Saturday, November 24, 2007

ကြင်နာသူအချစ်များဆေးဖက်ဝင်တဲ့ ဆေးပေါင်းခတဲ့ ည

ခေါင်းစဉ်ကြည့်ပြီး ကြွေတော့ မသွားနဲ့ လေ အဟဲဟဲ
ကိုညီထွဋ်ရဲ့ သီချင်းခေါင်းစဉ်ထဲက စာသားလေး ဆိုလိုက်တာပါ။

မြန်မာ့ရိုးရာ ပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်၊ သီတင်းကျွတ် မီးထွန်းပွဲတော် ပြီးရင် တတိယမြောက် အပျော်ရွှင်ရဆုံးပွဲတော်ကတော့ တန်ဆောင်တိုင် ပွဲတော်လို့ပဲ ခံစားမိပါတယ်။
သိတတ်တဲ့ အရွယ်ကစလို့ ကနေ့ထက်တိုင် တစ်နှစ်ပြီး တစ်နှစ် ပုံစံမျိုးစုံနဲ့ ပျော်ရွှင် သောင်းကျန်းခဲ့သမျှလေးတွေထဲက မှတ်မှတ်ရရ ရှိတာလေးတွေ ပြန်ပြောင်းအောက်မေ့ချင်ပါသေးတယ်။

သုံးလေးနှစ်တုန်းကတော့ တန်ဆောင်မုန်းလပြည့်နေဆိုရင် အိမ်ပေါ်ကနေ အဘွားက ပိုက်ပိုက်တွေကြဲတာ မှတ်မိသေးသလိုလို ရေးတေးတေး အတွေးထဲမှာ
၅နှစ်၆နှစ်ကနေ ၁၂နှစ်၁၃နှစ်ထိကျတော့ အရပ်ထဲက သက်တူရွယ်တူကလေးတွေနဲ့ အတူ အိမ်မှာရှိတဲ့ ဆန်ဝိုင်းတဲ့ စကောဗန်းသေးသေးလေးထဲ ကြက်သွန်နီ တစ်ဥနှစ်ဥထည့်လို့ ကိုယ့်ရပ်ကွက်ထဲမှာတင် “ပျော်ပွဲစားချင်လို့ပါခင်ဗျ” လို့ အိမ်ပေါက်စေ့လိုက်ပြိး အလှူခံကြတာ ပျော်စရာကောင်းသဗျ။
ညနေကျတော့ ရလာတဲ့ ဆန်တွေ အသီးအရွက်တွေကို ရေဆေးပြီး ဒန်အိုးဒန်ခွက်တွေ အပါအ၀င် လိုတာတွေကို ကိုယ့်အိမ်ကနေ ကိုယ်ပြန်ယူကြလို့ အုတ်နီခဲ သုံးလုံး ဖိုခနောက်ဆိုင်ပြီး ထမင်းတွေတည် ဟင်းတွေချက် ပျော်ပွဲစားကြတာလဲ ပျော်စရာဗျာ။
ညကျရင်တော့ ပိုက်ဆံကြဲတဲ့ အိမ်တွေရှေ့မှာ သွားလုကြ။ အိပ်ကပ်ထဲ စုထည့်ထား။ အိမ်ပြန်ကာနီးကြတော့ နင်ဘယ်လောက်ရလဲ ငါဘယ်လောက်တောင်ရလဲ ပျော်ရွှင်စွာနဲ့ အပြိုင်အဆိုင် ရေတွက်ကြ။ ပြီးတော့ သူ့အိမ် ကိုယ့်အိမ်က လူကြီးတွေက အိမ်တွေထဲမှာ ပိုက်ဆံဖွက်ပြီး လိုက်ရှာခိုင်းရင် ရှာလို့ ရပြီဆိုတာနဲ့ သူ့ထက်ငါ ဦးအောင် ခိုးကြည့်ထားတဲ့ နေရာတွေဆီ အပြေးအလွှားသွားရှာကြ။
ညကြီးရောက်လို့ အဘွားက လမ်းထဲမှာ ပံ့သကူ ပစ်ရင်လဲ လိုက်သွားပီး ဟိုနားလေး ထားပါလား ဒီနားလေး ထားပါလား ဆိုပြီး ဆရာကြီးလုပ် အကြံပေးရတာလဲ အမောပေါ့။ ဒါနဲ့တင် ပြိးသွားပီလား မမေးပါနဲ့ ည ၁၂ နာရီကျော်ရင် အိမ်ထဲကနေ ခိုးထွက်လာပြီး လမ်းထဲက ဟိုအိမ် ဒီအိမ်က ဆိုင်းဘုတ်တို့ ပန်းအိုးတို့ ခုံတို့ ကို ဒီကဟာ ဟိုပို့ ဟိုကဟာ ဒီပို့ နဲ့ သူခိုးကာလကို ကျော်ဖြတ်ရတာကလဲ အမော။ ညဦးပိုင်း လူကြီးတွေ အိပ်ကာနီးက ကျွေးတုန်းက ခါးလို့ မကြိုက်လို့ ဆေးဖက်ဝင်တယ်ဆိုပြီး ကျွေးတိုင်း ခေါင်းတခါခါ လည်တခါခါနဲ့ ငြင်းပြိး တဇွန်းထက်ပိုမစားခဲ့ တဲ့ မယ်ဇလီဖူးသုတ်ကလဲ ကြွတ်ကြွတ်အိတ် ဒါမှမဟုတ် ဇလုံနဲ့ ထည့်ယူလာတာကလဲ အဲဒီ လို မောမောကြီး အချိန်ကျတော့ မှ သူငယ်ချင်းတွေနဲ့ လုစားလို့ အရသာ ရှိမှရှိ မခါးနိုင် စားလို့မ၀နိုင်ဖြစ်တော့တာပဲ။

