Monday, July 30, 2007

ဆောင်ရွက်ရန်မလွယ်ကူသော ကိစ္စများ

တိမ်မယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်သတဲ့ ။

ကျမအတွက် ဆောင်ရွက်ရန်မလွယ်တဲ့ ကိစ္စတွေရှိ၏။

အောက်ပါတို့ထဲမှ တချို့ အချက်တွေသည် ကျမအတွက်မလွယ်ကူ။ တချို့ အချက်များသည် သူများအတွက်မလွယ်ကူ။ တူချင်မှတော့ တူမယ်။ တိုက်ဆိုင် စစ်ဆေးကြည့် ကြပါကုန်။



၁။ တောင်းပန်ခြင်း

ကိုယ်မှားလျင် တောင်းပန်ဖို့ ရာ ၀န်မလေးပေမဲ့ လွယ်လွယ်ကူကူ တောင်းပန်ခြင်းသည်မကောင်းဘူးလို့ ထင်နေသေးသည်။ အလုပ်နဲ့ ပါတ်သက်၍ ကိုယ် မမှားပဲနဲ့တော့ မျက်နှာဖြူများကို သိပ်မတောင်းပန်ချင်သော်လည်း ဂျပန်လူမျိုးတို့ ၏ အထာ စရိုက် အကြိုက်ကိုလိုက်၍တော့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အရင်ဦးစွာ တောင်းပန်ဖြစ်လေ့ ရှိသည်။

၂။ မှား၍ အသစ်ပြန်လုပ်ရခြင်း

တခုခု မလုပ်ခင်က ကြိုပြောထားသည့် အတိုင်း တခါတည်း လုပ်ချင်သည်။ လုပ်ပြီးမှ မှားသည်ပြောကာ ပြင်ခိုင်းလျှင်တော့ ပေကတ်ကတ်နှင့် ဟိုဒီဝေ့နေတတ်ပါသည်။ ကြိုပြောထားသည်နှင့် လွဲ၍ တကယ်မှားသွားလျှင်တော့ အသစ် ပြန်လုပ်ရမှာ ၀န်မလေးပါ။

၃။ မှားကြောင်းဝန်ခံခြင်း

ဝန်ခံလွယ်ပါသည်။ သို့သော် စေတနာ အမှားများဖြစ်လျင်တော့ ဖြေရှင်းချက်ပေးလေ့ ရှိပါသည်။

၎။ တကိုယ်ကောင်းမကြံခြင်း

အများနှင့် ထည့်တွက်စဥ်းစားလေ့ ရှိပါသည်။

၅။ သူတပါးထံမှ အကြံဥာဏ်တောင်းခြင်း

ကိုယ် ခေါင်းတလုံးထဲ စဉ်းစားတာထက် ရှုထောင့် မျိုးစုံမှမြင်နိုင်ရန် ခေါင်းများစွာ ၀ိုင်း၍စဉ်းစားခြင်းကို တန်ဖိုးထားပါသည်။

၆။ ရက်ရောခြင်း

အမှန်အတိုင်းဖြေလို့ တော့ ကောင်းမည်မထင်။ အတူသွားလာဖူးသော သူငယ်ချင်းများသာ ဆုံးဖြတ်ကြပါကုန်။

၇။ အခါခါ ရှုံးသော်လည်း ဆက်၍ကြိုးစားခြင်း

လဲကျသွားတိုင်းပြန်ထရင်း လုပ်သမျှအလုပ်တွေတော့ မသိဘူး။ ဒါဏ်ရာတွေကတော့ ဗရပွပါပဲ။

၈။ တွေးတော ဆင်ခြင်ပြီးမှလုပ်ခြင်း

အဲဒါကတော့ ခက်လှသည်။ လုပ်ပြီးမှ မှားမှန်းသိတာတွေ အပုံအပင်။ ထို့ ကြောင့် သူငယ်ချင်းတွေက အမြဲပြောသည်။ "Think twice to ten before you jump"

၉။ ထောက်ထားစာနာတတ်ခြင်း

ဒါကလဲ မလွယ်ကူပါ။ ကိုယ့်ကိုယ်ကို ပိုစာနာသနားတာ များပါသည်။

၁၀။ အမှားကို သင်ခန်းစာအဖြစ်ယူတတ်ခြင်း

ဘယ်သူ့ အမှားကိုမဆိုတော့ သင်ခန်းစာယူမိပါသည်။

၁၁။ တပါးသူကို ခွင့်လွှတ်ခြင်း

အတိုင်းအတာ တခုထိတော့ ခွင့်လွှတ်နိုင်ပေမဲ့ အာသဝေါတရားမကုန်ခမ်းသေးသူသာဖြစ်၍ ရံဖန်ရံခါ လက်စားချေလိုစိတ်များတောင် ပေါ်လာသေးသည်။

၁၂။ မိမိအပေါ်သို့ ကျသင့် ကျထိုက်သော အပစ်ဒဏ်ကိုခံယူခြင်း

တို့ ဖြစ်ပါသည်။

ထိုက်သင့် တဲ့ မည်သည့် အပစ်ဒဏ်မဆို ခံယူရန်တော့ နောက်မတွန့် ဖူးပါ။


စာဖတ်သူ ထပ်မံစဉ်းစားမိသော အချက်များရှိသေးက ကွန့်မန့် တွင် ၀င်ရောက်ရေးသားပေးစေလိုပါသည်။

အပြာရောင် စာသားများသည် လတ်တလော မိမိကိုယ်မိမိ ဝေဖန် သုံးသပ်ချက်များသာ ဖြစ်ပါသည်။


စာကြွင်း၊ အထက်ပါအချက်များကို မည်သည့် နေရာမှ မှတ်သားကူးယူခဲ့မှန်း မမှတ်မိတော့ပါ။


3 comments:

ကလိုစေးထူး said...

ကျနော် စဉ်းစားတာကတော့ အဲဒီအချက်တွေ အကုန် ကျနော့်မှာရှိရင် တော်တော်ကောင်းမယ်လို့ စဉ်းစားတာပဲ။ :D မှတ်ချက်တွေ မပါပေါ့။

MELODYMAUNG said...

s_potato: မယ်မယ် မသိတာကိုမသိဘူးလို့ချက်ချင်းဝန်ခံတာကိုလဲ လုပ်ခဲတယ်ကွဲ့

Winkabar said...

တစ်ခါတစ်လေကျရင် ကျေးဇူးတင်တာလည်းခက်တာပဲ။
ကိုယ်မကြိုက်တဲ့လူက တစ်ခုခုလုပ်လို့ ကျေးဇူးတင်ရတယ်ဆိုရင်လေ။