Sunday, September 2, 2007

ပရိတ်သတ်တွေများလွန်းလို့…………ရင်တောင်ခုန်သွားသဗျို

1-9-07(စနေနေ့ မနက် 11နာရီမှ ညနေ4နာရီအထိ) Myanmar Info-Tech(Conference hall) မှာ Why do we Blog? ခေါင်းစဉ်နဲ့ ကျင်းပမဲ့ seminar အတွက် ဘလော့ဂ်နှင့် ကောင်းကျိုးဆိုးပြစ်များ ဆိုတဲ့ ခေါင်းစဉ်ခွဲနဲ့ ဟောပြောသူတစ်ယောက် အနေနဲ့ တာဝန် ယူခဲ့ပြီးမှ ခရီးသွားလာရေးသင်တန်းတခုကို နှစ်ပါတ်တက်ဖို့ကလဲကြုံလာသေးတယ်။


ဘာပဲဖြစ်ဖြစ် တော့ ကိုယ်ယူထားတဲ့ တာဝန်တွေကို အတတ်နိုင်ဆုံး အကောင်းဆုံးကျေပွန်ချင်ပါတယ်။


ဒီအခမ်းအနားဖြစ်မြောက်မှုအတွက် ပံ့ပိုးကူညီပေးကြတဲ့ Inforithm-Maze ၊ Alpha က ဦးရဲမြတ်သူ၊ Service + ၊ Stars Empire ၊ Ideal Technology၊ Myanmar Children Foundation ၊ သံလွင်အိမ်မက် နှင့် Heaven Internet Café and Training Center တို့ကိုလဲ အထူးကျေးဇူးတင်ပါတယ်။


ကျမပြောရမဲ့ ခေါင်းစဉ်အတွက် အကြမ်းရေးထားတဲ့ စာတွေကို ၀ိုင်းဝန်းဖတ်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်စွက် ပြင်ဆင် အကြံဥာဏ်ပေးကြတဲ့ ကိုကလိုစေးထူး၊ ကိုမျက်လုံး၊ ကိုတက်စလာ၊ ကိုနေဘုန်းလတ်၊ ကိုစစ်အိမ်၊ မဒီဂျွန်၊ ဘာညာ၊ ကိုညီလင်းဆက်နဲ့ ကိုစိုးဇေယျတို့ကို ကျေးဇူးတင်ပါတယ်။


အခမ်းအနားအစီအစဉ် ကြော်ငြာပေးတဲ့ ပင့်ဂိုးလ်ကိုလဲ ကျေးဇူးတင်တယ်။


ကျမရဲ့ Presentation အတွက် အစအဆုံးလုပ်ပေးသွားတဲ့ ကိုဖြိုး၊ လိုအပ်သည်များကို တောက်လျှောက် မငြီးမငြူပြင်ဆင်ပေးတဲ့ ကိုကျော်ဇေယျ၊ ဘေးနားကနေ ဖြည့်စွက် အကြံဥာဏ်ပေးတဲ့ စိတ်ကူးနဲ့ ဘာညာတို့ကိုလဲ ကျေးဇူးတင်ပါတယ်။


အားလုံးရဲ့ Presentation ကို အဆင်ပြေပြေ ပြောလို့ ရအောင် ကူညီလုပ်ဆောင်ပေးတဲ့ ကိုကျော်ဇေယျ၊ ကိုတက်စလာ တို့ကိုလဲ ကျေးဇူးတင်ပါတယ်။


မိုးရွာတဲ့ ကြားက ခန်းမအပြည့် အလျှံ များပြားလှတဲ့ ပရိသတ်အရေအတွက်နဲ့ ကျမကို ရင်ခုန်အောင်လုပ်သွားတဲ့ လာရောက်အားပေးကြတဲ့ ပရိသတ်ကြီးကိုလဲ ကျေးဇူးတင်ပါတယ်။


Conference hall ကို တာဝန်ယူ ပြင်ဆင်ပေးတဲ့ MICT က ၀န်ထမ်းများကိုလည်း ကျေးဇူးတင်ပါတယ်။


ဧည့်ခံကြိုဆိုရေးနဲ့ နေရာချထားရေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စီစဉ်ညွှန်ကြားခဲ့တဲ့ ကိုဘလာဂေါက်ကိုလည်း ကျေးဇူးတင်တယ်။


ပရိတ်သတ်ကြီးနဲ့ အင်တာဗျူးအစီအစဉ်ကိုလဲ ပျော်ပျော်ရွှင်ရွှင် တင်ဆက်ခဲ့တဲ့ Interviewer ကြီး ချိစပ်စပ်စုစု ကိုစိုးဇေယျကိုလည်း ကျေးဇူးတင်တယ်။


စိတ်ဝင်တစားနဲ့ မေးလာတဲ့ ပရိတ်သတ်ဆီက သေလောက်တဲ့ မေးခွန်း အထပ်လိုက်ကြီးကို အေးအေးဆေးဆေးနဲ့ လိမ္မာပါးနပ်စွာ ဖြေကြားပေးကြတဲ့ ကိုနေဘုန်းလတ်၊ ကိုညီလင်းဆက်၊ ကိုစေတန်ဂေါ့တို့ကိုလဲ ကျေးဇူးတင်ပါတယ်။


ကံစမ်းမဲအစီအစဉ်ကို ပျော်ရွှင်စွာတင်ဆက်ပေးသွားတဲ့ ကိုဝေ၊ အနှင်း(ကောင်မလေး) နှင့် ဘလော့ဂါ မောင်နှမများကိုလဲ ကျေးဇူးတင်တယ်။(Singapore ကနေ အလည်ရောက်နေတဲ့ ကိုဝေယံလင်းအပါအ၀င်နော်)


အခမ်းအနားတလျှောက် လိုအပ်သမျှ ထောင့်စုံဘက်စုံကနေ တတပ်တအား ပါဝင်ကူညီကြတဲ့ ဘလော့ဂါမောင်နှမ အားလုံးကိုလည်း ကျေးဇူးတင်တယ်။(နာမည်တွေများလွန်းလို့ မဖေါ်ပြတော့ပါဘူး)