အသက်လေးရလာလို့ ၁၄နှစ် ၁၅နှစ်ကျ ရှက်တတ်လာတော့ ပျော်ပွဲစားခံထွက်တာမျိုးတွေ မလုပ်ကြတော့ဘူး။ ဒါပေသိ သူငယ်ချင်းတွေစုပြီး ဆိုင်ကယ်ကိုယ်စီနဲ့ ညနေဖက်တွေဆို မြောက်ပြင်မှာသွားပီး အလကားကျွေးတာတွေ စားကြသဗျ။ မန္တလေးမှာက အလှူအတန်း ရက်ရောသဗျ။ သိသိမသိသိ အဲလိုပဲ စတုဒိသာစားကြတာ ရှက်စရာမဖြစ်ပဲ ပျော်စရာကြီးဗျ။ မုံ့လုံးရေပေါ်၊ မုံ့ပစ်သလက်၊ ကြာဇံချက်၊ အသုပ်စုံ စသဖြင့် ရပ်ကွက်တော်တော်များများမှာ ကျွေးလေ့ ရှိကြတာပါ။ သွားစားပီး အဲဒီစားတဲ့ သူတွေအတွက် မုံ့ပြင်တဲ့ နေရာတွေနားက အပျိုကြီး အုပ်စုတွေနား ပိုက်ဆံတွေကြဲပေးခဲ့တာမျိုး၊ လမ်းတလျှောက်မှာ ဆိုင်ကယ်မောင်းရင်း လမ်းလျှောက်ထွက်ပြီး ပဲများများပေးနေကြတဲ့ အပျိုတွေနား ပိုက်ဆံတွေကြဲတော့ ကောက်လဲကောက်ချင် ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ သူတို့အနားက ရယ်သွားရတဲ့ ဖီလင်းတွေ ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး၊ ပျော်သဗျို။ သွားတာက အစ်ကိုတွေ မောင်တွေ သို့မဟုတ် သူငယ်ချင်းယောက်ကျားလေးတွေ များတော့ ကိုယ်ကလဲ မိန်းကလေးစတိုင်လ် မဟုတ်တော့ ၀ဋ်လည်ကာမှ လည်စေရောပေါ့နော် :P
ညပိုင်းတွေ ဆိုရင်တော့ ပစ္စည်းတွေ အပင်ပန်းခံရွှေ့ပြီး သူခိုးကာလကို မကျော်ဖြတ်တော့ဘူးဗျ။ နဲနဲ ပါးလာပီ ဆိုရမယ်လေ။ ဘာလုပ်လဲ ဆိုတော့ spray ဘူးတွေ ၀ယ်ထားပြီး ဟိုအိမ်မှာ သွားဖြန်း ဒီအိမ်မှာသွားဖြန်းလုပ်တာ။ သိပ်တော့ မကောင်းဘူးပေါ့နော်။ ဒါပေသိ ရယ်တော့ ရယ်ရတယ်။ တခါကဆို သူငယ်ချင်း ညီအစ်မနှစ်ယောက်အိမ်က ထုံးတွေ သဲတွေ ရောင်းတာကိုး၊ အဲဒီအိမ်သွားပြိး ညီမနှစ်ယောက်နာမည်နဲ့ ထုံး တစ်ပိဿာ ၅၀ကျပ် သဲတစ်ပိဿာ ၅၀ကျပ် ဆိုတဲ့ အစား ပပ တစ်ပိဿာ ၅၀ကျပ် စုစု တစ်ပိဿာ ၅၀ကျပ် ဆိုပြီး အရေးကောင်းလို့ သူ့အဖေကြီး မိသွားတာနဲ့ ထိုင်ထ အခါ ၅၀တောင် လုပ်ခဲ့ ရဘူးတယ်။ (မဟုတ်ရင် အိမ်မှာ လာတိုင်ပြောမယ်တဲ့ )

