Wednesday, July 18, 2007

အာဇာနည်နေ့ ဒို့မမေ့ (သို့မဟုတ်) ၁၉ ဇူလိုင် မမေ့နိုင်


ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးစသည့် ရေးရာ အဖြာဖြာနှင့် ပါတ်သက်၍ နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့ ထူးနေ့မြတ်များစွာ ရှိသည့် အတိုင်း အမြတ်တနိုး ကျင်းပလေ့ ထိန်းသိမ်းလေ့ ရှိကြသည်။ Globalization ဖြစ်လာသည့် အတွက် တခြားနိုင်ငံများဆီမှ အလေးအမြတ်ပြုခြင်း၊ တန်ဖိုးထားခြင်းတို့နှင့် ယှက်နွယ်သော နေ့ထူးနေ့မြတ်များဖြစ်သည့် ချစ်သူများနေ့၊ အဖေနေ့၊ အမေနေ့၊ ကမ္ဘာ့ ကြက်ခြေနီနေ့၊ ကမ္ဘာ့ ဘလော့ဂ်နေ့ စသည်ဖြင့် စိမ့်ဝင်လာသော နေ့ ရက်များတစတစ များပြားလာသည်နှင့် အမျှ ကျမတို့ ဇာတိမြေ အမိနိုင်ငံတော်မှာလည်း လေးစားဖွယ်၊ မြတ်နိုးဖွယ်ကောင်းတဲ့ အစဉ်အလာနှင့် တကွ သမိုင်းဝင်ဖြစ်ရပ်များ၊ သမိုင်းဝင်ပုဂ္ဂိုလ်နဲ့ ပါတ်သက်တဲ့ သမိုင်းဆိုင်ရာ နေ့ထူးနေ့မြတ်များကို မေ့ထားဖို့ မသင့် ပါဘူး။

ကိုပုထုဇဉ်ကသူ့ ရဲ့ ပို့စ်တစ်ခုထဲက မှတ်ချက်မှာ ပြောဖူးတယ် “ဆဲဗင်းဇူလိုင်လို နေ့မျိုးကို မှတ်မိနေရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ မမှတ်မိအောင် သမိုင်းမှာ အသေအချာ အာဏာနဲ့ ဖျောက်ဖျက်ခံထားရတဲ့ နေ့မို့လို့ကို မှတ်မိတာပါပဲ။

ဥပမာပေးရရင် ထိုင်းနိုင်ငံသားတွေက သူတို့ ဘုရင်မင်းမြတ်ရဲ့ မွေးနေ့ကို မမှတ်မိရင် ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ဘူး။ ဘုရင်ကို စိတ်ထဲက အမြဲလေးစားနေရင် ပြီးတာပါပဲ။ မွေးနေ့ဆိုတာ နှစ်တစ်နှစ်ထဲက နေ့တစ်ရက်ပဲ၊ ဘာဖြစ်လဲပေါ့။ အဲဒီမွေးနေ့ကို ကိုယ်မမှတ်မိရင် မှတ်မိတဲ့လူတွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်၊ သူတို့တွေက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ တနိုင်ငံလုံးမှာ လှုံ့ဆော်ခွင့် ရှိလို့ လှုံ့ဆော်ရင် မေ့နေသူများလည်း သတိရမှာပဲ၊ ဒီအစဉ်အလာ အဖြစ်အပျက်ကလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ သမိုင်းစာမျက်နှာတွေ ပေါ်မှာရှိနေမှာပဲ၊ ပြဋ္ဌာန်းစာအုပ်တွေထဲမှာလည်း နေရာပေး ဖော်ပြခံနေရတာပဲ။ အဲဒီတော့ ထိုင်းနိုင်ငံသားတွေက ထိုင်းဘုရင်မွေးနေ့ကို မှတ်မိဖို့ အထူးအားထုတ်နေစရာ မလိုဘူး၊ မေ့လည်း ကိစ္စမရှိဘူး၊ It makes little difference, so they can afford to forget it.

