Saturday, June 16, 2007

မိုးရွာရင်(သို့)ဒီတမိုးပြီးရင်

စည်းအပြင်ကကိုဖြိုးရဲ့ စေတနာဗရပွနဲ့ အtag ခံလိုက်ရလို့ မိုးရွာတဲ့ အကြောင်းတွေပြန်စဉ်းစားမိတယ်။ သဘောမနောကောင်းလေးတွေမလို့ သူ tag တာကို အားကြိုးမာန်တက် ပြန်ရေးပေးမယ်လို့ မြှောက်ထားတဲ့ အတွက်ကြောင့်လဲ မရေးပြန်ရင် သူပြောတဲ့ သဘောမနောကောင်းတဲ့ list ထဲ မပါမှာစိုးလို့ မအားတဲ့ ကြားထဲကပဲ သတိရသလောက်လေး မိုးရွာတိုင်း မိုးရေထဲကအကြောင်းလေးတွေ ရေးလိုက်ပြန်သတည်း။

မန်းလေးမှာ မိုးတွေရွာတိုင်း မြောင်းတွေပိတ်ပြီး ရေတွေလျှံတော့ ငယ်ဘ၀တုန်းက မြောင်းထဲကို စက္ကူလှေလေးတွေလွှတ်ပြီး ပြိုင်ဖူးရဲ့။ လမ်းထဲမှာ ကောင်လေးတွေ ဘောလုံးကန်လဲ ကိုယ့်အရွယ်က ကျားမခွဲစရာမလိုသေးတဲ့ အရွယ်မှာ တန်းတူ တွန်းတိုက်ပြီး ဘောကန်ဖူးရဲ့။
ကျောင်းအပြန်ချိန်မိုးရွာတိုင်း လာကြိုတဲ့ အဘွားဆီ လွယ်အိတ်ပေးထားပြီး မိုးရေထဲမှာ စိမ်ပြေနပြေလဲ လမ်းလျှောက်ဖူးရဲ့။ အရွယ်လေးရောက်တော့ မိုးရေထဲမှာ စက်ဘီးလေးစီးပြီး ထီးလေးဆောင်းပြီး ကျောင်းအပြန်မှာ ပေးခံရတဲ့ ရည်းစားစာတွေ မိုးမစိုအောင်လဲ ထိန်းသိမ်းဖူးရဲ့။ မြေသင်းနံ့ ဆိုတာလဲ ကမ္ဘာကျော်ရေမွှေးထက်တောင် တပ်မက်စွာ ရှူရှိုက်ဖူးရဲ့ ။ ဒါတွေကတော့ ကိုယ့် ရဲ့ လှတပတ အမှတ်ရစရာလေးတွေပါပဲ။


တက္ကသိုလ်ရောက်တော့ မိုးရွာတိုင်း မိုးရေထဲမှာ ဆိုင်ကယ်ပျက်လို့ ကူပြင်ပေးရတဲ့ သူ ကူတွန်းပေးရတဲ့ သူ အရေအတွက်ကတော့ သင်္ချာကျောင်းသူအနေနဲ့ ပြောရင် infinity ဖြစ်မလားပဲ။ မိုးရွာတိုင်းလဲ ကျောင်းမသွားဘူး။ ကျူရှင်မတက်ဘူး။ ဆရာလဲ မလာဘူးလေ။ မန်းလေးထုံးစံ ထင်ပါရဲ့ နော်။ ဒါပေသိ ထွက်လို့ ရတာနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ဖို့ ရာတော့ မပျက်ကွက်ပါဘူး။
တရက်ကတော့ လ္ဘက်ရည်ဆိုင်ကို ချီအတက်(ကျောင်းဘက်က Unison လေ) မိုးရွာထားတော့ ရေလျှံတဲ့ ထဲက မရမကမောင်းရင်း ဆိုင်ကယ်ပျက်ရော။ လာပြင်ပေးတဲ့ တခြားမေဂျာက ကောင်လေးတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ မိပြီး မိတ်ဖြစ်ဆွေဖြစ် သူ့ကိုပါ လ္ဘက်ရည်လိုက်သောက်ဖို့ ဖိတ်ခေါ်သေးတယ်။ ဆိုင်ကယ်နှစ်စီးနဲ့ သုံးယောက်သား စကားပြောရင်း ရှေ့ က ကလေးတစ်ယောက်ဖြတ်အပြေးမှာ ဟန်းဘရိတ်ပါဆွဲလိုက်မိတော့ ဘာဖြစ်သွားတယ်ထင်သလဲ။ ဘာမှမဖြစ်ဘူး ဆိုင်ကယ်လဲပြီး သူငယ်ချင်းနှစ်ယောက်သား ရွှံ့ တွေထဲမှာ ကျွဲဖြစ်သွားသတဲ့ ။ လက်တွေခြေတွေတင် မကဘူး။ မျက်နှာမှာပါစင်ပြီး အနီးအနားကအိမ်မှာ အကူအညီတောင်းပြီး ရေဆေးပြီး အိမ်ပြန်ပြေးရလေသတည်းပေါ့။ ရှက်ရှက်နဲ့ ကောင်ချောလေးလဲ နှုတ်မဆက်အားဘူး။ နောက်လဲ ပြန်မတွေ့ ဖြစ်တော့ ပါဘူး။

