Monday, June 11, 2007

အိမ်မက်ကလှတယ်၊ ဘ၀က ရုပ်ဆိုးတယ်

မလေးဆီသွားလည်ရင်း အိမ်မက်ချို ဆိုတဲ့ ကဗျာလေးကို ဖတ်ရင်းနဲ့
အိမ်မက်တွေအကြောင်း စဉ်းစားမိတယ်
သူငယ်ချင်းတစ်ယောက်က ပြောတယ် အိမ်မက်ကလှတယ်၊ ဘ၀က ရုပ်ဆိုးတယ်တဲ့

“သူပြောပြတဲ့ သူ့ အိမ်မက်တွေ”
အိမ်မက်မက်တယ်။ ဆန်းတော့မဆန်းပါဘူး။ လူတိုင်းအိမ်မက်မက်ကြပါတယ်။ ကွဲပြားတဲ့ နေရာလေးခုမှာ နှစ်နဲ့ချီကြာအောင်နေလာခဲ့ရတဲ့ ကျနော့တစ်ယောက် အိမ်မက်ထဲကနေရာတွေဟာ တခါတစ်လေဂယောင်ခြောက်ခြားဖြစ်တတ်ပါတယ်။ ကျနော်ဒီနေရာကနေ ကျနော့အိမ်မက်ကလေးတခုအကြောင်း ရင်ဖွင့်ခြင်လို့ဗျ။ အဲ့ဒိအိမ်မက်ကလေးက မကြာခဏမက်လို့ပါ။ အမြဲလဲဘဲဆင်တူဘဲ။ ငယ်ရီးစားလား။ မဟုတ်ဘူး။ (ခုလောက်ဆိုရင် ၀၀ဖိုင့်ဖိုင့် ကလေးသုံးယောက် အမေလောက် ဖြစ်နေပြီ။ ဒီအချိန်မှာ ပြန်တွေ့တာဘာလုပ်ရမှာလည်း။) လူငယ်ဘ၀ ရဲ့ ပျော်ရွင်မှုကို အပြည့်အ၀မရဘဲ သူငယ်ခြင်းများနဲ့ ဖြတ်သန်းခဲ့ရတဲ့ အထက်တန်း၊ ယူနီ ဘ၀က ကျင်လည်ခဲ့ရတဲ့ နေရာလေးတွေပါ။



အဲ့ဒိအိမ်မက်ထဲမှာ ကျနော်ဟာ ဆယ်စုနှစ်နဲ့ချီ ဝေးကွာခဲ့ရတဲ့အဲ့ဒိနေရာလေးဆီ ပြန်ရောက်သွားတယ်။ ရင်ထဲမှာ အတိုင်းမရှိ ၀မ်းသားတာပေါ့။ အလယ်တန်းကျောင်းသားဘ၀ထဲက တွဲခဲ့တဲ့ သူငယ်ခြင်းတွေ ကို လိုက်ရှာတယ်။ တချို့တွေ့တော့ အကြာကြီး ပျောက်သွားတဲ့ ကျနော့ကို ၀မ်းသာအားရမေးကြတယ်။ ကျနော်လည်း ကျနော်တွေ့ချင်တဲ့သူတွေကို မေးတယ်။ နေရာတွေက မပြောင်းလဲဘူး။ အရင်အတိုင်းဘဲ။ (ကျနော့အသိအမြင်ထဲမှာ ဒါဘဲ သိနေတာကိုး။ ကျနော် အရမ်းတွေ့ခြင်တဲ့ သူငယ်ခြင်းနှစ်ယောက်။ တစ်ယောက်က အလယ်တန်းထဲက ညီအစ်ကိုလို ခင်ခဲ့တယ်။ တစ်ယောက်က လည်း အလယ်တန်းထဲက သိခဲ့တဲ့ မိန်းကလေး။ အားလုံး classmates တွေဘဲ။ ကမန်းတကန်း အပြေးထွက်လာတော့ အဲ့ဒိ သူငယ်ခြင်းကောင်မလေးဆီက အဲ့ဒိတုံးက ငွေ နှစ်ရာ လောက်ဆွဲလာရတယ်။ အခုအတိုး နှုံးနဲ့ဆိုရင် တော်တော်များနေလောက်ပြီ။ အဲ ညီအစ်ကိုလို ရင်းနှီးတဲ့ သူငယ်ခြင်းဆီသွားတွေ့ဖို့ ကြိုးစားနေတုံးမှာဘဲ အိမ်မက်ကလန့်နိုးလာတယ်။ အားလုံး အရည်ပျော်သွားတယ်။ အဲ့ဒိ အိမ်မက်က နောက်တကြိမ် မက်ပြန်တယ်။ အိမ်မက်ထဲမှာ ကျနော်ဟာ ဒီတခါ တော့ တကယ်ဘဲ၊ အိမ်မက်မဟုတ်ဘူး။ သူငယ်ခြင်းတွေကို တကယ်တွေ့ရတော့မှာ။ ၀မ်းသာလိုက်တာ။ ပြီးတော့ လန့်နိုး။ အားလုံး အရည်ပျော်။ ဒီလိုနဲ့ နောက် တကြိမ်ပြီး တကြိမ်။ ပြီးတော့ အရည်တွေပျော်သွား။ ငါရောက်နေတာတခြား။