ပွဲစဉ်တလျှောက်လုံး အွန်လိုင်းကနေ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြတဲ့ ပြည်ပ ဘလော့ဂါမောင်နှမများ ကိုဇင်ကိုလတ်၊ မပန်၊ မဂျစ်၊ ခွန်မြလှိုင်၊ မမေငြိမ်း၊ ကိုရန်အောင်၊ 99 ၊ နေနေ အစရှိသူများနှင့်တကွ အားလုံးပဲ ကျေးဇူးတင်ပါတယ်။


ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းပါ။

ဒီမှာ seminar's live show blog


ဟောပြောပွဲအတွက် ပြောဖို့ ရည်ရွယ်ပြီးပြင်ဆင်ခဲ့တဲ့ အချက်တွေကို ဒီမှာဖတ်နိုင်ပါတယ်။


တချို့ အချက်တွေကို ထပ်ဖြည့် ပြောဖြစ်ခဲ့ပေမဲ့ ဒီထဲမှာ မပါပါဘူး။ ဒီထဲက တချို့ အချက်တွေလဲ ပြောနေရင်းမေ့သွားလို့ ကျန်သွားပြီး မပြောဖြစ်တာတွေ ရှိပါတယ်။ :P


“ဘလော့ဂ်နှင့် ကောင်းကျိုးဆိုးပြစ်များ”

ဘယ်အလုပ်ပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် အကြောင်းအကျိုးနဲ့ အကောင်းအဆိုးဟာ ဒွန်တွဲနေတာ လောကသဘာဝပါ။ ဒီနေ့ စီမီနာလေးမှာ ဆိုရင် ဘလော့ဂ်ဆိုတာဘာလဲ၊ ဘလော့ဂါဆိုတာ ဘယ်လိုလူလဲ၊ ဘလောဂ့်တွေ ဘယ်လိုဖတ်ကြမလဲ၊ ဘလော့ဂ်ရဲ့ သမိုင်းကြောင်းနှင့်တကွ ဘလော့ဂ်များ၏ အရှိန်နှင့် ကျယ်ပြန့်မှုတွေ၊ ဘလော့ဂ်တွေရဲ့ သဘာဝတွေကို အရှေ့က ဘလော့ဂါ မောင်နှမ အသီးသီးက တင်ပြဆွေးနွေးသွားကြပါတယ်။ ကျမကတော့ ဒီနေ့မှာ ဘလော့ဂ်တခုဖန်တီးထားခြင်းဖြင့် ရရှိနိုင်တဲ့ အခွင့် အလမ်းအချို့ အကြောင်းနှင့်တကွ ကောင်းကျိုးဆိုးပြစ်တွေကို ကျမ စဉ်းစားမိသလောက် အနည်းငယ် ဆွေးနွေးပါရစေ။


ဘလော့ဂ်လုပ်ခြင်းအားဖြင့် ဘာအခွင့်အလမ်းတွေ ရနိုင်မလဲလို့ တယောက်ယောက်က မေးလာလို့ ရှိရင်တော့ ရနိုင်တဲ့ အခွင့် အလမ်းတွေ အများကြီးရှိပါတယ်လို့ပဲ ဖြေပါရစေ။ ဘလော့ဂ်ရေးသူအနေနဲ့ ပထမဆုံးက ကိုယ်ပြောချင်တာ၊ ကိုယ်ရေးချင်တာတွေကို အကြောင်းအရာသိပ်မရွေးပဲ အင်တာနက် ကမ္ဘာမှာ ဖြန့်ဝေဖို့ အခွင့်အရေးဟာ ဘလော့ဂ်တခုကို လွယ်ကူစွာ ဖန်တီးရယူခြင်းဖြင့် အဲဒီဆန္ဒတွေကို ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။


ဘလော့ဂ်ဖန်တီးတာ၊ ဖန်တီးထားတဲ့ ဘလော့ဂ်မှာ ကိုယ်တင်ဆက်ချင်တဲ့ အကြောင်းအရာလေးတွေရေးဖို့ ဓါတ်ပုံ၊ ဗွီဒီယိုလေးတွေ ထည့်ဖို့ ဆိုတာကလည်း ခက်ခဲတဲ့ နည်းပညာတွေကိုသင်ယူတတ်မြောက်စရာ မလိုပါဘူး။ လွယ်ကူလျင်မြန်စွာပဲ ရေးသားတင်ပြနိုင်ပါတယ်။ ဒါပေသိ ဈာန်ဝင်ခြင်းနဲ့ ရေးချင်တဲ့ စိတ်ရှိဖို့လို့တော့ လိုပါမယ်။ ဘလော့ဂ်မှာရေးတဲ့အခါ ၀က်ဘ်ဆိုဒ်မှာလို အသေမဟုတ်တဲ့ အတွက် လက်ရှိဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေ၊ အချစ်၊ အလွမ်း ခံစားချက်တွေ၊ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ လူမှုရေး စတဲ့ ကိုယ့်ရဲ့ ဘ၀အမှန်ကို သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုးတွေဆီကို မကြာခဏ အီးမေးလ်ပို့စရာ၊ အချိန်နဲ့အမျှ ဖုန်းဆက်ပြောနေစရာမလိုပဲ အမြဲတမ်း update information ကို သတင်းပို့သလိုမျိုးလည်း လုပ်လို့ရတဲ့ အပြင် ကိုယ့်ဘလော့ဂ်မှာ လာဖတ်သွားတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ မှတ်ချက်တွေနဲ့ အတူ ချက်ချင်းတုန့်ပြန် ဝေဖန်ခြင်း၊ ထောက်ခံခြင်း၊ အားပေးခြင်းတွေကိုလည်း ရနိုင်ပါတယ်။ တချို့ကြတော့လည်း ကိုယ့်အလုပ်အကိုင်၊ လုပ်ငန်းနဲ့ ပါတ်သက်တဲ့ ကုန်ပစ်စည်း သို့မဟုတ် ၀န်ဆောင်မှု အကြောင်းလေးတွေကို မိတ်ဆက်ပေးတဲ့ သဘောမျိုးနဲ့ တင်ပြချင်တာလေးတွေအတွက်လဲ ဘလော့ဂ်တခုဖန်တီးထားလို့ရပြီး ကိုယ်ဖန်တီးလိုက်တဲ့ ဘလော့ဂ်အတွက်လည်း ကိုယ့်အလုပ်၊ အိမ်လိပ်စာကဒ်မှာ အင်တာနက်လိပ်စာသဘောမျိုး ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဥမမာ၊ ဘလာဂေါက်ရဲ့ လိပ်စာကဒ်မျိုး
ဒါတွေဟာ ဘလော့ဂ်တခုဖန်တီးထားခြင်းရဲ့ အားသာချက်တွေထဲက တချို့ဖြစ်ပါတယ်။