ဆဲဗင်းဇူလိုင်၊ ကိုဖုန်းမော်နေ့ စတဲ့နေ့များကြတော့ လုံးဝ မတူတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေက ဒီလိုနေ့မျိုးတွေကို မသိလေကောင်းလေ၊ သိပြီးသူတွေလည်း မမှတ်မိလေ ကောင်းလေဆိုပြီး သမိုင်းကနေ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေရှိတယ်၊ ဒီအကြောင်းတွေ ဘယ်ပြဋ္ဌာန်းစာအုပ်မှာမှ မပါဘူး။ တနိုင်ငံလုံး ထုတ်ဝေခွင့်ရနေတဲ့၊ ပွင့်ပွင့်လင်းလင်း ရောင်းဝယ်နေတဲ့ စာအုပ်တွေထဲမှာ အရေးတယူ ဖော်ပြခံရတာ မရှိဘူး။ အဲဒီတော့ ဒီလို အဖြစ်အပျက်တွေကို ကျွန်တော်တို့ကမှ မမှတ်မိရင် အနာဂတ်မှာ ဘယ်သူကမှ မှတ်မိမှာမဟုတ်ဘူး၊ သမိုင်းကနေ တခါတည်း ပျောက်သွားမှာပဲ။ တနည်းပြောရင် ဒီလို ဆဲဗင်းဇူလိုင်လို အဖြစ်အပျက်မျိုးဟာ “စာမျက်နှာပေါ် အတင်မခံရတဲ့ သမိုင်း” ဖြစ်တဲ့အတွက် “နှလုံးသားထဲမှာ ထည့်ကို ထည့်ထားရမယ့် သမိုင်း” ဖြစ်နေတယ်။ အထူးသဖြင့် မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဖြစ်တယ်။ အခုကိစ္စမှာ မျိုးဆက်သစ်တွေကို အပြစ်ပြောနေတာ မဟုတ်ပါ။ မသိလို့ မရှိတာ ဘယ်တတ်နိုင်ပါ့မလဲ။ သိပြီးတဲ့ နောက်မှာတော့ ရှိနေစေချင်တာပါပဲ။ သူတို့မှ ဒီအကြောင်းတွေကို မမှတ်မိရင်၊ မသိရင်၊ ဒီအဖြစ်အပျက်တွေဟာ အသက်တွေကြီးလာပြီဖြစ်တဲ့ လူဟောင်းတွေနဲ့အတူ သမိုင်းက တခါတည်း ပျောက်သွားမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့အတွက်ကြတော့၊ It makes a huge difference, so we cannot afford to forget.”

မနက်ဖြန် ဇူလိုင်(၁၉) ရက်နေ့ ဟာဆိုရင်လဲ ကျမတို့ အတွက် မမေ့သင့် မမေ့ အပ်တဲ့ ကျမတို့ နိုင်ငံရဲ့ သမိုင်းမှာ အလေးအမြတ်ထားကိုထားရမဲ့ မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဝင် အာဇာနည်နေ့ ဖြစ်ပါတယ်။
ကိုကဒေါင်းညင်သာကလဲ “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။” ဆိုပြီး ဆော်သြထားပါသည်။

အာဇာနည်နေ့ ဆိုတာနဲ့ ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုတော့ စာသံပေသံနဲ့ မပြောပဲ ကျမ ရိုးရိုးရှင်းရှင်း နားလည်ဖူးတာက စွန့်လွှတ်စွန့်စားရဲ၍ အာဂသတ္တိနှင့် ပြည့်စုံသော သားကောင်းဇာနည်တွေကို ဆိုလိုတယ်လို့ ဟိုးငယ်ငယ် ၆တန်း၇တန်း လောက်တုန်းကထဲက မှတ်သားဖူးတာပါ။ ဒါဆိုရင် “အာဇာနည်နေ့ ” ဆိုတာကရောလို့ မေးလာခဲ့ရင် ကျမတို့ အဘိုးအဘွားတွေ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှာ ကိုလိုနီ ကျွန်သဘောက်ဘ၀နဲ့ နေခဲ့ ကြရတုန်းက တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်၊သွေး၊ချွေး နဲ့ ရင်းပြီး တိုက်ယူခဲ့ ကြတဲ့ တို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဒီအာဇာနည်ကြီး(၉) ဦးဟာ ဂဠုန်ဦးစောရဲ့ မသမာတဲ့ လုပ်ကြံမှုကြောင့် ဇူလိုင်(၁၉) ရက်နေ့ အတွင်းဝန်များရုံးမှာ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံရပြီး ကျဆုံးခဲ့ ရတဲ့ နေ့ကို သမိုင်းဝင်အထိမ်းအမှတ် အနေနဲ့ အာဇာနည်နေ့ ရယ်လို့ သတ်မှတ်ပြီး နှစ်စဉ်မပျက် အလေးပြုလို့ ၀မ်းနည်းဂုဏ်ယူခဲ့ ရတာကို ၁၉၈၈ မတိုင်မီအထိတော့ အမှတ်တရရှိခဲ့ ပါတယ်။

