Saturday, December 22, 2007

ကြောက်စရာကောင်းတဲ့ ကျမအတွေ့အကြုံတစ်ခု

မနေ့ညက ရွှေမန်းသား ကိုချမ်းနဲ့ စကားပြောဖြစ်တော့ သူအိမ်မှာ လိမ်လိမ်မာမာကပ်နေတဲ့ အကြောင်းရင်း သိလိုက်ရတယ်။ 17ရက် ဒီဇင်ဘာတုန်းက လည်တုန်းပတ်တုန်း ကမုကို ရှောင်ရင်း ဆိုင်ကယ်မှောက်လို့တဲ့ ။ မန်းလေးကလူတွေ ဆိုင်ကယ်စီးလို့ မှောက်တာကတော့ မဆန်းပါဘူး။ မရှိမဖြစ်အတွေ့အကြုံတစ်ခုနီးပါးပါပဲ။ ကြီးကြီးဖြစ်ရင်တော့ မကောင်းဘူးပေါ့နော်။ ကိုချမ်းကတော့ မျက်ခုံးအစပ်နားမှာ စုတ်သွားလို့ လေးချက်ချုပ်လိုက်ရသတဲ့။ သနားပါတယ်။ တော်သေးတာက အနာရွတ်မကျန်နိုင်ဘူးဆိုတော့ မလှတမပတ ရုပ်ကလေးသနားကမားက ပိုရုပ်မဆိုးသွားလို့ပေါ့။ :P
အဟိ စတာပါ၊ စိတ်မဆိုးနဲ့နော် မကျေနပ်ရင် ပြန်စ ဟုတ်လား (နင်ပြောတဲ့ အတိုင်းပြောတာလေ)

ကျမလဲ ဆိုင်ကယ်မှောက်ဖူးတယ်။ အကြိမ်ပေါင်းမနည်းပေါ့။ ကြောက်စရာအကောင်းဆုံးတစ်ခေါက်ကတော့ 1999 အောက်တိုဘာလတုန်းက အဖြစ်လေ။

အဲဒီတုန်းက မန်းတက္ကသိုလ်ထဲမှာ သင်္ချာအဓိကနဲ့ ကျောင်းတက်တုန်း ညနေပိုင်းအားတဲ့ အချိန်လေးကို ဂျပန်စာ သင်ဦးမယ်လေဆိုပြီး လမ်း80၊ 12လမ်းနားက YMCA မှာ ဖွင့်တဲ့ Hito Japanese Language Center မှာ သင်တန်းသွားတက်ခဲ့တာ။ သင်တန်းချိန်က တနင်္လာကနေ သောကြာ၊ ညနေ 6နာရီခွဲကနေ 8နာရီအထိ။ အိမ်က မဟာမြတ်မုနိဘုရားကြီးနားမှာ။ အဲဒီသင်တန်းကို ဆိုင်ကယ်နဲ့ 5မိနစ်အမြန်နှုံးနဲ့ ရောက်အောင် မောင်းပြီး သွားနေကြ(သင်ခန်းစာတွေလွတ်မှာစိုးလို့လေ :P) ။ အဲဒီနေ့ကတော့ ဆွေမျိုးတွေလာတာနဲ့ ည 7နာရီထိ သင်တန်းမသွားနိုင်သေးဘူး။ ပျက်လို့ကလဲမဖြစ်တော့ နောက်ကျလက်စနဲ့ပဲ ဖြည်းဖြည်းတော့ သွားမယ်လေဆိုပြီး ထွက်လာလိုက်တာ 26လမ်းကျုံးထောင့် က မီးပွိုင့်မှာ မီးနီမိတုန်း သီချင်းလေး ညည်းရင်းနဲ့ မီးစိမ်းတာနဲ့ ဆိုင်ကယ်အထွက် မျက်နှာချင်းဆိုင်ကနေ အကွေ့ စက်ဘီးတစ်စီးက ကိုယ့်နောက်က ပြန်ပတ်လာပြီး ဆိုင်ကယ်အနောက်ကနေ ၀င်တိုက်တာ ခံလိုက်ရတယ်။ စအထွက်မှာ ဆိုင်ကယ်ကလဲ အရှိန်မရှိသေးခင် ဘယ်လိုဖြစ်ပြီး လဲသွားမှန်းမသိတာ ပြန်ထမယ်လုပ်မှ လူက မထနိုင်ဘူး။ တိုက်သွားတဲ့ စက်ဘီးကိုတော့ လှမ်းမြင်နေတယ်။ သူတို့က လမ်းထောင့်ကနေ ရပ်ကြည့်ပြီး အခြေအနေစောင့်နေပုံပဲ။

