ ကျမကလဲ ပွင့် ပွင့် လင်းလင်း 'B' သွေးသမား၊ အပိုအလိုမရှိ ကိုယ့်ဘက်က စကြိုက်ရင်တောင် ဖွင့်ပြောဖို့ရာ ၀န်မလေးပါဘူး။ မြန်မာပြည်မှာမွေးလာလို့သာ မိန်းမ အိနြေ္ဒရေ စောင့်ထိန်းရပေမဲ့ ကြိုးရှည်ရှည်လှန်ထားတတ်တဲ့ အကျင့် မရှိပါဘူး။ ဒီလိုနဲ့ ပဲ သူနဲ့ ကျမရဲ့ သံယောဇဉ်တွေ တစ်နှစ်ကျော်တော့ ၁နဲ့ ၁ပေါင်းလို့ ၂ ဖြစ်မလား၊ ၂ထက်ကျော်တဲ့ အခြေအနေတွေဖြစ်မလား ဆိုတာကို plan တွေချကြတယ်လေ။ ကျမတို့က အသက် ၂၀ ကျော်လေးတွေပဲရှိသေးတာမလို့ အနဲဆုံး နောက်ထပ် ရှစ်နှစ်၊ဆယ်နှစ် တော့ အပြိုင်အဆိုင်ကြိုးစားကြပြီးမှ လက်ထပ်ကြမယ်လို့ ဆုံးဖြတ်ကြတယ်။ ကျမတို့ အတူတူ ကျောင်းဆက်တက်ဖို့ နိုင်ငံခြားသွားကြမယ်တဲ့။ အရင်ဆုံးရွေးဖြစ်တဲ့ နိုင်ငံက အော်စီကိုလေ။ အဲဒီနှစ် June လောက်မှာ သွားကြရအောင်ပေါ့။ မှတ်မှတ်ရရ ဆုံးဖြတ်ချက်ချကြတာက ဖေဖေါ်ဝါရီလရဲ့ နေ့တနေ့ ၊ တိုက်တိုက်ဆိုင်ဆိုင် ကျမရဲ့ မွေးနေ့ မှာပေါ့ ။

ဒီနှစ်သင်္ကြန်မှာ သူတို့အိမ်က မဏ္ဍပ်ဆောက်မှာမလို့ အတူပျော်ဖို့ အစီအစဉ်လဲပါသေးတယ်နော်။ အဲဒီနေ့က သူတို့မိသားစုရဲ့ အိမ်အသစ်ဆောက်ထားတဲ့ ဘုရင့်နောင်ကခြံကိုလဲ သွားလည်ဖြစ်သေးတယ်။ interior ကလွဲရင် ကျန်တာအကုန်ပြီးသလောက်နီးပါးဖြစ်နေပါပြီ။ ကျမတို့နေကြမဲ့ အခန်းက ဘယ်အခန်း၊ ဘယ်လိုရှုခင်းကိုမြင်နေရပြီး ဘာရောင်ခြယ်ကြမယ်၊ ဘယ်ပစ်စည်းတွေ ဘယ်နေရာမှာ ထားကြမယ်ဆိုပြီး ငြင်းခုံခဲ့ ကြတာတွေလဲ သတိရနေဆဲ။ ပြန်တွေးကြည့်လိုက်တော့ အဲဒီ အချိန်တုန်းက ကျမတို့ ရဲ့ အနာဂါတ်က ပျော်စရာ အပြည့်နဲ့ပေါ့ ။
ဒါပေမဲ့ ကံကြမ္မာ က ကျမကို မျက်နှာသာ မပေးခဲ့ ဘူး။ ကျမရဲ့ အိမ်က မိသားစု ပြဿနာတစ်ခုအတွက်နဲ့ ကျမကို မန္တလေးအိမ်ပြန်ခေါ်ကြတယ်။