နောက်တခု။ ငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မွေးရမ်မြေနဲ့ ဆွေမျိုးတွေဆီ ရောက်နေတယ်။ နေရာတွေက အရင်အတိုင်း၊ လူတွေက အရင်အတိုင်း။ အဲ့ဒိမှာ အရမ်းတွေ့ချင်တဲ့ အဖေ့ဆီကို သွားဖို့ပြင်တယ်။ အဲ အဖေ့ဆီသွားနေတဲ့လမ်းမှာတင်ဘဲ အိမ်မက်က လန့်နိုးလာတယ်။ အားလုံး အရည်ပျော်သွားတယ်။ အဲ့ဒါလည်း ခဏ၊ ခဏ။ အရည်တွေပျော်သွား။ ကမ္ဘာတွေကခြား။

နောက်မက်တဲ့နေရာတစ်ခုကတော့ ကျနော် ငွေကြေး နဲ့ အချိန်တတ်နိုင်ရင် သွားလို့ ရလို့ မပြောခြင်တော့ဘူး။ ကျနော်ပြောခဲ့တဲ့ အိမ်မက်ထဲက ပါဝင်သူတွေနဲ့ နေရာတွေဟာ ခုဆိုရင် တော်တော်ကြီး ပြောင်းလဲနေမှာပါ။ ကျနော့အနေနဲ့ကတော့ နောက်ဆုံး သိမြင်ခဲ့ရတဲ့ အရာတွေကိုဘဲ အိမ်မက်ထဲမှာဘဲ မြင်နေရတာပေါ့။ ဘာဘဲဖြစ်ဖြစ် တွေ့မြင်ခြင်တာတော့ အတိုင်းထက်အလွန်ပါဘဲ။ အော် ဘယ်နေ့များလည်းကွယ်။ ရွေပြည်တော် မျော်တိုင်းဝေး။

သူငယ်ချင်းကအဲလိုပြောပြခဲ့ တယ်။

သူငယ်ချင်းရေ ငါလဲ အိမ်မက်မက်တတ်တယ် တခါနဲ့တခါ မတူတာတော့များပါတယ်
တူတတ်တယ်ဆိုရင်တော့ စွဲလန်းလွန်လွန်းလို့များလားမသိဘူးနော်။
အိမ်မက်ကောင်းနေတုန်း အရည်ပျော်သွားတယ် လန့်နိုးသွားတယ်ဆိုပါတော့
အိမ်မက်မက်လို့မ၀သေးလို့ ထပ်အိပ်လိုက်တယ် အဆက်ကလေးနဲ့ပေါ့ တခါတလေတော့ ကွက်တိပဲ ပြန်အိပ်ပျော်ပြီး ဆက်မက်လို့ပေါ့ ။ ဒုတိယအကြိမ်ပြန်နိုးလာတော့ အိမ်မက်လေးပြီးသွားပြီ Happy Ending နဲ့ကွက်တိ ဟိဟိ

တခါတလေကျတော့လဲ အိမ်မက်က ဇတ်လမ်းပြောင်းပြီးမက်လို့ မကြိုက်တာတွေပြေးရတာတွေဆို အမလေး မောလိုက်တာနော်
ဘာပဲဖြစ်ဖြစ် ဘ၀မှာ ပြန်မဖြစ်တော့တဲ့ စွဲလန်းမှုလေးတွေ အိမ်မက်မှာဖြစ်ရလဲ ကောင်းတာပါပဲ။ ဒါပေသိ အလုပ်ပင်ပန်းလွန်းလို့ အရမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး ၆လ ၁နှစ်တောင် အိမ်မက်ဆိုတာ မရှိခဲ့တာကာလတွေလဲ ကျော်ဖြတ်ခဲ့ရဖူးပါတယ်
အဲတော့ အိမ်မက်လှလှမက်နိုင်တဲ့ အခွင့်အရေးလေးရှိမယ်ဆိုရင်လဲ ကျေနပ်စရာပါ

အိမ်မက်မက်ရင် ကာလာစုံတော့ မမက်ဖူးပေါင် ညိုတိုတို မှိုင်းမှိုင်းတိုင်းတိုင်းလောက်ပဲမှတ်မိတာ။
ညမှာမက်လို့ မှောင်နေလို့ဖြစ်မလားမသိဘူး
နေ့ခင်းဘက်တွေမှာတော့ မအိပ်တတ်လို့ မမက်ဖူးသလောက်ပဲ(ဒါပေသိ မက်လဲ ကာလာမစုံလောက်ပါဘူး