ဖြစ်ဖြစ်ချင်းမှာ သွေးပူနေလို့ နာကျင်ခံစားတာလဲမရှိပဲ ကြိုးစားထတဲ့အချိန် ဘေးကနေ သမီး မထနဲ့ မထနဲ့ ကျိုးနေပီ လို့ ပြောမှ ထူလို့ မရတဲ့ ခြေထောက်ကို ကြည့်ပြီး အံ့သြ မင်တက်နေမိတာ။ ယာဉ်ထိန်းရဲက ရောက်လာပါတယ်။ မူးနေပီးတော့ ပေါ့ ။ ညီမ အစကတည်းက ခြေထောက်မသန်တာလားတဲ့။ @x#$-! (အဟင့်  ဆဲချင်စရာကြီး ) အစကတည်းက ခြေထောက်မသန်ပဲ တစ်ယောက်တည်း မောင်းလာပါမလားလို့။ အဲဒါ အခုမှ ကျိုးတာဗျလို့။ သူက ကားတစ်စီးတားပီး ဆေးရုံပို့ပေးတယ်။ ကားပေါ်မှာတော့ ကျိုးသွားတဲ့ ခြေထောက်ရဲ့ နာကျင်မှုက ခံစားရတယ် အရိုးခိုက်တယ်ဗျ။ အဲဒီကျမှ အရိုးထိအောင် ဆိုတဲ့ ခံစားမှုကို နားလည်တာ။ ဆေးရုံက အရေးပေါ် OPT ကနေ အရိုးကုကိုပို့ပေးတယ်။ အိမ်ကိုအကြောင်းကြားဖို့ ဖုန်းနံပါတ်ကို ပေး၊ အရေးပေါ်ကားကို လူမပါပဲ အိမ်ကိုလွှတ်၊ ဆေးရုံမှာ ကိုယ်ဖာသာ register လုပ်(ထမ်းစင်ပေါ်ကနေ)။ ထမ်းစင်ထမ်းပြီး အပေါ် သုံးထပ်လားမသိဘူး သူတို့ ပို့ပေးတယ်။ ညင်ညင်သာသာထမ်းပေးအောင် အိတ်ထဲက အကြွေတွေ သူတို့ကိုပေး။ ဒီလိုနဲ့ ကုတင်တနေရာစာရ။ အိမ်ကလူကြီးတွေရောက်လာ၊ ယာဉ်ထိန်းရဲ လူကြီးတွေလဲ ရောက်လာ။ ခြေထောက်ကလဲ ရောင်ကိုင်းလာတာ ပုံမှန်ထက် သုံးဆလောက်ပိုကြီးလာတော အော် ဆင်ခြေထောက်ပေါ့။ ယာဉ်ထိန်းရဲတွေကမေးတယ် အသက် 18နှစ်ပြည့်ပီလား၊ လိုင်စင်ပါလား၊ ဆိုင်ကယ်ကရော လိုင်စင်နဲ့လား အကုန်စစ် ..စစ်..စစ်။ မီးပွိုင့်မှာ မီးနီဖြတ်သလား၊ နောက်ဆုံးတော့ ကိုယ်က ၀င်တိုက်တာဖြစ်ဖြစ် သူက ၀င်တိုက်တာဖြစ်ဖြစ် ဆိုင်ကယ်သိမ်းပါတယ်။ ယာဉ်ကြီးယာဉ်ငယ်အမှုပါတဲ့။ 3မှုစွဲပါတယ်။ ဆိုင်ကယ်ကို ပြန်ရွေးရပါတယ်။ ဟိုဘက်က ၀င်တိုက်တဲ့ စက်ဘီးနဲ့သူက နန်းတွင်းထဲကို မနေ့တနေ့ကမှ ပြောင်းလာတဲ့ တပ်ကြပ်ကြီးပါတဲ့ ။ နေမကောင်းလို့ ဆေးထွက်ဝယ်ပါသတဲ့။ သူ့ဘီး ဂွေကောက်သွားတာလဲ လျော်ရပါဦးမတဲ့။ အော် ကိုယ်က ကျိုးလဲကျိုး ၊ ရွေးလဲရွေး ၊ လျော်လဲလျော် ဆိုတော့ တော်တီးတီးတော်တဲ့ စနစ်လို့ပဲ ပြောချင်သဗျ။ ဘာပဲဖြစ်ဖြစ် တပ်ကြပ်ကြီးက သဘောကောင်းပါတယ် တစ်သိန်းထိမလျော်ပါနဲ့ တစ်သောင်းခွဲလောက်ပဲ ပေးပါတဲ့ ကြားက ညှိပေးတဲ့ ယာဉ်ထိန်းရဲတွေကို အားနာပြီးတော့ အလျော်ယူသွားရှာပါတယ်။ ကျေးဇူးတင်ပါတယ် ဦးဦးတပ်ကြပ်ကြီးရေ..။
(မှတ်ထားပါတယ် အနော့ဆိုင်ကယ်နဲ့ ၀န်ကြီး မာစီဒီးနဲ့တိုက်မိရင် ယာဉ်ကြီးယာဉ်ငယ် ဘယ်လိုအရေးယူမလဲဆိုတာကို မေးဖို့ ) (အဟီး စတာနော် အနော်မပါဘူးဗျ)