မတ်လ 29ရက်
သူနဲ့ ကျမ ဝေးသွားရမယ်လို့ ထင်မထားပဲ အိမ်ပြန်ခဲ့ရတယ်။ သင်္ကြန်မှာလဲ ရန်ကုန်ကို ပြန်မလာနိုင်သေးဘူး။ သူ့ ရဲ့ နိုင်ငံခြား ပညာသင်ခရီးကလဲ U.K ကိုပဲ သွားဖို့ ပြောင်းလဲ ခဲ့တယ်။ ကျမရဲ့ အိမ်အခြေအနေကလဲ U.K မပြောနဲ့ အော်စီတောင် မလွှတ်နိုင်တော့ တဲ့ အနေအထားဖြစ်သွားခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သော ဖေဖေနဲ့ မေမေက ကွာရှင်းခဲ့ ကြတယ်လေ။

September မှာ သူထွက်သွားပြီ။ ကျမကို နှုတ်ဆက်သွားတယ်။ ကံမကုန်သေးရင် ပြန်ဆုံ ကြဦးမယ်တဲ့ ။ ကျမလဲ မျှော်လင့်ထားပါတယ်။ ကမ္ဘာကြီးကကျဉ်းပါတယ်။ ပြန်ဆုံနိုင်မှာပါလို့။ အဲဒီတုန်းက ခရစ်သက္ကရာဇ် ၁၉၉၉ (ကျမတသက်လုံး အမုန်းဆုံး)

၂၀၀၀ ခုနှစ်ရဲ့ သင်္ကြန်မှာ သူအလည်ပြန်လာတယ်။ မန္တလေးအိမ် ထိလိုက်လာခဲ့တယ်နော်။ ဒါပေမဲ့လဲ ကျမတို့ လွဲကြပြန်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျမက မိုးကုတ်မှာ (၁၀)ရက် တရားစခန်းသွားဝင်နေတာလေ။ ၂၀၀၁ခုနှစ် မှာတော့ ရန်ကုန်မှာ သူ့ကိုလာစောင့်နေပါတယ်။ သူကတော့ ပြန်မလာခဲ့ဘူး။ မီးဝေးတော့လဲ ချိတ်မာသွားပြီလား။ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေသာ ကုန်သွားတယ်ချစ်သူရေ။ ၂၀၀၇ ဆိုရင် တို့တွေ ခွဲခဲ့ရတာ ၈နှစ်ရှိပြီပေါ့။ အလုပ်နဲ့ ဘ၀ထဲမှာအလွမ်းတွေကို သင်္ဂြိုဟ်ပြီး ချစ်ရတဲ့ သူ့ကို စက္ကန့်နဲ့ အမျှ သတိရဆဲပေမဲ့ ကံကုန်သွားလို့ ပြန်မဆုံနိုင်တော့ဘူး ထင်ပါတယ်။ သီချင်းလေးတစ်ပုဒ်မှာတော့ “ကမ္ဘာကြီးကကျဉ်းတယ်တဲ့” ။
ဒါပေမဲ့ ကျမကတော့ မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းတဖက်မှာပဲ ရပ်နေမိသလား မပြောတတ်တော့ဘူးနော်။

မန္တလေး-ရန်ကုန်အမြန်ရထားကြီးက ကျမရဲ့ မျှော်လင့်ချက်မဲ့တဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်သွားနေသလို........
ကျမရဲ့ ဘ၀ရထားကြီးကလဲ နှလုံးသားမဲ့တဲ့ ၀ိဥာဉ်နဲ့အတူ စက်ရုပ်ဆန်စွာ ခရီးဆက်ရင်းနဲ့ ...................

