Friday, October 26, 2007

ဟိုးတုန်းက အမှတ်တရ သီတင်းကျွတ်လပြည့်ည

အမှတ်ရဆဲပါ သူငယ်ချင်းတို့ရေ

အရင် 9နှစ်တုန်းက သီတင်းကျွတ်လပြည့်ညတညမှာ ငါတို့တွေ ပျော်ရွှင်ခဲ့ကြတာ ရင်သိမ့်တုန်ဖြစ်ခဲ့ ကြရတာတွေက မနေကတနေ့လိုပဲ အဖြစ်အပျက်တွေက လတ်ဆတ်ဆဲပေါ့။


အဲဒီအချိန်တုန်းက ငါက စဉ့်အိုးတန်းအလယ်လမ်းက မြေညီထပ် တိုက်ခန်းတခုရဲ့ ထပ်ခိုးလေးမှာ တစ်ယောက်တည်း နေခဲ့ တယ်လေ။
သီတင်းကျွတ် လပြည့်နေ့ ရဲ့ မနက် 6နာရီမှာ စာဒမ်နဲ့ သူ့ညီမ ချင်းချင်းက အိမ်က ကားနဲ့ ငါ့အိမ်ကို ရောက်လာပြီး နင်တို့ နှစ်ယောက်(KTY နဲ့ ဘိုကြီး ) အလာကို ငါ့အိမ်ကနေ စောင့်ခဲ့တာ။ နင်တို့ နှစ်ယောက်လဲ ရောက်ရော ငါတို့တွေကို ဘေးအိမ်တွေက ခရီးသွားမယ် အောက်မေ့နေပုံပဲ။ နှုတ်တောင်ဆက်သေး “သွားတော့မလားတဲ့ ” (သူတို့က ခရီးသွားမှာလားလဲ မမေးပဲ အထင်နဲ့ ရမ်းတုတ်တာကိုး)။ အားလုံးပေါင်း ငါတို့ 5ယောက်ပဲ ရှိတယ်နော်။ စိတ်ပုတ်တဲ့ ဟိုသုံးယောက်ကတော့ မန္တလေးနဲ့ မုံရွာကို ကိုယ်စီ ပြန်သွားကြတာလေ။

ငါတို့ရဲ့ သီတင်းကျွတ်လပြည့် holiday လေးစစချင်း မနက်စာ အရင် အတူသွားစားကြပြီး ဗျောက်အိုး၊ မီရှုးမီးပန်း နဲ့ မီးပုံးပျံတွေ တပွေ့တပိုက်ကြီး သွားဝယ်ကြတယ်နော်။ ပြီးတော့ ဘယ်သွားကြပါလိမ့်။ အယ်… သိပ်တောင် မမှတ်မိတော့ဘူးဟ။ (ပြန်ပြောကြပါဦး၊ ငါက အသက်နည်းနည်းကြီးလာလို့ မေ့တတ်နေပြီလေ :P ) ငါတို့တွေ တနေကုန် တနေခန်း မမောနိုင် မပန်း နိုင် ဘာတွေ လုပ်ကြပါလိမ့်နော်။ သြော် .. သီချင်းတွေ သွားဆိုကြသေးတယ် ထင်ပါရဲ့ (ထုံးစံအတိုင်းပေါ့ မဆုံလိုက်နဲ့ ဆုံတာနဲ့ ရေခဲမုံ့ စားမယ် ဆိုတာချည်းပဲ မိုက်ခဲတွေလေ အဟတ်ဟတ်) ဒါနဲ့ မြကျွန်းသာမှာ သွားဆိုကြတာ ထင်တယ်နော်။ ပျော်စရာကြီးလေ။ ညနေရောက်တော့ လူလဲ ညစ်ပတ်ပြီး ပင်ပန်းနေပြီ။ အိမ်ပြန်ပြီးတော့ ရေတော့ သွားမချိုးချင်ပါဘူး။ ပြန်ထွက်လို့ မရရင် ဘယ်လိုလုပ်ကြမလဲနော်။ ငါတို့ ရဲ့ မီးကစားမဲ့ ညပိုင်း အစီအစဉ်လေး ပျက်သွားမှာပေါ့ ။ ဒါနဲ့ တိုင်ပင်ကြပြီးတော့ IAD စာမေးပွဲ ( first term ) မဖြေခင် စာကျက်ဖို့ ငှားနေခဲ့ဖူးတဲ့ တက္ကသိုလ် ဆရာများ ရိပ်သာက အန်ကယ်ဦးဝင်းတို့ ဆီ သွားကြမယ်ဆိုပြီး တက္ကစီ ငှားပြီး သွားခဲ့ကြတာ။ စာဒမ်က သူ့ညီမလေး ပါလို့ အိမ်ကို ဖုန်းဆက်ရဦးမယ် ပြောပေမဲ့လဲ အပျော်တွေနဲ့ မေ့နေကြပြန်ရော။


