Wednesday, December 26, 2007

အိမ်ပြောင်းရမယ်လေ..ပြီးတော့ ဟတ်ပီးနယူးရီးယားဗျို

ဘ၀ကမခိုင်မြဲဘူးလို့ ရန်ကုန်ရောက်စတုန်းက သူငယ်ချင်းတွေနဲ့ အတူ ငြီးလေ့ ရှိဖူးတဲ့ လက်သုံးစကားတခုပါ။
ရန်ကုန်ရောက်ရောက်ချင်း ကုန်ဈေးတန်းမှာနေတယ်။ တပါတ်ပဲကြာတယ်။ အလုံသစ်တောလမ်း(ပီကေ့အဒေါ်နေတာ) ပီကေ့ ကောင်းမှုနဲ့ အဲဒီလမ်းထဲ ပြောင်းနေဖြစ်တယ်။ တစ်လပဲကြာတယ်(အတူနေတဲ့ မမက သူ့ယောက်ကျားနဲ့ ပြန်ပေါင်းထုတ်လို့ :P )
အဲဒါနဲ့ပဲ လမ်းမတော်လမ်းက ဖေတို့ မိတ်ဆွေအိမ်မှာ တစ်လလောက်ကပ်နေလိုက်သေးတယ်။ နောက်တော့ ပွဲစားရှာပေးလို့ စဉ့်အိုးတန်းမှာ သုံးလလောက် ပြောင်းနေပြန်ရော။ နေတယ်သာပြောပါတယ် (နှစ်လလောက်က စာစုကျက်ဖို့ တက္ကသိုလ်ရိပ်သာလမ်းမှာ ငှားနေပြန်တယ်) စာမေးပွဲပြီးတော့ ရွှေတောင်တန်းမှာ အခန်းတခန်း(အိမ်ရှင်က သီးသန့် တခန်း) အဆောင်သဘောမျိုး ပြောင်းနေလိုက်သေးတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်အတွင်း အိမ်ပြောင်းတာက စုစုပေါင်း ခြောက်ခါ အိမ်ပြောင်းလိုက်တယ် ပီကေအပါအ၀င် သူငယ်ချင်းတစုလဲ အိမ်ပြောင်း ကန်ထရိုက်လုပ်စားလို့ ရအောင် အတွေ့အကြုံတွေ ရင့်ကျက်သွားလေသတဲ့။ ပြီးတော့ ဒီလိုခဏခဏ ပြောင်းရခြင်း အကြောင်းရင်းကို ဆန်းစစ်လိုက်တော့ ဘ၀က မခိုင်မြဲဘူးလို့ ခဏခဏပြောမိလို့ပဲ။ မသကာ ပြောင်းရရွှေ့ရတောင် Traders (ဘေးက မြက်ခင်းတဲ့ :P ) အဲလိုဆိုတော်သေးရဲ့။ ခုတော့ အဲလို မပြောင်းရွှေ့ချင်လို့ အဲဒီစကားကိုမပြောတော့ဘူး ပြင်လိုက်တယ်။ အမယ်လေး ဘ၀က ခိုင်မြဲလိုက်တာလို့ အဟက်ဟက်။ အဲဒါက ရန်ကုန်ရောက်စတုန်းက အဖြစ်လေးပါ(အရင် ၉နှစ်တုန်းကပေါ့)