ဘလော့ဂ်၏ကောင်းကျိုးဆိုးကျိုးများအကြောင်းကို ဆက်လက်တင်ပြပါရစေ။
ဘလော့ဂ်ရေးတယ်ဆိုကတည်းကတော့ စာရေးရတာကို ၀ါသနာပါတဲ့ဗီဇအရကြောင့် ဆိုတဲ့အချက်ကတော့ အဓိကနေရာက ပါဝင်ပါတယ်။ စာရေးတာဝါသနာပါတာနဲ့ ဘလော့ရေးရောလား ဆိုတာလည်း မဟုတ်သေးပါဘူး။ ကိုယ်ရေးထားတာကို အလျင်အမြန် ရီအက်ရှင် (Reaction) ရသောကြောင့်ရယ် (Interact) ဆိုသည့်အချက်ရယ် ပါဝင်ပတ်သက်ပါတယ်။ ကိုယ့်ဟာကိုရေးနေရတာပဲ ပျော်တယ် ခံစားရတာတွေလည်း Share မလုပ်ချင်ဘူး ဆိုရင်တော့ ဘလော့ရေးမှာမဟုတ်ပဲနဲ့ ဒိုင်ယာရီလိုမျိုးနဲ့ ကောင်းတဲ့စာမျိုး အာရုံလာတဲ့စာမျိုး စာရေးဆရာဖြစ်ချင်တာမျိုးဆို မဂ္ဂဇင်း တွေကိုပို့တာမျိုးပဲ လုပ်မိပါလိမ့်မယ်။ ဘလော့ခြင်းရဲ့ အရသာဟာ အဲ့ဒီနေရာမှာဖြစ်တယ်လို့ ထင်ပါတယ်။ လူတို့၏ သဘာဝအရ ခံစားမိသော အကြောင်းကိစ္စ များဟာ အချိန် ၀င်ရောက်ပါဝင်ပတ်သက်ခဲ့တာနဲ့ အမျှ ပေါ့သွားနိုင်သလို လေးသွားနိုင်ပါတယ်။ ပေါ့သွားခြင်းလေးသွားခြင်း ဟာ ဦးနှောက်က နေရာဝင်ယူမှု များပြားလာခြင်း အတွက်ဖြစ်ပါတယ်။ အဲ့ဒီအခါ ပိုမို ကောင်းမွန်သော စာများထွက်လာနိုင်သော်လည်း ဦးနှောက်၏ တည်းဖြတ်ခံထားရသော စာများဖြစ်သွားပါပြီ။ ပုံမှန်အရမူ ဘလော့ရေးခြင်းမှာ ထိုကဲ့သို့ စာမျိုး တွေ့နိုင်ရန်ရှားပါတယ်။ ကျနော်ကြိုက်နှစ်မိသည်မှာ ထိုအချက်ဖြစ်ပါတယ်။ ထိုအချက် ၏ ဆိုးကျိုးကား စိတ်ထဲရှိတဲ့အတိုင်းရေးခြင်း ဖြစ်တဲ့ အတွက်ကြောင့် တခါတရံ သူတပါးကို စော်ကားမိသလို မျိုးနဲ့လည်း ညိသွားနိုင်ပါတယ်။ သို့သော် ဘလော့အကြောင်း သေသေချာချာ နားလည်သူများ နှင့် လူတို့၏မူလဗီဇကို သဘောပေါက်ပြီးသူများအတွက် ကတော့ ပြန်လည် စမ်းစစ်မိနိုင် လက်ခံနိုင် ပါလိမ့်မယ်။ ထိုအချက်ကြောင့်ပင် စာရေးခြင်းအား ၀ါသနာ မပါသူများ ပင် လျှင် ဘလော့ရေးသည် ဆိုသည့် အချက် ဖြစ်ပေါ်လာသည် ထင်မိပါတယ်။ ထို့အပြင် ခံစားချက်များအား တယောက်နှင့်တယောက် ဝေမျှသည့်အတွက် မိမိခံစားနေရသည့် ဆိုးကျိုးများလျှော့သွားသလို ကောင်းတာကြတော့ ပိုမို ပီပြင်လာပါတယ်။ မျှဝေခံစားခြင်းရဲ့ အနှစ်သာရတခု ဖြစ်ပါတယ်။ ယူတတ်ခဲ့လျှင် အနုပညာ အပြင် စိတ်ထားပြည့်ဝသူ တို့၏အတွေးများ ကောင်းမွန်ပါးနပ် စွာ ဘ၀ကိုဖြတ်သန်းနေကြသူများ ၏ အလေ့အထများ ကိုလည်း လေ့လာ အားကျခွင့်ရနိုင်ပါတယ်။ သူငယ်ချင်းအသစ်တွေလဲ တိုးပွားများပြားလာပါတယ်။ ကိုယ်နဲ့ စိတ်တူကိုယ်တူ တွေများတဲ့အတွက် (လုပ်ငန်းပုံစံတွေပါတူတဲ့ လူတွေများပါတယ်) သတင်းအချက်အလက် နဲ့ နည်းပညာတွေဟာလည်း ကိုယ်နဲ့ ပိုမိုအံဝင်ဂွင်ကျ ရှိစွာ ရရှိနိုင်ပါတယ်။ နောက်ထပ်တစ်ချက်က စိတ်ထွက်ပေါက် အပန်းဖြေမှုဆိုတာ ဖြစ်ပါတယ်။ လူတွေဟာ နေ့တဒူဝ အလုပ်တွေ လုပ်နေကြရတဲ့ အတွက် လူတိုင်းလူတိုင်းမှာ ထွက်ပေါက်တခုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အဲ့ဒီထွက်ပေါက်ဆိုတဲ့ ကိစ္စဟာ မကောင်းမှုတွေ ဖြစ်ဘို့ ရာနှုန်း တော်တော် များပါတယ်။ ဥပမာ ဘီယာတို့ အရက်တို့ မူးယစ်ဆေးဝါးတို့ အထိပါပါတယ်။ ဘလော့ရေးခြင်းသည် စိတ်အပန်းဖြေမှုကို ဖြစ်ပေါ်စေသလို စိတ်ထွက်ပေါက်အဆင့်ထိ ရောက်အောင်တောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။