ရန်ကုန်ရောက်လာတော့ ရန်ကုန်မှာကတော့ ဗွက်မစင်ပါဘူး။ ဒါပေသိ ရန်ကုန်မိုး အစိုးမရဘူးနော်။ မိုးရွာတော့မယ် ထီးထုတ်လေလို့ ဘေးကသူငယ်ချင်းပြောလဲ မထုတ်မိသေးဘူး။ မိုးကရွာပါလေရော ဝေါကနဲ သဲကြီးမဲကြီး။ တချို့က အမိုးအောက်ပြေးဝင်ကြတယ်။ ကိုယ်မပါဘူး။ ထီးလဲ ထုတ်ဖွင့် ပြီးသွားပါပြီ။ မိုးလဲ တိတ်သွားပြီ။ အွန်.. ရန်ကုန်မိုး နဲ့ ကိုယ်နဲ့ ကအထာမကျသေးပေါ့ ။ တရက်မှာတော့ မိုးရေထဲမှာ ထီးဆောင်းထားရင်း ဘတ်စ်ကားလာတော့ ကားပေါ်အတက် ထီးပိတ်ရမယ်တဲ့ ။
သိမှ သိပဲဟာ။ စပါယ်ယာဆီ ထီးထားခဲ့ တော့ သူလည်း ဆူဆူအောင့်အောင့် နဲ့ ထီးပိတ်ပေးပြီး “ဘယ်လိုမှန်းကိုမသိဘူး” တဲ့ မကျေမနပ်ပြောပြီး လှမ်းပေးရတယ်။ တော်သေးတာပေါ့ ဆဲပဲမဆဲသေးလို့ ။

သြော်..မိုးတွေရွာတိုင်းလဲ romantic မဖြစ်လိုက်တာ။ ထီးကလေးတစ်ချောင်းနဲ့ နှစ်ယောက်အတူလျှောက်နေကြတဲ့ အတွဲလေးတွေ အတွက်တော့ L.ဆိုင်းဇီတို့ ရဲ့ မိုးရာသီထဲ သီချင်းတွေက ခံစားလို့ ကောင်းမှာပါပဲ။ ဘ၀ထဲမှာ တကိုယ်ရေ လျှောက်လှမ်းနေရဆဲ ကိုယ့် အတွက်ကတော့ ဒီတမိုးပြီးရင်တော့ “ဒီထီးလေးလဲ စုတ်နေပြီ။ နောက်ထီးအသစ်လေး ၀ယ်ဖို့ ပိုက်ဆံချန်ရဦးမှာပဲ” ဆိုတဲ့ လက်တွေ့ ကျကျ အတွေးလေးပဲ တွေးမိသေးတော့ တယ်လေ။

ပြန်ပြီး Tag လုပ်ချင်တဲ့ သူတွေကတော့
ကိုကလိုစေးထူး
ကိုကဒေါင်းညင်သာ
ကိုတက်စလာ
မပန်ဒိုရာ နဲ့
ညီမလေး အိမွန်စိုး တို့ပါ။

4 comments:

MYO HAN HTUN said...

မန္တလေးသူ မမယ်လိုဒီမောင်

မိုးရွာတိုင်း ဘောလုံးထွက်ကန်တဲ့ ငယ်စဉ်က အာဂသတ္တိကို လေးစားမိပါရဲ့။ အင်း .. အသက်အရွယ်အတိုင်းအတာမခြားပဲ .. မိုးရွာတိုင်းသာ ဘောလုံးထွက်ထွက်ကန်ခဲ့ရင် .. ဒီအချိန်ဆိုရင် .. မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ မမယ်လိုဒီမောင်တစ်ယောက် မြန်မာ့လက်ရွေးစင် ဖြစ်လောက်ပြီ။ သေချာပါတယ် .. ကျွန်တော်တို့ မန္တလေးသားတွေလည်း .. “မယ်လိုဒီမောင် ကွ” “မယ်လိုဒီမောင် ကွ” “ကွ” .. ဆိုပြီး အသံဝင်မတတ်အားပေးနေကြမှာပါ ဗျာ။ ဟီး ဟီး နောက်တာနော် ..

လေးစားလျှက်

ကိုတိုး

jimmy said...

aww manthu

outspoke about high school and univresity student life.
\
NEXT, MAYBE SWEETHEART LIFE ? just kidding

ဂျစ်တူး - gyit_tu said...

(တက္ကသိုလ်ရောက်တော့ မိုးရွာတိုင်း မိုးရေထဲမှာ ဆိုင်ကယ်ပျက်လို့ ကူပြင်ပေးရတဲ့ သူ ကူတွန်းပေးရတဲ့ သူ အရေအတွက်ကတော့ သင်္ချာကျောင်းသူအနေနဲ့ ပြောရင် infinity ဖြစ်မလားပဲ။)

infinity တွေနဲ့ ရည်းစားစာတွေ ရေမစိုအောင် လုပ်ဖူးတဲ့ မယ်လိုဒီရဲ့ မိုးရွာရင် ဆိုတာလေး ဖတ်ပြီး ၊ အားတွေကျလို့ ပြန်သွားပါကြောင်းး)

Ko Phyoe said...

အဟီး မိုးတွေရွာရင် မိုးရေချိုးမယ်ဆို မေမေလာရင် ... ဆို ...