Sunday, July 22, 2007

ပျော်ပြီးနောက်ပါးသွားခြင်း

အပျော်အပါးဆိုတာ အပျော်နောက်မှာ အပါးရှိတာ စာတွေ့တော့ သိသလိုလိုရှိသား။ကိုယ်တွေ့ကတော့ မနေ့ ညက အိုင်စီရှိုးကိုသွားတယ်လေ၊ ၈နာရီ မတ်တင်းလောက်မှာ ရောက်သွားတယ်။ ၅နာရီခွဲကတည်းက သွားပြီး လက်မှတ်ဝယ်ပေးတဲ့ သူငယ်ချင်းတွေကလဲ ရောက်ကတည်းက လက်မှတ်ကုန်နေပြီးသားပါတဲ့။ မှောင်ခိုဈေးက ၁၀၀၀၀ နဲ့ ၁၂၀၀၀ ထိပေါက်တယ်တဲ့။ လာပြန်ပြီ ဒီမှောင်ခိုလက်မှတ်နဲ့ ရင်ဆိုင်ရတဲ့ ဒွတ်ခ။ မကြည့် ရရင် ဒီညတော့ မပြန်တော့ဘူး ဆိုတဲ့ သူတွေအတွက်ကတော့ နည်းလမ်းနှစ်သွယ်ပဲရှိတယ်၊ လစ်ရင်လစ်သလို ရောဝင်သွားမလား။ ဒါမှမဟုတ် မှောင်ခိုဈေးပေးဝယ်ပြီး ၀င်မလားပေါ့။ ၈နာရီလောက်ထိကတော့ မတီးသေးဘူးဆိုပြီးပြောတာပဲ။ အထဲကနေ လက်မှာ တံဆိပ်ထုပြီး ပြန်ထွက်လာတဲ့ သူတွေကလဲ အများသားလား။ ချွေးသံတရွှဲရွှဲနဲ့ ထွက်ထွက်လာကြပုံကိုထောက်ပြီး တော်တော်လူများပြီး aircon တွေတောင် မနိုင်အောင် လူပြည့် ကြပ်နေမယ် ဆိုတာ ဗေဒင်မေးစရာ လိုမယ်မထင်။

လုံခြုံရေးတွေက အရှေ့မှာ ဆူညံအော်ဟစ်နေတဲ့ သူတွေကိုလဲ ထိန်းနိုင်ပါတယ်။ မှောင်ခိုလက်မှတ်ရောင်းနေတဲ့ သူတွေကိုလဲ နှင်ဖို့ ဝေးလို့ ယောင်လို့ တောင် အပြစ်မဆိုပါဘူး။ ရောရောင်ဝင်မဲ့ မသမာသူ ပရိတ်သတ်ကိုလဲ တင်းတင်းကြပ်ကြပ် ကြိုးစားပမ်းစား တားမြစ်နေပါတယ်။
အဲဒီတော့ နောက်ဆုံးမှာ မထူးတဲ့ အဆုံး ၁၂၀၀၀ ပေါက်နေတဲ့ လက်မှတ်ကို တချို့ က လက်မှတ် မရမှာစိုးလို့ ၁စောင် ၁၅၀၀၀ နှုံးထိ ပိုက်ဆံ ၁သိန်းကျော်တောင် ကြိုပေးထားပြီး စောင့် နေတဲ့ အုပ်စုတွေ ကြားထဲက bargaining ability ကို အပြည့် အ၀ အသုံးချပြီး အုပ်စုအတွက် အများဈေးနဲ့ ၁စောင်ကို ၁၀၀၀၀ နှုံးနဲ့ ဈေးဆစ်ပြီး ရေသန့်ဗူးတွေ ကြိုဝယ်သွားပြီး ရှောရှောရှုရှု အထဲ ရောက်သွားပါတယ်။ ခက်တာက လက်မှတ်တွေကို ဆွဲမဆုတ်ပဲ ဘေးပေါက်ကနေ မှောင်ခိုသမားတွေဆီကို ပြန်ထုတ်လိုက်တဲ့ အရိပ်အယောင်ကို တစွန်းတစ တွေ့လိုက်ရတာကတော့ လူကို မခံချိမခံသာ ဖြစ်စေတာပေါ့ နော်။ မြန်မာပြည်မှာက ပေါင်းစားကြသည်လေ…:P