ဘာအလုပ်ပဲလုပ်လုပ်တော့ ထမင်းစားရေသောက်တာ လေးပဲဖြစ်ဖြစ်တောင်မှ စိုက်ထုတ်မှုအနေနဲ့ အင်အား၊ အချိန်၊ငွေ ဆိုပြီးတော့ တခုခုတော့ ရှိစမြဲပါ။ ဘလော့ဂ်ဖတ်ခြင်းရေးခြင်းဟာလဲ အချိန်နဲ့တကွ အင်အားသော်လည်းကောင်း၊ ငွေသော်လည်းကောင်း၊ စိုက်ထုတ်မှုတွေပေးဆပ်ရမှာပါပဲ။ ဘလော့ဂ်ရေးတဲ့အခါ လိုအပ်ချက်တွေကတော့ လျှပ်စစ်မီး၊ အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ၊ ကျန်းမာခြင်း၊ ဈာန်ဝင်ခြင်းနဲ့ ရေးချင်တဲ့စိတ်တွေရှိဖို့ လိုပါတယ်။ ကိုယ့်အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပြူတာမရှိရင် PAC ခေါ်တဲ့ Cyber cafe များမှာ သွားပြီး မလွဲမသွေ ငွေကုန်ကြေးကျခံပြီးသုံးရပါမယ်။ ဘလော့ဂ်ရေးတဲ့ ဖတ်တဲ့ အချိန် ကြာမြင့်လေလေ ခါးနာ၊ဇက်ကြောတက်ခြင်းများဖြစ်လို့ ဆေးရုံဆေးခန်းမသွားရရင်တောင်မှ ကိုယ်လက်ညောင်းညာခြင်းဝေဒနာတော့ ခံစားရပါမယ်။ ဒါကတော့ အပယိကပါ။


ဘလော့ဂ် အပေါ်မှာ အာရုံစူးစိုက်လွန်း အားကြီးရင်လည်း မိမိရဲ့ အပြင်လက်တွေ့ဘ၀ကို ထိခိုက်လာတာတွေ ရှိတတ်ပါတယ်။

ဘလော့ရေးခြင်းသည် ထားသင့်သည့် စိတ်ခံစားမှု ပုံမှန်ထက် ကျော်လွန်နေသော အလုပ်ထိခိုက်စေလောက်သည့် စိတ်စွဲလန်းမှုတခုလား?

ဒါ အရေးကြီးပါတယ်. ဘလော့ရေးခြင်းကို မထိမ်းချုပ်တတ်လျှင် ချက်တင်းကဲ့သို့သော အချိန်ကုန် လူပန်း ပြန်လည် ပျောက်ပျက်သွားမည့် ခဏတာ သာယာပျော်ရွှင်မှု ဆိုတဲ့ အဆင့်ကို/အခြေအနေကို ရောက်သွားနိုင်ပါတယ်။ တချို့ စာတွေရေးတာကတော့ သူများအတွက် အကျိုးရှိတယ်ပဲ ထားပါတော့ ကိုယ်ကတော့ အလုပ်ပျက် အကိုင်ပျက် နဲ့ စိတ်ထဲမှာ အမှိုက်ရှုပ်တာပဲ သက်သက် ကျန်ခဲ့တယ် ဆိုရင်လည်း ဘလော့ရေးရတာ မဟုတ်သေးပါဘူး။ စိတ်အပန်းဖြေရန် ဆိုတဲ့ အချက် ကြေပျက် သွားပါပြီ။ အားလုံးအတွက် အကျိုးရှိတာတွေ ကြီးပဲ ရေးပေးရလို့ ကိုယ်က ဖျော့တော့တော့ ကျန်ခဲ့တာမျိုးဆိုရင်တော့ တမျိုးစဉ်းစားလို့ရပါတယ်။ အဲ့တာက စာရေးဆရာစိတ်ဓါတ်ဖြစ်သွားပါပြီ။ ပင်ပန်းလှပါတယ်။ ကျနော်က စာရေးဆရာမဟုတ်တော့ သူများအကျိုးရှိမဲ့စာတွေ ချည်းရေးဖြစ်တယ်ဆို တာကတော့ မဖြစ်နိုင်သေး ပါဘူး။ အရေအချင်းမရှိသေးပါဘူး။ ဒီတော့ကား အပေါ်က အချက်မှာ ငြိတွယ် နေပြီလားဆိုတဲ့ ကိစ္စကို ခဏခဏ ပြန်လည် သုံးသပ်ရပါတော့တယ်။