အန်ကယ်လ် ဦးဝင်းတို့အိမ်ရောက်တော့ အန်တီခင်ကလဲ ကော်ဖီတိုက်ရုံတင်မက ထမင်းပွဲပါ ပြင်ကျွေးတော့ အဟင်းဟင်း.. ရေငတ်တုန်း ရေတွင်းထဲကျပေါ့။ အားပါးတရ စားကြ။ ရေချိုးကြ။ လန်းလန်းဆန်းဆန်းဖြစ်တော့ မီးပုံးပျံလွှတ်ဖို့ နေရာ စဉ်းစားကြတော့ အန်ကယ်လ်ဦးဝင်းက အာစီတူးထဲက ကွင်းပြင်ထဲကို လိုက်ပို့ပေးတယ်။ အဲဒီကွင်းကျယ်ကြီးထဲက အိမ်က သူစိမ်းဆိုရင်တော့ ပေးကစားမဲ့ ပုံမပေါ်ပေမဲ့ အန်ကယ်လ့် မျက်နှာနဲ့ တော့ ခွင့် ပြုပေးခဲ့တယ်။ ငါတို့ တွေ ငါးယောက်သား တပျော်တပါးကြီး ကစားခဲ့ ကြတာ။ ဒီပုံလေးတွေကြည့်တိုင်းပဲ ဖြစ်ဖြစ် သီတင်းကျွတ်လပြည့် ရောက်တိုင်းပဲ ဖြစ်ဖြစ် အမှတ်ရသတိရ တမ်းတမိဆဲ ငယ်ဘ၀လေးပါကွာ။



အစီအစဉ်က မပြီးသေးဘူးလေ။ တို့တွေ ပုဇွန်တောင် ရေကျော် ဘုရားပွဲကို ခြေလှမ်းဆက်ကြသေးတယ်။ အဲဒီမှာ လူတွေကလဲ ကြိတ်ကြိတ်တိုး။ လူမကွဲအောင် နင်တို့ ယောက်ကျားလေး နှစ်ယောက်က ရှေ့ပိတ်နောက်ပိတ် တိုးပေး စောင့်ရှောက်ပေးရတာပေါ့။ နောက် ငါတို့ ရဟတ်ကြီးစီးကြတယ်။ ချင်းချင်းက တော့ အောက်မှာ စောင့်ကျန်နေခဲ့တာ။ အမယ်လေး ရဟတ်ကြီး ကောင်းကင်မှာ အပေါ်ဆုံး အမြင့်ဆုံးကြီးရောက်တုန်း ငါတို့ ရဟတ်ကြီးရပ်သွားပီကွ။ အောက်မှာ ရန်ဖြစ်နေကြတယ်တဲ့ ။ စာဒမ်က သူ့ညီမလေးကိုလဲ စိတ်ပူနေရဲ့ ။ ညီမလေးက 9တန်းကျောင်းသူပဲရှိသေးတော့ ငယ်သေးတယ်လေ။ ပူရတာပေါ့။ ရန်ပွဲကို အထက်စီးကမြင်ရပေမဲ့ လူတွေများလွန်းလို့ ပုရွက်ဆိတ်တွေ ရန်ဖြစ်သလိုပါပဲ။
အဲဒါနဲ့ နှစ်ခေါက်မစီးတော့ ပဲ အောက်ရောက်တာနဲ့ အချိန်လဲ မရှိတော့ဘူး ည9နာရီကျော်ပြီဆိုပြီး အိမ်ပြန်ဖို့ ပွဲခင်းထဲက ထွက်ဖို့ ကြိုးစားကြတယ်။ ရန်ပွဲတွေကတော့ ဟိုနားတပွဲ ဒီနားတပွဲပါပဲနော်။ အရှေ့မှာ ရိုက်ပြီဟေ့ဆိုလို့ အနောက်ပြန်သွားရင် အနောက်မှာက နောက်ထပ် ရန်ပွဲတပွဲလေ။ မှတ်သွားပါပီ။ အဲဒီရေကျော်ပွဲကို နောက်တခါ ဘယ်တော့မှ မသွားတော့ဘူးလို့။