ဇူလိုင်လ(၁၉) ရက်နေ့ ရောက်တိုင်း မနက် ၁၀း၃၇ မှာ ဥသြသံဆွဲပြီး လမ်းထဲ၊ ရပ်ကွက်ထဲ၊ မြို့ ထဲမှာရှိသမျှ ပြည်သူပြည်သားအားလုံး ငြိမ်သက်စွာ အလေးပြုခဲ့ ကြတာပါ။ အဲဒီတုန်းက ကျမက (၇)တန်းကျောင်းသူလောက်ထိပါပဲ။ ဆရာမမေငြိမ်းရဲ့ အာဇာနည်နေ့ အလွမ်းဆိုတဲ့ ပို့စ်လေးထဲမှာလဲ “၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။ တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့ မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။”
ဆိုပြီးတော့ အတိတ်တချိန်က သမိုင်းဝင်နေ့ လေးဆီကို ထပ်တူထပ်မျှ သတိရမိစေပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရင်း ကျမရဲ့ ကိုယ်ထဲမှာလည်း ရဲရဲနီတဲ့ အာဇာနည်သွေးတွေ ပွက်ပွက်ဆူလာသလို ခံစားရပြီး ကျမလဲ ကြီးလာလို့ လူကြီးဖြစ်ရင် တနေ့နေ့ကျ နိုင်ငံတော်အတွက် သစ္စာစောင့်သိရိုသေပြီး တိုင်းပြည် အကျိုးအတွက် ကိုယ့် အသက်၊သွေး၊ချွေးကို နောက်မတွန့် စတမ်း စွန့် လွှတ် စွန့်စားရဲတဲ့ အာဇာနည်တွေထဲက အာဇာနည်တစ်ယောက် ဖြစ်စေရမယ်လို့ ရင်ထဲမှာ ကြွေးကြော်ခဲ့ ဖူးပါတယ်။

ကျမသင်ခဲ့ ရတဲ့ မြန်မာ့ သမိုင်းထဲက အနော်ရထာမင်း၊ ကျန်စစ်သား၊ ဘုရင့် နောင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ စတဲ့ သူရဲကောင်းကြီးတွေနဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ကြီးများကိုလည်း အထင်ကြီးလေးစားခဲ့ မှုက ကမ္ဘာ့ သမိုင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်များရဲ့ အကြောင်းခြင်းရာများနဲ့ ချိန်ထိုးသုံးသပ်ကြည့်ရင် မြန်မာဖြစ်ရတာကိုက တန်ဖိုးထား ဂုဏ်ယူစရာ အချက်ဖြစ်မိသေးတယ်။ ဒီလို မြတ်နိုးချစ်ခင်ခြင်း၊ အလေးအမြတ်ပြုခြင်းဆိုတဲ့ ခံစားမှုတွေဟာ ဇွတ်အတွင်း သွတ်သွင်းလို့ ရတဲ့ ခံစားမှုများ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ခက်တာက အခြေခံပညာကျောင်းများသာမက အဆင့် မြင့် ပညာ(တက္ကသိုလ်) ကျောင်းများမှာတောင်မှ သမိုင်းဘာသာ သင်ကြားမှုသည် မေးမှာကိုပဲသင်ပြီး၊ သင်တာကို မတွေးပဲကျက်၊ ကျက်ထားတာကိုပဲ အလွတ်ပြန်ရေးနဲ့ အချိန်သိပ်မကြာခင် အကုန်မေ့သွားတဲ့ အပြင် အာဇာနည်နေ့ ကဲ့သို့သော မိမိတို့ နိုင်ငံ ၊ မိမိတို့ လွတ်လပ်ရေး သမိုင်းနဲ့ ပါတ်သက်တဲ့ နေ့ထူးနေ့မြတ်၌ ကျောင်းပိတ်၊ ရုံးပိတ်၊ ဈေးပိတ်၊ အလုပ်ခွင်များ ပိတ်ရုံမှလွဲ၍ မည်သည့် အထိမ်းအမှတ် အလေးဂရုပြုခြင်းမျှလည်း မရှိသဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့၏ ကိုယ်ထဲတွင် ရဲရဲနီသော အာဇာနည်သွေးတို့ ပွက်ပွက်ဆူဖို့ဝေးစွ၊ အာဇာနည်နေ့ ဆိုသည်မှာ ဘာနေ့လဲ၊ ဘာအတွက်လဲ၊ ဘယ်လိုသမိုင်းဝင်လဲ၊ အာဇာနည်ကြီး (၉)ဦးမှာ မည်သူတွေနည်း စသည့် မေးခွန်းများကိုကောင်းစွာ ဖြေဆိုနိုင်မည့် စိတ်ဝင်တစားရှိမည့် အရေအတွက်သည် လက်တစ်ဆုပ်စာ ၁% မျှသာ ရှိမည်ဆိုလျှင် ရင်နာဖွယ်ကောင်းပေချိမ့် မည်။