တကယ်လို့သာ ဘလော့ဂ်မရေးရ မဖတ်ရမနေနိုင်လောက်အောင် ဘလော့ဂ်ကိုက်၊ ဘလော့ဂ်နာကျတယ်လို့ ကျမတို့ ဘလော့ဂါရပ်ဝန်းက အသုံးအနှုံးဖြစ်တဲ့ အဲဒီရောဂါမျိုး ပေါ်နေပြီဆိုရင်တော့ ရုံးမှာခိုးသုံးတဲ့ ရုံးသမားများ ဘလော့ဂါများ သတိသာထားပေတော့၊ အလုပ်မပြီး၍ သော်လည်းကောင်း၊ မိမိဘလော့ဂ်ထဲ၌ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို မိမိအလုပ်ရှင်နှင့် အလုပ်ခွင်မကောင်းကြောင်းများရေးထားတာ အလုပ်ရှင်သိသွား ဖြစ်ရပ်မှန်ပေါ်သွားလို့ကတော့ အလုပ်ပြုတ်ပြီသာမှတ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Google ဆိုတဲ့နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မက်ဂျမ် Mr. (Mark Jem) ဆိုသူရဲ့အကြောင်းဟာ အထင်ရှားဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ သူဟာ 99zeros.blogspot.com ဆိုတဲ့ သူ့ရဲ့ဘလော့ဂ်မှာ Google မှာလုပ်ခဲ့တဲ့ သူရဲ့အတွေ့အကြုံအသေးစိတ်တွေ၊ ကုမ္ပဏီရဲ့စီမံခန့်ခွဲပုံ အဆင့်ဆင့်တွေကို ဖော်ပြခဲ့ပါတယ်။ အဲဒီ့လိုဖော်ပြခဲ့တာတွေထဲက တစ်ခုမှာ ကုမ္ပဏီရဲ့ လျှို့ဝှက်အုပ်ချုပ်မှုစနစ်တွေအကြောင်းပါဝင်ခဲ့ပါတယ်။ နောက်ပြီး မက်ဂျမ်ဟာ Google ရဲ့ ကျန်းမာရေးထောက်ပံ့မှုစနစ်ဟာ သူအရင်အလုပ်လုပ်ခဲ့ဖူးတဲ့ Microsoft လောက်မကောင်းဘူးလို့လဲ သူ့ရဲ့ဘလော့ဂ်ထဲမှာဝေဖန်ခဲ့ပါသေးတယ်။ ဒါကို Google ရဲ့အုပ်ချုပ်ရေးပိုင်းက မက်ဂျမ်ရဲ့ ဘလော့ဂ်ဟာ ကုမ္ပဏီရဲ့လျှို့ဝှက် အချက်အလက်တွေကို လူကြားထဲစိမ့်ထွက်အောင်လုပ်နေတယ်လို့ ယူဆပြီး အချို့ post တွေကိုဖျက်ခိုင်းခဲ့ပါတယ်။ မက်ဂျမ်ကလဲ ဖျက်ခိုင်းတဲ့ post တွေကိုဖျက်လိုက်ပေမယ့် နောက်နှစ်ရက်အကြာမှာပဲ အလုပ်ထုတ် ခံလိုက်ရပါတယ်။ မက်ဂျမ်က တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် သူ့ရဲ့ဘလော့ဂ်ဟာ သူအလုပ်ထုတ်ခံရခြင်းရဲ့ အကြောင်းရင်း တစ်ခုပဲလို့ပြောပါတယ်။


ပြိးတော့ ဘလော့ဂ်ထဲမှာ ကိုယ့်လက်ရှိဘ၀ တကယ့် အဖြစ်မှန်နှင့် မတူညီပဲ ကိုယ်ဖြစ်လိုသော တောင့်တသော ဘ၀နှင့် ဆန္ဒများကို ရောထွေးရေးသားထားမိ၍ ကိုယ့်ရည်းစား၊ အိမ်သူသက်ထား တွေ့သွားဖတ်မိသွားလို့ကတော့ မိမိအပြစ်အကြီးအသေးပေါ်မူတည်၍ ဘယ်သူမပြု မိမိမှုဖြေရှင်းရမှာပါပဲ။ ဒါကတော့ ဘလော့ဂါတိုင်းနဲ့ မဆိုင်ပါဘူး။ တချို့တချို့ အနည်းငယ်မျှသော ဘလော့ဂ်တွေမှပါ။ မည်သူ့ကိုမျှ မရည်ရွယ်ပါဘူး။ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ။ နောက်ပြီး ဘလော့ဂ်ဆိုတာကလဲ ဒိုင်ယာရီသက်သက်မဟုတ်ပါဘူး။ ဒါပေသိ အွန်လိုင်းဒိုင်ယာရီအနေနဲ့ စခဲ့တဲ့ သဘောမှာတော့ ရှိပါတယ်။ ပြီးတော့ နောက်တချက်မှာ မိမိဘလော့ဂ်၌ဖေါ်ပြသော သတင်းအချက်အလက်အမှန်အမှားသည် လည်းကောင်း၊ အခွင့်မရှိပဲ သူများပိုင်စာမူ၊ ဓါတ်ပုံ၊ ကဗျာများကို အလွယ်တကူ ကူးယူသုံးစွဲမှုသည်လည်းကောင်း၊ မိမိ၏ရေးသားတင်ပြပုံနှင့် စကားလုံးအသုံးအနှုံး ရုန့်ရင်းကြမ်းတမ်းမှုများအတွက်လည်းကောင်း၊ ဘာအကြောင်းအရာမယ်မယ်ရရမရှိပဲ စိတ်ကူးပေါက်ရာ လျှောက်ရေးနေမှုများအတွက်လည်းကောင်း မိမိကြောင့် သူတပါးမထိခိုက်အောင်ရှောင်ကြဉ်ရမှာပါ။ မူပိုင်ခွင့်သည် ဘလော့ဂ်ရေးသူတစ်ယောက်၏ ရင်ထဲအသည်းထဲတွင် စွဲမြဲမှတ်သားထားရန် အရေးကြီးဆုံးအရာဖြစ်ပါတယ်။ ထိုနည်းတူစွာ မိမိ၏ ဖန်တီးမှု၊ အလုပ်အတွက် တခြားသူမှ ခိုးယူသွားခြင်းခံရလျင် ဘာလုပ်ရမလဲဆိုတာ သိထားသင့်ပါတယ်။ အဲဒီလို သိထားဖို့ရာ တိကျသေချာသော cyber laws တွေနဲ့ ပါတ်သက်ပြီး ဒီမြန်မာနိုင်ငံအနေနဲ့ လဲ မကြာမီမှာ ပေါ်ထွန်းလာမယ်လို့ မျှော်လင့် ပါတယ်။ အောင်မြင်သော ဘလော့ဂ်တခုဖြစ်ရန် အမြဲတမ်း update လုပ်နေသင့်ပါတယ်။ အသစ်အသစ်တွေ modify လုပ်နေတာတွေကိုက ၀ဘ်ဆိုဒ်နဲ့ မတူတဲ့ ဘလော့ဂ် ရဲ့ သဘောသဘာဝဖြစ်တဲ့ အပြင် အချိန်ယူတည်ဆောက်ဖို့ လဲ လိုပါတယ်။