ဒီလိုနဲ့ အထဲရောက်တော့ များလိုက်တဲ့ လူတွေ လှေကားတောက်လျှောက်ထိုင်နေကြလေရဲ့ ။ လှေကားထိပ်မှာ မူးမူးနဲ့ ဖြစ်ချင်းတိုင်း ဖြစ်ပျက်နေတဲ့ အတွဲ တချို့လဲတွေ့မိပါရဲ့။ ballroom ထဲလဲဝင်ရော မျိုးကြီး သီချင်းစဆိုတာနဲ့ လူတွေက အလုံးလိုက် ၀င်လာ ခုန်ပေါက် ကကြပါလေရော။ အဲဒီအထဲရောက်သွားတာနဲ့ ပေါင်းအိုးထဲမှာ ချွေးထုတ်ခန်းထဲမှာ ရောက်သွားသလို ချွေးတဒီးဒီးကျ အသက်ရှုတောင် မ၀တ၀ပါပဲ။ ယောက်ကျားလေး တော်တော်များများက အင်ကျီတွေတောင် ၀တ်မထားနိုင်တဲ့ အဖြစ်ပါ။ လူများလို့ လူငွေ့တွေနဲ့ ပူရတဲ့ ကြားထဲ ဘီယာလဲသောက်ကြ ကကြခုန်ကြ သီချင်းတွေ အော်ဆိုကြတော့ ပျော်လဲပျော်စရာ ကိုယ့်ဒုက္ခကိုယ် ပိုက်ဆံပေးပြီးတော့ ရှာကြတယ်လို့ ဆိုချင်လဲ ဆိုစရာပါ။

လာတဲ့ ပရိတ်သတ်က တကယ်ပဲ အငဲ၊ မျိုးကြီး၊ မောင်မောင်ဇော်လတ်၊ ဇော်ပိုင်၊ အာဇာနည် တို့ရဲ့ သီချင်းတွေကို အလွတ်ကျက် အရေကြိုသောက်ထားကြသလိုပါပဲ။ ဆုန်သင်းပါရ်ကတော့ ဘာတွေဆိုသွားမှန်းတောင် မသိဘူး။ သူတစ်ယောက်တည်းပဲ အော်ဟစ်သွားတာကို လိုက်ကရုံလောက်ပါ။ ခင်ဖုန်းကတော့ ထုံးစံအတိုင်း သူ့ စတိုင်အပြည့်နဲ့ သီဆိုဖျော်ဖြေသွားတာမလို့ ကျေနပ်စရာပါ။ ပရိတ်သတ်ထဲမှာ မိသားစုလာကြည့်တာတွေလဲ တွေ့ ရသလို၊ လူကြီးပိုင်းတွေလဲ ပါပါတယ်၊ အများစုကတော့ အိုင်စီ ပရိတ်သတ် လူငယ်တွေပေါ့။ ၁၀နာရီခွဲလောက်မှာတော့ ပွဲပီးပါတယ်။ အငဲနဲ့ မပိတ်ခင် မျိုးကြီးနောက်ဆုံးဆိုတဲ့ အလှည့် မှာပဲ ပြန်လာခဲ့တယ်။ ညဖက် Taxi ခကလဲ ဈေးကြီးပါတယ်၊ ဗိုက်ဆာဆာနဲ့ တရုတ်တန်းမှာသွားပြီးတော့ လဲ ဗိုက်ထဲကို ရိက္ခာ ပြန်ဖြည့် ရသေးတယ်။ အိမ်ပြန်ရောက်တော့ ၁၁နာရီကျော်သွားပြီ။ ဒီကစောင့်နေသူဆိုပြီး ခေါင်းကို လက်သီးနဲ့ ထုမဲ့ အဖေနဲ့ အတူမနေတာကတော့ တော်တော်သက်သာသွားတာပေါ့။

ပြန်ချုပ်ရရင် မနေ့ ညက ပျော်ပြီး သုံးပစ်လိုက်တာတွေက ဒီနေ့ မနက် ပိုက်ဆံအိတ်ဖွင့် ကြည့်တော့ ပါးသွားရုံတင်မကဘူး အနုတ်ကလွဲရင် တပြားမှ ကျန်တော့ဘူးလေ။ ဒီကြားထဲ ညက အခုန်အကကောင်းလို့ ဆုမရပဲ နားကပ်တဖက်ပါပျောက်သွား၏။ (တော်တော်ဆိုးတာပဲလို့ မှတ်ချက်ပေးမစောပါနဲ့ ဦး ဒီထက်ဆိုးတာတွေရှိသေးလို့ပါ)

စာကြွင်း။ ။ ဓါတ်ပုံနဲ့ တကွ မဖေါ်ပြနိုင်တာ တကယ်စိတ်မကောင်းပါဘူးဗျို။

7 comments:

jimmy said...

aww mamelody. u really love to like fun a lady. even u pay double money then original price . then u listened and danced.