ဒီလိုနဲ့ ၂၀ကျော်သက်ရောက်တော့ ရန်ကုန်ရောက်လာပါရော။ ဘာတဲ့ ကျီးမနိုးပွဲတဲ့ အဟိ ဘယ်လိုနာမည်တပ်တပ် တို့ကတော့ ကဲမှာပဲ။
ဘာရမလဲ ကိုယ့် မန်းလေးကလို မှတ်လို့ ဦးပွကြီး အိမ်က ပန်းအိုးသွားမမိပါတယ် ရပ်ကွက်ရုံးရောက်သွားသဗျ။
ပြောမယ်ဆိုရင် အဲဒီလူကြီးက တလမ်းလုံးနဲ့ ဘယ်သူမှ မတည့်လို့ ပွကြီး အမည်တွင်သတတ် :P
အဲတော့ တော်ပါပီ ရွှေရန်ကုန်ရယ်။ 1998 မှာတော့ စတိတ်ရှိုးပဲသွားတော့မယ်။ ဒါနဲ့ ပဲ စတိတ်ရှိုးမှာ တိတ်တခိုးနဲ့ ကြင်နာသူ အချစ်များနဲ့ ဆေးဖက်ဝင်ဖူးတာ။
ဒန်တန့်ဒန် ခုမှ ဇာတ်လမ်းစတာ။ (-လို့မထင်ပါနဲ့ အဟတ်ဟတ်) ချစ်ချစ်က ကြိုမပြောလို့တဲ့ သူ့သူငယ်ချင်းတွေနဲ့ လစ်သွားတော့ ဘာရမလဲ သူငယ်ချင်းတွေနဲ့ စတိတ်ရှိုးကိုပဲ ဒိုးလိုက်တော့တယ်။ ဒီတော့ ကိုညီထွဋ်ကြီးနဲ့ ပဲ ဆေးပေါင်းခခဲ့ရသဗျ။ (ဒီပုံလေ ငယ်ငယ်တုန်းက နုစဉ်အခါက ကဲကဲတုန်းက)
ပြန်ကာကျတော့ ဗိုက်ဆာတာနဲ့ တရုတ်တန်းမှာတင် ထမင်းပေါင်းစားပြီး ပြန်လာခဲ့သဗျို။ (ထမင်းပေါင်းစားတဲ့ညပေါ့ )

ဆက်ရန်တော့ ကျန်သေးတယ်။ နောက်မှပဲ ထပ်ပြောတော့မယ်နော်..နော် မျှော်………

2 comments:

Anonymous said...

အင်း ... အဲ့ဒီညကျရင် .. အိမ်ကလူကြီးတွေကို ပေပါတို့၊ ပန်းအိုးတို့၊ အ၀တ်တွေကို အိမ်ထဲသွင်းဖို့ မြန်မာပြည်ကို ဖုံးဆက်လိုက်အုံးမယ် ..
:P

ကိုတိုး

Gu Gu said...

ဒီနှစ် ဆေးပေါင်းခတဲ့ညမှာ သယ်ရင်းတစ်ယောက်လဲ ဆေးပေါင်းခပြီး မှောက်သွားတယ်ဆိုပဲ... ကောင်းလေစွ...