ဘလော့ဂ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပြောပြီးနောက်မှာ အခွင့်အလမ်းတွေအများကြီးရှိတယ်လို့ ပြောသွားတဲ့ အထဲကမှ အနည်းငယ်ကို ဆက်လက်ဆွေးနွေးခွင့်ပြုပါရှင်။ ကိုယ်ဟာဘလော့ဂ်ဖတ်သူတစ်ယောက်ပဲ ဆိုပါစို့။ တကမ္ဘာလုံးမှာရှိတဲ့ တိုင်းပြည်အသီးသီးကို အချိန်အတော်ကြာကိုယ်သွားလည်မှ သိနိုင်တဲ့ မတူညီတဲ့ ယဉ်ကျေးမှု၊ တွေးခေါ်ယူဆပုံ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးသာမက ဓလေ့ထုံးတမ်းစဉ်လာနဲ့ ပွဲတော်တွေအကြောင်းကိုပါ သိရှိခွင့်ရလို့ ကိုယ့်ရဲ့ ဦးဏှောက်ကလဲ တနေ့တခြား အသိပညာတွေ တိုးပွါးရင့်ကျက်လာပါတယ်။ အရင်တုန်းကတော့ အဲဒီလို ဖြစ်ဖို့ရာအတွက် စာအုပ်တွေ ဖတ်ရပေမဲ့ စာအုပ်ဝယ်ဖို့ ပိုက်ဆံပေးရတာ အကုန်အကျများပါတယ်။ Lonely Planet လို စာအုပ်မျိုးတွေဆိုရင် တအုပ်ကို $100 လောက် ကုန်ကျပါတယ်။ အခုဆိုရင်တော့ ဘလော့ဂ်တွေမှာ ဖတ်ခွင့်ရလို့ ငွေကုန်ကြေးကျ သိပ်မရှိတဲ့အပြင် တကယ့် ကမ္ဘာ့ ရွာကြီးအနေနဲ့ globalization ကို ခံစားရပါတယ်။ Singapore, Malaysia, Canada, United States စတဲ့ နိုင်ငံအသီးသီးက မြန်မာဘလော့ဂါများက သူတို့ ရဲ့ ကိုယ်ပိုင် ဘလော့ အသီးသီးမှာ ကိုယ့် ရဲ့ ခရီးသွားမှတ်တမ်းတွေကို ရေးထားတာတွေ သွားဖတ်ရတာကလဲ အင်မတန်မှ ကျေနပ်စရာပါ။


အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနဲ့ ဆိုင်တဲ့ ဘလော့ဂ်တွေ အနေနဲ့ဆိုရင်လဲ ကိုယ်သိထား တတ်ထားတဲ့ ပညာတွေ၊ အတွေ့အကြုံတွေ ဝေမျှပေးချင်တယ်ဆိုရင် ဘလော့ဂ်ကတော့ အမြန်နှုံးနဲ့ ကမ္ဘာတ၀ှမ်းပြန့်နှံ့စေမှာပါ။ ဥပမာ- မြန်မာ့ရိုးရာဗေဒင်ပညာ၊ ဒါမှမဟုတ် တားရော့ တို့၊ တရုတ်ဖုန်းရွှေ ပညာတို့ အကြောင်းဝေမျှလိုပါသလား။ ကိုယ်ကဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာပညာရှင် တယောက်ယောက် ဖြစ်လို့ ဆေးပညာနဲ့ ပါတ်သက်တာ၊ ဗိသုကာပညာနဲ့ ပါတ်သက်တာ၊ အိုင်တီ နည်းပညာနဲ့ ပါတ်သက်တာတွေကိုပဲ မျှဝေလိုသလား။ ကိုယ်က စာဖတ်ဝါသနာအိုးမလို့ပဲဖြစ်ဖြစ် အသက်အရွယ်အတွေ့အကြုံအရ ကိုယ်ရှာဖွေစုဆောင်းလေ့လာထားသမျှ စာပေဟင်းလေးအိုးကြိးကိုပဲ လက်ဆင့်ကမ်းဝေမျှပေးလိုသလား စတာတွေကို အလွယ်ဆုံးနဲ့ အမြန်ဆုံးဖြန့်ဝေပေးနိုင်တာ ဘလော့ဂ်ပါ။


ကလေးသူငယ်များအတွက် ရည်ရွယ်ပြီးတော့လည်း ကလေးကဗျာ၊ ကလေးပုံပြင်၊ ပန်းချီ စတာလေးတွေကို တင်ထားပြီး မိမိရဲ့ သားသမီး၊ တပည့် စတာတွေကို ၀က်ဘ်ဆိုက် တခုအလားလည်း ပြသနိုင်ပါသေးတယ်။ ဒီထက်ပို ကျယ်ပြန့်လာရင်တော့ စာသင်ကျောင်းကိုယ်စားပြု ဘလော့ဂ် ပုံစံမျိုးတွေ ဖန်တီးပြီး သင်ခန်းစာ ပို့ချချက်တွေတင်ထားတာမျိုးတွေ အထိ ဖန်တီးနိုင်စွမ်းတွေ ရှိနေပါသေးတယ်။


