Friday, December 7, 2007

နှုတ်ခွန်းဆက်ခြင်း

ကျမတို့ လူသားတွေသည် ဘ၀အတွက် နေ့စဉ် လုပ်ငန်းတာဝန်များဖြင့် ရုန်းကန်လှုပ်ရှားနေထိုင်ကြရင်း လူ့ဘောင် အဖွဲ့အစည်းအတွင်းပါဝင် ပါတ်သက်နေရသည်မှာ ဓမ္မတာဖြစ်သည်။ တစ်ယောက်တည်း အထီးကျန် နေထိုင်၍မသင့်တော်ချေ။ လူတစ်ယောက်သည် ရက်(၆၀)ခန့် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စကားပြောဆိုရခြင်းမရှိလျှင် ယင်းလူ၏ စိတ်၊ ဦးဏှောက်သည် ပုံမှန်မဟုတ်ပဲ ဖောက်ပြန်သွားနိုင်သည်ဟု ဖတ်ဖူးပါသည်။

သို့အတွက် လူဖြစ်လာလျှင် ပါတ်ဝန်းကျင်နှင့် ကင်းကွာ၍မရပဲ အချင်းချင်း ရင်းနှီးခင်မင်စွာ ပေါင်းသင်းဆက်ဆံရပါသည်။ ထိုသို့ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးလာသည့်အခါ နှုတ်ဆက်ခြင်းသည် အသုံးဝင်လာပါသည်။ နှုတ်ဆက်ခြင်းသည် ရင်းနှီးမှု အတိုင်းအတာပေါ်မူတည်၍ ကွဲပြားခြားနားပါသည်။ တစ်ခါတစ်ရံတွင်မူ ရင်းနှီးလွန်းသော်လည်း အခြေအနေ၊ အချိန်အခါ၊ ရာထူး၊ ဂုဏ်ထူးပေါ်တွင် မူတည်၍ နှုတ်ဆက်ခြင်းကို သင့်တော်သလို သုံးရသည်လည်း ရှိပါသည်။
ဥပမာ- လုပ်ငန်းခွင်ပြင်ပတွင် သူငယ်ချင်းဖြစ်၍ တရင်းတနှီး နှုတ်ဆက်၍ ရသော်လည်း (ဘာသာစကားအသုံးတွင် plain form) လုပ်ငန်းခွင်အတွင်းတွင်မူ မိမိ၏အထက်လူကြီး အနေနှင့် ဆက်ဆံရသောအခါတွင် (polite form) ယဉ်ကျေးသမှုဖြင့် နှုတ်ဆက်ရသည်မှာလည်း လူ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်ပါသည်။


နှုတ်ဆက်ခြင်းတွင် စကားအရာဖြင့် နှုတ်ဆက်၍သော်လည်းကောင်း၊ အမူအရာ ဟန်ပန်ဖြင့် သော်လည်းကောင်း နှုတ်ဆက်၍ ရနိုင်ပါသည်။ နိုင်ငံနှင့် လူမျိုးပေါ်မူတည်၍ နှုတ်ဆက်သည့် စကား၏ အဓိပ္ပါယ်သည် လည်းကောင်း၊ ဟန်ပန်အမူအရာသည်လည်းကောင်း ကွဲပြားခြားနားလှပါသည်။
ဥပမာအားဖြင့် အာရှနိုင်ငံများသည် လက်အုပ်ချီ၍ နှုတ်ဆက်သည့် အမူအရာမှာ တူညီ၍ အနောက် ဥရောပနိုင်ငံများတွင် နမ်းရှုံ့ ခြင်းဖြင့် နှုတ်ဆက်သည့် အမူအရာများ တူညီနေတတ်ကြသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။

ကျမတို့ မြန်မာနိုင်ငံ၏ နှုတ်ခွန်းဆက်စကားမှာ မင်္ဂလာပါ ဟူ၍ဖြစ်ပြီး အခမ်းအနားတွင် စာအရေးအသားတွင် သုံးလေ့ ရှိသော်လည်း လက်တွေ့ အပြင်ဘ၀တွင်မူ သုံးခဲပါသည်။ နေကောင်းလား၊ အဆင်ပြေလား၊ ဘယ်လဲ စသည်ဖြင့်သာ နှုတ်ဆက်လေ့ ရှိကြပါသည်။ အမူအရာမှာလည်း လက်အုပ်ချီသည့် ပုံစံဖြစ်၍ ကျောင်းစာသင်ခန်းနှင့် တချို့ နေရာများတွင်သာ တွေ့ရပါသည်။ အဓိပ္ပါယ်မှာ ကောင်းခြင်းများ ကျရောက်ပါစေဟူ၍ ဖြစ်ပါသည်။

ဤကဲ့သို့ နိုင်ငံအသီးသီး လူမျိုးအသီးသီး၏ နှုတ်ဆက်ခြင်း ဓလေ့ ထုံးစံများကို စိတ်ဝင်စားစွာဖြင့် လေ့လာထားရန် ကျမတို့ ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သူများအတွက် အင်မတန် လိုအပ်ပါသည်။

များသောအားဖြင့်မူ နိုင်ငံခြားသားဧည့်သည်များနှင့် လက်ဆွဲနှုတ်ဆက်သည့် အတွေ့အကြုံသာ ရှိထားဖူးသော ကျမအတွက် လွန်ခဲ့သော လအနည်းငယ်က ခရီးတခု၏် ညစာစားပွဲ တခု၌ ဤသို့ ဤပုံ ကြုံလာပါသည်။