တခါတလေကျ
အိမ်မက်ထဲမှာ အိမ်မက်မက်နေမိတာပါလားဆိုပြီးမက်တယ်။
အိမ်မက်ကနိုးတော့ ငါခုနကထဲက အိမ်မက်မက်မှန်းသိသားပဲလို့ တွေးမိပြန်ရော
အိမ်မက်ထဲမှာ အိမ်မက်မက်တာလား
အိမ်မက်ကနိုးပြီး အိမ်မက်မက်မှန်းသိတာလား ပြန်စဉ်းစားလို့လဲ မရပြန်ဘူး
အဟီး လည်ကုန်ပြီ ပြောတတ်တော့ဝူး

အိမ်မက်ကနိုးရင် မက်တဲ့ အိမ်မက်တွေ မှတ်မိအောင် ခေါင်းအရင်မကိုင်ဖြစ်ဘူး(ခေါင်းကိုင်မိပြီးရင် အိမ်မက်ကို မှတ်မိတော့ဘူးတဲ့)
အိမ်မက်မကောင်းရင် အိမ်မက်ဆိုးတွေဖြစ်မလာအောင် ခေါင်းလျှော်ပစ်တတ်တယ်(ဟဲဟဲ ကြောက်လို့)
အိမ်မက်ကောင်းတွေ မြန်မြန်ဖြစ်အောင်လို့ အဲလိုမက်တဲ့နေ့ရဲ့ မနက်မှာ ဘုရားအကြာကြီးရှိခိုးပြီး ဆုတောင်းပစ်လိုက်တယ်(လာထား ကောင်းတဲ့ အိမ်မက်လေး)

အိမ်မက် အကြောင်းပြောရင် အိမ်မက်ထဲမှာ သူတို့အကြောင်းပါမှ ပြောပြတဲ့အိမ်မက်ကို နားထောင်ပေးတတ်တဲ့ သူငယ်ချင်းတွေကိုလဲ သတိရမိပါရဲ့နော်

အားလုံး အိမ်မက်လှလှ မက်ကြပါစေ အိမ်မက်လှနဲ့အတူ ဘ၀လဲလှရင်တော့ အတိုင်းထက် အလွန်ပေါ့နော်

4 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

မမယ်လ်ရေ…

မမယ်နှုးညံ့တဲ့ မမယ်လ်ရဲ့ အိပ်မက်ပိုစ့်လေး ဖတ်ပြီး လုပ်စရာတွေ အသာချလို့ ကျွန်မ မက်ခဲ့ဖူးတဲ့ အိပ်မက်အချို့ကို ရေးလိုက်ဦးမယ်။ Motivated ဖြစ်သွားလို့

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

အိပ်မက်မက်အောင် ဘယ်လိုအိပ်ရသလဲဟင် ... ကျွန်တော်က ခေါင်းချလိုက်တာနဲ့ တုံးကနဲအိပ်ပျော်သွားပြီး ... အိပ်မက်မက်မယ်ကြံတာနဲ့ မနက်ေ၇ာက်ရောက်သွားလို့ . . .း-)

MELODYMAUNG said...

နေဘုန်းလတ်ရေ
အိမ်မက်ဖြစ်သောသူ (၆) ယောက်

၁။ လေရှိသောသူ
၂။ သည်းခြေပျက်သောသူ
၃။ သလိပ်ပျက်သောသူ
၎။ သန္နိပါတ်ဆွဲသောသူ
၅။ နတ်တို့ဖြားယောင်းသောသူ
၆။ နိမိတ်ဖြစ်သောသူ
တဲ့ တခုခုနဲ့ ကြုံရင်တော့ မက်မှာပေါ့ ဟာ

ကလိုစေးထူး said...

ကျနော် ငယ်ငယ်ကဆို တော်တော်စိတ်တိုရတဲ့ အိပ်မက်တွေ ခဏခဏ မက်ဖူးတယ်။ ဥပမာ.. ကျနော်အရမ်းသွားလည်ချင်တဲ့ နေရာကို အိပ်မက်ထဲမှာ သွားရတော့မယ်ပေါ့.. အဲဒီလို မက်နေတုန်း တကယ်တမ်း သွားရခါနီးကျရင် အမြဲလိုလို လန့်နိုးတယ်။ အရမ်းစိတ်တိုရတာပဲ။ ပြန်အိပ်တော့လဲ နဂိုအိပ်မက်ကို ပြန်မမက်တော့ဘူး။

အခု အရွယ်ရောက်လာတော့ အဲဒီအိပ်မက်လို အိပ်မက်မျိုးကို ပြန်သတိရပေမဲ့ တကယ်တမ်း ရောက်ချင်တဲ့ ပန်းတိုင်မရောက်မီမှာ အဲဒီအိပ်မက်ကနေ လန့်နိုးရမယ်ဆိုရင်တော့ မချိုချင်လဲ နေပါစေ..။ ကျနော် အိပ်မက် မမက်ချင်ဘူး။