ဆက်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ကိုယ်ဟာ စာရေးခြင်း၊ ကဗျာရေးခြင်း ၀ါသနာပါတဲ့သူဆိုရင် ကိုယ့်ရဲ့ ဘလော့ဂ်မှာ စိတ်ကြိုက်ရေးသားပြိး တင်ထားနိုင်တယ်၊ ဘလော့ဂ် အပေါင်းအသင်း၊ သူငယ်ချင်းတွေရဲ့ ဝေဖန်အားပေးမှုနှင့် အပြန်အလှန်ဆွေးနွေးတာတွေကိုလဲ လုပ်နိုင်ပါတယ်။ စာရေးဆရာ ဖြစ်နိုင်တဲ့ အခွင့် အလမ်းတွေလဲရှိပါတယ်။ ပန်းချီဆွဲဝါသနာပါတဲ့သူတွေ၊ ပန်းအလှထိုးဝါသနာပါတဲ့သူတွေ၊ ပန်းပင်စိုက်ပျိုးဝါသနာပါတဲ့သူတွေ၊ မုံ့ဖုတ်တာ အစားအစာချက် ပြုတ်တာ ၀ါသနာပါတဲ့သူတွေ၊ ဇာထိုးပန်းထိုး ၀ါသနာပါတဲ့သူတွေ၊ ဒီဇိုင်းဆွဲတာ နဲ့ ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့သူတွေလဲ ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ချပြနိုင်ပါတယ်။ အသံထွက်ကဗျာရွတ်ဦးမလား၊ ၀တ္ထုလေးတပုဒ်ကို သရုပ်ဖေါ်ပုံလှလှလေးတွေနဲ့ တန်ဆာဆင်ပြီးရေးဦးမလား၊ လှုပ်ရှားမှု animation လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးဦးမလား။ ရပါတယ်။ အမြင်အာရုံ၊ အကြားအာရုံ စသည်တို့နဲ့ ကိုယ့်စိတ်ကူးထဲက အနုပညာတွေကို ပုံဖေါ်လို့ရပါတယ်။ ဒါတွေကတော့ အနုပညာနဲ့ဆိုင်တဲ့ အခွင့်အလမ်းများဖြစ်ပါတယ်။


ကိုယ်ဟာ ဘလော့ဂ်ရေးသူတစ်ယောက်အနေနဲ့ ဆိုရင်လဲ ကိုယ့်မှာ ရှိတဲ့ အဲဒီလုပ်ငန်းကို ငွေကုန်ကြေးကျ နည်းနည်း၊ ကရိကထ နည်းနည်းနဲ့ အင်တာနက်ကနေ ပြောပြချင်တယ်။ ပြီးတော့ အချိန်နဲ့အမျှ လုပ်ငန်းနဲ့ ဆိုင်တဲ့ promotion လုပ်ထားတာတွေ၊ discount ပေးနေတယ်၊ member program ရှိပါတယ် ဆိုတာမျိုးတွေကို ကမ္ဘာအရပ်ရပ်က ကိုယ့်ရဲ့ customer တွေကို ပြောပြချင်တာ၊ ဒါဆို ဘလော့ဂ်သာလုပ်ထားလိုက်ပါ။ block လုပ်ခိုင်းတာမဟုတ်ဘူးနော်။ ကိုယ့်လုပ်ငန်းကို မသိသေးတဲ့ customer တွေလည်း ကိုယ့်ဘလော့ဂ်ကနေ တဆင့် ကိုယ့်လုပ်ငန်းအကြောင်းသိလာနိုင်သလို ကိုယ့်ရဲ့ ရှိပြီးသား ဖေါက်သည်တွေလဲ update information ကို မျက်ခြေမပြတ်သိနိုင်ပါမယ်။ ဒါဆို ဘလော့ဂ်လောက် ငွေကုန်ကြေးကျ သက်သာစွာနဲ့ လုပ်ငန်းကိုကြော်ငြာနိုင်တာ၊ သတင်းတွေပြောပြနိုင်တာ ဘယ်မှာရှိဦးမလဲ။ ဒါကတော့ စီးပွါးရေးနဲ့ဆိုင်တဲ့ တိုက်ရိုက်အခွင့်အလမ်းပေါ့နော်။ နောက်တခုက တခြားကိုယ်နဲ့ ပါတ်သက်တဲ့ အသိမိတ်ဆွေတွေရဲ့ လုပ်ငန်းအကြောင်း၊ ထုတ်ကုန်အကြောင်းတွေ၊ ဥမမာ- စားသောက်ဆိုင် ဒါမှမဟုတ် အဲယားကွန်း ပြင်တာမျိုးဖြစ်ဖြစ်ပေါ့ ကိုယ့် ဘလော့ဂ်ထဲမှာ ပို့စ်တခုအနေနဲ့ တင်ပေးပြီး သင့်တော်တဲ့ အခကြေးငွေ တောင်းယူနိုင်တာမျိုးလဲ ရှိပါသေးတယ်။ အဲဒါကို pay par post သို့မဟုတ် advertorial လို့လဲ ခေါ်ပါတယ်။


တကယ်လို့ ကိုယ့်ဘလော့ဂ်မှာ လာဖတ်တဲ့သူတွေ တနေ့တနေ့ ထောင်ချီသောင်းချီရှိလို့ နာမည်ကြီးတဲ့ ဘလော့ တခု ဖြစ်လာပြီဆိုရင်လဲ စိတ်ဝင်စားတဲ့ စီးပွါးရေးလုပ်ငန်းရှင်များက သူတို့ ကြော်ငြာဘန်နာလေးကို ကိုယ့်ဘလော့ဂ်မှာ သင့်တင့်တဲ့ အခကြေးငွေနဲ့ ထည့်ပေးဖို့ ကမ်းလှမ်းလာရင်လဲ အဲဒါဟာ အပိုဝင်ငွေတမျိုးမလို့ စီးပွါးရေးနဲ့ဆိုင်တဲ့ သွယ်ဝိုက်တဲ့ အခွင့်အလမ်းပါပဲ။ နောက်တမျိုးကတော့ google adsense လို့သိထားတဲ့ google နဲ့ ချိတ်ဆက်ထားတဲ့ ကြော်ငြာတွေကို ကိုယ့် ဘလော့ ထဲမှာ ထည့်ထားပြီး pay par click အနေနဲ့ ကလစ်တချက် တချက်နှိပ်တိုင်း ကြော်ငြာခရတာမျိုးလဲ ရှိပါသေးတယ်။ Singapore က ဘလော့ဂါတစ်ယောက်ဆိုရင် အဲလိုမျိုး ကြော်ငြာခတွေ ရဖူးပါတယ်တဲ့။