(ပြီးပါပြီ)

အများနဲ့မတူတမူထူးခြားသော အမူအကျင့် (၁၀) ချက်

ညီမလေး အိမွန်စိုးရဲ့ Tag လုပ်ခြင်းခံရတုန်းကပေါ့

၁) မုံ့စားရတာပဲကြိုက်တယ်။ အများကြီးလဲစားနိုင်တယ်။ ၃-၄ ရက်ထမင်းမစားပဲလဲ နေနိုင်တယ်။ဘူဖေးလိုမျိုးစားရင် ၂နာရီလောက်ကြာအောင် တအိအိနဲ့စားနိုင်တယ်။ Defrag Run ပြီး ဘူဖေးစားနည်းနိတ်သယီးထဲမှာပြောခဲ့သလိုပေါ့ စကားပြောလိုက် ထသွားလိုက်နဲ့လေ ဟီးဟီး

၂) နေ့တိုင်းကော်ဖီမသောက်ပဲ မနေနိုင်ဘူး။ အနဲဆုံး တရက် ၂ခွက်လောက်တော့ သောက်ရမှ။ပစ်စုပ်ပန်ကိုမေ့ပြီး မူးချင်တဲ့အခါ အရက်မသောက်ရရင်ကော်ဖီပြင်းပြင်း espresso လိုမျိုးကို သောက်တတ်တယ်။ (မူးရင်လဲ ရမ်းတတ်တယ်။ မကျေနပ်တဲ့သူတွေကို သဲနဲ့ပက်တာမျိုး အနားမှာရှိတာနဲ့ကောက်ပေါက်တာမျိုးလဲ လုပ်တယ်တယ်နော် သတိသာထား )

၃)ဆက်စီဖြစ်တဲ့ အ၀တ်အစားတွေဝတ်ရတာကြိုက်တယ်(တခါတလေ ခွေးတောင် လိုက်ဆွဲတယ် ကိုက်ချင်စရာကောင်းလို့ဖြစ်မယ်)

၎) အသုံးအဖြုန်းကြီးတယ် လုံးဝဈေးမဆစ်တတ်ဘူး(ပါသမျှအကုန်သုံးမိလို့ အိမ်ပြန်တော့ Taxi ခတောင် အိမ်ရောက်မှ ရှင်းလေ့ရှိဖူးတယ်) အဲဒါကိုကြောက်လို့ ထွက်ပြေးတဲ့ ရည်းစားလဲများပေါ့

၅) ပျော်ရင်ဖြစ်ဖြစ် ၀မ်းနည်းရင်ဖြစ်ဖြစ် ကဗျာတွေ သီချင်းတွေရေးတတ်တယ်။ (ကုလားကားတွေ သဘောကျလို့ ဟုတ်ဘူးနော်)

၆) လေးလေးနက်နက်ထားပြီး ချစ်တတ်တာ(ကိုယ့်စိတ်ကြိုက်နဲ့ ကိုက်တာတော့ မတွေ့သေး လျှောက်လွှာလက်ခံမယ်လို့ မစဉ်းစားနဲ့နော်)

၇) ဘယ်နေရာအသစ်ကိုသွားသွားဖြောင့်ဖြောင့်တန်းတန်းမရောက်ဘူးသေး
Taxi သမားများက အနီးဆုံး ကြုံသည့်နေရာတွင် ချထားပေးတတ်၍ သူငယ်ချင်းများမှ လာလာခေါ်ပေးရခြင်း )

၈ ) ဘာပဲလုပ်လုပ်၊ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုစိတ်ကြီးဝင်အကောင်းထင်လေ့ရှိခြင်း
(ကြွားလဲကြွား လေလုံးလဲထွားပါသည်)

၉) စဉ်းစားတွေးခေါ်မှုနှင့် နေပုံထိုင်ပုံ ရှေးဆန်လွန်းပါသည်(အ၀တ်အစား ခွေးမျက်စိနောက်အောင် ၀တ်ခြင်းမှလွဲ၍)

၁၀) ရယ်ရင်းနှင့် စိတ်ထဲတွင်ငိုနေတတ်၍ ငိုရင်းနဲ့လည်း စိတ်ထဲတွင် ပျော်နေတတ် ပါသည်။(အဲဒါ Secret နော်)

ပထမဆုံးမြန်မာပို့စ်

ဘလော့ဂါသက်တမ်း နှစ်လခွဲမှာ မြန်မာလို စရိုက်နိုင်လို့ အရမ်းပျော်နေတာပါ