ထိုသို့ မဖြစ်ရလေပဲ ၁%များ ဖွေးဖွေးလှုပ်သော် ၁၀၀% ကျော်လေအောင် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို၊ အက်ဆေး၊ သမိုင်းမှတ်တမ်း စသည့် စာများကို မြန်မာဘလော့ဂါများမှ တတပ်တအား ၀ိုင်းဝန်း၍ ရေးသားကြပါရန် ဆက်လက် တိုက်တွန်းပါရစေ။

စာကြွင်း။ ။ အာဇာနည်နေ့ နဲ့ ပါတ်သက်တာ တခုခုရေးဖို့ အတွက် ဘလော့ဂါသူငယ်ချင်း စည်းအပြင်ကကိုဖြိုးမှ Tag ထား၍ သော်လည်းကောင်း ကိုရန်အောင်မှ “အာဇာနည်နေ့ဆိုတာကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင် အလုပ်ခံထားရတဲ့ အခြေအနေမှာ မျိုးချစ်ဘလော့ဂါများက မိမိတို့ သိသမျှတတ်သမျှနဲ့ ငုပ်လျှိုးကွယ်ပျောက်လု ဖြစ်နေတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နှိုးဆော်ထုတ်ဖော်ရင်း ဘလော့ဂါများက မိမိတို့ရေးထားတဲ့ ပို့စ်လေးများကို ဖြစ်စေ၊ အသစ်ရေးသားပြီး ပို့စ်လေးများကို ဖြစ်စေ တစ်နေရာတည်းမှာ စုစည်းဖော်ပြဖို့ အစီအစဉ်” လေးအတွက် စိတ်ပါဝင်စားစွာရေးသားရင်း ကျမ ထပ်မံ၍ Tag လုပ်ချင်သောသူများမှာ -
(၁) သူငယ်ချင်းကြီး မျက်လုံး (ပြီး)
(၂) သူငယ်ချင်းလေး နေဘုန်းလတ် (ပြီး)
(၃) ချစ်ရတဲ့ မဂျစ် (ပြီး)
(၄) အလုပ်ရှုပ်အောင်လုပ်နေကြ ရန်အောင်
(၅) အမြဲကူညီပေးနေကြ ကိုချမ်းမြစိုး (ပြီး)
(၆) ဂျာနယ်ရှော်ဂေါက် (ပြီး)
(၇) ကိုတက်စလာ နဲ့
(၈) ကိုမောင်ရင် (ပြီး)တို့ ပါ။
ကျေးဇူးပြု၍ အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို၊ အက်ဆေး၊ သမိုင်းမှတ်တမ်း တခုခုနှစ်သက်ရာ အားသန်ရာ ရေးပြီး ဂုဏ်ပြုကြစေလိုပါသည်။

မှတ်ချက်။ ။ဇူလိုင်(၁၉) ရက်နေ့ အာဇာနည်နေ့တွင် ခေါင်းဆောင်ကြီးများကို အောင့်မေ့လွမ်းဆွတ်ဂုဏ်ပြုသောအားဖြင့် ဘလောက်များကိုတိတ်ဆိတ်ငြိမ်သက်စွာ ထားရှိကြပါရန်အကြံပြုတိုက်တွန်းအပ်ပါသည်။ ။
မိတ်ဆွေဘလောက်ဂါအသီးသီးအားလည်းကူညီတိုက်တွန်း ပေးပါရန်... ကူညီတောင်းခံအပ်
ပါသည်။

1 comment:

CMS said...

အစ်မ .. ရေးပြီးသွားပါပြီ ဒီပို့စ်လေးဖတ်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် :)