တချို့ နိုင်ငံတွေက ဘလော့ဂါတချို့ဆိုရင် ဒီလို ဘလော့ရေးတာကနေ ရတဲ့ အပိုဝင်ငွေတွေက များလာလွန်းလို့ part time ရေးနေတာမျိုးတောင် မဟုတ်တော့ပဲ full time ရေးတာမျိုးလုပ်နေတဲ့ professional blogger တွေတောင် ရှိပါတယ်။ Software တွေကို reseller အနေနဲ့ ပြန်ရောင်းပေးပြီး commission ယူတဲ့ ဘလော့ တချို့ကိုလဲ တွေ့ဖူးပါတယ်။ အဲတော့ ကိုယ်က ဘလော့ ရေးပြီး ဘယ်လို စီးပွါးရှာချင်သလဲ ဆိုတာသာ စဉ်းစားကြရုံပါပဲ။


အခွင့်အလမ်းတွေကတော့ အများကြီးရှိပါသေးတယ်။

ဧည့်လမ်းညွှန်တယောက်၏ ဘလော့ဂ်မှာ ကိုယ့်ခရီးသွားမှတ်တမ်းများ တင်ထားခြင်းဖြင့် ထိုဧည့်လမ်းညွှန်၏ experience အားသိရှိရန် ၄င်းမှတ်တမ်း၏ အင်တာနက် ဘလော့ဂ်လိပ်စာကို name card ပေါ်တွင် ရိုက်ထားခြင်းဖြင့် access လုပ်နိုင်စေခြင်းမှာလည်း အခွင့်အလမ်းတခုမဟုတ်ပါလား။


ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တကျောင်း၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းများကို တင်ထားခြင်းကြောင့် ထိုကျောင်း၏လိုအပ်သော လှူဒါန်းစရာ ကွက်လပ်များအား ဖြည့်စွက်လှူဒါန်းလိုသည့် အလှူရှင်မှာ ဘလော့ဂ်မှတဆင့် ဆက်သွယ်လှူဒါန်းလာခြင်းမှာလည်း အခွင့်အလမ်းတခုပင်ဖြစ်ပါတယ်။


မိမိတို့၏ ကိုယ်ပိုင်အတွေးများကို ဆက်လက်ပွါးများပြီး ဒီ စီမီနာကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးလည်း ကိုယ်ပိုင် ဘလော့ဂ်ကနေတဆင့် မိမိတို့၏ အခွင့်အလမ်းများကို ထိထိရောက်ရောက် ရယူအသုံးချ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီမှာတင် နိဂုံးချုပ်ပါရစေရှင်။

12 comments:

pandora said...

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

တပြည်သူ အိမ့်ချမ်းမြေ့ said...

အရမ်းကောင်းတယ် မမယ်လ်

ကိုဖြိုး said...

အသူ့သမီးလေးလဲ သိဘူး .. နှုတ်ခမ်းကလေးကို စုထားတယ် .. စကားပြောတော့လည်း ကလေးလေးလိုပဲ .. အီး .. ဆလိုက်ရှိုးက ပုံလေးတစ်ခုရဲ့ လင့်ကို ပေးပါတဲ့ ပြောနေကြတယ်

kzy1980 said...

တော်သေးတာပေါ့ ပါဝါပွိုင့် ဆလိုက်ရှိုး အဆင်ပြေမှ ပြေပါ့ မလားလို့ စိတ်ပူလိုက်ရတာ။ ဟောလို့ ပြောလို့ ပြီးမှ ဘဲ ရင်ထဲက အလုံးကြီးကျသွားတော့တယ်...ဟောဟဲ ဟောဟဲ

Tesla said...

မီမီတဲ့ဟေ့ အို .. ဘာတဲ့တုန်း.. ဟေ့စ် ဟေ့စ်..

Layma said...

ပြောသွားပုံလေးက ချစ်ချာလေး…

ကလိုစေးထူး said...

အဆင်ပြေချောမောစွာ ပြီးသွားတာကို ၀မ်းသာပါတယ်ကွာ။ ကျနော်တို့လည်း တနေ့သော အချိန်မှာ မြန်မာပြည်မှာ လုပ်တဲ့ ဘလော့ဂ် ဆီမီနာတွေမှာ တက်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။ :(

jimmy said...

Congratulations ur sminer. aslo should pay prize to camera man. while blog onwer acts like as child at cofference . what do u think her pics , readers?

MYO HAN HTUN said...

ဓါတ်ပုံ ကြည့်ပြီး ဘယ်သူများလဲလို့ .. ရုပ်ရှင်မင်းသမီး ခိုင်ခင်ဦး နဲ့ တောင် မှားသွားသေးတယ် .. ဟီး
မမယ်လိုဒီတစ်ယောက် အာပေါက်မတတ် ပြောသွားမှာပဲ လို့ .. ဒီလောက် ရှည်တဲ့ Post ကို အစအဆုံး ဖတ်ရင်း တွေးမိနေလေရဲ့ ..

ကိုတိုး

စိုင်းစိုင်း said...

ရင်ခုန်သွားတာ ဘယ်သူ့အကြည့်တွေလည်းဗျ. ပရိတ်သတ်တွေများလို့တော့ဖြစ်နိုင်ဘူး..ဟဲဟဲ.. ရုပ်ရှင်မင်းသမီးလုပ်ပါလား..မမမီ.. ပွားပွားလည်း ကောင်းတယ်နော်..

ဂျစ်တူး - gyit_tu said...

မယ်လိုဒီရေ.. အားပေးလျက်ပဲး)

Myo Kyaw Htun said...

ဒီမှာရေးထားတာလေး တော်တော်လေးကောင်းတယ်ဗျာ။ ဒါနဲ့ အသံတို့ video တို့နဲ့ မှတ်တမ်း တင်ထားတာ မတွေ့မိဘူး။ ဟောပြောပွဲက ပြောသွားတာတွေကို video မဟုတ်တောင် အသံကိုပဲ mp3 နဲ့ တင်ပေးထားရင် တော်တော်ကောင်းမှာပဲ။ ဒါက ကျွန်တော့်အမြင်ပါ။