Thursday, September 13, 2007

အသည်း… ..မရှိတာပဲကောင်းမယ်

“မောင်”…
ဗြောင် ခေါ်ချင်ပေမဲ့လဲ
ယောင်လို့တောင် အခွင့်အရေးမရှိလို့
လက်မှိုင်ချ ငေးမောနေသူပါ..

မိုးလင်းကမိုးချုပ် အလုပ်များစွာရှုပ်လို့
လှုပ်မရတဲ့ လက်ရှိဘ၀မှာ
အသက်၀၀ ရှုလို့ မရရင်လဲ
မောင့် မျက်နှာ တ၀ကြည့်ဖို့ အရေး
ရောက်ရာအရပ်က အပြေးလာချင်သူပါ..

တွေ့နေမြင်နေရခိုက်
ဘ၀အမောတွေ ဘယ်လိုရိုက်ရိုက်
လောကဓံ အမိုက်မှောင်ကိုလဲ
ကြိုက်သယောင်ယောင် ထင်နေသူပါ..

အဖေါ်အဖွဲ့တွေကြားမှာ
တမင်တကာ အပျော်သဘောနဲ့
ရယ်ကာမောနေလည်း
အကြင်နာမှော်ရုံတောက ပြေးရသူမှာ
နာကျင်ကာလဲ မောနေဆဲပါ..

နိုးတ၀က် အိပ်ပျက်ခြင်းများစွာနဲ့
ခံစားချက်တွေ အုံကြွနေတဲ့
နှလုံးသားရပ်ဝန်းတခုရဲ့ ညနက်သန်းခေါင်အတွက်
ဒီလက်တွေကလဲ
ကဗျာတွေပဲ ဆက်သချင်သေးသတဲ့… …

သိတတ်တဲ့ ဦးဏှောက်မှာတော့
သံ.ဇ.ကာ. ခတ်
ခိုင်မာတဲ့ ကြိုးတမျှင်ကတော့
အ.ခါ.ခါ.အ.ထပ်.ထပ်. ရစ်ပတ်
တစတစနဲ့ မွန်းကျပ်လာတဲ့ ဒီအသည်း
နှစ်ခါမကွဲအောင်..
မရှိတာပဲ ကောင်းပါမယ်။

9 comments:

သန့်ဇော်မင်း said...

“မောင်”…
ဗြောင် ခေါ်ချင်ပေမဲ့လဲ
ယောင်လို့တောင် အခွင့်အရေးမရှိလို့
လက်မှိုင်ချ ငေးမောနေသူပါ..
တိ b တိ b. ဒါကြောင့် မမီက ဆီပုံးတွေမှာ "မောင်" လို့လိုက်ရေးနေတာကိုး... :P

မိုးလင်းကမိုးချုပ် အလုပ်များစွာရှုပ်လို့
လှုပ်မရတဲ့ လက်ရှိဘ၀မှာ
အသက်၀၀ ရှုလို့ မရရင်လဲ
မောင့် မျက်နှာ တ၀ကြည့်ဖို့ အရေး
ရောက်ရာအရပ်က အပြေးလာချင်သူပါ..
ဒါဆို ဒီလိုလုပ်... မျက်နှာလေးကို ဗီနိုင်းထုတ်ပြီး မျက်နှာကျက်မှာ ကပ်ထားနော်...။
အသက်ရှူတိုင်း ခေါင်းကိုမော့မော့ပြီးရှူ... :P

ဒီအသည်း
နှစ်ခါမကွဲအောင်..
မရှိတာပဲ ကောင်းပါမယ်။
အဲ... ဟုတ်တယ်... မရှိတာကောင်းတယ်။ ဒါဆိုရင် B တွေ C တွေလည်း ကြောက်စရာ မလိုတော့ဘူး...

မမီရေ.. စိတ်မဆိုးနဲ့နော်.. အပျော်ပါ။
ကဗျာလေး တကယ်ကောင်းတယ်ဗျာ။
ခံစားချက်တွေကို သီကြွေးတော့
ဒီအရေးတွေက တအားကိုကောင်းတာဗျို့။

“မောင်”… လို့ တရားဝင်ခေါ်ခွင့် အမြန်ဆုံးရပါစေဗျာ....

ဂျစ်တူး - gyit_tu said...

မယ်လိုဒီရေ.. ဒီကဗျာလေး သိပ်ထိ ။ ဒါနဲ့ မောင် ဆိုတာ ဘယ်သူလဲ မေးတော့ဘူးနော်း)

ကဗျာလေးက ခံစားချက်အများကြီးနဲ့ ၊ ၀ိုင်းခံစားပေးရင် အရမ်းနှစ်သက်သွားတယ် ။

thamudayanwe said...

ဟာ..ကောင်းပြန်ပြီ..
အရမ်းကြိုက်တယ်...
လွှတ်ကောင်းတယ်..
ဂျပန်လိုဆိုရင်..
ဆုငေါအိ..ဆုငေါအိ..

pandora said...

ဟေး ခုတလော သံဇကာခတ်ချင်တဲ့လူတွေ တဘ၀စာမျိုသိပ်ပြီး အင်ဖာနတီထိ ရွက်လွှင့်ချင်တဲ့လူတွေ ချည်းပါလား။ ခက်တယ် ခက်တယ်.. (ဘယ်လို မြှောက်ပေးရပါ့)

ညီညီ(သံလွင်) said...

မမီရေ.. ခပ်ရဲရဲသာ ခေါ်ပစ်လိုက်.. ။ မြှောက်ပေးနေတာ။ :)

စိုင်းစိုင်း said...

အသဲမရှိတာတော့ လုပ်ပါနဲ့ဗျာ..
မောင် ဆိုတာလေးကို ဗြောင် မြန်မြန်ခေါ်နိုင်အောင်.. ကိုသန့်ရဲ့ ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်းလေး စမ်းစိပ် ကြည့်ပါလား မမီ... အကြောင်းထူးရင်ပြန်ပြောအုံးနော် ကျနော်လည်း လိုက်စိပ်ရအောင်လို့ပါဗျာ. အဟိ

ညလေး said...

“မောင်” လို့
ယောင်လို့တောင်
ဗြောင်မခေါ်ချင်တော့ဘူးလား ခင်

အခွင့်အရေးဆိုတာ
ခင့်အတွက်သာ တစ်ယောက်တည်းမို့
ရဲရဲတင်းတင်း ခေါ်လိုက်ပါခင်

ခင်ခေါ်ရင် ဗျာ ထူးရမယ့် မောင့်အရေး
ခင်လေး မခေါ်နိုင်တော့
မောင်တစ်ယောက် လက်မှိုင်ချကာ
မျောက်ထိုင်ထိုင်ပြီး
ဠင်းတမှိုင် မှိုင်နေမိတာပေါ့ ခင်

s_potato said...

“မောင်”…
ဗြောင် ခေါ်ချင်ပေမဲ့လဲ
ယောင်လို့တောင် အခွင့်အရေးမရှိလို့
လက်မှိုင်ချ ငေးမောနေသူပါ..

တို့ကတော့အဲလို ဟုတ်ဘူး။ပြောင်ခေါ်မယ် "မောင်" မမယ်လိုဒီမောင်ကိုခေါ်တာနော်

MELODYMAUNG said...

ဒီကဗျာလေး အားပေးကြတာကို ကျေးဇူးတင်ပါတယ်
သက်ဆိုင်သူကတော့ မသိတာကခက်တယ်
ဘယ်သိမှာလဲ သူက စိတ်ကူးထဲမှာပဲနေရတာကိုး ဟက်ဟက် :P