ဒါဏ်ရာကနာသဗျို။ ည 10နာရီလောက်ထိ ကြိတ်မှိတ်ခံစားရတယ်။ ချစ်သောဖေကလည်းအားပေးပါတယ်။ သမီးလေး မသေနိုင်တော့ပါဘူး မသကာ ဒုက္ခိတဖြစ်ရုံလောက်ပါတဲ့ ။ အဟီးးအီးးဟီးးးး.. နာရတဲ့ ကြားထဲ ဒုက္ခိတဖြစ်မှာတော့ ကြောက်တာပေါ့လို့။ ည 11နာရီကနေ 12နာရီထိ operation ခန်းထဲဝင်ပြီး ကျောက်ပတ်တီး စည်းပါတယ်။ ဓာတ်မှန်ရိုက်ပါတယ်။ ကျိုးတာက ၀ါးဆစ်ကျိုးသလိုမဟုတ်ပဲ စွေစွေလေး ကျိုးလို့ သိပ်ဆက်ဖို့ မသေချာလို့ နောက်တပတ်မှာ စတီးလ်ထည့်ပြီး seven hole plating လုပ်ခဲ့တယ်။ ချိုင်းထောက်နဲ့ သုံးလတိတိနေရတယ်။ တစ်နှစ်အတွင်း ဆိုင်ကယ်၊ စက်ဘီး ပြန်မစီးရဘူး။ သိပ်မဆော့နဲ့ အနေအထိုင်လဲ ဆင်ခြင်တဲ့။ နောက်တစ်နှစ်တိတိမှာတော့ ပြန်ထုတ်ခဲ့ပြီးပြီ။ စုစုပေါင်း သုံးကြိမ် operation ခန်းဝင်ခဲ့ရသဗျ။ ဒီကနေ့ တော့ ကျမ ပုံမှန် လူကောင်းအတိုင်းပါ။ ပြေးနိုင် ကန်နိုင်ပါတယ်(မယုံရင် လာခဲ့ ခါးစည်းအညိုဗျ)။ ချိစပ်စပ်စုစုကြီး စိုးဇေယျကတော့ ကျမစကတ်အတိုဝတ်လို့ အဲဒီဒဏ်ရာမြင်ရင် စပ်စုလေ့ ရှိပါတယ်။ ဒီလို အတွေ့အကြုံမျိုးကိုတော့ ဘယ်သူမှ မခံစားစေချင်ပါဘူး။ ဒီပို့စ်လေးနဲ့ အတူ ဆုတောင်းပါတယ် သူငယ်ချင်းအသိမိတ်ဆွေအားလုံး ဘေးဘယာတွေ ဝေးကွာပါစေ။ ကိုချမ်းဒဏ်ရာလဲ မြန်မြန်ပျောက်ကင်းပါစေလို့..