ဒီလိုနဲ့ လူရှင်းတဲ့ဘက်လမ်းတွေရွေးပြီး မြောင်းကြီးဘက်က ပတ်လျှောက်ပြီး တက္ကစီ ငှားပြီး ငါ့အိမ်ကို ပြန်လာကြတယ်။ လမ်းမှာ သတိရလိုက်ပါတယ်။ အိမ်တွေကိုလဲ ဖုန်းမဆက်ဖြစ်ကြတော့ ညကြီး 10နာရီကျော်ထိ အိမ်ပြန်မလာသေးတဲ့ ငါတို့ကို စိတ်ပူနေပြီ နေမှာပဲဆိုတာ။ ငါ့အိမ်လဲ ရောက်ရော ထင်တဲ့ အတိုင်းပါပဲ။ စာဒမ့် အိမ်က လိုက်လာတယ်။ သူတို့ သမီးငယ်ကို သွေးဆောင်ဖြားယောင်းပြီး ခေါ်သွားလို့ ရဲစခန်းမှာ အမှုဖွင့်ပြီး ငါတို့ကို ဖမ်းခိုင်းတယ် ဆိုပဲ။ ရောက်ရောက်ချင်းဆီးပြီး ဘေးအိမ်က လူတွေက အဲလိုပြောတော့ ငါတို့တွေ ဘယ်နေရာ ထွက်ပြေးပုန်းရမှန်း မသိအောင် ကြောက်လိုက်ရတာဟာ။ (တကယ်လို့သာ ကြောက်ကြောက်လန့်လန့်နဲ့ တို့တွေ တနေရာ ရှောင်ပုန်းကြမယ်ဆိုရင်တော့ အဟဲဟဲ….KTY ရေ နင်လဲ အော်စီရောက်နေမှာ မဟုတ်ဘူး။ ဘိုကြီးလဲ စလုံးမှာ နေနေရမှာ မဟုတ်ဘူးကွ။) နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ဘာလုပ်ရင်ကောင်းမလဲဆိုပြီး စာဒမ့်ရဲ့ နံပါတ်သုံး အဒေါ်ဆီ ဖုန်းဆက်မေးတော့ အမှုမဖွင့် ရသေးဘူး။ သူအာမခံပါတယ်။ သူ့အိမ်ပဲ ပြန်လာပါတဲ့။ အဟီး စန်ကော ကယ်လို့ ။ မနက်ကျမှ စာဒမ်တို့ သူ့အိမ်သူပြန်ကျတယ်။ အမယ်လေး ရင်ခုန်ရသော သီတင်းကျွတ်လပြည့်ည ပါပဲနော်။

အဲဒါ အရင် 9နှစ်တုန်းကလေ။
တခြားနှစ်တွေကတော့ ဒီထက်ပိုပြီး ပျော်ရွှင်ကြည်နူး ရင်ခုန်ရတာမျိုးမရှိခဲ့ဘူးလေ။

ဒီနေ့ညတော့ မသမာသူ လူတချို့ အဲလေ.. ခင်မင်သူ လူတချို့နဲ့ စုပြီး မီးပုံးပျံတွေ လွှတ်ကြဦးမယ်။
ဘယ်သူတွေနဲ့ ဘယ်နေရာလဲဆိုတာတော့ … မျှော်………

သီတင်းကျွတ်လပြည့်ညမှာ အဖေါ်စုံသူတွေရော မစုံသူတွေပါ မယ်လိုဒီတို့နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ပါစေလို့….

4 comments:

ပီကေ said...

ဟုတ်တယ်၊ ဟုတ်တယ်။ တော်သေးလို့ အဲဒီတုန်းက မန္တလေးပြန်သွားလို့။ နို့မို့ဆို သူတို့နဲ့အတူ တောခိုရမလားပဲ။
သားသား လူပေါင်းမှားတော့မလို့ သီသီလေးပဲ လိုတာတယ်။ အမေ့သား ရေတိမ်မြုပ်တော့မလို့ ကံကောင်းတယ် အမေရေ။

Aung said...

လွန်ခဲ့တဲ့ကိုးနှစ် မမီတို့ သီတင်းကျွတ်ကဲနေတဲ့ အချိန်ကျွန်တော်က အိမ်မှာ ခြေထောက်ကျောက်ပတ်တီးကြီးနဲ့ အနားယူနေတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ်ကောင်းကောင်းကဲမယ်ဆိုပြီး စိတ်ကူးထားတာ ကားတိုက်ခံရလို့ ဆေးရုံရောက်သွားတော့ သူငယ်ချင်းတွေကဲတာကိုပဲ နားထောင်ပြီး သရေကျရတဲ့ ဘ၀ရောက်သွားတယ်။ ၉၉ ကျတော့လည်း သိပ်ပြီးမကဲလိုက်ရပါဘူး။ အဲလိုနဲ့ ၂၀၀၀ သီတင်းကျွတ်ကနေ အခု ၂၀၀၇ သီတင်းကျွတ်အထိ ကဲခွင့်လေးတွေ လွတ်ခဲ့ရပြီလေ။ ဘယ်တော့မှ ရန်ကုန်မှာ သီတင်းကျွတ်ထပ်ကဲခွင့် ရမလဲ မသိ။ အဲ့အချိန်လောက်ကျရင်လဲ အဘိုးကြီးဖြစ်လောက်ပါပြီ။ :(

MELODYMAUNG said...

PK >> ကောင်စုတ်ပလုတ် အဲလောက် ပြောစရာလားဆို
မြီနီ >> စိတ်မကောင်းပါဘူး မီနီရေ။ ရန်ကုန်မှာ သီတင်းကျွတ်ထပ်ကဲခွင့်လေး အမြန်ရပါစေဆုတောင်းရင် ဒီည နင့် အစား ငါပိုပျော်ပေးမယ်လေနော် :)

မျက်လုံး said...

သီတင်းကျွတ်ကတော့ အမှတ်တရ လေးတွေ ကိုယ်စီ ရှိကြမှာပဲနော် သယ်ရင်း။ ကျွန်တော့်မှာတော့ သိပ်မရှိပါဘူးဗျာ။ ပြောရင် မိန်းမ ရိုက်မှာစိုးလို့ ဟဲ ဟဲ..