Wednesday, September 12, 2007

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ

UK ကသူငယ်ချင်းဘလော့ဂါတစ်ယောက်ရဲ့ ချစ်မေမေ မနေ့က ဆုံးသွားတယ်
သူခံစားနေမှာ အတွက်လဲ ထပ်တူတွေးပူပြီး ၀မ်းနည်းနေမိတယ်။


မိုးကုတ်က တပည့် ဘလော့ဂါတစ်ယောက်လဲ လူခေါ်မေးခံရ၊ စက်တွေ အသိမ်းခံရနဲ့ (ကောလဟာလမှာ) အထိန်းသိမ်းခံရသလိုလိုတောင် ကြားမိတော့ စိတ်ပူ ၀မ်းနည်းရပြန်ရော။


အခြေအနေပြည့်စုံရက်နဲ့ အထီးကျန်နေတဲ့ ရန်ကုန်က မွေးစားညီမလေး ဘလော့ဂါတစ်ယောက်ကိုလဲ ဘယ်လိုမှမအားလို့ အားပေးနှစ်သိမ့် မှုတွေ မလုပ်နိုင်တော့လဲ သူမလေး ၀မ်းနည်းအားငယ်နေမှာလား ဆိုတာကို တွေးပူ စိုးရိမ်နေမိပြန်ရော။


စီမီနာအတွက်နဲ့ တက်ခဲ့တဲ့ သင်တန်းအတွက်လဲ ကုန်ကျစရိတ်တွေများသွားလို့ ပိုက်ပိုက် မကျန်သလောက်ဖြစ်သွားတာလဲ စိတ်ညစ်နေရပြန်တယ်။ (ကိုယ့်ကိုယ်ကို လဲ သနားလို့)


စီမီနာအတွက် live show blog အမှတ်တရ တင်ထားတာမှာလဲ အမည်လိမ်၊ အမည်မဖေါ်ပဲ အဆဲခံရလားခံရလို့ ရင်နာစရာကောင်းပါသေးသတဲ့။


ဒီဘလော့ ဂ်စီမီနာကြီးလုပ်ခဲ့လို့ ဘလော့ဂါတွေ အကျိုးထိခိုက်သလိုလို (ဘန်းခံရတာတို့ ခေါ်ယူမေးမြန်းခံရတာတို့ စသဖြင့် ) ကောလဟာလတွေနဲ့ အပြစ်တင်တာ ကွိကွ ဖြစ်ကာ သွေးခွဲချင်တာတွေကြောင့်လဲ စိတ်ရှုပ်မိပြန်ရဲ့။


မပန်ကတော့ပြောပါတယ်.. ပြီးခဲ့တာတွေ မှားလားမှန်လား တွေးတောပူပန်နောင်တရဖို့ အချိန်မရှိပါ. ရှေ့ဆက်ရဦးမယ် ငါတို့ ဆက်ချစ်ကြမယ်.. တဲ့ ။ လူတွေက နားလည်ကြပါတယ် ပြည်ပဘလော့ဂါတချို့နဲ့ ပြောဖြစ်တယ် သူတို့နားလည်တယ် လုံးဝ အပြစ်မတင်ပါ. ကိုယ့်ချင်းချင်းကို ပြေလည်အောင်နေပြီး နှစ်သိမ့်ရမှာ။ အကျိုးအပြစ်ဆိုတာ နေရာတိုင်းမှာရှိတာပဲ.. အပြစ်တင်တွေးတော နောင်တရဖို့ အချိန်မရှိပါ.. ဆက်လုပ်ဖို့တောင် စဉ်းစားဖို့ အချိန်ကမလောက်ရတဲ့အထဲ.. ဂရုမစိုက်နဲ့သိလား တဲ့။


ဒီလိုအချိန်မှာ ဒီလိုအားပေးတာ ကျေးဇူးကုဋေပါဗျာ။


P.S: ဘာရယ်မဟုတ်ပါဘူး လက်ရှိဖြစ်နေတာလေးကို ညည်းချင် စိတ်ပေါက်လာလို့ပါဗျာ။

4 comments:

စိုင်းစိုင်း said...

ဪ..လောကကြီးမှာ လူတခု အမှု ဆယ်ကုဋေ ပါလား..နော်...

ဂျစ်တူး - gyit_tu said...

မယ်လိုဒီရေ.. ဘာညာကိုလည်း ပြောပြီးပြီ.. ဘာမှ ၀မ်းမနည်းကြနဲ့ ။ မပန်ပြောသလိုပဲ.. အားလုံးကောင်းဖို့တွက် မယ်လိုဒီတို့ လုပ်ခဲ့ကြတာ ။ တို့တတွေ နောက်ကနေ အမြဲအားပေးနေတယ် ။

အာဘွားး)

အင်တာနက်ပေါ်က ကျွန်တော့အိမ် said...

ဘလော့ စီမီနာ လုပ်လို့ ဘလော့ဂါတွေကို ရစ်ခံထိတာလား .. မီဒီယာ လမ်းကြော တစ်ခု ပွင့်သွားတာကို မရှု ဆိတ်နိုင်လို့ ဘလော့ဂါတွေကို တမင်လိုက်ရစ်တာလား ဆိုတာ မသိချင်ယောင်ဆောင်ပြီး ရစ်သူ၊ လမ်း ပိတ်သူ ကို အပြစ်မတင်ဘဲ လမ်းဖွင့်ပေးသူကို လာအပြစ်တင်နေတယ် ဆိုကတည်းက ပုလင်းတူ ဗူးဆို့တွေမှန်း အသိ သာကြီးပါ။ လမ်းကောင်းကို ဖွင့်ပေးတဲ့အပြင် လမ်းပြ မြေပုံပါ ထုတ်ပေးနေသူကို ရန်လုပ်နေတာကိုတော့ အမိုက် အမဲလေးတွေမို့ စိတ်ရှုပ်စိတ်ညစ် ခံမနေပါနဲ့ မမီရေ .. မျက်စိပါသူတွေ မြင်ကြ သိကြပါတယ်။ ရှေ့ဆက် လုပ် စရာတွေ အများကြီးမို့ ဘေးထိုင်ဘုပြောနေတာကို နောက်ပြန်လှည့်ကြည့်နေရင် အချိန်ကုန်ပါတယ် .. လုပ်စရာ တွေ ဆက်လုပ်ကြရအောင်ပါ။ စေတနာမှန်ရင် တူသော အကျိုးပေးပါတယ်။ တူသော ရလာဒ် ရခဲ့ပြီပဲ မမီရေ။ အောင်မြင်မှုကို မရှုဆိတ်သူတွေကိုတော့ ခေါက်ထားလိုက်ပါတော့ စိတ်ရှုပ်ခံရတာ မတန်လို့ပါ။

ပုံရိပ် / Pon Yate said...

စိတ်မညစ် ပါနဲ့ မမယ် ရယ်။ စေတနာ အရေးကြီး ပါတယ်။