MELODYMAUNG said...

သူငယ်ချင်းတွေက မကြည့်ရရင် မပြန်ဘူး ကလပ်သွားမယ်ဆိုလို့ ကလပ်မသွားချင်လို့ ပေးဝယ်မိတာပါဟာ :)
(အဟီး ရှက်စရာကြီး သူများလွှဲချရတာ)

ဂျစ်တူး - gyit_tu said...

မယ်လိုဒီရေ.. တသောင်းတန် လက်မှတ်နဲ့ ပျော်ခဲ့တယ်ပေါ့လေး) ဖတ်ပြီး ဂျစ် ပါဝိုင်းပျော်ပေးလိုက်တယ် ။

CMS said...

နားကပ်ပျောက်ပြီး ထီပေါက်သွားတာကိုး တနားပါတယ် :P ဟတ်ဟတ်

ကလိုစေးထူး said...

ပျော်ပြီးနောက်ပါးသွားခြင်း ဆိုတဲ့ ခေါင်းစဉ်ကိုတွေ့တော့ ဘာပါလိမ့်လို့ တွေးမိသေးတယ်။ တဆက်တည်း ဖြစ်နေလို့။ :D အစပိုင်း ရေးတာဖတ်ပြီးတော့မှ ပျော်ပြီးနောက်… ပါးသွားခြင်း လို့ ဖြတ်တောက် တွေးမိတယ်။ ပိန်းပုံများ။ :)

အမှန်က ဓာတ်ပုံလေးတွေနဲ့ ပါရင် ပိုကောင်းမှာပဲလို့ တွေးမိတယ်။ အဲဒီရှိုးပွဲ အခွေထွက်မယ်ထင်တယ်နော်။

MYO HAN HTUN said...

မလွယ်ပါလား မမယ်လိုဒီမောင် .. မျိုးကြီးအစား မင်းကြီးကို ပြောင်းကြိုက်လိုက်ပါလား .. နိုက်ကလပ်အစား နတ်ကနား ဆိုရင်တော့ .. ပိုက်ဆံမကုန်တဲ့ အပြင် ပိုက်ဆံတောင်ရအုံးမယ်။ ခေါင်းပေါင်းကြီးပေါင်း ပုလင်းကြီးတစ်ဖက် ကြက်ကျော်ကြီးတစ်ဖက်နဲ့ “ဟေ့ MM Blogger တွေ မယ်လိုဒီကြီးကို (အဲယောင်လို့) ကိုယ်တော်ကြီးကို Internet ဖိုးလေး ဆက်ကြစမ်း” ဆိုရင် .. မိုက်ပ .. ဟီး .. ဟီး ..

နားကပ်ကျပျောက်သွားပုံထောက်တော့ .. မျိုးကြီးရော အငဲပါ တော်တော် ၀င်ပူးသွားပုံရတယ်။ စိတ်လေးဘာလေးညိမ်အောင် ဂုဏ်တော်ပုတီးလေးဘာလေး စိတ်ရင်စိတ် .. ဆရာတော် ဦးဇောတိက စာအုပ်လေးဘာလေး ဖတ်ပေါ့ ဗျာ ..

စတာနော် .. ချိတ်မချိုးနဲ့

သားတော်ကြီး ကိုတိုး

MELODYMAUNG said...

>> မဂျစ် ၀ိုင်းပျော်ပေးလို့ 5000 ကျပါတယ်
>> ကိုချမ်းက သနားတယ်ဆိုရင်လဲ နားကပ်အသစ်လုပ်ဖို့ ပိုက်၂ချေးပါလား
>> ကိုစေးထူးကြီးကတော့ နောက်တခါ ဓါတ်ပုံလေးတွေ တင်နိုင်ဖို့ ကင်မရာလေး ၀ယ်ပို့ပေးလေ အကြွေးနဲ့ ပေါ့ ဒီမိုကရေစီရရချင်း ပြန်ဆပ်ပါ့မယ် ဟဲဟဲ
>> ကိုတိုး အစုတ်ပလုတ်တုတ် ကိုယ့် ဘလော့ကိုယ်တော့ ပို့စ်အသစ်မတင်ပဲ နတ်ကန္နားပွဲတွေ လျှောက်လိုက်ကနေပြီးတော့ နာ့ ဘလော့ မှာလာပြီး ဘယ်တော့မှ အကောင်းလဲပြောဘူး သွား