Thursday, August 16, 2007

စာတိုပေစ(၁) “ဘ၀ ”

ဘ၀ကို ချစ်ခင်မြတ်နိုးဖွယ်ရာ ဖြစ်စေသော အရာသုံးမျိုးရှိသည်တဲ့။
(၁) ရိုသေလေးမြတ်တတ်သော စိတ်အလှ
(၂) သည်းခံတတ်သော မြင့် မြတ်သည့်စိတ်နှင့်
(၃) အတ္တစွဲ၊ ငါစွဲစိတ် ကင်းခြင်းတို့ ဖြစ်သည်။

ဘ၀ဆိုတာ ပန်းခင်းလမ်းပဲဖြစ်ဖြစ်၊ ဆူးခင်းလမ်းပဲဖြစ်ဖြစ် ဖြတ်သန်းရင်ဆိုင် အောင်နိုင်သူဖြစ်ရမယ်တဲ့။

ဘ၀ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်ဆိုတာ ဗဟုသုတ၊ အသိပညာ မဟုတ်။ လက်တွေ့လုပ်ခြင်းသာဖြစ်တယ်တဲ့။

အပေါင်းအဖေါ်နဲ့ အချိန်များများ ဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘ၀ ဦးတည်ချက်ကို မျက်ခြည်ပြတ်သွားမယ်တဲ့။

ဘ၀မှာ ကျွန်ုပ်က အသက်ရှင်ဖို့ စားနေတုန်း တခြားသူတွေကတော့ စားဖို့ အသက်ရှင်နေကြတယ်။ (အသက်ရှင်ဖို့ပဲ စားပါတဲ့)

အဲဒါတွေက ဘ၀နဲ့ ဆိုင်တဲ့ မှတ်သားဖူးတဲ့ အချက်တွေထဲက တချို့ပါ။
ကျမကို တစ်ယောက်က မေးတယ် “ဘ၀အတွက် တန်ဖိုးအကြီးဆုံး ခံယူချက်ရှိခဲ့ရင် သိပါရစေတဲ့”
ကျမက ကိုယ်ကစပြီး အတတ်နိုင်ဆုံး ကူညီပေးနိုင်သူဖြစ်ပြီး ကိုယ်ဘယ်လောက်ပဲ နာကျင်ခံစားနေရပါစေ ကိုယ့် ကြောင့် ပျော်ရွှင်ကျေနပ်ရတဲ့သူတွေ များနိုင်သမျှများစေလိုတဲ့ ဆန္ဒနှင့် အဲဒီလိုနေထိုင်နိုင်အောင်
အမြဲတမ်းကြိုးစားဖို့ ခံယူထားတာပါ။ အဲဒီအတွက် ပေးဆပ်ရတဲ့ တန်ဖိုးကတော့ တခါတရံ သိပ်ကြီးပါတယ်။

“ဘ၀အချိန်ကာလတွေကိုဖြတ်သန်းရင်းအခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းဖို့ ရင်ထဲမှာထည့်သွင်းထားတဲ့ နည်းလမ်းကောင်းလေးရှိရင်ပြောပြပေးပါတဲ့ ”
အချိန်တန်ရင် နွားပိန်ကန်မှာပါ လို့ပဲ စဉ်းစားရင်း အမှောင်ဆုံးအချိန်တွေကျော်သွားရင် အရုဏ်ရောက်မှာပဲလို့ ကြံ့ ကြံ့ခံရင်ဆိုင်လိုက်တာပါ။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲမှန်သမျှကို ဘက်စုံရှုထောင့်ကစဉ်းစားပြီး အကောင်းဆုံးဖြစ်နိုင်မဲ့ နည်းလမ်းတခုကိုရွေးချယ်ဖြေရှင်းရင်းပဲ ဖြတ်သန်းလိုက်တာပါ။
ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် အချိန်ကပဲ အဆုံးအဖြတ်ပေးသွားတာပါလို့ ဖြေချင်တာပါ။ နည်းလမ်းကောင်းရယ်တော့မဟုတ်ပါဘူး။

လူငယ်တွေရဲ့ ဘ၀အတွက် ဝေမျှချင်တဲ့ စကားတစ်ခွန်းကတော့ " ပျံနေတဲ့ ငှက်က တစ်နေ့တော့ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ကို မလွဲမသွေရောက်မှာပါ၊ ပျံဖို့တော့ လိုပါမယ်" လို့။

4 comments:

စိုင်းစိုင်း said...

မမမောင်ရဲ့ ဘ၀ ကိုခိုက်သွားဘီဗျာ.

ဂျစ်တူး - gyit_tu said...

မောင်ရေ.. နောက်ဆုံးစာကြောင်းထဲက ပျံဖို့တော့ လိုမယ်ဆိုတာလေး သိပ်သဘောကျတယ် ။

BayintNaung said...

ဖတ်ရတာ တန်ဖိုးရှိတယ်ဗျာ မောင်မောင်။ ကျေးဇူးတင်ပါတယ်။

ကိုဖြိုး said...

အင်း ပျံဖို့လိုသလို ရှောင်တတ်ဖို့လဲလိုမှာပဲဗျ .. တစ်ခါတရံ လေးခွစာကို ရှောင်တတ်ဖို့လဲလိုပါတယ်ဗျာ .. တစ်ချို့ငှက်တွေများ လေးခွစာမိမှန်း သိသိနဲ့ စွတ်ပျံလာတတ်ကြသေးတယ်