ဒီ 2006၊ 2007 မှာတော့ တစ်နှစ်တစ်ခါလောက်ပဲ ပြောင်းရတော့တာပါ။ ဒီလ 10ရက်တုန်းက အိမ်က စာချုပ်ပြည့်တယ်လေ။ အိမ်ရှင်က ဆက်နေမနေ မေးတုန်းက နေမယ်ပြောထားပြီးမှ သူက အိမ်ခန်းက ရောင်းပစ်လိုက်တယ်။ ပြီးတော့မှ ပြောင်းပေးပါလားတဲ့။ အင်းလေ ဘယ်တတ်နိုင်မလဲ သူ့သဘောပေါ့။ ဒီလ 30ရက် နောက်ဆုံးထားပြီး ပြောင်းပေးမယ်လေ။ နောက်တစ်နေရာရှာပေါ့။ နေဘုန်းလတ်ကတော့ ပြောပါတယ် နေစရာမရှိ သူ့ အိမ်သစ်မှာ အဖီချပေးမတဲ့ (ဟွန့် မုန်းချရာကြီး သူများကို ကျီးဆွဲဆွဲ လင်းတနားနားပေါ့)
နောက်ပြောင်းမဲ့ အိမ်က အသစ်နေရာရှာတာမရတာနဲ့ သူများ နဲ့ သွား Join လိုက်တာ သုံးယောက်ပဲ ရမတဲ့။ တစ်ယောက်က နောက်သုံးလမှ နေလို့ ရမှာတဲ့။ ကျမနဲ့ အတူနေတဲ့ သုံးယောက်က ကျမလို အသိမိတ်ဆွေမများတော့လဲ (ကိုယ့်မှာ ခဏ သွားနေစရာနေရာရှိသေးတော့လဲ) သူတို့ သုံးယောက်ကိုပဲ အရင်ပြောင်းခိုင်းလိုက်တယ်လေ။ ကျမကတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာ သုံးလလောက်သွားနေဖြစ်ဦးမယ်။ အဲဒီသူငယ်ချင်းအိမ်မှာက နှစ်ထပ်လုံးမှ မိသားစု သုံးယောက်ပဲမလို့ တော်ပါသေးရဲ့ အားမနာရတော့ဘူး။ ကျေးဇူးလဲ တင်ပါတယ်။ မဟုတ်ရင် သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာလေး ကျမဘ၀ ခက်ရချည်သေးရဲ့ ဖြစ်ဦးမယ်လေ။


ဘာပဲဖြစ်ဖြစ် ရုံးအလုပ်အနေနဲ့ နိုင်ငံခြားဧည့်သည်တွေလဲ ဇန်န၀ါရီမှာ ခရီးတွေပြန်လာပြီဖြစ်တာက တကြောင်း ၀မ်းသာပြီး အလုပ်တွေရှုပ်နေရသလို အိမ်ပြောင်းဖို့ရာအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေတာကတကြောင်း ဇန်န၀ါရီတစ်ရက်နောက်ပိုင်းမှ ပြန်ဘလော့ နိုင်မှာဖြစ်လို့ အားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ကြိုတင် နှုတ်ဆက်ထားမယ်နော်။


To You All, Have a Most Happy and Prosperous New Year 2008! Byo.

2 comments:

သဉ္ဇာ - Thinzar said...

တစ်နှစ်ထဲမှာ ခြောက်ခေါက်တောင် ပြောင်းတယ်??? :O ပြောင်းကြမယ် ပျော်ကြမယ် လုပ်ခဲ့တာပေါ့။ အိမ်ပြောင်းနည်းလက်စွဲ ရေးလို့ ရပြီ။ သဉ္ဖာတော့ တစ်ခါတစ်ခါ အိမ်ပြောင်းဖို့ကို သေမလောက် ကြောက်တယ်။ :)

MYO HAN HTUN said...

ဘ၀မခိုင်မြဲလို့ စိတ်ညစ်နေတဲ့ ... မမယ်လိုဒီအတွက် ယတြာ ..

ဘ၀ခိုင်မြဲအောင် ယတြာအနေနဲ့ ခိုင်မာလာနှင်းဆီ သီချင်းကို --- ခိုင်မာဂစ်တာဖြင့် --- ခိုင်ထူးအသံအတိုင်း --- ခိုင်ခင်ဦး အမူအရာဖမ်းပြီး --- ခိုင်ရွှေဝါ ထီဆိုင်ရှေ့မှာ သွားဆိုပါ။ ပြီးရင် “အပိုင်သေချာတဲ့ ခိုင်ရွှေဝါ” ဆိုပြီး အကြိမ် ၁၀၀၀အော်နေရင်း ခိုင်မာလာနှင်းဆီ ဇာတ်ကားထဲမှ အကအတိုင်း ကပါ။ မုချ ခိုင်သွားအောင် ပေါက်သွားပါလိမ့်မယ်။