6 comments:

Chit Lay Pyay said...

ဖြစ်မှဖြစ်ရလေ စစ်ရယ်၊ တော်သေးတာပေါ့ အကောင်း အတိုင်းလေး ပြန်ဖြစ်လို့၊ စစ်ကိုလေ ပါးစပ်ထဲ ထီးရိုး ၀င် တဲ့ ပို့စ် ကတည်း ခင်နေတာ၊ ဖြစ်မှ ဖြတ်တတ်ပလေနော် ၊ ချစ်လို့ စတ စိတ်ဆိုးနဲ့နော်

Winkabar said...

တော်တော်ခံရလိုက်ရမယ်နော်အစ်မ။ ဖတ်ပြီးစိတ်မကောင်းဘူး။ တော်ပါသေးတယ်။ အားလုံးအဆင်ပြေသွားလို့။

Zin Ko Latt said...

ဖြစ်မှ ဖြစ်ရလေ မမီရယ်။ အဲဒီတုန်းက ကောင်လေးက အနားမှာ နေပြီး ပြုစုမှာပေါ့နော်။ ဟိဟိ။

Angel said...

ဝင်မရေးဖြစ်ပေမယ့် ပို့ စ်လေးတွေဖတ်ပြီးရယ်ရတာတွေရှိသလို
ကဗျာလေးတွေလည်းခံစားလို့ ရတယ်သိလားစစ်။
ဟုတ်ပ၊ဒို့ လည်း၁၉၉၇ တုန်းကမန္တလေးအလည်လာရင်းဆိုင်ကယ်
နဲ့ ကားနဲ့ ဝင်အောင်းဖူးတယ်ဗျ။ ကံကောင်းလို့ မသေတာ။ ကျေးဇူးနော်
သတိပေးတာ။
Angel

မီနီ said...

မမီ မသေကောင်း မပျောက်ကောင်းပဲ ... ဆိုင်ကယ်စီးတာကတော့ အန္တရာယ်များပါတယ်။ ဘယ်သူမှားမှား ကိုယ်ခံရတာချည်းပဲ။ ကိုယ်တိုင်လဲ ခြေမျက်စိအရိုးကျိုးဖူးတော့ ဘယ်လိုခံစားရလဲဆိုတာ ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တော့ ဒီတသက်ဆိုင်ကယ် မစီးဘူးလို့ ဆုံးဖြတ်ထားတယ် ... ကားမောင်းတာတောင် တော်တော်အန္တရာယ်များနေပြီ ... :-)

ခွန်မြလှိုင် said...

ကိုချမ်းရော မမီရော မသေကောင်း မပျောက်ကောင်းနော်.. 97 တုန်းက အနော်ရထာလမ်းက မီးပွိုင့်မှာ မီးနီတုန်း လမ်းဖြတ်ကူးတာကို မီးနီကို ဖြတ်မောင်းလာတဲ့ ပါဂျရိုး ဇီးရောင်က ၀င်တိုက်တာ လှိုင်တော့ လွင့်ထွက်ပြီး ပလက်ဖောင်းနဲ့ ရိုက်သဗျ.. အဲဒီ မော်တော် ပီကယ် ကလေ.. အဲဒီ ကားကို ဘာမှ မလုပ်တဲ့ အပြင် အလေးတောင် ပြုလိုက်သေး မမီရေ.. ခံပြင်းဖို့ ကောင်းပုံများ.. ဘယ်ရမလဲ အားကျ မခံ တက်စီငှားပြီး ကိုယ့်ဟာကိုယ် ဆေးခန်း သွားတာပေါ့ ဟွန့်