ဂျာမန်လူမျိုး GM တစ်ဦးနှင့် ကျမ၏အခန်းဖေါ် အန်တီတို့ နှုတ်ဆက်ကြသည်။
Hi …
Hi.. Mr.
လက်ဆွဲနှုတ်ဆက်ခြင်းမဟုတ်။ အန်တီ့ ပုခုံးကိုဖက် လူချင်းကပ်၍ မျက်နှာချင်းနီးသွားတာပဲ တွေ့လိုက်သည်။
အန်တီပြီးတော့ ကိုယ့်အလှည့် ။ သေပြီဆရာ။
ဘာလုပ်ရမှာပါလိမ့်။
Hi.., nice to meet you.
Hi.. Mr. nice to meet you too.
ကဲ.. လုပ်ချင်ရာသာလုပ်တော့ ..လူချင်းကပ်သွားပီးမှတော့ မျက်နှာကို ထိုးပေးလိုက်တယ်။ ပါးချင်းကပ်..ဘယ်တစ်ချက်၊ ညာတစ်ချက်။
အမလေး..တော်ပါသေးရဲ့။
ဒါက အန်တီဘေးမှာ ရှိနေလို့။
အန်တီသာ ရှိမနေရင် ဘယ်လို လုပ်ရပါ့။
Hi.. nice to meet you. Don't touch me, please. Or I don't like to do it.
ပြောမိမလားမသိဘူးလို့ အန်တီ့ကို ပြောပြမိတယ် (နောက်တော့မှနော်)
အန်တီက ပြန်သင်ပေးတယ်၊ အဲလို မပြောရပါဘူးတဲ့ ။ အဲလို ပြောမိရင် အင်မတန် ရိုင်းသွားပါပီတဲ့။ သူတို့က သူတို့ ယဉ်ကျေးမှုအရ (နှာဘူးထတဲ့ ပုံစံမဟုတ်ပဲ) အဲလို နှုတ်ဆက်တာကို ကိုယ့်ဘက်က ငြင်းတာမျိုးပြောပြီးလုပ်လိုက်ရင် အရမ်း နားမလည်တဲ့ သူလို ဖြစ်ပြီး ဆက်ဆံရေးမှာ အဖုအထစ်ရှိသွားနိုင်ပါတယ်တဲ့။
ကိုယ်က အဲဒီ အပြုအမူမျိုး မနှစ်သက်ရင်တော့ နောက်ကို တလှမ်းဆုတ်ပြီး လက်ကိုသာ လက်ဆွဲနှုတ်ဆက်ဖို့ ရာ ထိုးထည့် ပေးလိုက်ပါတဲ့။ ဒါဆို သူ့ဘက်ကလဲ သဘောပေါက်ပြီး လက်ဆွဲနှုတ်ဆက်ပါလိမ့်မယ်တဲ့။

ကျမက စာတွေ့မှာတော့ အဲဒီအကြောင်းတွေ လေ့လာမှတ်သားဖူးပါတယ်။ နဖူးတွေ့ ဒူးတွေ့ကတော့ ဒီတခေါက်မှ ကြုံဖူးလို့ တော်တော်လေး အတွေ့အကြုံရသွားပါတယ်။
သင်ပေးတဲ့ အန်တီကိုလဲ ကျေးဇူးတင်မိပါတယ်။ သူ့ရဲ့ ဟိုတယ် ၀န်ထမ်းတွေကိုလဲ သူက ကောင်းကောင်း သင်ကြားသွန်သင်ပေးနိုင်တဲ့သူပါ။

ပြောချင်တာက ခုလို နှုတ်ခွန်းဆက်ခြင်းအတွေ့အကြုံကို သိပြီးသား ကျွမ်းကျင်ပြီးသားသူတွေပဲဖြစ်ဖြစ် မသိသေးတဲ့ ညီမငယ်လေးတွေကိုပဲ ဖြစ်ဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ နှုတ်ခွန်းဆက်ကြရင်း လောကကြီးကို အလှဆင်နိုင်ကြပါစေလို့..

3 comments:

LIN LET KYAL SIN said...

အဟိ ကိုယ်ချင်းစာပါတယ် မမရေ ။ ညီမအတွေ့အကြုံတစ်ခုကတော့ IELTS ဖြေဖို့ ဒီမှာ ကျူရှင်တက်နေတုန်း ဘေးနားက အခန်းဖော်တစ်ယောက်က အခြားအခန်းက သူငယ်ချင်းအဖြူကောင်နဲ့ မိတ်ဆက်ပေးတော့ သူက ကိုယ့်ကို ပါးချင်းကပ်နှုတ်ဆက်မယ်လုပ်တော့ ညီမလည်း လန့်လန့်နဲ့ နောက်ဆုတ်ပြီးလက်ပဲထိုးပေးလိုက်တယ် .. ။ သူတို့ကတော့ ရီပြီး နားလည်ပေးပါတယ်.. ။ နည်းနည်းတော့ ရုပ်ပျက်သွားတာပေါ့ .. ။ အဲဒါ စလုံးရောက်ကာစက အဖြစ်အပျက် .. ။ အခုတော့ မိတ်ဆက်ပေးတိုင်း ကိုယ့်ဘက်ကပဲ ခပ်မြန်မြန်လေး လက်စတင်ထုတ်ပေးလိုက်ပါတော့တယ် :)

Mintasay said...

Hi.., nice to meet you....ဖြန်း....

MYO HAN HTUN said...

မှားတယ် ... ကျွန်တော် မောင်ကိုတိုး တွေ့တဲ့သူတိုင်းကို မင်္ဂလာပါ ဆိုပြီး နှုတ်ဆက်ပါတယ် .. ဗျာ။

အင်း ... ကျွန်တော်လည်း နောက်ကျရင် တွေ့တဲ့ မိန်းကလေးတွေကို ဂျာမန်ကြီးလို နှုတ်ဆက်ချင်လိုက်တာ ဗျာ .. ဟီး ဟီး

ကိုတိုး